မြန်မာEnglish
Home

keyIf you would like to subscribe to daily email, please click here to subscribe.


14
Feb
2013
Burmese News - February 14, 2013
ဆန္ဒပြသံဃာများကို စစ်ဘက်သုံး လက်နက်ဖြင့် ဖြိုခွဲဟု ရှေ့နေများကွန်ရက်ပြော

ဆန္ဒပြသံဃာများကို စစ်ဘက်သုံး လက်နက်ဖြင့် ဖြိုခွဲဟု ရှေ့နေများကွန်ရက်ပြော

by မင်းလွင်

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြခဲ့တဲ့ သံဃာတွေကို ဖြိုခွဲရာမှာ ရဲဘက်သုံး အဓိကရုဏ်း နှိမ်းနင်းရေး လက်နက်ကို အသုံးမပြုဘဲ စစ်ဘက်သုံးလက်နက်ကို အသုံးပြုခဲ့တယ်လို့ ရှေ့နေ့များ ကွန်ရက်က ပြောဆိုလိုက်ပါတယ်။

news image

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် အရုဏ်တက်အချိန်မှာ ရဲတပ်ဖွဲ့ကနေ အင်အားသုံးပြီး ဖြိုခွဲခဲ့လို့ သံဃာနဲ့ ဆန္ဒပြ ပြည်သူ ၁၀၀ ကျော်လောက် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အစိုးရဘက်ကတော့ မီးခိုးဗုံးကိုသာ သုံးစွဲတယ်လို့ ထုတ်ပြန်ထားပြီး တရားဝင်တောင်းပန်ခဲ့ပါတယ်။

ဒဏ်ရာရသံဃာတွေရဲ့ မီးလောင်ဒဏ်ရာတွေ ပြင်းထန်မှုအပေါ် အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက ပါမောက္ခ ရော်ဂါနော်မန်ကနေ လက်ပန်းတောင်းသပိတ် ဖြိုခွင်းမှုအခင်းဖြစ်တဲ့နေရာကို ကွင်းဆင်းစုံစမ်းပြီး တွေ့ရှိချက်တွေကို ရှေ့နေများကွန်ရက်နဲ့ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

ကွန်ရက်အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းက “ဘယ်လိုလက်နက်အမျိုးအစားလဲဆိုတော့ ဖော့စ်ဖရပ်ပါတဲ့ အမျိုးအစား။ သူပြောပြတာက အရင် ရေဖြန်းတယ်၊ ဒါကို ပစ်တယ်ပေါ့ မီးလောင်မှုတွေပေါ်လာတယ်။ အောက်ဆီဂျင်နဲ့ပေါင်းမီးလောင်တယ်။ ဒါဟာ မီးခိုးဗုံးမဟုတ်ဘူး။ မီးလောင်ဗုံးဆိုတာကို သူက သေချာ result တွေနဲ့ ထုတ်ဖော်ပြောဆိုပြီး လုပ်တာ။ သူပြောတာကတော့ ဒီစစ်တပ်သုံးတဲ့ အဖြူရောင် ဖော့စ်ဖရပ်ဓာတုလက်နက်များကို ရဲတပ်ဖွဲ့ကို ဘယ်သူက ထုတ်ပေးလဲ။ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ဘယ်သူက တာဝန်ခံအမိန့်ပေးသလဲပေါ့။ ”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအတွက် ရှေ့နေများကွန်ရက်ကနေ ဥပဒေကြောင်းအရ အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

“ဒီနေ့က မီဒီယာတွေကို ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ထုတ်ပေးဖို့။ နိုင်ငံတကာကို ဒီလိုလက်နက်အမျိုးအစားတွေ သုံးတယ်ဆိုတာကို ခိုင်မာသထက် ခိုင်မာအောင် အထောက်အထားတွေနဲ့ တင်တယ်။ နောက် ကျေးရွာသူကျေးရွာသားတွေဟာ စာချုပ်နဲ့ ပတ်သက်ပြီးတော့လည်း စာချုပ်စာတမ်းတွေကဲ့သို့သော ကျကျနန ပြုလုပ်ထားတာမျိုး မဟုတ်ဘဲ စာရွက်ဖြတ်ပိုင်းလေးပေါ်မှာပဲ ငွေထုတ်ပေးတယ်ဆိုတဲ့ စလစ်ကလွဲလို့ ဘာမှမရှိဘူး။ လက်မှတ်ထိုးခိုင်းတဲ့နေရာမှာ ထိုးလိုက်ရတယ်။ လက်မှတ်ထိုးတဲ့စာရွက်စာတမ်းကိုလည်း လက်မှတ်ထိုးထားတဲ့ ရွာသူရွာသားတွေကို မပေးဘူး။ ဒါဟာ လိမ်လည်ပြီးချုပ်တဲ့ စာချုပ်စာတမ်း၊ ချဉ်းကပ်ပြီးချုပ်တဲ့ စာချုပ်စာတမ်း၊ မမှန်မကန်ပြောဆိုပြီး ချုပ်ဆိုတဲ့ စာချုပ်စာတမ်းတွေဖြစ်လို့ ဒါတွေက ပျက်ပြယ်တဲ့စာချုပ်စာတမ်းတွေဖြစ်လို့ အဲလိုပဲ ကျနော်တို့က မှတ်ချက်ပြုတယ်။ တကယ်လို့ ဒါနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့လိုလာရင်လည်း ဥပဒေကြောင်းအရဆောင်ရွက်သွားမယ်လို့ ကျနော်ပြောခဲ့တယ်။”

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာကင်တားနားနဲ့ မနေ့က တွေ့ဆုံစဉ်မှာလည်း ဒီအကြောင်းကိစ္စတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ရှေ့နေများကွန်ရက်က လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း ပေးပို့ထားပြီးပြီလို့ သိရပါတယ်။

လက်ပံတောင်းတောင် သပိတ် ဖြိုခွဲရာ တားမြစ်လက်နက်သုံးခဲ့

လက်ပံတောင်းတောင် သပိတ် ဖြိုခွဲရာ တားမြစ်လက်နက်သုံးခဲ့

by ကိုကျော်ထင်

လက်ပံတောင်းတောင် သပိတ်စခန်းတွေကိုဖြိုခွဲရာမှာ သုံးတဲ့လက်နက်ဟာ ဂျနီဗာ သဘောတူညီချက်အရ မသုံးစွဲရ လို့ တားမြစ်ထားတဲ့ စစ်သုံးလက်နက်ဖြစ်တဲ့ White Phosphorus မီးစုန်းငွေ့လက်ပစ်ဗုံးဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်နဲ့ အမေရိကန်အခြေစိုက် Justice Trust တို့ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကဆိုပါတယ်။

အပြည့်အစုံကို အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲသို့် တက်ရောက် သတင်းယူခဲ့တဲ့ VOA မြန်မာပိုင်းသတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

news image

မြန်မာနိုင်ငံရှေ့နေများကွန်ယက်နဲ့ အမေရိကန်အခြေစိုက် Justice Trust တို့ဟာ အစီရင်ခံစာပြုစုဖို့ ကွင်းဆင်းစစ်ဆေးမှုတွေအပါဝင် လက်နက်အမျိုးအစား စစ်ဆေးဖို့အတွက် ALS ဓါတုသရုပ်ခွဲ အုပ်စုနဲ့ လက်နက် ကျွမ်းကျင်သူတွေကိုပါ ချဉ်းကပ်ခဲ့တယ်လို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို ပါတယ်။ ရှေ့နေများကွန်ယက် တာဝန်ရှိသူ ဦးလှထွန်းက ရဲတပ်ဖွဲ့ကသုံးတဲ့ မီးစုန်းငွေ့ဗုံးဟာ ကန့်သတ်ထားတဲ့ လက်နက်အမျိုးအစားဖြစ်တယ်လို့ပြောပါတယ်။

“ဂျနီဗာသဘောတူညီချက်အမှတ် (၃)အရ အရပ်သားပြည်သူလူထုအပေါ်မှာ လုံးဝသုံးစွဲခြင်း မပြုရဆိုပြီးတော့ တားမြစ်ပိတ်ပင်ထားတဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်၊ အဲဒါကြောင့်မို့ ဒီအချက်က အင်မတန်မှ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတရေးမှာ အင်မတန်မှအရေးကြီးတဲ့ ဥပဒေဆိုင်ရာ အချက်အလက်လည်းဖြစ်နေပါတယ်။”

ဒီလက်နက်ဟာ စစ်မြေပြင်သုံး လက်နက်အမျိုးစားဖြစ်ပြီး ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုက ထပ်မံမထုတ်လုပ်ပေမယ့် တခြားနိုင်ငံတွေက အလွယ်တကူ ထုတ်လုပ်နိုင်တယ်လို့ Justice Trust အဖွဲ့ကပြောပါတယ်။ တကယ်လို့ ဒီလိုလက်နက်တွေသုံးမယ်ဆိုရင်လည်း အထူးလေ့ကျင့်ပြီးသားတပ်ဖွဲ့တွေက စစ်မြေပြင်မှာပဲ သုံးကြတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဒီလက်နက်မျိုး သုံးစွဲခွင့် ရှိနေတာဟာ မေးခွန်းတစ်ခုဖြစ်တယ်လို့လည်း Justice Trust အဖွဲ့တာဝန်ရှိသူ ပါမောက္ခ Roger Normand က သတင်းစာ ရှင်းလင်းပွဲမှာပြောသွားပါတယ်။

“ကြေးနီစီမံကိန်းအတွက် ဒေသခံတွေကို လျှော်ကြေးပေးပြီးအတင်းအကျပ်လယ်မြေသိမ်းယူမှုကလည်း ဥပဒေချိုးဖေါက်တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ ပဋိညာဉ် ဥပဒေနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေကြီးဦးအောင်သိန်းက ခုလိုပြောပါသေးတယ်။

“တရားမျှတမှုမရှိတဲ့ ပဋိညာဉ် ဟာ ပဋိညာဉ် အက်ဥပဒေအရ ပဋိညာဉ် မမြောက်ဘူးလို့ဆိုရမှာဖြစ်ပါတယ်၊ အဲ့တော့ ပဋိညာဉ် ဥပဒေအရ ကျနော်တို့ ထိမ်ချန်မှုတွေ၊ သြဇာလွှမ်းမိုးမှုတွေ၊ ငြိမ်းခြောက်မှုတွေ၊ မတရားနစ်နာစေရန် တဘက်သတ်ဆုံးရှုံးစေမှုတွေ၊ ပဋိညာဉ် ပြုလုပ်တဲ့ သဘောသဘာဝကို ရှင်းလင်းနား လည်နိုင်အောင် ဖေါ်ပြထားခြင်းမရှိရင် ပဋိညာဉ် တွေဟာ ပျက်ပျယ်တဲ့ ပဋိညာဉ် ဖြစ်တယ်၊ အဲဒီ ပဋိညာဉ် တွေကို အာမခံတဲ့သူတွေရဲ့ တာဝန်ရှိတယ်ဆိုတဲ့ ရေးသားဖေါ်ပြထားတာတွေ့ရပါတယ်။”

ဒါ့အပြင် ငြိမ်းချမ်းစွာစုရုံးခွင့်ကို ရဲတပ်ဖွဲ့က အကြိမ်ကြိမ်တားမြစ်ပယ်ချခြင်းနဲ့ အကြမ်းဖက် လူစုခွဲခြင်းဟာ ဥပဒေနဲ့ကိုက်ညီမှုရှိ- မရှိ ဆိုတာလည်း ရှေ့နေများ ကွန်ယက်က ထောက်ပြထားပါသေးတယ်။

အစိုးရက ဖွဲ့ပေးတဲ့လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ သပိတ်တွေစခန်းဖြိုခွဲမှုကို စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ သိရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ကော်မရှင်နဲ့ ရှေ့နေများကွန်ယက် တို့ စုံစမ်းစစ်ဆေးနိုင်ခွင့် မတူဘူးလို့ ဦးလှထွန်းက ဆက်ပြောပါသေးတယ်။

“ကျနော်တို့မိတ်ဆွေရှေ့နေကြီးရှင်းပြချင်တာက လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအဖွဲ့က လွှတ်တော်က ဖွဲ့ပေးတဲ့ ကော်မရှင်ဖြစ်ပြီးတော့ ကျနော်တို့အဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခါအားလျော်စွာ ဦးသိန်းစိန် တို့ပြောကြားခဲ့တဲ့အတိုင်းပါပဲ လွတ်လပ်စွာ CSO အနေနဲ့ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။”

ဒီအစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား တို့ဆီလည်း ပေးပို့ထားတယ်လို့သိရပါတယ်။ ဥပဒေချိုးဖေါက်သူတွေကို လက်ပံတောင်းတောင်ဒေသခံတွေက တရားစွဲမယ်ဆိုရင်လည်း ရှေ့နေများကွန်ယက်က ကူညီသွားမယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှု အစီရင်ခံစာ ရှေ့နေများကွန်ရက်ထုတ်ပြန်

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှု အစီရင်ခံစာ ရှေ့နေများကွန်ရက်ထုတ်ပြန်

လက်ပံတောင်းတောင် သပိတ် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ရဲ့ အစီရင်ခံစာကို အများပြည်သူသိရှိနိုင်အောင် ရှင်းလင်းတင်ပြတဲ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် ဝမ်ပေါင်ကုမ္ပဏီဘက်က ပေးတဲ့လျော်ကြေးအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေဟာ တရားမဝင်တဲ့အတွက် အရေးယူဆောင်ရွက်သွားမယ့် အစီအစဉ်ရှိတယ်လို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်တာမရှိတဲ့အတွက် တရားမျှတမှုရှိမရှိကို ရှေ့နေများကွန်ရက်က မသုံးသပ်နိုင်ကြောင်းကိုလည်း ဦးအောင်သိန်းက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ရှင်းလင်းပွဲကို မြန်မာနိုင်ငံရှေ့နေများကွန်ရက်နဲ့ ပူးပေါင်းပါဝင်ထားတဲ့ ယူအက်စ်အေက အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Justice Trust က ပရော်ဖက်ဆာ ရော်ဂျာနော်မန်ကလည်း လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွဲတဲ့အခါ အသုံးပြုခဲ့တဲ့ လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းတွေ့ရှိချက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၀ ခုနှစ်မှာ မုံရွာခရိုင်အုပ်ချုပ်ရေးမှူးက ၃ နှစ်စာ သီးနှံလျော်ကြေးအဖြစ်သာ ပေးမှာဖြစ်ပြီး လယ်ယာမြေကို အပိုင်သိမ်းတာမဟုတ်ကြောင်း လယ်ယာမြေပေါ်မှာ အဆောက်အဦးတွေ ဆောက်မှာမဟုတ်ကြောင်း ဒေသခံတွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အဆောက်အဦးတွေ ဆောက်ပြီး ဘုန်းကြီးကျောင်းတွေကို ချိတ်ပိတ်ခဲ့ကြောင်းစသဖြင့် လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြစ်ပေါ်လာရတဲ့အခြေခံ အကြောင်းအရင်းတွေကို ဒေသခံ မသွဲ့သွဲ့ဝင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။

လက်ပံတောင်းအရေး ဥပဒေနဲ့ မညီတာတွေရှိ

လက်ပံတောင်းအရေး ဥပဒေနဲ့ မညီတာတွေရှိ

လက်ပန်းတောင် ကြေးနီ စီမံကိန်း အတွက် လယ်ယာမြေ တွေကို သိမ်းယူတာ၊ ဆန္ဒ ပြခွင့် ပိတ်ပင်တာ၊ ဆန္ဒ ပြသူ တွေကို မီးလောင်ဗုံး သုံးပြီး နှိမ်နှင်းတာ တွေဟာ ဥပဒေနဲ့ မညီဘူးလို့ ရှေ့နေများ ကွန်ရက်နဲ့ Justice Trust အမေရိကန် ရှေ့နေ အဖွဲ့တို့က အစီရင်ခံစာ ထုတ်ပြန် လိုက်ပါတယ်။

news image

လက်ပန်းတောင်း တောင်အရေးနဲ့ ပတ်သက်ပြီး သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှု တွေကို ဆောင်ရွက် ခဲ့တယ် ဆိုတဲ့ ရှေ့နေတွေရဲ့အဆိုအရ ဒေသ အာဏာပိုင် တွေဟာ လယ်သမား တွေကို စာရွက် အလွတ်မှာ လက်မှတ် ထိုးခိုင်းပြီး စာချုပ် စာတမ်းရဲ့ မိတ္တူကိုလည်း လယ်သမား တွေကို မပေးခဲ့ တာမို့ ပဋိဉာဉ် အဖြစ် တရား မ၀င်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် လယ်ကိုလည်း သိမ်းယူ သေးတာ မဟုတ်ဘဲ၊ သုံးနှစ်စာ သီးစားခ ကိုသာ ပေးလျှော်တယ်လို့ နှုတ်ကတိနဲ့ ပြောခဲ့တဲ့ အကြောင်း၊ ဒါကြောင့် ဒီလုပ်ရပ် တွေဟာ တရားမ၀င် ဘူးလို့ ရှေ့နေများ ကွန်ရက်က တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

ဒီစာချုပ် တွေကို ကြေးနီ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံတဲ့ ၀မ်ပေါင် တရုတ် ကုမ္ပဏီနဲ့ ချုပ်တာလား၊ အစိုးရနဲ့ ချုပ်တာလား ဆိုတာလည်း မသိရဘူးလို့ ဦးအောင်သိန်းက ဆိုပါတယ်။

အဲဒီလို လယ်သိမ်း ခံရတာတွေ၊ လယ်ယာမြေ ပေါ်မှာ မြေစာတွေ ပုံတာတွေကြောင့် ဆန္ဒပြဖို့ လယ်သမား တွေက ရဲကို အကြောင်းကြား ခွင့်တောင်းတော့လည်း ၁၁ ကြိမ်အထိ ငြင်းပယ်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလို ငြင်းပယ်ရာမှာ အသုံးပြုတဲ့ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေဟာလည်း တကယ်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများရဲ့ အခွင့် အရေးနဲ့ ဆန့်ကျင် နေတယ်လို့ နောက်ထပ် တရားလွှတ်တော် ရှေ့နေတဦး ဖြစ်တဲ့ ဦးသိန်းသန်းဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြခွင့် မပြုဘဲ ပြခဲ့တယ် ဆိုပြီး နိုဝင်ဘာလ ၂၉ ရက် နေ့က ဆန္ဒပြ သူတွေကို လူစု ခွဲရာမှာ White Phosphorus လို့ ခေါ်တဲ့ မီးစုန်းဓါတ် ပါတဲ့ ဗုံးတွေ သုံးတာဟာ Geneva Convention နိုင်ငံတကာ သဘောတူ ညီချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် Justice Trust အဖွဲ့က ဥပဒေ ပညာရှင် Roger Normand က သတင်းထောက် တွေကို ပြောခဲ့ပါတယ်။

ဒါဟာ တရားမဝင်တဲ့ လုပ်ရပ် ဆိုတာ ရှင်းပါတယ်လို့ အစချီပြီး စစ်ဖြစ်တဲ့ အခါမှာတောင် ဒီလက်နက်မျိုးနဲ့ လူကို တိုက်ရိုက် ပစ်တာဟာ တရားမ၀င် တာမို့ ခုလို ငြိမ်းချမ်းစွာ ဆန္ဒပြသူ တွေကို ပစ်တာဟာ ဥပဒေနဲ့ မညီ ဘူးလို့ သူက ပြောပါတယ်။

ဒီလက်နက်တွေကို ရဲက သိုလှောင်ထားတယ် ဆိုတာ မဖြစ်နိုင် တာမို့၊ ဒီလက်နက်တွေ ဘယ်က ရသလဲ၊ ဒီလက်နက် မျိုးတွေ သုံးဖို့ ဘယ်သူက အမိန့် ပေးတာလဲ ဆိုပြီး တော့်လဲ သူက မေးခွန်း ထုတ်ခဲ့ ပါတယ်။

သူတို့ ရှေ့နေ အဖွဲ့နှစ်ခုရဲ့ အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပန်းတောင်းတောင်ကိစ္စ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့ဆီကိုလည်း ပို့ထားတယ်လို့ ပြောပါတယ်။

ဒီအစီရင်ခံစာကို ထုတ်ပြန်ရတဲ့ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လက်ပန်းတောင်းတောင် အရေး စုံစမ်း အဖြေရှာရာမှာ အားလုံး ပါဝင်ဖို့ ပြောထားတာကြောင့် ဖြစ်တယ်ဆိုပြီး ရှေ့နေတွေက ပြောခဲ့ကြပါတယ်။

စစ်တွေတွင် ရဟန်းတော်များ ၉၆၉ ဂဏန်းဖြင့် လူပ်ရှားမူ ပြုလုပ်

စစ်တွေတွင် ရဟန်းတော်များ ၉၆၉ ဂဏန်းဖြင့် လူပ်ရှားမူ ပြုလုပ်

စစ်တွေမြို့ ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ ၉၆၉ ဂဏန်းနှင့် သာသနာ့ အမှတ် အသား တံဆိပ်ပါ စာရွက်များကို လူမြင်ကွင်းတွင် ကပ်ပြီး လူပ်ရှားမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

news image

ထိုလူပ်ရှားမူကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက်က စတင်ခဲ့ကြောင်း၊ လူပ်ရှားရသည့် ရည်ရွယ်ချက်မှာ ရတနာသုံးပါးကို ဗုဒ္ဓဘာသာဝင်များ ပိုမိုဆည်းကပ် လာစေရန် ရည်ရွယ်ကြောင်း လူပ်ရှားမူကို ဦးဆောင်သူ အဆိုပါ ရဟန်းတော် အဖွဲ့ ဥက္ကဌ ဦးဥာဏက ပြောသည်။

“ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က အထွေအထူးတော့ မဟုတ်ပါဘူး။ လူတွေ ဘာသာ တရား အပေါ်မှာ ပိုပြီး အာရုံ စူးစိုက်လာစေရန် နဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ် ထားရာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ပိုမိုပြီး ဆည်းကပ်လာစေဖို့ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက်က စတင်ခဲ့သော လူပ်ရှားမူတွင် ဘာသာရေး ဆိုင်ရာ တံဆိပ် အမှတ်အသား များပါ စာရွက်များအား စစ်တွေ- ရန်ကုန် အဝေးပြေးကားဂိတ်ရှိ ကားများတွင် ကပ်ပြီး လူပ်ရှားမူကို စတင်ခဲ့ကြသည်။

“ အကျိုးရလဒ်ကတော့ လူတွေက မိမိ ဘာသာ တရားအပေါ်မှာ မေ့လျော့လာကြတယ်။ ဘာသာ တရား သွင်သင် ဆုံးမမူ အပေါ်မှာလည်း လိုက်နာဖို့ ပျက်ကွက်လာတယ်။ ဒီလို လုပ်တဲ့ အတွက် ဘာသာ တရားရဲ့ အမှတ် သင်္ကေတတွေကို မြင်တော့ ပိုပြီး နိုးနိုးကြားကြား အလေးအနက်ထားလာမယ်။ ဘာသာ တရား အပေါ်မှာ ချစ်ခင် ထိန်းသိမ်းလိုတဲ့ စိတ်တွေ ပိုမို တိုးပွားလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ရဟန်းတော်များ၏ လူပ်ရှားမူတွင် အသုံးပြုနေသော စာရွက်များ အတွင်း သာသနာအလံကို အခြေခံထားပြီး သာသနာ အလံပေါ်တွင် ၂၄ ပစ္စည်း၊ ၂၄ ပစ္စည်း အထဲတွင် ၉၆၉ ဂဏန်းကို ရေးဆွဲထားကြောင်းနှင့် ထို အထဲတွင် အသောက မင်းကြီးကျောက်စာတိုင်ကိုလည်း ရေးထိုးထားသည်ဟု ဆိုသည်။

“ ၉၆၉ ရဲ့ အဓိပ္ပါယ်က ဘုရား ဂုဏ်တော် ၉ ပါး၊ တရား ဂုဏ်တော် ၆ ပါးနဲ့ သံဃာ့ဂုဏ်တော် ၉ ပါး ဖြစ်ပါတယ်။ ဒါကို ဖေါ်ညွှန်းတဲ့ အနေနဲ့ ၉၆၉ ကို ရေးထိုးထားပါ” ဟု အရှင် ဦးဥာဏက ဆက်လက် မိန့်ကြားသည်။

ယမန်နေ့ ညနေပိုင်းကလည်း အဆိုပါ လူပ်ရှားမူကို စစ်တွေ သင်္ဘောဆိပ်တွင် ပြုလုပ်ခဲ့ပြီး နေ့စဉ် ရက်ဆက် ဆိုသလို ပြုလုပ်သွားမည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် အနှံ့အပြားတွင်လည်း ရဟန်းတော်များက လိုက်ပါ ဆောင်ရွက် ရန် စီစဉ်နေကြသည်ဟု ဆိုသည်။

အာဏာပိုင်များဘက်မှ ယခု လူပ်ရှားမူနှင့် ပတ်သက်ပြီး ကူညီပေးခြင်း မရှိသကဲ့သို့ နှောင့်ယှက်မူလည်း မရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်

ရခိုင်ပြည်နယ်အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်

by ​အေး​နိုင်

ရခိုင်ပြည်နယ်အစိုးရက သံတွဲခရိုင်တွင်းက မွတ်စလင်တွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ တားမြစ်ခံရတဲ့ သံတွဲမြို့နေ မွတ်စလင်အမျိုးသမီးတဦးက ပြောပါတယ်။

ရန်ကုန်မြို့ကိုသွားဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေယာဉ်လက်မှတ်သွားဝယ်ရာမှာ လ၀က ထောက်ခံချက်ရယူဖို့ ပြောတာကြောင့် သံတွဲခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး ဦးကိုကိုမောင်ကို သွားရောက်မေးမြန်းရာမှာ မွတ်စလင်တွေကို ပိတ်ပင်ထားတယ် ဆိုတာကိုသာ သိခဲ့ရပြီး ဘာကြောင့် ပိတ်ပင်တယ်ဆိုတာ မပြောပြဘူးလို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

“နိုင်ငံသားကတ် ကိုင်ထားသူမှန်သမျှကို ဒါမျိုးလုပ်တာလားဆိုတော့ မဟုတ်ဘူး၊ အစ္စလာမ်ပဲ လုပ်တာလို့ ပြောတယ်။ ခရိုင်မှူး ဦးကိုကိုမောင်က အစ္စလာမ်တွေဆိုရင် မည်သည့်ကတ်ကိုင်ထားပါစေ၊ ပန်းရောင်ကတ်ပဲဖြစ်ဖြစ်၊ သုံးခေါက်ချိုးပဲဖြစ်ဖြစ် ဘာပဲ ကိုင်ထားပါစေ၊ ပြည်နယ်လ၀က ခွင့်ပြုချက်မရဘဲနဲ့ လုံးဝ ခရီးသွားလာခွင့် မပြုဘူးတဲ့။ ၈၉ ခုနှစ်ကပဲ ထုတ်ထားတဲ့ ပန်းရောင်ကတ် ရခိုင်-အစ္စလာမ်ပါ။”

မွတ်စလင်တွေကို ခရီးသွားလာခွင့် တားမြစ်တဲ့အမိန့်ထုတ်ပြန်တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိတဲ့ရက်နဲ့ တိုက်ဆိုင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သံတွဲခရိုင်လ၀ကမှူး ဦးကိုကိုမောင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

သံတွဲမြို့နယ်အဆင့် လ၀ကရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြည်နယ်အစိုးရက နှုတ်မိန့်နဲ့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားတယ်လို့ ဖြေပါတယ်။

သံတွဲခရိုင်တွင်းက မွတ်စလင်တွေဟာ အရင်စစ်အစိုးရကာလတလျှောက်လုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားပေမယ့်လည်း ၂၀၀၄ နှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ခရီးသွားလာခွင့် ကန့်သတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၈ လလောက်ကစလို့ နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ပြသနိုင်ရင် လွတ်လပ်စွာခရီးသွားလာခွင့်ရခဲ့ရာက အခုတခါ ပြန်လည်ပိတ်ပင်ခံခဲ့ရတာလို့ အဆိုပါ မွတ်စလင်အမျိုးသမီးက ပြောပါတယ်။

အဆိုပါတားမြစ်ခံ အမျိုးသမီးက တခြားဘာသာဝင်တွေကို တားမြစ်ပိတ်ပင်ခြင်းမရှိဘဲ မွတ်စလင်ဘာသာဝင်ကိုသာ ပိတ်ပင်တာဖြစ်တယ်လို့ ပြောပြပါတယ်။

“လေယာဉ်ရုံးကနေ ကျမကို အဲဒါ ခဏခဏတောင်းနေတယ်။ အဲဒါ ယူလာခဲ့ပေးပါ ဒါမှပေးလို့ရမယ် သူတို့က အကြောင်းကြားထားလို့ဆိုပြီး။ မြန်မာ့လေကြောင်းကို ၀ယ်တဲ့အခါ မြန်မာ့လေကြောင်းက အဲလိုဆိုတော့၊ ရန်ကုန်အဲဝေးကို လှမ်းဆက်တော့ အစ်မ စိတ်တော့မရှိနဲ့တဲ့ အစ္စလာမ်လား၊ ဗုဒ္ဓဘာသာလားဆိုတော့ ကျမက အစ္စလာမ်ဆိုတော့ လ၀က ခွင့်ပြုချက်ယူခဲ့ပါတဲ့။ လ၀က ခွင့်ပြုချက်မပါဘဲ လေယာဉ်လက်မှတ်မရောင်းရဘူးဆိုပြီး မနေ့ညနေက လ၀ကက လက်မှတ်လာထိုးခိုင်းလို့ သူတို့ လက်မှတ်ထိုးလိုက်ရတယ်တဲ့။”

ဘာကြောင့်ပိတ်ပင်တယ်ဆိုတာကို ရခိုင်ပြည်အစိုးရအဖွဲ့အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားရာမှာ တာဝန်ခံဖြေဆိုခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ်အရေးကိစ္စ သက်ဆိုင်ရာ လူမျိုးစု ၂ စုတို့ ညှိနှိုင်းအဖြေရှာရမည်ဟု ကင်တားနားပြော

ရခိုင်ပြည်နယ်အရေးကိစ္စ သက်ဆိုင်ရာ လူမျိုးစု ၂ စုတို့ ညှိနှိုင်းအဖြေရှာရမည်ဟု ကင်တားနားပြော

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်နေသော လူမျိုးစု ၂ စု အတူတကွ ပြန်လည် အခြေချ နေထိုင်နိုင်ရေးသည် နိုင်ငံတကာ အဖွဲ့အစည်းများ ၀င်ရောက် ဆောင်ရွက်၍ မရဘဲ ထိုလူမျိုးစု ၂ စုကသာ ဆွေးနွေး ညှိနှိုင်း အဖြေရှာရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ် သို့ ၂ ရက်ကြာ ခရီးသွားရောက်စဉ် ပြောကြားသည်။

news image

ရခိုင်ပြည်နယ် အရေးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အလွန်အရေးကြီးသော အနေအ ထားတွင် ရှိနေကြောင်း၊ တကမ္ဘာလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း မစ္စတာ ကင်တားနားက မှတ်ချက်ပြုသည်။

စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့သော ဒေသခံလူထုနှင့် တွေ့ဆုံရာတွင် ရခိုင်တိုင်းရင်းသား များဘက်မှ မြို့မိမြို့ဖ ၁၆ ဦး တက်ရောက်ခဲ့ပြီး ဘင်္ဂါလီများဘက်မှ ၁၀ ဦး တက်ရောက်ခဲ့ကြောင်း၊ ပဋိပက္ခ ဖြစ်စဉ်များတွင် ဘင်္ဂါလီဒုက္ခသည် အရေ အတွက် များသောကြောင့် နိုင်ငံတကာ အကူအညီများသည် ဘင်္ဂါလီများဘက်သို့ ပိုမိုရောက်ရှိသွားသည်ကို ၀န်ခံကြောင်း၊ ထို့အတွက် ရခိုင်လူထုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကြား ယုံကြည်မှုတည်ဆောက်ရန် လိုအပ်နေသေးကြောင်း ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် အာရှော့ နီဂမ်က ပြောသည်။

မစ္စတာ ကင်တားနား၏ ခရီးစဉ်သည် ယခင်လာရောက်ခဲ့ခြင်းနှင့် မတူဘဲ ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ အပါအဝင် ရခိုင်လူထုနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံစဉ် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းများကို မသုံးဘဲ ဘင်္ဂါလီ ဆိုသည့် အသုံးအနှုန်း ကိုသာ သုံးစွဲ ပြောဆိုခဲ့ကြောင်း၊ ၎င်းအနေဖြင့် ဒုက္ခသည်များ၏ အနေအထားကို စိုးရိမ်မိကြောင်း၊ ယင်း လူမျိုးစု ၂ စု၏ အခြေခံလူ့အခွင့် အရေး မြှင့်တင်ရေးကို စိတ်ဝင်စားသည်ဟု ဆိုကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့ခံ ဦးသန်းထွန်းက ပြောသည်။

ဒုက္ခသည်များ အနေဖြင့် တရားဝင် မှတ်ပုံတင် လျှောက်ထားရာတွင် လူမျိုးနေရာ၌ ဘင်္ဂါလီဟု အသုံးပြုပြီး တဦးချင်း အလိုက် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ကြောင်း၊ အစိုးရ၏ ဥပဒေများ အတိုင်း ဖြစ်လာမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ သမိုင်းတွင် မရှိသော ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား ဖြစ်စေရန် နိုင်ငံတကာဖိအားဖြင့် တောင်းဆိုနေသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီ ဘင်္ဂါလီတွေဟာ တဘက်က ခိုးဝင်လာတာမဟုတ်ဘူးလို့ ပြောနေတယ်။ ဒီဆယ်စုနှစ် ၂ ခုအတွင်းမှာ လူဦးရေ ၂ သိန်း ကနေပြီး ၁၀ သိန်းဖြစ်သွားတယ်။ သာမန် လူသားတယောက်ရဲ့မွေးဖွားနှုန်းနဲ့ ဘယ်လို့မှ လက်ခံနိုင်စရာမရှိဘူး။ ပုံမှန် မွေးနှုန်းထက် ပိုနေတဲ့အတွက် ဘယ်က လာတာလဲဆိုတာ စဉ်းစားမိပါသလားလို့ ပြောလိုက်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ လုံခြုံရေးတပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းလိုက်သည်နှင့် ပဋိပက္ခပြန်လည် ဖြစ်နိုင်ချေ ရှိနေသေးသည်ကို မြင်နေရသည့် အတွက် အချိန်အတိုင်းအတာ တခုအထိ လုံခြုံရေး စည်းများခြားပြီး လူမျိုးစု ၂ စုကို ခွဲခြားထားသင့်သည် ဟု မြင်ကြောင်း၊ ပဋိပက္ခလွန် ကာလတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အတူပြန်လည် ယှဉ်တွဲ နေထိုင်ရန် ဘင်္ဂါလီများ ဘက်က လိုလားသော်လည်း ရခိုင်တိုင်းရင်းသားများက လုံးဝလက်ခံနိုင်ခြေ မရှိသေးကြောင်း မစ္စတာ ကင်တားနား၏ အဆိုအရ သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှဘင်္ဂါလီတဦးဖြစ်သည့် ဦးမောင်ဖြူကလည်း ၎င်းတို့သည် နိုင်ငံသားဖြစ်ကြောင်း၊ ထို့အတွက် နိုင်ငံသား အခွင့်အရေးများကို အပြည့်အ၀ လိုချင်ကြောင်း၊ ယခင်ကကဲ့သို့ ကိုယ့်နေရာကိုယ်ပြန်နေပြီး တရားဥပဒေ စိုးမိုးမှုအောက်တွင် လုံခြုံမှုဘ၀ကို ပြန်လည်တည်ဆောက် ချင်ကြောင်း ပြောသည်။

“အချိန်ကာလ တခုအတွင်း ၂ ဘက်စလုံးက အဖြေတခု ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ရခိုင်လူထု အနေနဲ့ လူမျိုးကြီး ၀ါဒကို နည်းနည်းလျှော့လိုက်ရင်တော့ အဖြေတခု ထွက်လာမယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက် ၂ ရက်အကြာ ရခိုင်ပြည် ခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီး အစိုးရအဖွဲ့၊ မြေပုံနှင့် ပေါက်တောမြို့နယ်များ အတွင်းရှိ ကြိမ်လီပြင် ဒုက္ခသည်စခန်း အပါ အဝင် ဒုက္ခသည် စခန်း ၃ ခုသို့ သွားရောက်ကာ ဒုက္ခသည်များနှင့် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသားတချို့နှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ခရီးစဉ်၏ ပထမနေ့တွင် မစ္စတာ ကင်တားနားသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေ ကိစ္စကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား အလေးထားမေးမြန်းကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရခိုင် – ဘင်္ဂါလီ ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံထားရသည့် အကျဉ်းသားများနှင့် စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည့် ကုလသမဂ္ဂ၏ ရခိုင်ပြည်နယ် ဝန်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်တို့၏ အခြေအနေကိုလည်း မေးမြန်းခဲ့သည်။

စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားပေါင်း ၁၄၇၅ ဦးအနက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည့် အကျဉ်းသားပေါင်း ၈၃၇ ဦးရှိသည်။

နိုင်ငံခြားသားများ နေပြည်တော်သွားရန် ခွင့်ပြုထားသော်လည်း ဝင်ရောက်မှု မရှိသေး

နိုင်ငံခြားသားများ နေပြည်တော်သွားရန် ခွင့်ပြုထားသော်လည်း ဝင်ရောက်မှု မရှိသေး

by နန်းဆိုင်နွမ်

နိုင်ငံခြား ခရီးသွားများကို နေပြည်တော်သို့ သွားရောက်လည်ပတ်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စ၍ ခွင့်ပြုထားခဲ့သော်လည်း နိုင်ငံခြားခရီးသွားများ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။

news image

နေပြည်တော်သည် မြန်မာပြည်၏ မြို့တော်သာဖြစ်ပြီး သဘာဝအလှအပများ၊ ရှေးဟောင်းအမွေအနှစ်များ မရှိခြင်းကြောင့် နိုင်ငံခြား ခရီးသွားများ သွားရောက်လည်ပတ်မှု အတွက် စိတ်မ၀င်စားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ၁ ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။

“တကယ်တော့ ခွင့်ပြုလိုက်တဲ့ အချိန်နဲ့ ခရီးသွားရာသီကို မမီလိုက်လို့ပါ။ ပြီးတော့ လှည့်ပတ်စရာ စိတ်ဝင်စားတဲ့ နေရာက နည်းတယ်။ ကျောက်မျက် ပြတိုက်လောက်ပဲရှိတယ်။ ဒီနှစ် ဆီးဂိမ်းကျရင်တော့ နိုင်ငံခြား ခရီးသွားတွေ နေပြည်တော်ကို ပိုဝင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

နေပြည်တော်မြို့တော်သို့ ၀င်ရောက်လည်ပတ်ခွင့် ပြုထားသော်လည်း ခရီးသွားများအတွက် ဆွဲဆောင်နိုင်သည့် သဘာဝ အလှ နေရာများ မရှိကြောင်း၊ နေပြည်တော်သည် တခြား ဒေသများကို သွားရောက်ရန် အတွက် ဗဟို အချက်ကျသည့် မြို့တော်ဖြစ်ပြီး တည်းခိုရန်အတွက် ဟိုတယ်လုံလောက် ခြင်းမှာ ခရီးသွားဧည့်သည်များလာရန် အတွက် အားသာချက် တခုဖြစ်နေကြောင်း၊ လက်ရှိအချိန်တွင် နေပြည်တော်သို့ နိုင်ငံခြားသားများ လည်ပတ်ခွင့်ပြုသည်ကို ကျယ်ပြန့်စွာ မသိရှိခြင်းကြောင့်လည်း ဧည့်သည် နည်းပါးနေခြင်း ဖြစ်နိုင်ကြောင်း ဦးတင်ထွန်းအောင်က ထပ်မံပြောသည်။

“နေပြည်တော်က သဘာဝ အတိုင်း ဖြစ်ထွန်းတဲ့နေရာ မဟုတ်တဲ့အတွက် နိုင်ငံခြားသားတွေ မကြိုက်ဘူး။ သူတို့တွေက တောင်ငူတို့ ပဲခူးရိုးမတို့လို နေရာတွေကို ပိုစိတ်ဝင်စားကြတယ်။ သူတို့ တိုင်းပြည်မှာလည်း နေပြည်တော်လို နေရာတွေက ရှိတယ်လေ။ အဲဒါကြောင့် သဘာဝအလျောက် ဖြစ်ထွန်းနေတဲ့ နေရာကို ပိုစိတ်ဝင်စားကြတယ်” ဟု အင်္ဂလိပ် – ဂျပန် ဧည့်လမ်းညွှန် ဒေါ်တင်နွယ်အေးက ဧရာဝတီသို့ ပြောသည်။

နေပြည်တော်သို့ နိုင်ငံခြားသားများကို ကျောက်စိမ်းပွဲတော်နှင့် အတူ အလည်အပတ် ခွင့်ပြုထားသော်လည်း စီးပွားရေး သမားများသာ သွားရောက်မှု များသေးကြောင်း၊ သဘာဝ အလှများဖန်တီးကာ ဆွဲဆောင်မည်ဆိုပါက ပို၍ လည်ပတ်မည်ဟု ထင်မြင်ကြောင်းလည်း ဒေါ်တင်နွယ်အေးက ဆိုသည်။

“အရင်က ဧည့်မ၀င်ရ ဆိုတဲ့ အရှိန်ကြောင့် မသွားကြတာ။ ပြီးတော့ သဘာဝအလှအပ ရှိတဲ့ နေရာကို ခရီးသွားတွေ သွားချင်တယ်။ နေပြည်တော်မှာ ဘဘာဝ အလှ တခုလောက်သာ ဖန်တီးထားမယ် ဆိုရင်တောင် ခရီးသွားဧည့်သည်တွေက ၀င်မှာပါ” ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များသည် သဘာဝအလှများ၊ ရှေးဟောင်း အမွေအနှစ်များ ရှိသည့် ဒေသများကို သွားရောက် လည်ပတ်လေ့ ရှိကြသည်။ အထူးသဖြင့် အင်းလေးဒေသ၊ ပုဂံ၊ ညောင်ဦး၊ မန္တလေးနှင့် တခြား ဒေသများကိုသာ အဓိက သွားရောက်ကြပြီး နေပြည်တော်ကို သွားရောက်ရန် စိတ်ဝင်စားမှု နည်းပါးနေသေးကြောင်း သိရသည်။

“နေပြည်တော်မှာက အစိုးက ရုံးနဲ့ သူတို့ တိုင်းပြည်မှာလည်း တွေ့နိုင်တဲ့ အရာတွေပဲ ရှိတာများတယ်။ သူတို့ ဒေသမှာ မရှိတာဆိုလို့ စေတီတွေလောက်ပဲ ရှိတယ်။ ပြီးတော့ ဆင်ဖြူတွေလောက်ပဲ စိတ်ဝင်စားဖို့ ရှိတယ်။ ကျန်တာကတော့ သိပ်မရှိဘူး” ဟု ဦးအောင်ကျော်မိုးက ပြောသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ခုနစ် ဆီးဂိမ်းပွဲမှစ၍ နိုင်ငံခြား ခရီးသွားများ နေပြည်တော်သို့ အများအပြား ၀င်ရောက်လာမည်ဟု ခရီးသွားလုပ်ငန်းများက မျှော်လင့်နေကြပြီး ဧည့်လမ်းညွန်များ အနေဖြင့်လည်း အဘက်ဘက်မှ ပြည့်စုံရန် ကြိုးစားနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာန၏ စာရင်းအရ လိုင်စင်ရ ဧည့်လမ်းညွှန်ပေါင်း ၃၃၅၃ ဦး ရှိကြောင်း ဖော်ပြထားပြီး လိုင်စင်သက်တမ်း ကုန်သွားသူများ ပြန်လည်လုပ်ကိုင်နိုင်ရန် မွမ်းမံ သင်တန်းများ ပေးနေသည်။

နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၁ ခုနှစ်တွင် ၄၁၀၀၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် ၆၀၀၀၀၀ ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက် တခုတည်းမှ ပြည်ပဧည့် ဝင်ရောက်နှုန်းမှာ တနေ့လျှင် ဦးရေ ၁၀၀၀ နှင့် ၁၅၀၀ ကြားရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ငြိမ်းချမ်းရေးတကယ်လိုချင်ရင် လာဆွေးနွေးရန် ကေအိုင်အိုကို ကာချုပ်ဖိတ်ခေါ်

ငြိမ်းချမ်းရေးတကယ်လိုချင်ရင် လာဆွေးနွေးရန် ကေအိုင်အိုကို ကာချုပ်ဖိတ်ခေါ်

by ​အေး​နိုင်

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေး လာရောက် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

news image

ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၉ နာရီက နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကျောင်းခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများနဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်မြေရှိ တပ်နယ် ၆ ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာလို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရယူထားတာဟာ အပစ်အခတ်ရပ်စဲပြီး ယာယီငြိမ်းချမ်းရေး ရယူထားခြင်းသာဖြစ်လို့ ဥပဒေဘောင်အတွင်း အပြည့်အ၀ ၀င်ရောက်လာအောင်၊ ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့အကြောင်း သူက ပြောဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့ဟာ ဒုတိယအဆင့်ဖြစ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှုရပြီးဖြစ်တဲ့အကြောင်းနဲ့ ကေအိုင်အေအဖွဲ့သာ အကြောင်းအမျိုးမျိုးဖြင့် ကျန်ရှိရာ ကေအိုင်အေအနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုပါက အချိန်မရွေး လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ပါကြောင်း၊ ဖိတ်လည်း ဖိတ်ခေါ်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်တဲ့အကြောင်းနဲ့ လွတ်လပ်ရေးရယူပြီးချိန်ကစလို့ အယူဝါဒ၊ တိုင်းရင်းသားရေး၊ ဘာသာရေးပေါ် မူတည်ပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ရာမှာ တပ်မတော်အနေနဲ့ လက်နက်စွဲကိုင်တိုက်ခိုက်တဲ့ သောင်းကျန်းသူများအား တိုင်းပြည်အေးချမ်းမှုကို နှောင့်ယှက်သော အကြမ်းဖက်လုပ်ရပ်များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ တိုင်းရင်းသားများကို တိုက်ခိုက်ခြင်းမဟုတ်ကြောင်း။

အခုအခါမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေကြပြီဖြစ်လို့ အယူဝါဒများ ကွဲပြားစရာမရှိတော့ဘဲ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားကြရန်သာလိုတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကေအိုင်အိုခေါင်းဆောင်တွေကို ပေးပို့တဲ့ ဆုတောင်းမေတ္တာပို့သစာမှာလည်း ‘စစ်မှန်တဲ့ငြိမ်းချမ်းရေး။ တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်ကြောင်း ရိုးသားစွာယုံကြည်ကြောင်းနဲ့ အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပမယ်လို့ ပြည်သူလူထုကို အကြိမ်ကြိမ်အသိပေးတင်ပြထားကြောင်း’ ရေးသားထားချက်ကို ကေအိုင်အိုက မနေ့က ကြေညာချက်မှာဖော်ပြခဲ့သလို သမ္မတစာပါ ဖော်ပြပါရှိတဲ့အတိုင်း ကေအိုင်အိုဗဟိုကော်မတီကလည်း စစ်မှန်သောငြိမ်းချမ်းရေးရရှိနိုင်ဖို့နဲ့ တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးကာ အဖြေရှာမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ကေအိုင်အိုနဲ့အစိုးရအကြား ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ၂၀၁၁ ခုနှစ်လည်ပိုင်းမှာ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပါတယ်။ နှစ်ဘက်ကိုယ်စားလှယ်တွေ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပေမယ့် အဆင်မပြေဖြစ်ခဲ့ရာက ဒီဖေဖော်ဝါရီလဆန်း ၄ ရက်နေ့က နှစ်ဘက်ကိုယ်စားလှယ် ဆွေးနွေးပွဲကျင်းပပြီးချိန်မှာတော့ နှစ်ဘက် တိုက်ပွဲတွေရပ်စဲနေသလို ဒီလကုန်ပိုင်းမှာ တကြိမ်ထပ်တွေ့ကြဖို့ ရှိနေပါတယ်။

အစိုးရ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီတွေဟာလည်း ကေအိုင်အိုပါဝင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေအတွက် အကြိုညှိနှိုင်းပွဲကို လာမယ့် ၁၉ ရက်ဝန်းကျင်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။

စစ်ဦးစီးချူပ်ငြိမ်းချမ်းရေးကမ်းလှမ်း UNFC ကြိုဆို

စစ်ဦးစီးချူပ်ငြိမ်းချမ်းရေးကမ်းလှမ်း UNFC ကြိုဆို

by ကိုမိုးဇော်

မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ကချင်လွတ်လပ်ရေး တပ်မတော်KIA အနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေး လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်လိုက်တဲ့အပေါ်မှာ KIA ဖက်က လက်ရှိဆွေးနွေးပွဲတွေအတိုင်း ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကတော့ ဒါကို ကြိုဆိုကြောင်းပြောဆိုထားပါတယ်။ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းအပြည့်အစုံ တင်ပြပေးထားပါတယ်။

news image

KIA ကို အခုလို ဖိတ်ခေါ်လိုက်တာကိုတော့ ဒုဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများနဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်မြေရှိ တပ်နယ် ၆ ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံ ရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောဆို သွားခဲ့တာဖြစ် ပါတယ်။ နိုင်ငံရေးလေ့လာ သူတွေက နိုင်ငံတော်သမ္မတက KIAအပေါ် ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့ လွန်ခဲ့တဲ့ နှစ်တွေက အမိန့်ပေးခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေခဲ့တာကြောင့် ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ဟာ ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာ မူတည်နေသလားဆို သုံးသပ်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဖိတ်ခေါ်ချက်ကို အားလုံးက ထူးခြားမှုတခု အဖြစ်လည်း ရှုမြင်နေတာဖြစ်ပါတယ်။ ဒီဖိတ်ခေါ်ချက်အပေါ် KIAတပ်ဖွဲ့ဖက်က သဘောထားကိုတော့ KIO ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က အခုလို တုန့်ပြန်ပြောဆိုပါတယ်။

“ကျနော်တို့က ဒါကို ဘယ်သူပဲပြောပြော၊ သမ္မတကြီးပဲပြောပြော၊ လွှတ်တော်ကပဲ ပြောပြော၊ အစိုးရအနေနဲ့ ပြောတယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့ ဆွေးနွေးဖို့ဆိုတာက ကျနော်တို့က အရင်ကတည်းက လုပ်နေတာဖြစ်ပါတယ်။ အဲ့ဒီ့ မင်းအောင်လှိုင် ဦးစီးချုပ်ရဲ့ ကမ်းလှမ်းချက်ကတော့ ကျနော်တို့ မသိရသေးဘူး။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကျနော်တို့က အစိုးရအနေနဲ့ ကျနော်တို့ကို ပြောထားတာ၊ ဆွေးနွေးနေတာတွေကို ဆက်ပြီး လုပ်သွားဖို့ ပြင်ဆင်နေတာ ကျနော်တို့ ရှိနေတာပဲ။ ဒါကို ကျနော်တို့ ဆက်လုပ်သွားဖို့ ရှိပါတယ်။”

ဒီလ ၄ရက်နေ့က KIOနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးချိန်က ဒီလ ကုန်ပိုင်းမှာ ထပ်မံဆွေးနွေးဖို့ နှစ်ဖက် သဘောတူထားတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ထပ်မံ ဆွေးနွေးကြမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဦးဆွမ်လွတ်ဂမ်က အတည်ပြုချက် မပေးပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း တပ်ပေါင်းစုရဲ့ အထွေထွေ အတွင်းရေးမှူးနိုင်ဟံသာက ပြောပါတယ်။

“ ကောင်းပါတယ်။ အခုလို တဖက်က ဦးအောင်မင်းတို့ကလည်း ဆက်ဆွေးနွေးနေပြီးဖြစ်တယ်။ လွန်ခဲ့တဲ့ ၄ရက်နေ့တုန်းကလည်း ဆွေးနွေးတယ်။ ဒီလမကုန်ခင်မှာလည်း ဆက်ပြီးဆွေးနွေး မယ်လို့ပဲ ကြားနေရတယ်လေ။ ဒါက ကောင်းပါတယ်။ ကေအိုင်အို ကလည်း ငြင်းပယ် တာမဟုတ်ဘူး။ နောက်တဖက်ကလည်း အဲ့သလို ဆွေးနွေးပွဲ လမ်းပေါက်လာတဲ့အပေါ်မှာ ဒီကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် အဲ့သလိုပြောလာတာကိုလည်း ကျနော်တို့ ကြိုဆိုပါတယ်။"

KIO အဖွဲ့ ဟာ UNFCမှာ ပါဝင် ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်မှာ လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့ဟာ ဒုတိယအဆင့်ဖြစ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှုရပြီးဖြစ်ကြောင်း၊ တပ်မတော်က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရယူထားတာဟာ အပစ်အခတ် ရပ်စဲပြီး ယာယီငြိမ်းချမ်းရေး ရယူထားခြင်းသာဖြစ်လို့ ဥပဒေဘောင်အတွင်း အပြည့်အ၀ ၀င်ရောက် လာအောင်၊ ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့ ကျန်နေကြောင်းလည်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။ ဒီအချက်အပေါ်မှာတော့ UNFCရဲ့ အထွေထွေအတွင်းရေးမှူးးနိုင်ဟံသာက အခုလို တုံပြန်ထားပါတယ်။

“ဥပဒေဘောင်ဆိုတာ တဖက်တည်းက သတ်မှတ်တဲ့ ဥပဒေဘောင် ထပ်ပေါ့ဗျာ။ ညှိနှိုင်းစုပေါင်းပြီးမှ အများလက်ခံနိုင်တဲ့ ဥပဒေဘောင်မျိုး ဖြစ်ဖို့ လိုပါတယ်။ အဲ့တာကလည်း နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမှုမရှိဘဲနဲ့ တဖက်သတ်ကနေ ချမှတ်ထားတဲ့ ဥပဒေ ဘောင်ထဲကို တဖက်က ဝင်ရမယ်ဆိုတဲ့ဟာကလည်း မတရားဘူးလေ။ ဒါကလည်း မဖြစ်သင့်ပါဘူး။ အဲ့တာ နည်းလမ်းရှာဖို့လိုပါတယ်။ နှစ်ဖက်အမြင်ရှိကြဖို့လိုပါတယ်။ တဖက်က ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အတည်ဖြစ်လာတဲ့ပုံစံကရော၊ ရေးသားတဲ့ပုံစံကရော၊ တဖက်က ဒီလက်ရှိ ကျနော်တို့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်လို့ ပြဿနာတက်နေတာဖြစ်တယ်။ ဒီလက်ရှိ အခြေခံဥပဒေနဲ့ မပြေလည်လို့ ကျနော်တို့ ညှိနှိုင်းနေရတဲ့ အနေအထားမျိုးမှာ တဖက်သတ်ပြောနေမယ်ဆိုရင်တော့ ဒါပြေလည်နိုင်စရာမရှိသေးဘူးလို့ ကျနော်က မြင်တယ်ဗျာ။”

UNFCနဲ့ သမ္မတရုံးဝန်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကတော့ နောက်တပတ်အတွင်းမှာ တွေ့ဆုံဖို့ ပြင်ဆင်နေကြောင်းလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့ကတော့ အပစ်အခတ်ရပ်စဲထားတဲ့ UNFC တပ်ပေါင်းစုရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ပအိုဝ်နဲ့ နာဂ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၉ဖွဲ့လောက်ဟာ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ ၀၊ မိုင်းလားအဖွဲ့တွေနဲ့ အပစ်မရပ်သေးတဲ့ ကချင်နဲ့ ပလောင်အဖွဲ့တွေကတော့ အခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။

ဗန်းမော်ခရိုင်ရှိ တိုင်းရင်းသားများ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပါဝင်ရေး ဆွေးနွေး

ဗန်းမော်ခရိုင်ရှိ တိုင်းရင်းသားများ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပါဝင်ရေး ဆွေးနွေး

by နန်းမြနဒီ

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား အပစ်ခတ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့် သဘော ပေါက်လာဖို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေအတွက် ဆွေးနွေးပွဲတရပ်ကို ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲဦးဆောင်သူ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က ဆလိုင်း အိုင်းဇက်က “အဓိက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်သည် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေအချင်းချင်းနဲ့ပဲ မဆိုင်ဘဲနဲ့ ပြည်သူတရပ်လုံးပေါ့။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခရှိနေတဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုအနေနဲ့ ပါဝင်ရမယ်ဆိုပြီး ကျနော်တို့ ဆွေးနွေးတာ။ ရှမ်း၊ ကချင်၊ ကရင်လည်း ပါတဲ့အတွက်ကြောင့် ကေအိုင်အိုနဲ့ဖြစ်တဲ့ ကိစ္စတခုတည်းကို ကျနော်တို့ မပြောဘူး။ မြန်မာနိုင်ငံမှာ လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အားလုံးကို ရှင်းပြပါတယ်။ ကေအိုင်အို ကိစ္စကတော့ တော်တော်လေး သူတို့ ဆွေးနွေးချင်တဲ့ အကြောင်းအရာဖြစ်တယ်” လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ စစ်မဲ့ဇုန် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်အရေးကိစ္စနဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၁၃၂၅ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်နိုင်မယ့် အခန်းကဏ္ဍတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆလိုင်းအိုင်းဇက်က ဆိုပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ ဗန်းမော်ဒေသခံ အမျိုးသမီးတဦးက “ငြိမ်းချမ်းရေးလုပ်ငန်းမှာ အရင်က ဘာတွေလုပ်လဲမသိခဲ့တော့ ဆုတောင်းတာပဲ လုပ်ခဲ့နိုင်တယ်။ အခုတော့ လူတယောက်အနေနဲ့ ဖြစ်စေချင်တဲ့ အနာဂတ်ကို၊ ပုံဖော်ချင်တဲ့ အရာကို အတတ်နိုင်ဆုံးဖော်ထုတ်ပြီး ကျမတို့အချင်းချင်းကြား မုန်းတီးကြတဲ့ လူမျိုးရေးမုန်းတီးမှုတွေမဟုတ်ဘဲ ပိုကောင်းတဲ့ ကိစ္စရပ်တွေဖြစ်လာဖို့ ကျမအနေနဲ့ ပါဝင်လို့ရတယ်၊ ပါဝင်နိုင်တယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့နယ် အထူးသဖြင့် ကျေးရွာတွေမှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ လှုပ်ရှားသွားလာနေတဲ့အတွက် ဘယ်အချိန်တိုက်ကြမလဲဆိုတာကို တွေးပူနေရပြီး အစိုးရတပ်ဘက်က ကချင်ရွာသားတွေမြင်ရင် ကေအိုင်အေလို့ သံသယဖြစ်တာ ခံနေရတဲ့အတွက် နေထိုင်ရတာ မလွတ်လပ်ကြောင်း၊ ငြိမ်းချမ်းရေးကို အမြန်ဆုံးလိုချင်ကြောင်း ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ပြည်သူတို့ရဲ့ အခန်းကဏ္ဍဆွေးနွေးပွဲတွေကို ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့နဲ့ အေးချမ်းမြန်မာ လူမှုဖွံ့ဖြိုးရေးအဖွဲ့ (ဂျီဒီအိုင်) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဗန်းမော်မြို့တွေမှာ ဒီနှစ်ဆန်းပိုင်းက တကြိမ် ကျင်းပခဲ့ပြီးဖြစ်တယ်။ နောက်နောင်လည်း အခြားမြို့နယ်တွေမှာ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ညှိနှိုင်းဆောင်ရွက်သူ မခေါင်န်ဂျာက ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီခွဲကနေ ညနေ ၃ နာရီထိ ဗန်းမော်မြို့ ဧရာဘတ်သာသနာဝင်း လိုင်းယွန်းခန်းမမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ဗန်းမော်၊ မိုးမောက်နဲ့ မန်စီမြို့နယ်ထဲက တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့၊ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေနဲ့ ရပ်မိရပ်ဖ၊ လူမျိုးစုခေါင်းဆောင်တွေ စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဦးပိုင်ကုမ္ပဏီကို လယ်သမားများ တရားစွဲ

ဦးပိုင်ကုမ္ပဏီကို လယ်သမားများ တရားစွဲ

by ကို​ထွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးက လယ်သမားတွေက တပ်မတော်သားတွေရဲ့ အစုရှယ်ယာတွေနဲ့ ထူထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ကို မုံရွာခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

news image

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မိုးကြိုး ဆာလ်ဖျူရစ်အက်ဆစ် စက်ရုံအတွက် မြေတွေကို လိုအပ်တာထက် ပိုပြီးတော့ ဂရမ် လျှောက်ထားတဲ့အတွက် လယ်သမားတွေက မုံရွာခရိုင် တရားရုံးမှာ စွဲဆိုလိုက်တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ အမှုကို လက်ခံခဲ့ပါတယ်။

တရားစွဲဆိုသူတွေကတော့ ဥပဒေအကျိုးဆောင် ရှေ့နေ ဦးဖိုးဖြူ အပါအ၀င် တောင်သူလယ်သမား ၄၈ ဦး ဖြစ်ပြီး တရားစွဲဆိုခံရသူတွေကတော့ ဗိုလ်မှူးကြီးခင်အောင် (ငြိမ်း)၊ စက်ရုံမှူးနှင့် ဗိုလ်ကြီးဝင်းညွန့်ဦး (ငြိမ်း) နဲ့ လက်ထောက်စက်ရုံမှူးတို့ ဖြစ်ပါတယ်။

မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံအလုပ်သမားတွေအတွက် ကံကုန်းကျေးရွာအနီးမှာ အိမ်ရာဝင်း ၅ ဧကကို ၂၀၀၆-၂၀၀၇ ခုနှစ်က ဆောက်လုပ်အပြီးမှာ အနီးနားရှိ လယ်မြေဧက ၁၄၀ ကျော်ကိုလည်း ဂရန်မြေလျှောက်ထားပြီး စက်ရုံမြေအဖြစ် ရယူထားတယ်လို့ ဆိုပါတယ်။

အမှန်တကယ်လိုအပ်တဲ့ လယ်ဧက ၅ ဧကထက် ပိုမိုရယူထားလို့ တရားစွဲဆိုလိုက်တာ လို့ ဦးဖိုးဖြူက ပြောပါတယ်။

ဒီတရားစွဲဆိုရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဦးဖိုးဖြူက “မုံရွာတရားရုံးကို မနေ့က အမှုနံပါတ် ၉/၂၀၁၃ နဲ့ တင်တယ်၊ လက်ခံလိုက်ပြီ။ ဒီလ ၂၈ ရက်နေ့ စကြားနာမယ်။ လယ်သမားတဦးရဲ့ ကိတ္တိမ မွေးစားသားအဖြစ်နဲ့ ကျနော်အပါအ၀င် ၄၈ ဦး။ တဖက်က ဗိုလ်မှူးကြီး ခင်အောင်(ငြိမ်း)အပါအ၀င် ၂ ဦးကို ဆင့်ခေါ်မယ်။ ပဏာမအနေနဲ့ ယာယီ တားဝရမ်း လျှောက်ထားတာက စိုက်ပျိုးလုပ်ကိုင်နေတာကို အနှောင့်အယှက်မပေးဖို့၊ တဖက်ကလည်း လက်ပန်းတောင်းတောင်၊ ကြေးစင်တောင်နဲ့ စီမံကိန်းဒေသနဲ့ ဆက်စပ်နေလို့ ၀မ်ပေါင်ရန်၊ ဦးပိုင်ရန်က ကင်းဝေးချင်တယ်။ ရောင်းချတာ ပြုလုပ်မှာလည်း စိုးရိမ်တယ်။ ဒါကြောင့် တားမြစ်တဲ့ တားဝရမ်းထုတ်ပေးပါဆိုပြီး မနေ့က တရားရုံးမှာလျှောက်ထားတယ်။ အမှုအနေနဲ့ကတော့ စိုက်ပျိုးလုပ်ကိုင်ခွင့်ကို တရားဝင်အသိအမှတ်ပြု မြွက်ဟကြေညာပေးပါလို့ အမှုကြီးအနေနဲ့ ဖွင့်ထားတာ။ ကြားဖြတ်အမိန့်လျှောက်ထားတာတော့ တားဝရမ်းအမိန့်ထုတ်ပေးဖို့ လျှောက်ထားတယ်” လို့ ပြောပါတယ်။

တရားဝင်အခွင့်အရေးကို တောင်းဆိုဖို့အတွက် မြေယာကို လက်ငုတ်အတိုင်း စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ အခွင့်အရေး ရသင့်တဲ့အတွက် အသိအမှတ်ပြုစေချင်လို့ တရားစွဲလိုက်တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးဖိုးဖြူက “လွှတ်တော်က ကော်မရှင်တွေဟာ အကြိမ်ကြိမ်ဆင်းလာပါတယ်။ ဒါပေမယ့် ကော်မရှင်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ယနေ့အထိ ထုတ်ပြန်ခြင်းလည်း မရှိသေးပါဘူး။ ပြည်သူတွေဟာ တိုင်စာနဲ့ပဲ လမ်းဆုံးတဲ့ဘ၀ ရောက်နေပါတယ်” လို့ ဆိုပါတယ်။

၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ စက်ရုံတာဝန်ရှိတွေက စိုက်ပျိုးနေတဲ့ လယ်သမား ၃၀ ကျော်ကို ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ကျူးကျော်မှုနဲ့ တရားစွဲဆိုထားပါတယ်။

ဦးပိုင်ကုမ္ပဏီရဲ့ အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားတွေ တရားစွဲ

ဦးပိုင်ကုမ္ပဏီရဲ့ အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားတွေ တရားစွဲ

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာသား လယ်သမား ၄၇ ဦးက စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ကို မုံရွာခရိုင်တရားရုံးမှာ မနေ့က တရားစွဲအမှုဖွင့်ခဲ့ပါတယ်။

news image

အဲဒီလယ်ယာမြေတွေကို ဦးပိုင်ကုမ္ပဏီက သူတို့ကုမ္ပဏီပိုင် မြေယာတွေအဖြစ် ပြုလုပ်ထားတာကြောင့် မိမိတို့ လက်ဝယ်ရှိတဲ့ မြေယာမှတ်ပုံတင်နံပါတ်တွေနဲ့ အထောက်အထားပြပြီး တရားစွဲတာဖြစ်တယ်လို့ မုံရွာခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ကံကုန်းကျေးရွာသား ဦးမတ်စေ့က RFA ကို ပြောပါတယ်။

“သူတို့က အရင်တရားစွဲထားတာ၊ ကျနော်တို့က အခုတစ်ခါ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ၄၊ ၅၊ ၆ လလောက်ရှိပြီဗျ၊ ကျနော်တို့လည်း တရားစွဲခံထားရတာ၊ ပိုင်နက်ကျူးလွန်မှုဆိုပြီးတော့ ဒီလယ်ယာတွေကို ဦးပိုင်က လျော်ကြေးပေးတယ်ဆိုပြီးတော့ မြေယာစွန့်လွှတ်ကြောင်း လက်မှတ်တွေထိုးပြီးတော့ သူတို့က ရောင်းနေကြလို့ ကျနော်တို့က ကျနော်တို့လက်ထဲမှာ ဒီမြေယာမှတ်ပုံတင် စာအုပ်တွေရှိတယ်၊ တစ်ကြိမ်တစ်ခါမှလည်း မြေယာစွန့်လွှတ်ကြောင်း လက်မှတ်လည်း မထိုးဘူး၊ အဲဒါတွေနဲ့ တရားစွဲဆိုထားတာပါ၊ သူတို့က ဒီလယ်ယာတွေကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ ကျနော်တို့ တောင်သူတွေကို အခုလက်ရှိ လွတ်လပ်နေရာတဲ့ မြေယာတွေကို သူတို့က လုပ်စားပိုင်ခွင့်မပေးဘူးလေ၊ အခုလက်ရှိ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ရဲ့ နာမည်နဲ့သွားပြီးတော့ ကျနော်တို့ တရားစွဲတာပါ”

မုံရွာခရိုင်တရားရုံးမှာ သီးစားသက်သာခွင့် ဥပဒေပုဒ်မ (၄၂) အရ လက်လုပ်စိုက်ပျိုးမြေတွေကို စိုက်ပျိုးပိုင်ခွင့်ရရှိကြောင်း ဖွင့်ဟကြေညာပေးဖို့ တရားစွဲဆိုတာဖြစ်ပါတယ်လို့ တောင်သူတွေကို အကူညီပေးတဲ့ ခရမ်းရောင် သာတူညီမျှ ဥပဒေအကျိုးဆောင်လုပ်ငန်းက ဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူက ဆိုပါတယ်။

ကံကုန်းကျေးရွာ တောင်သူတွေရဲ့ အမှုဖွင့်တာကို မုံရွာခရိုင် တရားသူကြီးက လက်ခံထားခဲ့ပြီး ၂၈ ရက်နေ့မှာ အမှုကိုကြားနာမယ်လို့ သိရပါတယ်။

ဦးပိုင်လီမိတက်ကို လယ်သမားတွေ တရားစွဲ

ဦးပိုင်လီမိတက်ကို လယ်သမားတွေ တရားစွဲ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် ကံကုန်းကျေးရွာက လယ်သမား၄၇ ဦးကနေ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို သူတို့ရဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့ က မုံရွာခရိုင် တရားရုံးမှာ တရားစွဲလိုက်ပါတယ်။

news image

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ဒေသခံတွေနဲ့ မကျေမလည်ဖြစ်နေတဲ့အချိန်မှာ ဦးပိုင်လီမိတက်ကို အခုလို တရားစွဲတာလည်းဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်က စီးပွားရေးဦးပိုင်လီမိတက်လက်အောက်ရှိ မိုးကြိုးဆာဖြူရစ် အက်စစ် စက်ရုံက စက်ရုံနဲ့ အလုပ်သမားအိမ်ယာဆောက်လုပ်ဖို့ လယ်မြေ ဧက ၁၄၀ ကျော် ဂရန်လျှောက်ထားရယူခဲ့တဲ့အတွက် လယ်သမားတွေက စက်ရုံမှုးနဲ့ လက်ထောက်စက်ရုံမှုးကို တရားစွဲဆိုခဲ့တာလို့ လယယ်သမားတွေဘက်က လိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။

လယ်သမားတွေက စိုက်ပျိုးမြဲ စိုက်ပျိုးနေတဲ့အပေါ် ဦးပိုင်ကုမ္ပဏီဘက်က တားဆီးမှုတွေ လုပ်လာခဲ့လို့ သီးခြားသက်သာခွင့် ဥပဒေအရ မူလလက်ငုတ်အတိုင်း စိုက်ပျိုးခွင့်ရထိုက်ကြောင်း ကြေညာပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့တဲ့ တရားမမှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသနဲ့ ဆက်စပ်နေတဲ့ ဒေသဖြစ်ပေမယ့် စီမံကိန်းနဲ့ မသက်ဆိုင်တဲ့ သီခြားဖြစ်ရပ်လို့ ပြောပါတယ်။

ကြားနာမှုကို ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ စတင်မယ်လို့ သိရပါတယ်။

မန္တလေးရှိ ရှေးထိုင်းဘုရင် အုတ်ဂူ တူးဖော်စစ်ဆေးမည်

မန္တလေးရှိ ရှေးထိုင်းဘုရင် အုတ်ဂူ တူးဖော်စစ်ဆေးမည်

by ရန်ပိုင်

မန္တလေးမြို့ တောင်သမန် အင်းစောင်းရှိ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူဝါး (ခ) မင်းသားကြီး ဥတွန်ပုံ မြှုပ်နှံထားသည်ဟု လူသိများသော သင်္ချိုင်းဂူကို ထိုင်း ရှေဟောင်းသုတေသန ပညာရှင်အဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လာရောက်တူးဖော် စစ်ဆေးတော့မည် ဖြစ်သည်။

news image

ဤအုတ်ဂူကို တူးဖော်စစ်ဆေးရန် သင့် မသင့် ထိုင်းသမိုင်းပညာရှင်များအကြား ကာလရှည်ကြာ အငြင်းပွားခဲ့ပြီးနောက် ယခုအခါ ထိုင်း ဗိသုကာပညာရှင်များနှင့် ရှေးဟောင်း သုတေသီ ၈ ဦး ဦးဆောင်ပြီး အဖွဲ့ဝင် ၂၀ ဦးဖြင့် တလကြာ တူးဖော်မည်ဟု ယနေ့ထုတ် ထိုင်း သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာ သမိုင်းမှတ်တမ်းအရ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက် ၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယသို့ သွားရောက် စစ်ပြုရာ အဆိုပါ ထိုင်း ဘုရင်ဟောင်း မင်းသားကြီး ဥတွန်ပုံကို ရဟန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာခဲ့သည်ဟု သိရသည်။

၎င်းနှင့်အတူ ညီတော်၊ နှမတော်၊ မိဖုရား၊ မောင်းမမိဿံ၊ သူဌေးသူကြွယ်၊ ပန်းတိမ်၊ ပန်းပဲ၊ ပန်းရံ၊ ရွှေခြည်ထိုး လက်မှုပညာသည်များ၊ အဆိုအတီး ပညာရှင်များ၊ အချက်အပြုတ် ကျွမ်းကျင်သူများမှအစ အားလုံးကို သုံ့ပန်းအဖြစ် အင်းဝသို့ ခေါ်ဆောင်ခဲ့ပြီး မန္တ လေး ရွှေတချောင်းမြောင်း ဘောင်တလျှောက်နှင့် မင်းသားစုအရပ်တွင် နေရာချထားပေးခဲ့သည်ဟုဆိုသည်။

သဖန်းပွင့်မင်သားဘွဲ့ခံ နန်းကျဘုရင် ကျောက်ဘွား ဒေါက် မဒူးဝါးသည် ဘိုးတော်ဘုရား လက်ထက်၌ နတ်ရွာစံ၍ အမရပူရရှိ လင်းဇင်းကုန်း သုဿန်တွင် သင်္ဂြိုလ်ခဲ့သည်ဟု ဆိုသည်။ သို့သော် မည်သည့်နေရာတွင် မြှုပ်နှံခဲ့ကြောင်းညွန်ပြသည့် ကျောက်စာ၊ သင်္ချိုင်းစာ အထောက်အထား များမရှိကြောင်း သိရသည်။

မြန်မာ့ ရှေးဟောင်း သမိုင်းပညာရှင်များကမူ အုတ်ဂူ၏ ဗိသုကာ လက်ရာများအရလည်းကောင်း၊ ခေတ်အဆက်ဆက် နှောင်းလူများ ညွှန်ပြပြောဆိုသည့် ဗျုပ္ပတ်အရ လည်းကောင်း ဤနေရာ၊ ဤအုတ်ဂူဟု အကဲဖြတ်ကြောင်း သိရှိရသည်။

သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း အင်္ဂလန်နိုင်ငံ၌ ပညာသင်ယူစဉ်က လန်ဒန်ပြတိုက်ရှိ မြန်မာ့ရှေးဟောင်း ရွှေနန်းလက်သုံး ဆေးရောင်စုံ ပုရပိုက်ပန်းချီတချပ်မှ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူဝါးအား လင်းဇင်းကုန်း သုဿန်တွင် မြှုပ်နှံသည့် အထောက်အထားများ တွေ့ရှိခဲ့၍ ဓာတ်ပုံ မှတ်တမ်းတင်ယူခဲ့သည်ဟု ဆိုသည်။

ပုရပိုက်၌ “သင်္ကန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ခေါ်ဆောင်လာသည့် ယိုးဒယားဘုရင်၊ အမရပူရ ရွှေမြို့တော်တွင် ကွယ်လွန်သည့် အတွက် ခမ်းကြီးနားကြီး သင်္ဂြိုလ်ပြီး လင်ဇင်းကုန်း သုဿန်တွင် မြှုပ်နှံသည်” ဟု ရေးသားထားသည်ဟု သိရသည်။

ထိုင်းဘုရင်အုတ်ဂူနှင့် ပတ်သက်ပြီး ၁၉၈၆-၈၇ ခုနှစ်ခန့်ကတည်းက ကွင်းဆင်း သုတေသနပြုခဲ့သူ၊ “ထိုင်းဘုရင့် သင်္ချိုင်းလော” ဟူသော အမည်ဖြင့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စာတမ်း ရေးသားထုတ်ဝေခဲ့သူ မန္တလေးမြို့ခံ သမိုင်းပညာရှင် ဒေါက်တာ တင်မောင်ကြည်က “ထိုင်းပညာရှင်တွေလည်း အထပ်ထပ် စစ်ဆေးပြီး အချက်အလက်တွေ အားလုံးမှန်ကြောင်း ပြောပြီ။ ဒါပေမယ့် သူတို့ အငြင်းပွားနေတာက တူးသင့်မတူးသင့်ပဲ” ဟု ဆိုသည်။

ထိုင်း သမိုင်းပညာရှင်များကလည်း အဆိုပါ ပုရပိုက်ကို အင်္ဂလန်ပြတိုက်မှ ကူးယူကာ သမိုင်း အထောက်အထားအရ လက်စွဲထားကြောင်း သိရသည်။

ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူးဝါး (ခ) မင်းသားကြီး ဥတွန်ပုံ၏ အုတ်ဂူသာ မှန်ကန်ပါက သမိုင်းအမွေအနှစ်အရ ထိန်းသိမ်းရမည် ဖြစ်ပြီး ဤအုတ်ဂူကို အကြောင်းပြုပြီး ထိုင်းအပါအ၀င် တခြားသော ကမ္ဘာလှည့် ခရီးသည်များကိုလည်း စွဲဆောင်နိုင်မည်ဟု ဒေါက်တာ တင်မောင်ကြည်က မှတ်ချက်ပြုသည်။

ဂူဗိမာန်များနှင့် သင်္ချိုင်းစာများသည် သမိုင်းမှတ်တမ်းမျာအရ အရေးပါကြောင်း သမိုင်းပညာရှင်များက ပြောဆို နေသော်လည်း သင်္ချိုင်းသုဿန်များကို ဖျက်ဆီး၍ အိုးအိမ် အဆောက်အဦးများနှင့် မြို့ကွက်အသစ်များ ဖော်ထုတ်လျှက် ရှိသည့် မြန်မာနိုင်ငံတွင် ထိုင်းဘုရင့်ဂူ အပါအ၀င် သမိုင်းဝင် အဓိကရ ပုဂ္ဂိုလ်များ မြှုပ်နှံထားသော ဤလင်းဇင်းကုန်း သုဿန်သည် မန္တလေးမြို့ ချဲ့ထွင်မည့် စီမံကိန်းတွင် ပါဝင်နေရာ ဒေသအာဏာပိုင်များက ဖျက်ဆီးပစ်မည့်အထဲတွင် ပါဝင်နေသည်။

ကုန်းဘောင်ခေတ် မြန်မာဘုရင်များလက်ထက် လာအို (လော) နိုင်ငံကို အစွဲပြုခေါ်ဝေါ်ခဲ့သည့် လင်းဇင်းကုန်း သုဿန်တွင် အင်းဝ၊ အမရပူရနှင့် မန္တလေးတ၀ိုက်၌ နေထိုင်ကြသော မွတ်စလင် (ပသီ)၊ ထိုင်း၊ လာအို၊ အာမေးနီးယန်း၊ တရုတ် စသည့် လူမျိုးများ သေဆုံးလျှင် မြုပ်နှံရန် လူမျိုး၊ ဘာသာအလိုက် နေရာများ သတ်မှတ်ရာ နာမည်ကျော် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည့် မြို့စာရေး ဦးပိန်၊ ပုဂံမင်းလက်ထက်က အမရပူရမြို့ဝန်အဖြစ် ခန့်အပ်ခံရသည် ဘိုင်ဆပ်၊ ပသီစာဆိုတော် ဦးနုနှင့် အစ္စလမ်သာသနာပိုင် အာဗစ်ရှာဟ်ဟိုစနီတို့၏ ဂူဗိမ္မာန်များကိုလည်းရှိသည်။

ယခုအခါ ထိုသမိုင်းဝင် အုတ်ဂူ အများစုသည် မြို့ပြစီမံကိန်းအတွင်း ဖျက်ဆီးခံရမည့် စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

တက္ကသိုလ် အရန်တပ်ရင်း ပြန်လည် ဖွင့်လှစ်

တက္ကသိုလ် အရန်တပ်ရင်း ပြန်လည် ဖွင့်လှစ်

by ရန်ပိုင်

တက္ကသိုလ် ပညာရေးလောက၌ ၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက ပျောက်ကွယ်သွားသည့် တက္ကသိုလ် အရန်တပ်ရင်း(UTC)ကို ယခု အစိုးရသစ် လက်ထက်တွင် ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သည်။

news image

အဓိက ပင်မ ရန်ကုန်တက္ကသိုလ်၌ ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း မန္တလေးတက္ကသိုလ်နှင့် မော်လမြိုင် တက္ကသိုလ်တို့တွင်ပြီးခဲ့ သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကမူ တပြိုင်တည်း ဖွင့်လှစ်ခဲ့သည်။ သို့သော် အစိုးရထုတ် သတင်းစာများ၌ ဖော်ပြရာတွင် တက္ကသိုလ် အရန်တပ်ရင်းများဟု တိတိလင်းလင်း သုံးစွဲခြင်း မရှိဘဲ အခြေခံ စစ်ပညာသင်တန်း ဖွင့်ဟုသာ ရေးသားသည်။

ပညာရေး ၀န်ကြီးဌာနနှင့် ကာကွယ်ရေး ၀န်ကြီးဌာန ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွန့်ကြားရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်၍ စစ်တပ် ပုံစံအတိုင်း ဖွဲ့စည်းထားပြီး တက္ကသိုလ်များ၏ ပါမောက္ခချုပ်များက တပ်ရင်းမှူးများ အဖြစ် တာဝန်ယူမည် ဖြစ်သည်။

သင်တန်းကာလ လေးလအတွင်း ပထမအသုတ်အဖြစ် ဘွဲ့လွန်ကျောင်းသားများ၊ နောက်ဆုံးနှစ်ကျောင်းသားများနှင့် တက္ကသိုလ် ဆရာများကို လက်ခံသင်ကြားပေးနေပြီး မန္တလေးတက္ကသိုလ်တွင် ၅၁ဦး၊ မော်လမြိုင်တက္ကသိုလ်တွင် ၁၁၀ စစ်သင်တန်း တက် ရောက်နေသည်ဟု သိရသည်။

မန္တလေးတက္ကသိုလ် ဒု ပါမောက္ခချုပ် ဒေါက်တာ စောပြုံးနိုင်က“တက္ကသိုလ် ကျောင်းသားလူငယ်တွေ ပညာသင်ကြားရေး တခု တည်းတင် မဟုတ်ဘူး၊ အခြေခံစစ်ပညာ၊ လက်နက်ငယ် စစ်ရေးဗျူဟာ၊ အုပ်ချုပ်ရေးပိုင်းပါ တတ်မြောက်အောင် သင်ကြားမယ့် ရည်ရွယ်ချက်ပါ”ဟု ပြောသည်။

မြန်မာ့ တပ်မတော်၏ အရန်တပ်ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်သော်လည်း အရေးပေါ် အခြေအနေတွင်မူ စစ်မှူထမ်းရမည် ဟူသော ကတိခံဝန်ချက် မပါရှိကြောင်း၊ သို့သော် စစ်ပညာ တတ်မြောက်ပြီးသူတိုင်း ပြည်သူ့စစ် သဘောတရားအရ လုပ်ဆောင်ရမည်ဟု ထင်မြင်ကြောင်းလည်း ပြောဆိုသည်။

၁၉၈၈ ခုနှစ် က စတင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် အပါအ၀င် ကျောင်းသားလှုပ်ရှားမှုများကြောင့် ဆယ်စုနှစ် နှစ်စုခန့်အကြာ စစ်တပ်နှင့် လူထု အကြား အမြင်မကြည်လင်မှု၊ တင်းမာမှုများဖြစ်ပေါ်ခဲ့လင့်ကစား ယနေ့အချိန်တွင် UTC ၏ စစ်သင်တန်းများကို စိတ်ဝင်စားသည့် ကျောင်းသား များပြားသည်ဟု သိရသည်။

စစ်ရေးပြ သင်တန်းများမှာ ညနေ ၄နာရီခွဲတွင် စတင်ပြီး တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ ၅ ရက် တက်ရောက် ရ သည်။

တက္ကသိုလ် အရန်တပ်ရင်း(UTC)ကို ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ်က စစ်ပညာသင်ကြားရန် ၀ါသနာပါသော ကျောင်း သားများ၊ ပထမ ကမ္ဘာစစ်ပြန် ဆရာများနှင် ဖွဲ့စည်းခဲ့ပြီး စစ်ရေးပြ သင်တန်းများကို ဗြိတိသျှ စစ်တပ်က ပို့ချခဲ့သည်။

ထိုစဉ်က တက္ကသိုလ် အပျော်တမ်းတပ်ဟု ခေါ်ဆိုပြီး တပ်ဖွဲ့ဝင်များမှာ ဘွဲ့နှင်းဘသင် အခမ်းအနားများတွင် ဘုရင်ခံ အပါအ၀င် ဂုဏ်ထူးဆောင် ဧည့်သည်များကို စစ်ရေးပြ အခမ်းအနားဖြင့် ကြိုဆိုကြရသည်။

လွတ်လပ်ရေးရပြီး ပြည်တွင်းစစ် အစပိုင်းကာလ၌မူ အင်းစိန် စစ်မျက်နှာ တိုက်ပွဲများတွင် တက္ကသိုလ် အရန်တပ်ရင်းမှ တပ်ဖွဲ့များ ၀င်ရောက် တိုက်ခိုက်ခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရသည်။

နောက်ပိုင်းတွင် ရန်ကုန် တက္ကသိုလ် အရန်တပ်ရင်း(၁)သာမက မန္တလေးတက္ကသိုလ် အရန် တပ်ရင်း(၂)၊ မော်လမြိုင် တက္ကသိုလ် အရန်တပ်ရင်း (၃) တို့ကိုပါ ဖွဲ့စည်းခဲ့သည်။

ထိုစဉ်က UTC စစ်သင်တန်းများတွင် BA 63၊ BA 64 မောင်းပြန်ရိုင်ဖယ်များ၊ လက်ပစ်ဗုံးများဖြင့် လေ့ကျင့်ခန်း ဆင်းရပြီး အရန် တပ်ဖွဲ့ဝင် ကျောင်းသားတချို့မှာ တပ်မတော် ဗိုလ်သင်တန်း ကျောင်းများသို့ တက်ရောက်၍ မြန်မာ့ တပ်မတော်၌ တာဝန် ထမ်း ဆောင်မှုများ ရှိခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် တက္ကသိုလ် အရန်တပ်ရင်းတွင် ပါဝင်ခဲ့ဖူးသည့် ဒေါက်တာ ဖေသိန်းကို ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး ရာထူးခန့်အပ်ကာ ပညာရေး ၀န်ကြီး အဖြစ် တာဝန်ပေးခဲ့သော်လည်း နောက်ပိုင်း၌ တက္ကသိုလ်များတွင် အရန်တပ်ရင်း ထားရှိခြင်း မရှိတော့ပေ။

နိုင်ငံခြား သတင်းထောက် ဗီဇာ သက်တမ်းတိုးပေးမည်

နိုင်ငံခြား သတင်းထောက် ဗီဇာ သက်တမ်းတိုးပေးမည်

by အောင်ရဲ မောင်မောင်

ပြည်ပကနေ ပြည်တွင်းကိုလာရောက် သတင်းဌာန ဖွင့်လှစ်လိုတဲ့ သတင်းဌာနတွေအတွက် အစိုးရပိုင်းက စဉ်းစားဆောင်ရွက်နေပြီလို့ သမ္မတရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ အခုလို ဆောင်ရွက် ပေးနိုင်တယ်ဆိုရင် အရင်ကထက်ပြည်ပမီဒီယာတွေ မြန်မာနိုင်ငံ ၀င်ထွက်ခွင့် အတွက် ပိုပြီးအဆင်ပြေလာနိုင်မယ်လို့ လည်း ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်တွေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေက သုံးသပ်ပြောဆိုလာပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း ရဲ့ ရန်ကုန် အခြေစိုက်သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

news image

နိုင်ငံခြားအခြေစိုက် သတင်းမီဒီယာတွေအနေနဲ့ ပြည်တွင်းမှာ ဌာနေကိုယ်စားလှယ် ရုံးခွဲဖွင့်မယ့် သတင်းမီဒီယာတွေအတွက် အစိုးရပိုင်းက စဉ်းစားဆောင်ရွက်နေပြီလို့ ပြန်ကြားရေးဝန်ကြီး ဒုဝန်ကြီး လည်းဖြစ် နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဒီကနေ့မှာ ပြောပါတယ်။ အခုလို ဆောင်ရွက်မယ့် အခြေအနေမှာ ပြည်ပမီဒီယာတွေ ရုံးခွဲဖွင့်ရင် ရုံးလာထိုင်မယ့် သတင်းထောက်တွေအတွက် ၆ လ ဒါမှမဟုတ် ၁နှစ် အတွင်း မြန်မာပြည်ကို အကြိမ်ကြိမ်ဝင်ထွက်နိုင်တဲ့ ဗီဇာတွေပေးဖို့လည်းရှိတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့ နိုင်ငံခြားသတင်းဌာနတွေကို ဒီကိုလာဖွင့်ချင်တဲ့သူတွေ ကျနော်တို့ ဆီကို လျှောက်နေတဲ့ သူတွေရှိတယ်။ အဲ့တာတွေကို စိစစ်ပြီးတော့ ခွင့်ပြုဖို့ အတွက် တပြိုင်နက်တည်းတော့ အများကြီးမပေးနိုင်သေးဘူး။ ကျနော်တို့ သင့်တော်မယ်ထင်တဲ့ တစ်ခု၊ နှစ်ခုကို စမ်းသပ်ပြီးတော့ ဖွင့်ခွင့်ပေးဖို့အတွက် ကျနော်တို့ လုပ်နေတယ်။ ဖွင့်ခွင့်ပေးလိုက်လို့ရှိရင် အဲ့ဒီ့သတင်းဌာနတွေမှာ တာဝန် ထမ်းဆောင်တဲ့ နိုင်ငံခြား သတင်းထောက်တွေအနေနဲ့ ခြောက်လ သို့မဟုတ် တစ်နှစ် အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာရမယ်။ လောလောဆယ် တစ်ပတ်၊ နှစ်ပတ်ပေးရင် သူတို့လည်း နှစ်လ၊ သုံးလ ကိစ္စအပေါ် မူတည်ပြီးမှ ကာလကြာရှည်တဲ့ ဗီဇာတွေ ကျနော်တို့ ပေးဖို့ ရှိတယ်။ အဲ့တာတွေကတော့ ကျနော်တို့ဘက်က စဉ်းစားပြင်ဆင်နေတယ်။ ပြီးတဲ့အခါမှာ အစိုးရအဖွဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့် ခွင့်ပြုရင်တော့ ကျနော်တို့ လုပ်နိုင်မယ်။ ယေဘူယျအားဖြင့်တော့ ဧပြီလထဲတော့ စ အကောင်အထည်ဖော်နိုင်မလားမသိဘူး။ အဲ့လောက်အထိ ကျနော်တို့ ရည်မှန်းထားပါတယ်။”

အရင်စစ်အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက် အစောပိုင်းကာလတွေမှာ နိုင်ငံခြား သတင်းထောက်တွေ ကို တစ်ပတ်၊ နှစ်ပတ်ဗီဇာတွေပေးခဲ့တာပါ။ နိုင်ငံခြား ကနေ မြန်မာနိုင်ငံအတွင်း သတင်းယူဖို့ လာရောက်တဲ့ ပြည်ပသတင်းထောက် အများစုဟာ အရင်က မြန်မာနိုင်ငံအတွင်းကို သတင်းထောက် ဗီဇာကိုင်ပြီး ပေါ်ပေါ်ထင်ထင်နဲ့ မလာရဲတာကြောင့် ခရီးသွားဗီဇာတွေ ကိုင်ဆောင်ပြီးတော့သာ မြန်မာနိုင်ငံကို လာရောက် သတင်းယူရတယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုဥက္ကဌလည်းဖြစ်၊ စာနယ်ဇင်းကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးသီဟစောက ဗွီအိုအေကို ပြောပါတယ်။ အခုလို နိုင်ငံခြားသတင်းထောက် တွေအတွက် ကာလရှည်ပြည်ဝင်ခွင့်တွေကို အစိုးရက ချပေးမယ်ဆိုရင် ကြိုဆိုရမဲ့ကိစ္စ ဖြစ်တယ်လို့ ဦးသီဟစော က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကောင်းပါတယ်။ ကောင်းတယ်ဆိုတာက နောက်လာမယ့် Sea Game တို့ဘာတို့ရှိတယ်။ အဲ့ဒီ့အခါကျရင်တော့ သူတို့ဆီက သတင်းသမားတွေလည်း လာမယ်။ ဒါမျိုး ခွင့်ပြုထားတာ ပိုကောင်းပါတယ်။”

ပြည်ပသတင်းထောက်တွေက ပြည်တွင်းကသတင်းတွေ ကာလရှည်ကြာနေထိုင်ပြီး သတင်းရယူနိုင်မယ်ဆိုရင် ပြည်တွင်းအခြေစိုက် မီဒီယာတွေအပေါ်မှာထိခိုက်မှုတော့ ရှိနိုင်မှာမဟုတ်ဘူးလို့ ဦးသီဟစောက ပြောကြားပါသေးတယ်။

“ပြည်ပက လူတွေ လာလာ၊ မလာလာ။ ပြည်တွင်းကသူတွေက ကိုယ့်အလုပ် ကိုယ်လုပ်ရတာ။ နောက်တခုက ပြည်ပကလူတွေက သူတို့ကိစ္စတွေနဲ့သူတို့ဝင်တာ၊ သူတို့လုပ်မယ့်ဟာက ကျနော်တို့ ပြည်တွင်းက လုပ်မယ့်ဟာနဲ့ မတူဘဲ၊ ပရိတ်သတ်ခြင်းလည်း မတူဘူး။ မြန်မာပြည်က သူတွေ အဓိကအားဖြင့် မြန်မာပရိတ်သတ်အတွက်ပဲ လုပ်ကြတာ။ ဒါကြောင့်မို့လည်း ဘာမှ Negative အနုတ်လက္ခဏာမျိုးတော့ သိပ်မရှိပါဘူး။”

မြန်မာနိုင်ငံအတွင်းမှာ ရုံးခွဲ ဖွင့်လိုတဲ့သူတွေအတွက် အခုလို စီစဉ်ပေး တာကို ကြိုဆိုပြီးတော့ အစိုးရအနေနဲ့ပြည်တွင်းက သတင်းမီဒီယာတွေ အခြေခိုင်အောင် လုပ်ဆောင်ပေးဖို့တွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ်လို့ ရိုက်တာ သတင်းဌာန က မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ဦးအောင်လှထွန်းက ဗွီအိုအေကိုပြောပါတယ်။

“သတင်းသမားတစ်ယောက်အနေနဲ့တော့ ကြိုဆိုအပ်တာပေါ့ဗျာ။ ဒါပေမဲ့ ကျနော် နိုင်ငံသား တစ်ယောက် အနေနဲ့ နိုင်ငံမှာ နေထိုင်သူတစ်ယောက်အနေနဲ့ကတော့ ကျနော် ထင်တယ်။ ပြည်တွင်း မီဒီယာကို ဦးစားပေးသင့်တယ်ထင်တယ်ခင်ဗျ။ ကျနော် ကတော့ ပြည်ပ သတင်းမီဒီယာအေဂျင်စီကြီးတွေ လာဖွင့်မှာကလေ ပြည်တွင်းက ဂျာနယ်လစ်တွေ အရမ်းကို ခိုင်မာပြီးတော့ တကယ့်ကို အခြေတကျဖြစ်လာပြီးတဲ့အခါကျမှ နိုင်ငံခြားကို သွင်းသင့်တယ်လို့ ကျနော် ထင်တယ်။”

အရင်စစ်အစိုးရလက်ထက်မှာတုန်းက ပြည်တွင်းမှာ လာရောက်ပြီးသတင်းရယူုခွင့်တွေ မရှိခဲ့တဲ့ ပြည်ပအခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ VOA အပါအဝင် BBC၊ RFA၊ MIZZIMA၊ IRRAWADDYနဲ့ DVB တို့ဟာလည်း အခုဆို ပြည်တွင်းမှာ တရားဝင် သတင်းလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာ

ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာ

by ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် အရှေ့ဘက်ရှိ ဒေသများသို့ ကမ္ဘာလှည့် ခရီးသွားများ ယခုနှစ်အတွင်း ပိုမို လာရောက်ကြောင်း ဒေသခံ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ဒီနှစ်ထဲမှာ အမေရိကန်တွေ အတော်များများ ရောက်တယ်။ အရင်နှစ်တွေက အမေရိကန်လူမျိုးတွေ လာရောက်မှုက မတွေ့ရသလောက်ပါပဲ။ ဧည့်သည် သိပ်မရတဲ့ ဟိုတယ်တွေတောင် ဧည့်သည် အတော်ရလာကြတယ်” ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်း-ရွှေတြိဂံဇုန်မှ ဥက္ကဋ္ဌ ဦးစိုးရွှေ က ပြောသည်။

ယခင်က နယ်မြေလုံခြုံရေးနှင့် နိုင်ငံရေးအရ ကန့်သတ်မှုများ ရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲမှုများနှင့်အတူ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ် ဒေသများသို့ နိုင်ငံခြားသား ခရီးသည်များ ဝင်ရောက်မှု များပြားလျက်ရှိသည်။

“ဧည့်သည် ဝင်ရောက်မှုက မနှစ်ကထက် ၃၀ ရာခိုင်နှုန်းလောက် တိုးလာတယ်။ ဘာ့ကြောင့်လဲဆိုရင် ရခိုင်ဒေသနဲ့ ကချင်ဘက် သွားရောက်လည်ပတ်ဖို့ ရောင်းထားတဲ့ ခရီးသွား လုပ်ငန်းတွေက နိုင်ငံရေး အခြေအနေကြောင့် အဲဒီဒေသတွေကို မပို့တော့ဘဲ ကျိုင်းတုံဘက်ကို ပို့လာကြတယ်” ဟု ဦးစိုးရွှေ က ဆိုသည်။

ကျိုင်းတုံဒေသရှိ ခေမဋ္ဌ ရပ်တော်မူ ဗျာဒိတ်ပေးဘုရား၊ မဟာမြတ်မုနိဘုရား၊ သစ်တစ်ပင်တောင်၊ နောင်တုန်ကန်၊ စော်ဘွားဂူ၊ ရှေးမြို့ရိုး၊ ရိုးရာ ဂျပ်ခုပ်လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများကို လေ့လာလည်ပတ်မှုရှိသည် ဟုဆိုသည်။

“နိုင်ငံခြားသားတွေအဓိက လေ့လာကြတာ အဲန်၊ လားဟူ၊ အခါ၊ အာခူ စတဲ့ တောင်ပေါ်နေ တိုင်းရင်းသားတွေရဲ့ သဘာဝအတိုင်း နိစ္စဓူဝ သွားလာနေထိုင် စားသောက်မှုတွေကို လေ့လာကြတာ များတယ်။ အဲန်လူမျိုးတွေဆို သစ်စေးက ထုတ်တဲ့ ပစ္စည်းနဲ့ သွားကို အမည်း ဆိုးထားတယ်။ ရှေးတုန်းကလို သျှောင်ထုံး ထုံးကြတယ်။ မူလ တိုင်းရင်းသား ဝတ်စုံကိုလည်း အမြဲဝတ်ထားကြတဲ့အလေ့ ရှိတာတွေကို လေ့လာကြတယ်” ဟု Princess Hotel မှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

ရွှေတြိဂံ ဟိုတယ်ဇုန်အတွင်း ကျိုင်းတုံတွင် ဟိုတယ် ၃၂ လုံးနှင့် တာချီလိတ်တွင် ဟိုတယ် ၁၉ လုံး ရှိကြောင်း သိရသည်။

ဟိုတယ်အချို့ တည်းခိုခန်း လိုင်စင်များဖြင့် လုပ်ကိုင်နေ

ဟိုတယ်အချို့ တည်းခိုခန်း လိုင်စင်များဖြင့် လုပ်ကိုင်နေ

by ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ ယခုနှစ်အတွင်း ဖွင့်လှစ်လုပ်ကိုင်လာသော ဟိုတယ်အချို့တွင် ဟိုတယ်လိုင်စင်ဖြင့် မဟုတ်ဘဲ တည်းခိုခန်း လိုင်စင်များဖြင့် ဖွင့်လှစ် လုပ်ကိုင်လာကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ဟိုတယ် တည်ဆောက်ပြီးတာနဲ့ ချက်ချင်းဖွင့်ပြီး ဧည့်သည် လက်ခံချင်ကြတာကြောင့် တည်းခိုခန်း လိုင်စင်နဲ့ အမြန်လျှောက်ပြီး အမြန်ဖွင့်လာတာတွေ ရှိတယ်” ဟု မန္တလေးမြို့ပေါ်ရှိ ဟိုတယ်တခုတွင် မန်နေဂျာလုပ်ကိုင်နေသည့် ဦးမိုးသက် က ပြောသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဧည့်သည် ဝင်ရောက်မှု များပြားမည်ဟု ဟိုတယ် လုပ်ငန်းရှင်များ ကြိုတင်မျှော်လင့် ထားကြ၍ ဟိုတယ်လုပ်ငန်းတွင် ခါတော်မီ ဝင်ရောက် လုပ်ကိုင်သူများ ရှိခဲ့သည်။ ထိုသူများသည် ဟိုတယ် ဆောက်လုပ်ပြီးပြီးချင်း ဖွင့်လှစ်လုပ်ကိုင်လိုကြသဖြင့် တည်းခိုခန်း လိုင်စင်ဖြင့် အမြန်ဖွင့်လှစ် လုပ်ကိုင်လာကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“မန္တလေး ဟိုတယ်ဇုန်ဆိုရင် မနှစ်က ဟိုတယ် ၇၉ လုံး ဖွင့်ရှိတယ်။ ဒီနှစ်လည်း ဟိုတယ် ၇၉ လုံးပဲ စာရင်းပေါက်တယ်။ တည်းခိုခန်း လိုင်စင်နဲ့ ဖွင့်လာတာ ၅ လုံးရှိတယ်” ဟု မန္တလေး ဟိုတယ်ဇုန်မှ ဥက္ကဋ္ဌ ဦးမြင့်အောင် က ပြောသည်။

ယခုနှစ်အတွင်း ဟိုတယ်အဆင့်ရှိ ဟိုတယ်များအား တည်းခိုခန်းလိုင်စင်ဖြင့် မန္တလေးနှင့် ကျိုင်းတုံဘက်တွင် ဖွင့်လှစ် လုပ်ကိုင်မှုများ ရှိနေကြောင်း ဝါရင့် အင်္ဂလိပ် ဧည့်လမ်းညွှန် တဦးကလည်း ပြောဆိုသည်။

“ဧည့်သည်တွေ လိုက်ပို့ရင်း ကျိုင်းတုံဘက် ရောက်တုန်းက သတိထားမိခဲ့တယ်။ တည်းခိုခန်း လိုင်စင်နဲ့ ဟိုတယ်တွေ ဖွင့်ထားကြတယ်။ အကျိုးအကြောင်း သိချင်လို့ မေးကြည့်တော့ ဟိုတယ်လိုင်စင် လျှောက်ရင် ထောက်ခံချက် အဆင့်ဆင့်ကြောင့် အနည်းဆုံး ၆ လလောက် ကြာတယ်။ တည်းခိုခန်းဆို လိုင်စင် အမြန်ရတယ်။ ချက်ချင်း ဖွင့်လှစ် လုပ်ကိုင်လို့ရတယ်လို့ သူတို့က ပြောတယ်” ဟု ဧည့်လမ်းညွှန် ဦးညီဇော် က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း - ရွှေတြိဂံဇုန်အတွင်းရှိ ကျိုင်းတုံတွင် ဟိုတယ် ၃၂ လုံးနှင့် တာချီလိတ်တွင် ဟိုတယ် ၁၉ လုံး ရှိကြောင်း သိရသည်။

ကိုယ်ပိုင်ငွေ စိုက်ထုတ်မှု လျှော့ချရေး စီမံချက် မော်လမြိုင်ဆေးရုံတွင် စတင်

ကိုယ်ပိုင်ငွေ စိုက်ထုတ်မှု လျှော့ချရေး စီမံချက် မော်လမြိုင်ဆေးရုံတွင် စတင်

by ကွန်ချမ်း

စံခလပူရီ (မဇ္စိျမ)။ ။ မွန်ပြည်နယ်၊ မော်လမြိုင် ဆေးရုံကြီးတွင် ကိုယ်ပိုင်ငွေ စိုက်ထုတ်၍ ကုသရမှု လျှော့ချရေး စီမံချက်ကို ဖေဖော်ဝါရီလမှ စတင်ကာ အကောင်အထည်ဖော်နေကြောင်း ပြည်နယ် ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

“အရေးပေါ်လူနာတွေ၊ ရိုးရိုး ကလေးမွေးတဲ့ လူနာတွေ၊ ထိခိုက်ဒဏ်ရာရ လူနာတွေကိုတော့ အခုလောလောဆယ် အလကား ကုပေးနေပါတယ်။ ကျန်တဲ့ လူနာတွေကတော့ ကျနော်တို့ ထိုက်သင့်သလောက် ဂွမ်းတို့၊ ပတ်တီးတို့၊ အရက်ပျံတို့ကို အလကား ပေးနေပါတယ်” ဟု ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာအေးငြိမ်း က ပြောသည်။

နှစ်စဉ် ပြင်ပလူနာ တသောင်းခန့် တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ကုတင် ၃၀၀ ဆံ့ ထိုဆေးရုံကြီးအတွက် တနှစ်တာ ဆေးဝါးအသုံးစရိတ် ကျပ်သိန်း ၇၅၀ ကို ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးဌာနက ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

ထိုစီမံချက်ကို အကောင်အထည်ဖော်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ ဦးစီးပြီး ဆေးဝါးဝယ်ယူ စီမံခန့်ခွဲမှု ကော်မတီနှင့် ဆေးဝါး စိစစ်ရေး ကော်မတီ တို့ကို ဖွဲ့စည်းထားကြောင်း ဒေါက်တာ အေးငြိမ်း က ပြောသည်။

မော်လမြိုင် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇေယျာ ကလည်း အသုံးများသည့် အခြေခံ ဆေးဝါးများကို တင်ဒါစနစ်ဖြင့် ဝယ်ယူထိန်းသိမ်း သုံးစွဲလျက် ရှိပြီး ပြင်ပလူနာဌာန၊ အရေးပေါ် ထိခိုက်မှု၊ ပုံမှန်မွေးဖွားမှု၊ ခွဲစိတ်မှုများတွင် အခမဲ့ ပံ့ပိုးကုသပေးနေသည်ဟု ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

သို့သော်လည်း ဝန်ကြီးဌာနမှ ချပေးသည့် လက်ရှိငွေကြေး အတိုင်းအတာဖြင့် ရေရှည် အခမဲ့ ကုသနိုင်ရန် မလွယ် ကူကြောင်း ကျန်းမာရေးဆိုင်ရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာလှဦး က ပြောသည်။

“အခမဲ့ဆိုတာ အားလုံး အခမဲ့က သိပ်မလွယ်ဘူး။ ခုလည်း ဒီအရေးအတွက် ကျနော်တို့ ၁၀ မြို့နယ် ဆေးရုံအုပ်တွေ ခေါ်ပြီးတော့ အစည်းအဝေး လုပ်နေတယ်” ဟု ဆိုသည်။

မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်နှင့် ခရိုင်ဆေးရုံကြီးများအတွက် ဆေးဝါးအသုံးစရိတ် ကျပ်သိန်းပေါင်း ၃,၅၅၀ ရရှိထားပြီး ကျေးလက် ကျန်းမာရေးဌာနနှင့် တိုက်နယ်ဆေးရုံများအတွက် ဆေးဝါးအသုံးစရိတ်များကို ဗဟိုကျန်းမာရေးဌာနမှ တိုက်ရိုက်ကွပ်ကဲသွားမည်ဟုလည်း ဒေါက်တာအေးငြိမ်း က ပြောသည်။

မော်လမြိုင်မြို့တွင် တောင်ပေါ်လမ်းလျှောက် စေတနာ အခမဲ့ ဆေးကုခန်း ၁ ခန်း၊ ဖြိုးစေတနာ အခမဲ့ ဆေးကုခန်း ၂ ခန်းနှင့် NLD မိုဘိုင်း အခမဲ့ ဆေးကုခန်း ၁ ခန်း ရှိပြီး ချို့တဲ့သူများ အားထားရာ အခမဲ့ ဆေးခန်းများ ဖြစ်ကြသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတနိုင်ငံလုံး၏ အသုံးစရိတ် လျာထားချက်မှာ ငွေကျပ် ၁၃,၀၄၀ ဒဿမ ၆၇၅ ဘီလီယံ ဖြစ်ပြီး နိုင်ငံတော် ဘတ်ဂျက်၏ ၁၄ ဒဿမ ၃၉ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲကာ ကျန်းမာရေးအတွက် ၂ ဒဿမ ၈၂၂ ရာခိုင်နှုန်းသာ သုံးစွဲကြောင်း သိရှိရသည်။

ခွင့်ပြုချက် မရသေး၍ ကုလ အကူအညီများ ဖားကန့်သို့ မရောက်ခဲ့

ခွင့်ပြုချက် မရသေး၍ ကုလ အကူအညီများ ဖားကန့်သို့ မရောက်ခဲ့

by ဖနိဒါ

ချင်းမိုင်(မဇ္စျိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ က ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပထမဆုံး အကြိမ် စားနပ်ရိက္ခာများ စတင်ပို့ဆောင်မည်ဟု သိရသော်လည်း ဗုဒ္ဓဟူးနေ့က သွားရောက်နိုင်ခြင်း မရှိခဲ့ခြင်းမှာ နိုင်ငံခြားသား နှစ်ဦး ပါဝင်နေခြင်းကြောင့် အာဏာပိုင်များ ဆိုင်းငံ့ထားသည်ဟု သိရကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ဆိုသည်။

ကုလမှ စားနပ်ရိက္ခာ သယ်ဆောင်လာသော ဆယ်ဘီးကား ၇ စီးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ ရောက်ရှိလာမည်ဟု ဆိုသဖြင့် KIA တပ်ဖွဲ့များအား လုံခြုံရေး တာဝန်ယူရန် ညွန်ကြားထားသည်ဟု KIA တပ်ရင်းမှူး ဒု-ဗိုလ်မှူးဇော်ဒွဲက ပြောသည်။

“ဒီနေ့ မနက် ၈ နာရီကျော်လောက်ကနေ ထွက်လာမယ်။ ကား ၇ စီး ရောက်လာမယ်လို့ သိရတယ်။ ကျနော်တို့က တက်လာပြီဆိုပြီး နားလည်ထားတာ။ ကျနော်တို့လည်း ဝမ်းသာတယ်။ ကျနော်တို့ လုံခြုံရေး ယူပေးမယ်ဆိုပြီး ရှေ့တန်းတပ်ဖွဲ့တွေကို ညွန်ကြားထားတယ်” ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံခြားသား နှစ်ဦး သွားရောက်ခွင့် ရှိမရှိကို နေပြည်တော် ဗဟိုအစိုးရထံ တင်ပြထားသည်ဟု သိရကြောင်းလည်း သူက ဆိုသည်။

“နိုင်ငံခြားသား နှစ်ဦးပါလို့ နေပြည်တော်ကို မေးထားတယ်။ သူတို့ကို မသွားခိုင်းဘူး။ မနက်ဖြန်မှ သေချာမယ်ထင် တယ်။ နဂိုက နိုင်ငံခြားသား ပါမယ်ဆိုတာ မသိလို့ထင်တယ်။ ဒီနေ့တော့ မလာနိုင်ဘူးလို့ ပြောတယ်” ဟု ဆက်ပြောသည်။

မြန်မာအစိုးရတပ်နှင့် KIO တို့အကြား တိုက်ပွဲ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ကုလ အကူအညီအား ပထမဆုံး အကြိမ်အဖြစ် ရရှိမည်ဖစ်၍ ကြိုဆိုကြောင်း သူက ဆက်ပြောသည်။

သို့သော် မြစ်ကြီးနားမြို့ရှိ ကုလသမဂ္ဂ အဖွဲ့မှ ဒေါက်တာစည်သူကမူ “ကျနော်တို့ ဒီနေ့တော့ မထွက်လာသေးပါဘူး။ ကျနော်တို့ဘက်က လုပ်စရာလေးတွေ ရှိနေသေးလို့ပါ ”ဟု မဇ္စျိမကို ပြောသည်။ မည်သည့် အကြောင်းအရင်း ကြောင့် အသွားရောက်နိုင်သည်ကိုမူ ပြောဆိုခြင်း မရှိပေ။

ဖားကန့်မြို့သို့ စစ်ပြေးဒုက္ခသည်များအား သွားရောက် လှူဒါန်းမည်ဟု သိရသော်လည်း ခွင့်ပြုချက်မရသေးသဖြင့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်နိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုခဲ့သည်ဟု ဖားကန့် နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာဘောင် တူးဂျာ က “ခွင့်မပြုလို့ မနက်ဖြန်၊ သဖက်ခါ သူတို့ ကြိုးစား ကြည့်မယ်လို့ ပြောတယ်” ဟု ပြောသည်။ မည်သူက ခွင့်မပြုကြောင်းကိုမူ မသိရဟု ဆိုသည်။

ဖားကန့်မြို့ပေါ် ငှက်ပျော်တော၊ လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီဆာ စသည့် ရပ်ကွက်များရှိ ခရစ်ယာန် ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ အတွင်းရှိ စစ်ပြေးဒုက္ခသည် စခန်း ၃၆ ခုတွင် ဒုက္ခသည် ၇,၀၀၀ ကျော်ရှိနေသည်ဟု သိက္ခတော်ရ ဆရာဘောင်တူးဂျာက ပြောသည်။

အစိုးရ စစ်ကြောင်းများ လှုပ်ရှားနေသဖြင့် လုံခြုံရေး စိတ်မချရ၍ စစ်ပြေး ဒုက္ခသည်များက မိမိနေရပ်သို့ မပြန်ရဲဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။

ငှက်ပျော်တော ကက်သလစ်ဘုရားကျောင်းတွင် ဒုက္ခသည်ပေါင်း ၁,၇၀၀ ကျော် ခိုလှုံနေပြီး အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားနေချိန်အတွင်း ကုလသမဂ္ဂမှ ကူညီမည်ဟုသိရသဖြင့် ကြိုဆိုကြောင်း ဒုက္ခသည်များအား ကူညီပေးနေသော ဦးနော်ဂျာ က ပြောသည်။

“အကူအညီပေးတယ်ဆိုတော့ ကြိုဆိုရမှာပေါ့။ လူတွေက စိတ်ပိုင်းဆိုင်ရာ ဒုက္ခရောက်တဲ့လူ ပိုများလာတယ်။ စိတ်ဆင်းရဲ တာတွေ၊ သူတို့ ကိုယ်ကာယ စိတ်ဆင်းရဲ အစစအရာရာ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီတယ် ဆိုတာတော့ ကြိုဆိုရမှာပါ” ဟု မဇ္စျိမကို ပြောသည်။

ဧရာဝတီမြစ် အောက်ပိုင်း ညစ်ညမ်း၍ အောင်လံဒေသခံများ သောက်ရေခက်ခဲ

ဧရာဝတီမြစ် အောက်ပိုင်း ညစ်ညမ်း၍ အောင်လံဒေသခံများ သောက်ရေခက်ခဲ

by စောဇင်ညီ

အရက်ချက် စက်ရုံ နှင့်  ဇီးခွဲစက် အချို့လည်ပတ်နေခြင်းကြောင့် ဧရာဝတီမြစ် အောက်ပိုင်း ရေညစ်ညမ်းမှုနှင့်  ရေစီးဆင်းမှု ပြောင်းပြန်ဖြစ်ကာ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အောင်လံဒေသခံများက ပြောသည်။

အောင်လံမြို့ တွင်းရှိ UKT အရက်ချက် စက်ရုံနှင့်  မြို့ ပြင် ရှိ ဇီးခွဲစက် အချို့ မှ စွန့်ပစ်အရည်နှင့်  အစိုင်အခဲအချို့ ကြောင့်  ဧရာဝတီမြစ်ရေအား သောက်ရေနှင့်  ချိုးရေအဖြစ် သုံးစွဲ၍ မရတော့ ကြောင်း အောင်လံဒေသခံ ဒေါ်ဥမ္မာ ကပြောသည်။

“အရက်ချက် စက်ရုံက စွန့်ပစ်ရေတွေကို ချောင်းထဲက တစ်ဆင့် မြစ်ထဲကို ပစ်တယ်။ ဇီးခွဲစက်တွေက ဇီးဖတ်တွေက လည်း မြစ်ထဲကို မျောပါလာတာ တွေရှိတယ်။အဲဒီတော့  ဧရာဝတီ မြစ်က ရေတွေက ၀ါလာတယ်။ သောက်လို့ မရ တော့တဲ့ အပြင် ချိုးရင်တောင်မှ ယားလာတယ်။ ”ပာု အောင်လံမြို့  မန်ချက်စတာ ထမင်းဆိုင်ပိုင်ရှင် ဒေါ်ဥမ္မာက ပြောသည်။

အဆိုပါ အ၀ါရောင် သန်းသည့်  ရေများအား သောက်သုံးမှုများကြောင့်  ဒေသခံ ကလေးငယ်အချို့  ၀မ်းရောဂါများနှင့် ခံစားမှုများရှိလာကြောင်း ဒေသခံများကဆိုသည်။

ထိုကြောင့်  အောင်လံဒေသမှ ဒေသခံ အချို့ သည် သောက်သုံးရေ ခက်ခဲမှုကြောင့်  ရေစည်တစ်စည်အား ငွေငါးရာ ဖြင့် ဝယ်ယူသုံးစွဲရကာ မီးသတ်တပ်ဖွဲ့နှင့်  ငွေကြေးချမ်းသာသူဒေသခံ များက လှုဒါန်းလျှက် ရှိကြကြောင်း သိရသည်။

ရေခက်ခဲမှုဖြစ်နေသော အောင်လံမြို့ ရှိ ဒေသများမှာ စမ်းချောင်း၊စက်ရုံ၊ ရထောင်၊သရော်ကုန်း စသည်ရပ်ကွက်တို့ ဖြစ်ပြီး တန်ဘိုး၊ပန်းမတောက်၊ပိတောက်ကုန်း စသည်ရွာများလည်းပါဝင်ကြောင်း စုစုပေါင်းလူဦးရေ တသောင်းခွဲခန့်  ရေဘေးဒုက္ခ ခံစားနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဧရာဝတီမြစ်အတွင်းမှ သောက်သုံးရေ ညစ်ညမ်းမှုသည် UKTအရက်ချက်စက်ရုံနှင့်  မသက်ဆိုင်ကြောင်း ၎င်းတို့  စက်ရုံမှ စွန့်ထုတ်ရေများသည် သန့်စင်ပြီးသားဖြစ်ကြောင်း UKT အရက်ချက်စက်ရုံမှ ဆိုသည်။

“ကျွန်တော်တို့ စက်ရုံက တည်ထောင်လာတာအနှစ် ၂၀လောက်ရှိပြီ။စွန်ပစ်ရေတွေကို အမြဲ သန့်စင်ပြီးမှ ပစ်တယ် ”ပာု UKT အရက်ချက် စက်ရုံပိုင်ရှင် ဦးကန်ထွန်းက ပြောသည်။

UKT အရက်ချက်စက်ရုံသည် ၀ီစကီ ကုန်ကြမ်း အရက်ကြမ်းများထုတ်လုပ်သောစက်ရုံဖြစ်ပြီ ရေသန့် ပါ ထုတ်လုပ် ကြောင်းနှင့် အဆိုပါ ရေသန့်စင်မှု ပြုလုပ်ပြီး အခြားစွန့်ပစ်ရေများမှာ သန့် စင်မှုရှိသော်လည်း တင်လဲရေအရောင် ကျန်ရှိလျက် ရှိကြောင်း သိရသည်။

ထိုပြင် ဇီးခွဲစက် လုပ်ငန်းများမှာလည်း မြစ်ရေ ညစ်ညမ်းစေသည့် အတွက် အာဏာပိုင်များမှ ဖိအားပေးမှုများ ကြောင့် စက်အများအပြား ပိတ်သိမ်းခဲ့ ရပြီး ယခု တစ်စက်သာလည်ပတ်နေကြောင်း အောင်လံမြို့ နယ်အုပ်ချုပ်ရေးရုံးမှ ဒုဦးစီး ကဆိုသည်။

“ကျွန်တော်တို့ ဇီးခွဲစက်တွေကို တားမြစ်နေပါပြီ။ အခု စက်တစ်စက်ဘဲ ကျန်တော့ ပါတယ်။ ”ပာုအထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

အဆိုပါ တာဝန်ရှိသူများသည် အရက်ချက် စက်ရုံအား ၀င်ရောက်စစ်ဆေးခဲ့ ကြောင်း ၊စစ်ဆေးမှု အချက်အလက်နှင့် ပြည့်စုံမှုရှိခဲ့ကြောင်း ဒုဦးစီး၏ ပြောကြားချက်အရ သိရသည်။

ထိုပြင် ဧရာဝတီမြစ်သည် အဆိုပါဆိုးကျိုးများ ခံ စားနေရခြင်းကြောင့်  မြစ်ကောမှုနှင့်  ရင်ဆိုင်နေရကာ တောင်မှ မြောက်သို့  စီးဆင်းသော ရေသည် မြောက်မှ တောင်သို့  ပြောင်းပြန်စီးဆင်း နေကြောင်းဒေသခံများက ဆိုသည်။

ဧရာဝတီမြစ်သည် ယခုကဲ့သို့ ကောလာခြင်းနှင့်  ဆယ်နှစ်ကျော် ရင်ဆိုင်လာရကြောင်း သို့ သော် ယခုနှစ်သည် မြစ်ကောမှု အခြေအနေ အဆိုးဆုံးနှစ်ဖြစ်ကြောင်း ဒေသခံ ပန်းချီဆရာ ကိုယဲယဲ က ပြောသည်။

ပြည်ရွှေဘို အများပိုင်ကုမ္ပဏီ ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် မတည်

ပြည်ရွှေဘို အများပိုင်ကုမ္ပဏီ ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် မတည်

by ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ရွှေဘို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက်က ရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် စတင်မတည် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အစုရှင်ယာဝင်များထံမှ သိရသည်။

“ပြည်ရွှေဘို ဘက်စုံဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီကို ကျပ်သိန်းပေါင်း တသောင်းနဲ့ ၂၀၁၃ ခုနှစ်၊ မတ်လဆန်းမှာ စတင်လုပ်ကိုင်ပါမယ်” ဟု အေအုပ်စု အစုရှယ်ယာတွင် ပါဝင်သည့် ဒါရိုက်တာ ဦးမြင့်အောင် က ပြောသည်။

ယင်းကုမ္ပဏီအနေဖြင့် ဘက်စုံဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများအား ပြုပြင်ထုတ်လုပ်ခြင်း၊ စည်သွပ်ခြင်း၊ အသားအေးခဲခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း တို့ကို စက်ရုံတည်ထောင်၍ GAHP နှင့် GMP စနစ်များဖြင့် ဆောင်ရွက်ခြင်း၊ မွေးမြူရေး အစားအစာနှင့် ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်းတို့ကို အဆင့်မီစွာ ထုတ်လုပ်ခြင်းတို့ကို လုပ်ကိုင်သွားမည်ဟု ဆိုသည်။

“မွေးမြူရေးလုပ်ငန်းတွေကို ရွှေဘို အနီးမှာရှိတဲ့ စားကျက်မြေ ဧက ၂၀၀ ပေါ်မှာ လုပ်ကိုင်မှာ ဖြစ်ပါတယ်။ အသားအေးခဲခြင်း၊ စည်သွပ်လုပ်ငန်း၊ နို့နဲ့ပတ်သက်တဲ့ ကုန်ချော ထုတ်လုပ်မှုတွေအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ၅၇ ဧက ကျယ်တဲ့ ဖွဲနုဆီစက်မြေနေရာမှာ လုပ်ကိုင်မှာပါ” ဟု ဒါရိုက်တာ အဖွဲ့ဝင်တဦးက ပြောသည်။

ယင်းကုမ္မဏီအနေဖြင့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေး ထုတ်လုပ်တင်သွင်းရောင်းဝယ်ခြင်း၊ လူသုံး ကုန်ပစ္စည်းများ ထုတ် လုပ်တင်သွင်းရောင်းဝယ်ခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်မည်ဖြစ်သည်။

“အများပိုင်ကုမ္ပဏီအနေနဲ့ လုပ်ကိုင်မယ့် လုပ်ငန်းတွေထဲမှာ လုပ်ငန်းသစ်တွေ ပါဝင်သလို မွေးမြူရေး လုပ်ငန်းလိုဟာတွေ၊ တိရိစ္ဆာန်အစာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေဆို လုပ်ကိုင် လည်ပတ်နေတဲ့ လုပ်ငန်းသမားတွေက လာရောက်ပူးပေါင်းလုပ်ကိုင်ကြတာ ဖြစ်ပါတယ်” ဟု ဦးမြင့်အောင် က ဆက်လက်ပြောဆိုသွားသည်။

မြောက်ဦး ဒုံဘွယ်ကျေးရွာ တိုက်ခိုက်သူများ ရဲတပ်ဖွဲ့မှ ဖမ်းဆီး ဖေါ်ထုတ်နိုင်ခြင်း မရှိသေး

မြောက်ဦး ဒုံဘွယ်ကျေးရွာ တိုက်ခိုက်သူများ ရဲတပ်ဖွဲ့မှ ဖမ်းဆီး ဖေါ်ထုတ်နိုင်ခြင်း မရှိသေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဒုံဘွယ် ကျေးရွာမှ ကွမ်းခင်း လုပ်ကိုင်စားသောက်နေသူ မိသားစု (၂) စုအား အမည်မသိ မျက်နာဖုံးစွပ် လူတစ်စုမှ တုတ်ဓါးများဖြင့် ၀င်ရောက် တိုက်ခိုက်သွားသည်မှာ တပတ်ခန့် ရှိလာပြီ ဖြစ်သော်လည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီး ဖေါ်ထုတ် အရေးယူခြင်း မရှိသေးကြောင်း ဒေသခံရွာသားများက ပြောသည်။

news image

ယခုကဲ့သို့ ဖမ်းဆီး ဖေါ်ထုတ်ခြင်း မရှိသဖြင့် သက်ဆိုင်ရာ ရဲစခန်းမှူး အပေါ် ဒေသခံများက သံသယ ၀င်နေကြသည်ဟု ဆိုသည်။

“ ဒီတိုက်ခိုက်မူကို ကျူးလွန်တာက ရှမ်းတောင် မွတ်ဆလင်ရွာက လူတွေ ဖြစ်တယ်ဆိုတာ အတိအကျ ပြောထား ပေမယ့် မြောင်းဘွေရဲစခန်းမှူးက သူတို့ကို မဖမ်းဘဲ လက်မ မွတ်ဆလင်ရွာက ရွာသားတွေကို ဖမ်းဖို့ စီစဉ်နေတယ်လို့ သိရတယ်။ ခုလို လုပ်နေတဲ့ အတွက် တရားခံတွေကဆီက ငွေစားထားတယ်လို့ သံသယ ဖြစ်နေကြပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။

လွန်ခဲ့သော ကြာသပတေးနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ညဥ့် ၁၁ နာရီ အချိန်တွင် မျက်နာဖုံး စွပ်ထားသော လူ ၁၀ ဦးခန့်သည် မြောက်ဦးမြို့နယ် ရခိုင် ဒုံဘွယ် ကျေးရွာမှ ကိုမောင်ရွှေသန်း (၂၅)နှစ်နှင့် ဦးသာထွန်း (၅၂) နှစ်ခန့်  မိသားစုတို့ ရွာနှင့် မနီမဝေးတွင် လုပ်ကိုင် စားသောက်နေသော ပြောင်းခင်းနှင့် ကွမ်းခင်းသို့ တုတ်ဓါးများ ကိုင်ဆောင်ကာ ၀င်ရောက်လာကြောင်း၊ ကိုမောင်ရွှေသန်းနှင့် ဦးသာထွန်းတို့ ဇနီးများ အပါအ၀င် မိသားစု လေးဦးစလုံးကို ဖမ်းဆီးပြီး ကြိုးနှင့် ချည်နှောင်စဉ် ကိုမောင်ရွှေသန်း၏ ဇနီးဖြစ်သူမှာ ထွက်ပြေး လွှတ်မြောက် သွားပြီး ရွာသို့ ချက်ချင်း အကြောင်းကြားခဲ့သည်ဟု သိရသည်။

ရွာသားများလိုက်ပါသွားရာ အကြမ်းဖက်လိုသူများသည် ကိုမောင်ရွှေသန်းအား ရိုက်ပုတ်ပြီး ထွက်ပြေး သွားခဲ့သည်ဟု ဆိုသည်။ ဒုံဘွယ်ကျေးရွာ ဆရာတော်အား လျှောက်ထား မေးကြည့်ရာ ယခုလို ပြောသည်။

“ သူတို့က သတ်မှာ။ ကိုမောင်ရွှေသန်းရဲ့ အမျိုးသမီး လွှတ်သွားတဲ့ အတွက် သူတို့က သတ်ဖို့မရလိုက်ဘူး။ ကံကောင်းသွားတယ်။ ဒါကြောင့်ကိုမောင်ရွှေသန်းကို ရိုက်ပုတ် ကန်ကျောက်ပြီး ထွက်ပြေးသွားကြပါတယ်။ ကိုမောင်ရွှေသန်း အပြောအရတော့ ရွာအနားမှာ တည်ရှိတဲ့ ရှမ်းတောင်ရွာက ဘင်္ဂလီတွေလို့ ပြောပါတယ်” ဟု ဆိုသည်။

ကိုမောင်ရွှေသန်းတွင် မျက်နာနှင့် ခန္ဓာကိုယ်တို့တွင် အနည်းငယ် ဒဏ်ရာ ရရှိခဲ့ပြီး ဦးသာထွန်းကိုမူ တစ်စုံတစ်ရာ တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ဆရာတော်က ဆိုသည်။

မြောင်းဘွေ ရဲစခန်းမှူး အနေဖြင့် ယခုအချိန်ထိ အကြမ်းဖက်သူများအား တစ်စုံတစ်ရာ ဖေါ်ထုတ် အရေးယူမူ မရှိ သေးသဖြင့် မဆိုင်သူများမှာပါ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည် သာမက ပြန်လည် ဆူပူမူများ ပေါ်ပေါက်လာနိုင်သဖြင့် အမြန်ဆုံး တရားခံများကို ဖေါ်ထုတ် အရေးယူရန်လည်း အများပြည်သူက လိုလားနေကြသည်ဟု သိရသည်။

၎င်းပြင် ဒေသ အာဏာပိုင်များသည် ရခိုင်အမျိုးသားများထံမှ တုတ်ဓါးလက်နက်များကို သိမ်းယူထားပြီး ရခိုင်လူမျိုးများ၏ အသက်အိုးအိမ်ကိုမူ ကာကွယ်မူ မပေးနိုင်ဘဲ ဖြစ်နေသဖြင့် အာဏာပိုင်များ၏ လုပ်ရပ် အပေါ်မှာလည်း ဒေသခံ ပြည်သူများက အထူး မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

နှိပ်စက်ခံရသည့် ကရင်မိန်းကလေးကို မြန်မာအစိုးရ ကူညီမည်

နှိပ်စက်ခံရသည့် ကရင်မိန်းကလေးကို မြန်မာအစိုးရ ကူညီမည်

by နန်းမြနဒီ

ထိုင်းအလုပ်ရှင် လင်မယားရဲ့ ရေနွေးပူလောင်း နှိပ်စက်ခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးအတွက် နစ်နာကြေး၊ တရားမျှတမှု ရရှိရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေက စီစဉ်နေပါတယ်။

news image

မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံအရာရှိ ဦးကျော်ကျော်လွင်က “ဒီကိစ္စကို အရေးကြီးကိစ္စတခုအနေနဲ့ လုပ်သွားမှာပါ။ လူကြီးတွေကလည်း ညွှန်ကြားထားတယ်။ နောက် လိုအပ်တဲ့ ဆေးဝါးကိစ္စတွေအတွက် လိုအပ်တဲ့ငွေကြေး၊ လူမှုရေးထောက်ပံ့ငွေတွေ အရာရှိ ၁ ယောက် ဦးဆောင်ပြီး သွားပေးမယ်။ တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ထိုင်းအစိုးရတာဝန်ရှိသူတွေကို ဖိအားပေးတဲ့စာ၊ တိုက်တွန်းစာပေါ့ ပို့မယ်။ လိုအပ်တဲ့အမှုတွေ ထပ်စွဲရမှာပေါ့။ အခုလည်း ရှေ့နေနဲ့ တိုင်ပင်တယ်။ ထိုင်းဥပဒေအတိုင်းပေါ့။ အခုလောလောဆယ် သိထားတာ ၇ မှု။”

မြန်မာသံရုံး ကိုယ်စားလှယ်တွေဟာ ဒီ ၁ ရက် ၂ ရက်အတွင်း မိန်းကလေးငယ်ကို စောင့်ရှောက်ထားတဲ့ ကယ်ဆယ်ရေးဂေဟာကို သွားရောက်ပြီး ကျေးဇူးတင်စကားပြောကြားမှာဖြစ်သလို မိန်းကလေးကိုလည်း ကရုဏာကြေးအဖြစ် ထိုင်းဘတ်ငွေ သိန်းဂဏန်းလောက် ပေးဖို့ မှန်းထားတယ်လို့ ဦးကျော်ကျော်လွင်က ဆိုပါတယ်။

ဒါ့အပြင် အနိုင်ကျင့်ခဲ့တဲ့ ထိုင်းအလုပ်ရှင်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းအာဏာပိုင်တွေကနေတဆင့် တရားဝင်ကန့်ကွက်စာ ပေးပို့ပြီး ဥပဒေဘောင်အတွင်းက ကူညီပေးသွားမယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ကမ်ဖိုင်ဖိတ်ခရိုင် ဆိုင်းငမ်းမြို့နယ်က မြန်မာရွှေ့ပြောင်းအလုပ်သမား နိုင်းအောင်နဲ့ နန်းဒိုင်း တို့ရဲ့ သမီးဖြစ်သူဟာ မိဘတွေ ကြံခင်းထဲမှာအလုပ်လုပ်နေတုန်း ထိုင်းလင်မယား ၂ ဦးရဲ့ ဖျားယောင်းသွေးဆောင်ပြီး ကျွန်ပြုခိုင်းစေခံရတဲ့အပြင် အမျိုးမျိုးနှိပ်စက်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ သူမဟာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ရွာသားတွေက လူမှုကယ်ဆယ်ရေးဌာနကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကလေးမ တကိုယ်လုံးမှာ အပူလောင်တဲ့ဒဏ်ရာ၊ နားရွက်ကို ကပ်ကြေး နဲ့ ဖြတ်ထားတဲ့ ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်ရဲ့ အရေပြား ၅၀ ရာခိုင်နှုန်းက ပျက်စီးနေပြီး အသားအရည်ရဲ့ အဆင့် ၃ ထိ နက်ဝင်နေတယ်လို့ ကမ်ဖိုင်ဖစ်ခရိုင် ဆေးရုံ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဘယ်ဘက်လက်မောင်း အသားနဲ့ နံကြားက အသားကပ်နေပြီး လှုပ်ရှားလို့ မရတဲ့အတွက် အမြန်ဆုံး ခွဲစိတ်ကုသဖို့ လိုနေပြီး အရေပြားတွေ နဂိုအတိုင်း ပြန်ဖြစ်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။

နှိပ်စက်တဲ့ ထိုင်းလင်မယားကို ဖြားယောင်းမှု၊ မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ အသက် ၁၅ နှစ်အောက် ကလေးငယ်ကို လူကုန်ကူးမှု၊ တရားမ၀င်အလုပ်သမားလက်ခံမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု စတဲ့ ပြစ်မှု ၇ ခုနဲ့ ကမ်ဖိုင်ဖိတ် ရဲစခန်းနဲ့ ခရိုင်အလုပ်သမား ကာကွယ်ရေးရုံးက စွဲချက်တင်ထားတယ်လို့ ထိုင်းရဲဘက်ဆိုင်ရာအရာရှိတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက် မှာ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဆီမှာ ဖြောင့်ချက်ပေးဖို့ ချိန်းထားတယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေး ၀န်ကြီးအသစ်ခန့်အပ်တာ ဘာသဘောဆောင်သလဲ

ဆက်သွယ်ရေး ၀န်ကြီးအသစ်ခန့်အပ်တာ ဘာသဘောဆောင်သလဲ

by တိုင်းကျော်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရပြီး နုတ်ထွက်သွားရတဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းရဲ့ နေရာမှာ အစားထိုးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို သမ္မတ ဦးသိန်းစိန်က နာမည်စာရင်း တင်သွင်းလိုက်ပါတယ်။

နာမည်စာရင်းတင်ပြီး သိပ်မကြာခင်မှာပဲ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေနဲ့ နောက်နေ့ ပြည်တွင်းထုတ်ဂျာနယ်တွေမှာ ဒီခန့်အပ်မှုနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။ အဓိက မေးခွန်းကတော့ ကျွမ်းကျင်မှုလည်း လိုအပ်ပြီး အရပ်သား ဘယ်သူ့ကိုမဆို ခန့်အပ်ပိုင်ခွင့်ရှိတဲ့ ဒီ ၀န်ကြီးနေရာမှာ ဘာကြောင့် စစ်ဗိုလ်ချုပ်တယောက်ကို ခန့်တာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေပြီး စစ်မှန်တဲ့ တံခါးဖွင့် ဈေးကွက်စီးပွားရေးကိုလည်းသွားမယ်လို့ ကြွေးကြော်နေလေတော့ ဒီ ကြွေးကြော်သံတွေ တကယ်အမှန်ပဲလား၊ သူတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်ဟာ ဘာလဲဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ခုတပတ် ဒီအကြောင်း ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်။ အရင် အာဏာရှင်ကြီး ဦးနေ၀င်း တိုင်းပြည်အာဏာသိမ်းပိုက်ချိန်က စစ်ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ ဒီ ယူနီဖောင်းဝတ်ပြီး တိုင်းပြည်ကို ၁၀ နှစ်ကျော်လောက် အုပ်ချုပ်ပါတယ်။ နောက်ပိုင်း တိုင်းပြည်ကို ဆိုရှယ်လစ်စနစ် ကျင့်သုံးမယ်ဆိုပြီး သူ့လက်အောက်ခံ စစ်ဗိုလ်ချုပ်တွေနဲ့ အတူတကွ မဆလပါတီ ဖွဲ့ပါတယ်။ အဲဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကိုပဲ လွှတ်တော်ထဲ ထည့်ပြီး နောက်ပိုင်း အရပ်သားအစိုးရ ဖွဲ့စည်းပါတယ်။ အဲဒီနောက် ရယ်စရာပြောပြောနေကြတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းကနေ သမ္မတကြီး ဦးနေ၀င်းကို အာဏာလွှဲတာ လုပ်ပါတယ်။ ဒီအတိုင်းပဲ နောက်ပိုင်း သမ္မတ ရာထူးကပါ ဖယ်ပေးခဲ့ပြီး ပါတီဥက္ကဋ္ဌကြီးအဖြစ် ဆက်နေပါတယ်။ ပြောရရင် အဲဒီအချိန်က ဦးနေ၀င်း ချမှတ်ခဲ့တဲ့ မဟာဗျူဟာကတော့ စစ်ဗိုလ်ချုပ်တွေဟာ စစ်တပ်ကို ထိထိရောက်ရောက် ထိန်းချုပ်ပြီး အာဏာလက်ရှိ အစိုးရ၊ လွှတ်တော်နဲ့ ပါတီကို အပြည့်အ၀ အကာအကွယ်ပေး၊ အချိန်တန်ရင် အစိုးရအဖွဲ့မှာ အာဏာရလိမ့်မယ်၊ လွှတ်တော်နဲ့ ပါတီထဲမှာ ထိပ်ပိုင်းနေရာရလိမ့်မယ်၊ ဒီနည်းနဲ့ စစ်ဗျူရိုကရေစီ ယန္တရားကို ကျကျနန တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုတဲ့ ပြည်သူ့အုံကြွမှုကြီးဖြစ်ပေါ်လာတဲ့အခါ အဲဒီ ယန္တရားကြီး ပျက်စီးသွားပြီး တိုင်းပြည်ကို စစ်ဗိုလ်ချုပ်တွေက စစ်ယူနီဖောင်းတွေဝတ်ပြီး အသစ်တဖန် ပြန်လည် အုပ်ချုပ်ကြပြန်ပါတယ်။

အနှစ် ၂၀ ကျော်ကြာတဲ့အခါ တိုင်းပြည်လည်း ချွတ်ခြုံပြာကျ၊ ပြည်သူတွေကလည်း မုန်းတီး၊ ကမ္ဘာကလည်း လက်မခံတဲ့အခါ လက်ရှိ မြင်တွေ့နေရတဲ့ မဟာဗျူဟာမြောက် အပြောင်းအလဲကို လုပ်ပါတယ်။ ကိုယ့်ဘာသာကိုယ် ရေးထားတဲ့ ဖွဲ့စည်းပုံကို အတည်ပြု၊ တရားမျှတမှု လုံးဝမရှိတဲ့ ရွေးကောက်ပွဲကျင်းပပြီး အသစ်ပေါ်ပေါက်လာတဲ့ ပါတီ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ထိပ်ပိုင်းနေရာ အသီးသီးမှာ ယူနီဖေါင်းချွတ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေ နေရာယူကြပါတယ်။ အရင် အစိုးရအဖွဲ့ တာဝန်ယူခဲ့သူတွေကို လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ တာဝန်တွေပေးပြီး ယူနီဖောင်းချွတ်ကာစ စစ်ဗိုလ်ချုပ်တွေကိုတော့ အစိုးရအဖွဲ့မှာ ခန့်အပ်ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ ၀န်ကြီး အယောက် ၃၀ ၀န်းကျင်မှာ ၂၃ ယောက်ဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတာ၊ လွှတ်တော်ရေးရာ ကော်မတီနေရာ အားလုံးနီးပါးမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေကို တာဝန်ပေးထားတာ၊ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အားလုံး စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတာကြည့်ရင် သိနိုင်ပါတယ်။

ဒီလိုနဲ့ အရင် အာဏာရှင်ဟောင်းတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိ စစ်ဗိုလ်ချုပ်အသစ်တွေ ပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ တဆင့် တိုင်းပြည်အာဏာကို ဆက်ပြီးချုပ်ကိုင်သွားဖို့ မဟာဗျူဟာကျကျ စီစဉ် အကောင်အထည်ဖော်နေတာ တွေ့နိုင်ပါတယ်။

စစ်ဗိုလ်ချုပ်တွေဟာ အချိန်တန်ရင် ယူနီဖောင်းချွတ်ပြီး အစိုးရအဖွဲ့မှာ အာဏာရလိမ့်မယ်၊ နောက် အစိုးရအဖွဲ့ကနေနားရင် ပါတီနဲ့ လွှတ်တော်မှာ အရေးပါတဲ့ နေရာ ဆက်ယူရလိမ့်မယ်၊ ဒီအတွက် စစ်တပ်ဟာ ကြံ့ခိုင်ရေးပါတီ၊ အာဏာရ အစိုးရနဲ့ လွှတ်တော်ကို အပြည့်အ၀ ထောက်ခံ အကာအကွယ်ပေးရမယ် ဆိုတဲ့ အရင် အာဏာရှင် ဦးနေ၀င်း ကျင့်သုံးသွားခဲ့တဲ့ မဟာဗျူဟာမြောက် လမ်းကို ဆက်လျှောက်ဖို့ ကြံစည်နေတာပဲ ဖြစ်ပါတယ်။ ဒါက လက်ရှိ ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေးဝန်ကြီး ခန့်အပ်တာက သက်သေခံနေပါတယ်။

အာဏာရှင်ကြီး ဦးနေ၀င်း ရှေ့ဆောင်လမ်းပြခဲ့သလို စစ်ဗိုလ်ချုပ်တွေဟာ သူတို့ ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး လမ်းစဉ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး လမ်းစဉ်တွေကို အကောင်အထည် ဖော်ခဲ့ပေမယ့် တကြိမ်မှ မအောင်မြင်ခဲ့သလို အခုလည်း အာဏာကို လုံးဝ လက်မလွှတ်ဘဲ ဒီမိုကရေစီလို့ နာမည်ပေးထားတဲ့ လမ်းကြောင်းကို မဟာဗျူဟာ အစီအစဉ်ချမှတ်ပြီး ချီတက်နေပြန်ပြီ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းအတိုင်းသာ ဆက်ချီတက်ကြရင်ဖြင့် တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရဖို့၊ စီးပွားရေး အပါအ၀င် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာဖို့ မမြင်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုများကို သတိနဲ့ ကြည့်ဖို့ အကဲခတ်များ သတိပေး

မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုများကို သတိနဲ့ ကြည့်ဖို့ အကဲခတ်များ သတိပေး

အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ကြောထောက်နောက်ခံ မြန်မာ အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေ အားလုံးကို ရုပ်သိမ်းပေးလိုက်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအစီအစဉ်တွေဟာ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ Amnesty international နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဝါရှင်တန်ရုံးအကြီးအကဲ Frank Jannuzi က သတိပေး ပြောကြားလိုက်ပါတယ်။

news image

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေကို တဖြေးဖြေးချင်း ထိမ်းပြီးတော့ အပေးအယူလုပ် ဆောင်ရွက် သင့်တယ်လို့ အကြံပြုလိုပါကြောင်း မနေ့က ဝါရှင်တန်ဒီစီမြို့တော် ဟယ်ရီတိတ်ခ်ျ ဖေါင်ဒေးရှင် Heritage Foundation မှာပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ Mr Jannuzi က ပြောပါတယ်။

အခုအခါမှာ အမေရိကန်နိုင်ငံအနေနဲ့ ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေကို တော်တော်များများ ဖြေလျော့ပေးလိုက်ပြီဖြစ်တာကြောင့် မြန်မာအစိုးရက ပြုပြင် ပြောင်းလဲမူတွေ ဆက်လုပ်သွားဖို့ ဘယ်လို အချက်တွေနဲ့များ အပေးအယူ လုပ်ကြမယ် ဆိုတာ မေးစရာ မေးခွန်းဖြစ်နေတယ်လို့ ပြောသွားပါတယ်။

အလားတူဘဲ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့က ညွှန်ကြားရေးမှူး Tom Malinowski ကလည်း အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မူတွေကို ဖြေလျော့ပေးတာဟာ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆွဲဆောင်မူ ရှိပေမဲ့ တုံ့ပြန်ချက် ရလဒ်အဖြေကောင်းကောင်း တွေ့လာရမှ ဆုလဒ်အနေနဲ့ ပေးစရာရှိတာ ပေးသင့်ပါတယ် အချိန်ယူပြီး ဖြေးဖြေးချင်း ဆောင်ရွက်သင့်ပါတယ်လို့ ပြောသွားပါတယ်။

ငြိမ်းချမ်းရေး လမ်းလျောက်သူများ စစ်ကိုင်းမြို့ ဆိုက်ရောက်

ငြိမ်းချမ်းရေး လမ်းလျောက်သူများ စစ်ကိုင်းမြို့ ဆိုက်ရောက်

ကချင်ပြည်နယ်အထိ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူတွေအဖွဲ့ဟာ မန္တလေးမြို့မှာ ၂ ရက်ကြာ နားနေပြီးနောက် ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကို ဆက်လက် ခရီးထွက်ခွာခဲ့ကြပါတယ်။

အဲဒီအဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးမှာ အောင်မြေနင်းခဲ့ပြီး သံဃာတော်တွေနဲ့  နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့နဲ့အတူ ငြိမ်းချမ်းရေးချိုးဖြူငှက်တွေ လွတ်ခဲ့ပါတယ်။

လိုင်ဇာမြို့အထိ လမ်းလျှောက်မယ့် အမာခံလူဦးရေ ၅၆ ယောက်နဲ့ သံဃာတော် (၁၆) ပါးကို မန္တလေးမြို့ထွက်တဲ့အထိ ဒေသခံ ပြည်သူတစ်ရာကျော်က လိုက်ပါနှုတ်ဆက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းကို အဝင်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတာဟာ တခြားနယ်မြေတွေမှာထက် ပိုမိုပွင့်လင်းလာတယ်လို့ လမ်းလျောက်ရာမှာ ပါဝင်တဲ့ ကိုရန်နိုင်ထွန်းက RFA ကို အခုလို ပြောပါတယ်။

ထူးခြားတာကတော့ စစ်ကိုင်းတိုင်းအဝင်မှာ ကျွန်တော်တို့ အပေါ်မှာ အာဏာပိုင်တွေက သဘောထား ကြည်လင်လာမှုပဲဗျ၊ အမိန့် တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိတော့ပါဘူး၊ သူတို့ကိုယ်တိုင်အားပေးတယ်၊ အလှူငွေတွေထည့်သွားတယ်၊ ပြီးတော့ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တဲ့ အချက်လေးချက်ကိုသာ မလုပ်ဖို့ကျွန်တော်တို့နဲ့ ညှိနှိုင်းခဲ့တယ်

လမ်းလျှောက်သူတွေအဖွဲ့ဟာ ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိလာပေမယ့် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကြောင့် စိတ်ဓါတ်ရေးရာအရ ခိုင်မာနေဆဲပဲလို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့  ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အဓိက ကျတဲ့အတွက် ပြည်သူတွေအနေနဲ့  သူတို့ကိုထောက်ခံအားပေးကြဖို့ လိုတယ်လို့လဲ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

အဲဒီအဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နဲ့  ဆယ်မိုင်ဝေးတဲ့ အုန်းတောရွာမှာ ဒီနေ့  ညအိပ်ရပ်နားမယ်လို့ သိရပါတယ်။

လယ်ယာမြေဆုံးရှုံးမှု ကာကွယ်ရေး ကော်မတီ ဖွဲ့စည်း

လယ်ယာမြေဆုံးရှုံးမှု ကာကွယ်ရေး ကော်မတီ ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်က အလွမ်းဆွတ်၊ ဖလန်း၊ ကရက်ကြီးနဲ့ ဘေးပေါက်စတဲ့ ကျေးရွာ ၄ ရွာနဲ့ သန်လျင်မြို့၊ ရွှေပြည်သာယာ ရပ်ကွက်မှာရှိတဲ့ လယ်သမား ၃ ထောင်ကျော် စုပေါင်းပြီး လယ်ယာမြေများဆုံးရှုံးမှု အခွင့်အရေး ကာကွယ်ရေးကော်မတီကို မနေ့က ဖွဲ့စည်းလိုက် ပါတယ်။

အစိုးရက ဒေသခံတောင်သူလယ်သမားတွေကို သူတို့ပိုင် လယ်ယာမြေတွေကနေ ဒီကနေ့ ဖယ်ရှားပေးဖို့ အကြောင်းကြားထားတဲ့အတွက် မိမိတို့အရေးကိုတောင်းဆိုဖို့ အခုလို ကော်မတီဖွဲ့စည်းလိုက်တာလို့ ဒေသခံ လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

မနက်ဖြန်ကို လယ်ယာမြေတွေပေါ်မှာရှိတဲ့ လယ်သမားတွေကို အစိုးရကဝင်ဖမ်းမယ်လို့ ကြေညာချက်ထုတ်ထားတဲ့အပေါ်မှာ အစိုးရကိုမဖမ်းဖို့ တောင်းဆိုဖို့အဖွဲ့ကို ဒီနေ့ပဲ အရေးကြီးဖွဲ့စည်းလိုက်တာပါ၊ အစိုးရက မဆောင်ရွက်မပေးမချင်း၊ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကိုရဖို့အတွက် ဒီအဖွဲ့က တောင်းဆိုသွားမှာပါ

အဲဒီ အလွမ်းဆွတ်ရွာမှာ လယ်မြေဧက ၂၀၀ ကျော်ကို ခလရ ၉၀ က ၁၉၉၅ ခုနှစ်မှာ သိမ်းခဲ့ပြီး လယ်သမားတွေကို တစ်ဧကစပါး ၁၀ တင်းနှုန်းနဲ့ သီးစားပြန်ချထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တပ်အဆင့်ဆင့်ပြောင်းပြီး အခုလက်ရှိ အမှတ် ၁ ဗျူဟာ စစ်ရေယာဉ်စုတပ်က မြေတွေကိုရယူထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း စစ်တပ်ကသိမ်းထားတဲ့ လယ်ယာမြေတွေမှာ တောင်သူတွေက ဝင်ရောက်ပြီး ထွန်တုံးတိုက်ပွဲ ကျင်းပခဲ့ပါသေးတယ်။

တွေ့ဆုံညှိနှိုင်းခြင်းသာ အကောင်းဆုံး နည်းလမ်းဟု သမ္မတ ဦးသိန်းစိန် ပြော

တွေ့ဆုံညှိနှိုင်းခြင်းသာ အကောင်းဆုံး နည်းလမ်းဟု သမ္မတ ဦးသိန်းစိန် ပြော

သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြတဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ကို ဖေဖေါ်ဝါရီလ ၁၃ ရက် မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

news image

အဲဒီလိုတွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ ညီအစ်ကိုများအချင်းချင်း ယခုလို ပြန်လည်တွေ့ဆုံရတဲ့အတွက် ဝမ်းသာရကြောင်းနဲ့ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုတွေဟာ အမိုးအကာ တစ်ခုတည်းအောက် အတူနေထိုင်ကြသူတွေ ဖြစ်တဲ့အတွက် ပေါ်ပေါက်လာသည့် ပဋိပက္ခတွေကို ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စာနာထောက်ထားခြင်း၊ အပြန်အလှန်လေးစားခြင်းတွေနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းညှိနှိုင်းခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ သမ္မတဦးသိန်းစိန်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် နှစ်ဦးနှစ်ဖက်စစ်သည်တွေ သေဆုံးခဲ့ရပြီး၊ ကျန်ရှိခဲ့တဲ့ ဇနီး၊ သားသမီး၊ ဆွေမျိုးတွေ သောကပွါးခဲ့ရသလို ဒေသခံပြည်သူတွေလည်း ဒုက္ခဆင်းရဲရောက်ခဲ့ရကြောင်း၊ ယခုအခါမှာတော့ ညှိနှိုင်းဖြေရှင်းခြင်းကရရှိလာတဲ့ ငြိမ်းချမ်းရေးအကျိုးဆက်ကို ပြည်သူတွေ စတင်ခံစားနေကြရပြီဖြစ်ကြောင်းစသဖြင့် ပြောဆိုသွားပါတယ်။

မနေ့ကတွေ့ဆုံပွဲကို ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ပဒိုမန်းငြိမ်းမောင်နဲ့ ပဒိုစောသမိန်ထွန်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဗိုလ်မှူးကြီး စိုင်းလှနဲ့ ဗိုလ်မှူးကြီး စိုင်းငေး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဦးစိုင်းခွန်စိုင်းနဲ့ ဦးစိုင်းနော်လိတ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) က ဗိုလ်ချုပ်စောရင်နုနဲ့ ဗိုလ်ကြီး စောလားဒို၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ဦးခွန်တိဆောင်နဲ့ ဦးခွန်ဇွဲထို၊ မွန်ပြည်သစ်ပါတီ (NMSP) က ဦးနိုင်တလညီနဲ့ ဦးနိုင်ကြည်ဆန်း၊ ချင်းအမျိုးသားတပ်ဦး (CNF) က ဒေါက်တာရွှေခါရ်းနှင့် ဦးပူးထန်ဇဲန်၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) က ဗိုလ်မှူးချုပ် စောကျော်သက်နှင့် ဗိုလ်မှူးကြီး စောမောင်လေး၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (K) က ဦးအန်ကန်းနဲ့ ဗိုလ်ကြီးအောင်စိုင်းတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး အဆင့် ၅ နေရာသို့ မြန်မာရောက်လာနိုင်

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး အဆင့် ၅ နေရာသို့ မြန်မာရောက်လာနိုင်

by ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ ဆန်များကို ပြည်ပနိုင်ငံများသို့ လက်ရှိဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၁၅၀,၀၀၀ တင်ပို့သွားနိုင်ရန် မျှော်မှန်းထား၍ ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံး နိုင်ငံများထဲတွင် ပဉ္စမနေရာသို့ ရောက်ရှိလာနိုင်ခြေရှိကြောင်း ဆန်ဈေးကွက် စောင့်ကြည့် လေ့လာသူများထံမှ သိရသည်။

“ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ လကုန်အထိ ဆန်နှင့် ဆန်ထွက်ပစ္စည်း တန် ၁.၀၁ သန်း တင်ပို့ နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ် သုံးလအတွင်း ဆက်လက် တင်ပို့မှုတွေနဲ့ ပေါင်းလိုက်ရင် ဘဏ္ဍာနှစ်ကုန်မှာ ဆန်တန်ချိန် ၁၅၀,၀၀၀ တင်ပို့နိုင်မယ် မှန်းထားပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတဦးက ပြောသည်။

မြန်မာနိုင်ငံမှ ဆန်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ပင်လယ်ရေကြောင်းလမ်းအပြင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကပါ တင်ပို့ရောင်းချလျက်ရှိသည်။

“ဒီနှုန်းအတိုင်း ဆန်တန် ၁၅၀,၀၀၀ ပို့နိုင်မယ်ဆိုရင် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံတွေရဲ့ စာရင်းမှာ နံပါတ် ၉ နေရာကနေ ဥရုကွေး၊ ကမ္ဘောဒီးယား၊ ဘရာဇီး နိုင်ငံတွေကို ကျော်ပြီး ပဉ္စမ နေရာကို ရောက်ရှိလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစိုးထွန်း က ပြောသည်။

၂၀၁၃ ခုနှစ်၊ မတ်လအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ငါးသိန်း တင်ပို့ ရောင်းချရန်အတွက် လက်မှတ် ရေးထိုးရန် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဂျပန် အစိုးရက ခေါ်ယူတဲ့ ဆန်ဝယ်ယူတင်သွင်းမည့် တင်ဒါမှာ မြန်မာ လယ်ယာစီးပွား အများပိုင် ကော်ပိုးရေးရှင်းနဲ့ မစ်ဆူရီ ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆန်တန်ချိန် ၅,၀၀၀ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ၁၀ မှတ်ဆန် တန် ၅,၀၀၀ ကို မတ်လ အကုန်မှာ တင်ပို့သွားပါမယ်” ဟု ဒေါက်တာ စိုးထွန်း က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံမှ ဆန်များကို အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ရုရှားနှင့် အာဖရိက နိုင်ငံများသို့ ရေကြောင်းလိုင်းမှ တင်ပို့လျက်ရှိပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့မူ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ တဆင့် အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။

၂ဝ၁၂ သတင်းလွတ်လပ်ခွင့် စိုးရိမ်စရာရှိခဲ့

၂ဝ၁၂ သတင်းလွတ်လပ်ခွင့် စိုးရိမ်စရာရှိခဲ့

ပြီးခဲ့တဲ့ နှစ်အတွင်း ကမ္ဘာတဝှမ်းမှာ သေဆုံးခဲ့တဲ့ ၊ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမားအရေအတွက်ဟာ မမျှော်လင့် ထားလောက်အောင် များပြားခဲ့တယ်လို့ CPJ လို့ ခေါ်တဲ့ သတင်းသမားတွေကို အကာကွယ် ပေးရေး ကော်မီတီက ဖေါ်ပြလိုက် ပါတယ်။

news image

အဲဒီကော်မီတီက ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ သတင်း လွတ်လပ်ခွင့် အခြေအနေတွေ ယိုယွင်းနေတယ်လို့ သတိပေးဖေါ်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအရ ပြီးခဲ့တဲ့ နှစ်အတွင်း သတင်းသမား ၂၃၂ ဦး အကျဉ်းကျ ခံခဲ့ရပါတယ်။ ဒါဟာ သတင်းလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ စီပီဂျေက အထောက်အထားတွေ စတင် စုဆောင်းခဲ့ချိန် နောက်ပိုင်း စံချိန်တင်ရ လောက်တဲ့ အရေအတွက် ဖြစ်ပါတယ်။

မနှစ်က တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တဲ့ သတင်းသမား ၇ဝ ရှိပါတယ်။ ၂ဝ၁၁ ခုနှစ်နဲ့ ယှဉ်ရင် ၄၃ ရာခိုင်နှုန်း ပိုများလာခဲ့တာပါ။ ဒီအရေအတွက် ထဲမှာ ပျောက်ဆုံး နေဆဲ သတင်းထောက် ၃၅ ယောက်ကျော် မပါသေးပါဘူး။

အများအပြားဟာ ဆီးရီးယားတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အသတ်ခံရသူ အများစုဟာ ဒေသခံ သတင်းထောက်တွေ ဖြစ်ပြီး သူတို့ ဟာ သြဇာအာဏာကြီးမားသူတွေရဲ့ ရာဇဝတ်မှုနဲ့ အဂတိလိုက်စားမှုဆိုင်ရာ သတင်း တွေကို ပေးပို့ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒီလိုသတင်းသမားတွေ အသတ်ခံရပြီး ဒီအတွက် ဘာမှ အရေးယူဆောင်ရွက်ခြင်း မရှိတာဟာ စုံစမ်းလေ့လာ ပြီး သတင်းဖော်ထုတ် နေကြတဲ့ သတင်းထောက်တွေ အတွက် ကြီးမားတဲ့ အန္တရာယ်ရှိနေတာကို ပြသနေတယ်လို့ စီပီဂျေရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ရောဘတ် မဟွန်နီက ပြောပါတယ်။

အရေးယူအပြစ်ပေး မခံရဘဲ ကင်းလွတ်နေမှုတွေကို တိုက်ဖျက်ရေး လူထု ပညာပေးမှု တွေ တိုးမြှင့် ဆောင်ရွက်ဖို့ ကုလသမဂ္ဂကို သူက တိုက်တွန်းလိုက် ပါတယ်။

အခုနှစ် အစီရင်ခံစာထဲမှာ သတင်းလွတ်လပ်ခွင့် အနည်းဆုံး နဲ့ အန္တရာယ်ရှိနိုင်တဲ့ ၁ဝ နိုင်ငံကို ဖေါ်ပြရာမှာ သတ်ဖြတ်မှု အများဆုံးဖြစ်တဲ့ ပါကစ္စတန် ဆိုမာလီယား ဘရာဇီးနိုင်ငံ ၊ အစိုးရဆန့်ကျင်သူတွေကို တင်းကြပ်တဲ့ဥပဒေတွေနဲ့ လွတ်လပ်စွာ ဖေါ်ပြ ပြောဆိုခွင့်ကို ပိတ်ထားတဲ့ ရုရှနဲ့ အီကွေဒေါ နိုင်ငံ ၊ သတင်းသမား အများ အပြား ကို အကျဉ်းချထားတဲ့ ဗီယက်နမ် အီသီယိုပီးယား တူရကီ အီရန်နဲ့ ဆီးရီးယား စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ဟာ သတင်းလွတ်လပ်ခွင့် အတွက် ဝမ်းနည်းစရာနှစ် ဖြစ်တယ်လို့ စီပီဂျေရဲ့ ဒုတိယညွှန်ကြားရေးမှူး မစ္စတာ မဟွန်နီက ပြောပါတယ်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်အကြား စစ်ရေးပြန်လည်တင်းမာ

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်အကြား စစ်ရေးပြန်လည်တင်းမာ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း အခြေစိုက် တပ်ရင်း တရင်း နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ အကြား နယ်မြေစိုးမိုးရေး ကိစ္စကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း ဒေသအတွင်းသတင်းက ဆိုသည်။

news image

“အခုက တန်းယန်းမြို့နယ် နဲ့ မိုင်းရှူးမြို့နယ် ကြားက ဒေသတွေမှာပေါ့။ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲ ကို အစိုးရတပ် ခလရ ၃၃ က ဝင်ရောက်လှုပ်ရှားချင်တယ်။ ကျနော်တို့က ခွင့်ပြုလို့မရဘူးလေ။ ပြည်ထောင်စုနေ့ မတိုင်ခင် ၂-၃ ရက်လောက်က ဖြစ်တာ၊ အခုထိ သိပ်မကျေလည်သေးဘူး” - ဟု ဒေသအတွင်း အမည်မဖေါ်လို သည့်ကေဒါတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၉ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ် နမ့်လောဝ်းကျေးရွာအုပ်စု လွယ်လန်းအခြေ စိုက် တပ်ရင်း ၁၉၂ ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ခလရ ၃၃ မှ လူအင်အား ၆၀ ခန့်ရှိ စစ်ကြောင်း တကြောင်းက ဝင်ရောက်လှုပ်ရှားရန်အတွက် အကြောင်းကြားလာကြောင်း၊ သျှမ်းပြည်တပ်မတော်ဘက်မှ ခွင့်မပြုနိုင်သေးဟု ပြန်လည်ဖြေကြားကြောင်း၊ သို့သော် အစိုးရတပ်က ဂရုမစိုက်ဘဲ ဝင်ရောက်လှုပ်ရှားရာ သျှမ်းပြည်တပ်မတော်၏ လုံခြုံရေးအရထောင်ထားသော မိုင်းဗုံးနှင့် ဝင်တိုးမိသောကြောင့် သေကြေဒဏ်ရာ ရသူ ၄ ယောက်ထက်မနည်းရှိခဲ့ကြောင်း - နီးစပ်သူများကပြောပါသည်။

အဆိုပါနီးစပ်သည့်အသိုင်းအဝိုင်းက အစိုးရတပ် ၄ ဦးသေဆုံးသည်ဟုပြောသော်လည်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက - “ တိုက်ပွဲဖြစ်ပွားတာတော့မရှိပါဘူး။ ကျနော်တို့ထိန်းချုပ်နယ်မြေထဲ ဝင်ဖို့ သူ တို့ တောင်းဆိုတယ်။ ကျနော်တို့ဘက်က ခွင့်မပြုနိုင်ဘူးလေ။ သေကျေဒဏ်ရာရတဲ့သတင်းလဲ အတည်မပြု နိုင်သေးပါဘူး၊လောလောဆယ် အဲဒီဘက်မှာ တင်းမာမှုတော့ ရှိနေတယ်” - ဟုပြောပါသည်။

တန့်ယန်းမြို့ - မိုင်းရှူးကားလမ်း အရှေ့ခြမ်း သံလွင်မြစ်အနောက်ခြင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေမှ တပ်စခန်း စစ်သည်အားလုံး ကားလမ်းအနောက်ခြမ်းသို့ ဆုတ်ခွာပေးရန် အစိုးရတပ်မှ ဖိအားပေးသောကြောင့် ၂၀၁၂ နှစ်လယ်ပိုင်းကလည်း အဆိုပါဒေသအတွင်း တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ဖူး သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရကိုယ်စားလှယ်နှင့် ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ က ပဏာမ အဆင့်၊ ပြည်ထောင်စုအဆင့် တို့ဖြင့်ဆွေးနွေးပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွါးသည့် တိုက်ပွဲတိုင်း အစိုးရတပ်မှ နယ်ကျွံမှု ကျူးလွန်ခြင်း၊ သျှမ်းပြည်တပ်မတော်အား တပ်ရုပ်ရန် အင်အားသုံးဖိအားပေးမှုများရှိခြင်း ကြောင့်ဖြစ်ပွားခဲ့ ရသည် ဟု SSPP/SSA ဘက်က ပြောပါ သည်။

UNODC လွိုင်လင်ရုံးခွဲ ကျေးလက်ထောက်ပံ့မှု မမျှတဟု ရွာသားများဝေဖန်

UNODC လွိုင်လင်ရုံးခွဲ ကျေးလက်ထောက်ပံ့မှု မမျှတဟု ရွာသားများဝေဖန်

by မွေခေါဝ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့၌ ဖွင့်လှစ်ထားသော ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ UNODC ရုံးခွဲသည် တခိျု့ရွာများကို အပြည့်အ၀ ထောက်ပံ့သော်လည်း တခိျု့ရွာ များမှာမူ ထောက်ပံ့မှု လုံးဝမရသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

news image

“သူတို့က လူမျိုးရေး ခွဲခြားပြီး ကူညီထောက်ပံ့တယ်။ ကူညီမှု လိုအပ်တာချင်း အတူတူ ပအိုဝ်းရွာ ၄-၅ ရွာရရင် သျှမ်းရွာတရွာဘဲ ရတယ်။ ပအိုဝ်းရွာက ရေလိုရင် ချက်ချင်းရေသွယ်ပေးတယ်” ဟု ပင်လုံ မြို့နယ်ခွဲမှ ရွာသားတစ်ဦးက ပြောပါသည်။

ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် UNODC က လွိုင်လင်မြို့၌ ရုံးခွဲဖွင့်လှစ်ထားကြောင်း၊ ၂၀၁၂ မှစ၍ လွိုင်လင်မြို့နှင့်ပင်လုံမြို့အတွင်းရှိ ကျေးရွာများ၊ တောင်ပေါ်ကျေးရွာများအား ကူညီထောက်ပံ့ခဲ့ ကြောင်း၊ လမ်းဖောက် တံတားဆောက် ရေသွယ်တန်းပေးကာ ကျန်းမာရေးအဆောက်အဦးများ ဆောက်လုပ်ပေးကြောင်း၊ စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာများလည်း ထောက်ပံ့ကြောင်း ဆိုပါသည်။

“UNODC ဆိုတာ လူမျိုး ဘာသာ မခွဲခြားဘဲ ကူညီထောက်ပံ့တဲ့ အဖွဲ့လေ။ ဒါပေမဲ့ လက်အောက် ဝန်ထမ်းတွေက လူမျိုးရေး ခွဲခြားတယ်။ လူမျိုးခွဲခြားပြီး ထောက်ပံ့တာကတော့ မဖြစ်သင့်ဘူး။ မျှမျှတတ ဖြစ်သင့်တယ်” ဟု ပင်လုံမြို့မိမြို့ဖတစ်ဦးကလည်း ပြောပါသည်။

လိုက်လံကွင်းဆင်းကြည့်ရှုကာ ကူညီထောက်ပံ့မည်ဟု ပြောဆိုသော်လည်း အကူအညီ မရရှိသေးသည့် ရွာများမှာ ဝမ့်နောင်-ဝမ့်ကုန်း၊ ဝမ့်ပန်အွတ်၊ ဟိုင်းနန်း စသည့်ရွာများဖြစ်သည်ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

by ကျော်ခ

လွှတ်တော်တွင်းဝင်ရောက်ပြီး အစိုးရနှင့် လက်တွဲလုပ်ဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်ကြောင်း ရှမ်းတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သည့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က လွိုင်တိုင်းလျန်း ဌာနချုပ်၌ ဧရာဝတီ နှင့် မကြာ သေးခင်က သီးသန့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

news image

ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုကြီးအတွင်း ဒီမိုကရေစီ တံခါးကို ဖွင့်ပေးခဲ့သူဖြစ်ကြောင်း ထို့အတူ သူ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း ပြုလုပ်ခဲ့သော “ပင်လုံ စာချုပ်” သဘောတူညီချက်အတိုင်း ပြုစုပျိုးထောင်ပြီး လုပ်ဆောင်သွားမည် ဆိုသည့် အချက်အပေါ်လည်း RCSS/SSA အနေဖြင့် ယုံကြည်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က သွားရောက်သည့် ၆၆ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ ခရီးစဉ်၌ တွေ့ဆုံရာတွင် သူက ပြောဆိုခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အနေနဲ့လည်း ယုံကြည်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီပြည်ထောင်စုထဲမှာ ဒီမိုကရေစီကို လမ်းစ တံခါးလာဖွင့်ပေးတာလည်း ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က ကြေညာ ထားတာတော့ ရှိတာပေါ့နော်၊ သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလုပ်သွားတဲ့ ပင်လုံစာချုပ် သဘောတူညီချက်အတိုင်း သူပြန်လာပြီးတော့ ပြုစု ပျိုးထောင်ပြီးတော့ လုပ်သွားမယ်ဆိုတဲ့ အချက်ကိုလည်း ကျနော်တို့အနေဲ့ ယုံကြည်ထားပါတယ်”ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ဒုတိယ ပင်လုံညီလာခံ (သို့မဟုတ်) ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရန် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။

ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက် လာရေးအတွက် ရှမ်းလက်နက်ကိုင် ခေါင်းဆောင်များကဲ့သို့ပင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင် အများစုကလည်း ကြိုးပမ်းမှုများ ရှိနေသကဲ့သို့ မျှော်လင့်မှု များလည်းရှိနေ ကြသည်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က လက်ရှိအစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများသည် တံခါးဖွင့်သည့် အဆင့်၌ သာ ရှိပြီး ထဲထဲဝင်ဝင် လုပ်ဆောင်ခြင်း မရှိသေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပဏာမ အပစ်အခတ်ရပ်စဲမှု လုပ်ဆောင်နိုင်သည့် အစိုးရ ဖြစ်သော်လည်း ယခု အချိန်အထိ လက်တွေ့ အကောင်အထည် ဖော်ဆောင်မှုများကို သေသေချာချာ တွေ့မြင်ရခြင်း မရှိသေးကြောင်း ပြောသည်။

ထို့အတူ လက်ရှိ အစိုးရစစ်တပ်သည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော် မဟုတ်တော့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်သည် အတိတ်ကာလတွင် ပြိုကွဲပျက်စီး သွားခဲ့ပြီ ဖြစ်ကြောင်း ပြောသည်။

“ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားတဲ့ တပ်မတော်က ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းလိုက်ကတည်းက ဒီတပ်တွေ အကုန်လုံး ပျက်သွားပြီ၊ အဲဒီနောက်ပိုင်း တပ်မတော် ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်လာခဲ့တဲ့ တပ်မတော် မဟုတ် တော့ဘူး၊ ဒီလို ကျနော်တို့ ယုံကြည်ထားတယ်” ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

RCSS/SSA နှင့် အစိုးရတို့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်ထားသော်လည်း အစိုးရ စစ်တပ်ဘက်က ချိုးဖောက်မှုတွေရှိနေပြီး သဘောတူညီမှုရရှိပြီးနောက် နှစ်ဘက် တိုက်ပွဲပေါင်း ၄၀ ကျော်ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် RCSS/SSA အနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်တွင် ရပ်တည်ကာ ပြဿနာများကို ဖြေရှင်းသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

RCSS/SSA အနေဖြင့် နိုင်ငံရေး ပါတီတရပ်အသွင်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရန်ရှိမရှိ သတင်းထောက်များက မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ စနစ်ကိုလက်ခံကြောင်း ရွေးကောက်ပွဲဝင်ရောက်ရေး အခြေအနေမှာ အစိုးရနှင့် ဆက်လက် ဆွေးနွေး ရမည့် ဆွေးနွေးပွဲ ရလဒ်များအပေါ်တွင်မူတည်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ရှင်းပြသည်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှု ဆန့်ကျင်ရေး လှုပ်ရှားမှု စတင်

အမျိုးသမီးများ အကြမ်းဖက်ခံရမှု ဆန့်ကျင်ရေး လှုပ်ရှားမှု စတင်

တစ်ကမ္ဘာလုံးမှာရှိကြတဲ့ အမျိုးသမီးတွေ ညှင်းပန်းနှိပ်စက်ခံရတဲ့ အခြေအနေတွေ ရပ်တန့်ဖို့အတွက် ရန်ကုန်မြို့မှာ ဒီကနေ့ အမျိုးသမီး၊ အမျိုးသား အရွယ်စုံ အင်အားနှစ်ရာ လောက် စုပေါင်းပြီး ဆန္ဒထုတ်ဖော် ကပြဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မနက် (၆) နာရီကနေ (၈) နာရီအထိ နှစ်နာရီကြာအောင် ပြည်သူ့ရင်ပြင်၊ အင်းလျားကန်ဘောင်၊ ကန်တော်မင်္ဂလာပန်းခြံ၊ ပြင်သစ်ယဉ်ကျေးမှုဌာနနဲ့ လူစည်ကားရာနေရာတွေဖြစ်တဲ့ Junction Square၊ ဒဂုံစင်တာ၊ တော်ဝင်စင်တာနဲ့ ဦးထွန်းလင်းခြံလမ်းတို့မှာ ပြုလုပ်ခဲ့ကြတာပါ။

ဒီကနေ့ ပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ကပြဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး ပါဝင်ခဲ့ သူတစ်ဦးဖြစ်တဲ့ မထက်ထားက RFA ကို အခုလို ပြောပြပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေ သန်း(၁၀၀၀) လောက်က အဓ္ဓမပြုကျင့်ခံရဖို့ အခြေအနေတွေရှိနေတယ်၊ အဲ့အမျိုးသမီးတွေအတွက် တောင်းဆိုဆန္ဒထုတ်ဖော်တဲ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပတာပါ

အမျိုးသမီးတွေညှင်းပန်း နှိပ်စက်ခံနေရတာကို ရပ်တန့်ကြဖို့ အခုလို ဆန္ဒထုတ်ဖော်တဲ့ပွဲဟာ တစ်နိုင်ငံလုံးအနေနဲ့ ပြုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး အဲဒီဆန္ဒထုတ်ဖော်ပွဲမှာ လူဦးရေ နှစ်ရာ ဝန်းကျင်လောက် ဝင်ရောက်ကပြခဲ့ပါတယ်။

အဲဒီလို အမျိုးသမီးတွေ ညှင်းပန်းနှိပ်စက်ခံရတဲ့ အခြေအနေတွေ ရပ်တန့်ဖို့အတွက် နောက်ပိုင်းမှာလည်း ထပ်မံကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရွှေတြိဂံဒေသမူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် အလားအလာတခိျု့ရှိ

ရွှေတြိဂံဒေသမူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် အလားအလာတခိျု့ရှိ

by မွေခေါဝ်

မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးအား သတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ သေဒဏ်ချမှတ်ခံထား ရသည့် သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း သည် သေဒဏ်မှ လွတ်မြောက်ရန် အလားအလာ အနည်းငယ်ရှိကြောင်း တရုတ်နယ်စပ်သတင်းများအရ သိရှိရသည်။

news image

“တရုတ်သင်္ဘောမှာ တပ်ထားတဲ့ CCTV ကင်မရာမှာ ဆန်ခမ်းနဲ့ယီလိုင်းတို့ရဲ့ပုံတွေ ပါလာတယ်။ ဒါပေမဲ့ စိုင်းနော်ခမ်း တော့ မတွေ့ရဘူး။ စိုင်းနော်ခမ်း ပါတယ်ဆိုတာ အထောက်အထား မရှိတော့ သေဒဏ်က လွတ်နိုင်ဖို့ အလားအလာရှိတယ်” ဟု တရုတ်နယ်စပ်မှ ဒေသခံတစ်ဦးက ပြောပါသည်။

တဖက်၌လည်း ရုံးတင်စစ်ဆေးရာ၌ စိုင်းနော်ခမ်းက သတ်ဖြတ်ရန် အမိန့်မပေးရဟု ထွက်ဆိုထားပါ သည်။

သို့သော် တရုတ်အာဏာပိုင်များက စိုင်းနော်ခမ်း၏ ညွှန်ကြားချက်မပါဘဲ ၎င်း၏ လက်အောက်ငယ်သား များက တရုတ် ၁၃ ဦးအား သတ်ဖြတ်မည်မဟုတ်ဟု ယုံကြည်နေကြသည်။

၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတရားရုံး(Intermediate Court)က မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်မှုဖြင့် စိုင်းနော်ခမ်းနှင့် ၎င်း၏ အပေါင်းအပါများဖြစ်ကြ သော ဆန်ခမ်း၊ ယီလိုင်းနှင့် ဂျဆီးကား တို့အား သေဒဏ်ချမှတ်ပြီး လားဟူအမျိုးသား ၂ ယောက် အနက် ဂျပိုးမှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးမှာ ထောင်ဒဏ် ၈ နှစ် စသဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

သေဒဏ်ချမှတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၀ ရက် ၂၀၁၂ တွင် စိုင်းနော်ခမ်း က အယူခံဝင်ခဲ့သေးသည်။

“ရှေ့နေဆိုတာ အမှန်တရားနဲ့ အလုပ်မလုပ်ဘူး။ ဥပဒေကြောင်းနဲ့ အလုပ်လုပ်တယ်။ အမှန်တရားနဲ့ ဥပဒေကြောင်းဆိုတာ အမြဲတမ်း တူညီမနေဘူး” ဟု ထိုင်းနိုင်ငံ ဥပဒေပိုင်းဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောပါသည်။

ဟောင်ကောင်ရှေ့နေတစ်ဦးက စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် ကြိုးပမ်းလျက်ရှိပြီး အယူခံ ဝင်မှုအပေါ် ဘေကျင်း(ပီကင်း)မှ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ဆိုပါသည်။

မူးယစ်ရာဇာအမည်ရ ရွှေတြိဂံဒေသ၌ လှုပ်ရှားခဲ့ဖူးသော စိုင်းနော်ခမ်း အား ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်က ဘတ် ငွေ ၂ သန်းဖြင့် ဖမ်းမိန့်ကြေငြာပြီးနောက် ဧပြီ ၂၅ ရက် ၂၀၁၂ လောဝ်နိုင်ငံမြောက်ပိုင်း၌ ဖမ်း ဆီးခြင်းခံခဲ့ရသည်။ တရုတ်နိုင်ငံသို့ လောဝ်(လာအို)အစိုးရက လွှဲအပ်ပေးပြီးနောက် ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့ ယူနန်ပြည်နယ် ကူမင်းတရားရုံးက ၎င်းအား သေဒဏ်ချမှတ်ခဲ့သည်။

စစ်တွေမြို့မိ မြို့ဖများက မောင်တောနဲ့ ဒေသအနှံ့အပြားတွင် ရခိုင်များ တိုက်ခိုက် သတ်ဖြတ်ခံနေရမူ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို တင်ပြ

စစ်တွေမြို့မိ မြို့ဖများက မောင်တောနဲ့ ဒေသအနှံ့အပြားတွင် ရခိုင်များ တိုက်ခိုက် သတ်ဖြတ်ခံနေရမူ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို တင်ပြ

by မောင်အေး

ရခိုင်ပြည်နယ်ကို နှစ်ရက်အကြာ အလည် အပတ် ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ် စားလှယ် မစ္စတာ ကင်တေးနားကို စစ်တွေ မြို့မိ၊ မြို့ဖ တွေက မောင်တောမြို့နယ် အပါ အ၀င် ဒေသ အနှံ့အပြားမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မူကြောင့် ရခိုင်လူမျိုးတွေ သေဆုံး ထိခိုက် ဒဏ်ရာရနေကြရတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

news image

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်တွေမြို့ စစ်တွေ ဟိုတယ်မှာ နေ့လည် တနာရီခွဲကနေ ညနေ ၃ နာရီအထိ တွေ့ဆုံစဉ်မှာ ရခိုင်မြို့မိ မြို့ဖတွေက ခုလို တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ တွေဆုံပွဲကို ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ် စားလှယ် မစ္စတာ ကင်တေးနားနဲ့ အတူ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam တို့လည်း တက်ရောက် ခဲ့ပြီး ရခိုင်မြို့မိ မြို့ဖတွေဘက်ကတော့ ဦးသာပွင့်၊ ဦးသန်းထွန်း၊ ဦးကျော်ဦး၊ ဦးကျော်ဇောအောင်၊ ဦးလှသာထွန်း အပါအ၀င် လူကြီး ၁၆ ဦးတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မွတ်ဆလင်တွေဘက်ကတော့ လူကြီး တချို့တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကိုယ်တိုင် ပါဝင် တက်ရောက် ခဲ့တဲ့ စစ်တွေမြို့က မြို့မိ၊ မြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက သူတို့ဘက်က တင်ပြတဲ့ အခြေအနေတွေကို ခုလို ပြောပြပါတယ်။

“ ကျွန်တော်တို့ဘက်ကတော့ ဦးသာပွင့်က ဦးဆောင်ပြီး ဆွေးနွေးပါတယ်။ သူဆွေးနွေးတာက ဒီဘင်္ဂလီ လူမျိုးတွေနဲ့ ရခိုင် လူမျိုးတွေ အခုအချိန်မှာ အတူ ယှဉ်တွဲ နေထိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဆိုတဲ့ ကိစ္စပါ။ သူတင်ပြတာကတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့က မောင်တောမြို့နယ် ငခူရဒေသက မြို့သစ်ရွာကို ရန်ငြိုး ရန်စ မရှိဘဲ ဘင်္ဂလီတွေက လူအင်အားသုံးပြီး နစက အယောင်ဆောင်ကာ တူမီးနဲ့ပစ်၊ ဓါးနဲ့ ခုတ်တဲ့ အတွက် ရခိုင် တစ်ယောက် သေတယ်။ တစ်ယောက် အပြင်း အထန် ဒဏ်ရာရတယ်။ နောက်နှစ်ဦး လည်း မောင်တော ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသ နေရတဲ့ ဖြစ်ရပ်တွေကို တင်ပြ ပြောဆိုပါတယ်။”

ဒါ့အပြင် ဦးသာပွင့်မှ ယခုလို ရခိုင်အမျိုးသားများအား ဘင်္ဂလီ အကြမ်းဖက်လိုသူများက တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်နုန်းနဲ့ ရခိုင်ပြည်နယ် အနှံ့ တိုက်ခိုက် နေတယ်လို့ မစ္စတာ ကင်တေးနားကို တင်ပြ ပြောဆို တယ်လို့ ဆိုပါတယ်။

“ ဦးသာပွင့်က ဒီလို တပတ်အတွင်း နှစ်ကြိမ် သုံးကြိမ်နှုန်းနဲ့ ရခိုင်ပြည်နယ် အနှံ့မှာ ဖြစ်နေပါတယ်။ ဒါကြောင့် လုံခြုံရေးကို ရုပ်သိမ်းတာနဲ့ အဲဒီ ဘင်္ဂလီတွေက ရခိုင်ရွာတွေကို မီးချို့၊ ဖျက်ဆီး၊ လူတွေကို သတ်ပြီး ဒီနယ်မြေ တစ်ခုလုံးကို လူအင်အားနဲ့ အပိုင်စီးသွားရေး အတွက် ကြိုးပမ်းနေတယ်ဆိုတာ မျက်မြင် ထင်ရှား တွေ့မြင် နိုင်တယ်။ အမှန်တကယ်အားဖြင့် ရခိုင်တွေဟာ လူ့အခွင့်အရေး ချိုးဖေါက်သူတွေ မဟုတ်ဘဲ ချိုးဖေါက် ခံနေရတဲ့ သူတွေ ဖြစ်ကြောင်းကို သက်သေ အထောက်အထားတွေနဲ့ တင်ပြပါတယ်။”

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်မှ ပြန်လည် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဦးသန်းထွန်းက ယခုလို ပြောပြပါတယ်။

“ သူတို့ဘက်ကပြောဆိုတာကတော့ ထူးထူးခြားခြားမရှိပါ။ အဓိက ဒီတွေ့ဆုံမှုက ပဋိပက္ခ အလွန် ကာလမှာ ဒီလူမျိုး နှစ်မျိုး ဆက်လက် ငြိမ်းချမ်းစွာ အတူ နေထိုင်နိုင်ရေး အတွက် လာရောက် လေ့လာတဲ့ ခရီးစဉ် ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံ တကာအဖွဲ့ အစည်းတွေနဲ့ ကြားဝင် ဖြေရှင်းပေးလို့ မရနိုင်ဆိုတဲ့အကြောင်းနဲ့ လူမျိုးနှစ်မျိုးအနေနဲ့သာ သူတို့ ပြဿနာကို သူတို့ချင်းသာ သင့်မြတ်မူ ရအောင် ဖြေရှင်းသင့်တယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စား လှယ် Mr. Ashok Nigam က ဘာပြောသလဲ ဆိုရင် ယူအန် နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ်မှာ ရခိုင်တိုင်းရင်းသားတွေ မယုံမကြည်မှုတွေဖြစ်နေရတဲ့ အပေါ်မှာ သူ့အနေနဲ့ စာနာ နားလည် ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် ယူအန်အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ ရခိုင်အမျိုးသားတွေကြားမှာ နားလည်မှု တည်ဆောက်ဖို့ လိုတယ်ဆိုတဲ့အကြောင်းကို သူပြောပါတယ်။”

မွတ်ဆလင် လူကြီး တွေကတော့ ရခိုင်လူမျိုးတွေနဲ့ ရှေ့ကလိုဘဲ အတူတကွ ယှဉ်တွဲ နေထိုင် လိုကြောင်း တင်ပြခဲ့တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် ဥပရောပကို ထွက်ခွာ

၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် ဥပရောပကို ထွက်ခွာ

by မင်းလွင်

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပ ၃ နိုင်ငံခရီးအတွက် ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပါတယ်။

news image

ဦးမင်းကိုနိုင် နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေနိုင်ငံ အော်စလိုမှာ နှစ်စဉ် ကျင်းပတဲ့ နိုင်ငံတကာ ကျောင်းသားငြိမ်းချမ်းရေး ဆုပေးပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပြီး ခရီးစဉ်နဲ့ပတ်သက်လို့ ဦးပြုံးချိုက အခုလို ပြောပါတယ်။

“နိုင်ငံခြားခရီးစဉ်တွေမှာ အချိန်တွေပေးတယ်၊ ဖိတ်ကြားခံရတော့ ရောက်တဲ့အချိန်မှာ အတွေ့အကြုံတွေ ရအောင် ကြိုးစားမယ်။ မြန်မာအ၀န်းအ၀ိုင်းနဲ့လည်း ထိစပ်တွေ့ဆုံနိုင်တော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အမြင်ချင်းဖလှယ်လို့ရတယ်။”

နိုင်ငံတကာ ကျောင်းသားပွဲတော်က ပေးအပ်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို ၂၀၀၁ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)နဲ့ အဲဒီအချိန်က အကျဉ်းကျခံနေရတဲ့ ဦးမင်းကိုနိုင်တို့ ပူးတွဲရရှိခဲ့ဖူးပါတယ်။

ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေကနေ ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတို့ကို သွားရောက်ဖို့ ရှိနေပါတယ်။ သွားရောက်တဲ့ နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို မြန်မာအသိုင်းအ၀ိုင်းတွေနဲ့လည်း သီးသန့် တွေ့ဆုံမယ်လို့ ဦးပြုံးချိုက ဆိုပါတယ်။

“နော်ဝေကပေးတဲ့ ကျောင်းသားငြိမ်းချမ်းရေးဆု လက်ခံဖို့ရှိတယ်။ အော်စလိုတက္ကသိုလ်မှာ စကားပြောဖို့ရှိတယ်။ တကမ္ဘာလုံးကတက်ရောက်လာတဲ့ ကျောင်းသားတွေနဲ့ တွေ့ဆုံစကားပြောဖို့ ရှိတယ်။ နော်ဝေ၊ ဒိန်းမတ်နဲ့ ပြင်သစ်နိုင်ငံတွေမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေနဲ့ တွေ့မယ်။ မြန်မာအသိုင်းအ၀ိုင်းနဲ့ ဆွေးနွေးကြမယ်။ ဒိန်းမတ်နိုင်ငံ ပါလီမန်ကဖိတ်ထားတာလည်း ရှိတော့ အဲကိုလည်းသွားမယ်။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ဟာ အကျဉ်းထောင်က လွတ်မြောက်အပြီး ငြိမ်းချမ်းရေးအသွင်ကူပြောင်းရေး လေ့လာဖို့အတွက် ဖိလစ်ပိုင်နိုင်ငံကို အခုနှစ် ဇန်န၀ါရီလက သွားရောက်ခဲ့ပြီး အခု ခရီးစဉ်ဟာ ဒုတိယမြောက် ပြည်ပခရီးလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆု လက်ခံဖို့ ကိုမင်းကိုနိုင် နော်ဝေ သို့ထွက်ခွါ

ငြိမ်းချမ်းရေးဆု လက်ခံဖို့ ကိုမင်းကိုနိုင် နော်ဝေ သို့ထွက်ခွါ

နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေး ဆုကို လက်ခံရယူဖို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ ဒီနေ့  ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ နော်ဝေနိုင်ငံ စထရာဟမ်းမြို့က ချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို မနက်ဖန်မှာ လက်ခံရယူသွားမယ်လို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။

ဒီနေ့ ၁၄ ရက်နေ့ ရန်ကုန်ကနေ စထွက်မယ်၊ ၁၅ ရက်နေ့မှာ နော်ဝေနိုင်ငံမှာ ပြုလုပ်မယ့် ထာဝရ ငြိမ်းချမ်းရေး ဆုယူဖို့ရှိတယ်၊ ၁၆ ရက်နေ့မှာ မြန်မာကျောင်းသားတွေနဲ့ မြန်မာမိသားစုတွေနဲ့ တွေ့မယ်၊ ၁၇ ရက်နေ့မှာတော့ အော်စလိုကိုရောက်မယ်

ဒီခရီစဉ်အတွင်းမှာ နော်ဝေနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ ဆုံမှာဖြစ်ပြီး မြန်မာအသိုင်းအဝိုင်းနဲ့ လည်းတွေ့ ဆုံသွားမယ့်အပြင် အဲဒီနိုင်ငံမှာပဲ ခရီးစဉ်နဲ့  ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ လဲ ကိုပြုံးချိုက ပြောပါတယ်။

ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ နော်ဝေနိုင်ငံခရီးစဉ်အပြီးမှာ ပြင်သစ်နဲ့  ဒိန်းမတ်နိုင်ငံတွေကို သွားရောက်လည်ပတ်မှာဖြစ်ပြီး ဒီခရီးစဉ်ဟာ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ကနေ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ထိ ၉ ရက် ကြာသွားရောက်မယ်လို့ သိရပါတယ်။

ဗိုလ်ရာဇာနေ့ အခမ်းအနား နယ်သာလန်ရောက် ရခိုင်-ကရင်များနှင့် ရက္ခိုင့်တပ်မတော်တို့မှ ကျင်းပ

ဗိုလ်ရာဇာနေ့ အခမ်းအနား နယ်သာလန်ရောက် ရခိုင်-ကရင်များနှင့် ရက္ခိုင့်တပ်မတော်တို့မှ ကျင်းပ

by သန်းမင်းထိုက် ( စစ်တွေ )

ယခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်ခဲ့သော ၁၅ နှစ်မြောက် ဗိုလ်ရာဇာနေ့ အခမ်းအနားကို နယ်သာလန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်-ကရင် မျိုးချစ် ရဲဘော်များနှင့် ကချင် စစ်မြေပြင်ရောက် ရက္ခိုင့်တပ်မတော်တို့မှ အသီးသီး ကျင်းပခဲ့ကြသည်ဟု သတင်း ရရှိသည်။

news image

နယ်သာလန်နိုင်ငံတွင် ကျင်းပသော အခမ်းအနားကို အိန္ဒိယ နိုင်ငံ ထောင်ထဲတွင် ၁၃ နှစ်ကျော်ကြာအောင် နေထိုင်ခဲ့ရပြီး ယခုအခါ နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေကြသော ရခိုင်နှင့် ကရင် မျိုးချစ် တော်လှန်ရေးသမားများက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင် ကျင်းပရာတွင် ပါဝင်သူ ခိုင်ဓညလင်းက ပြောသည်။

“ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဗိုလ်ရာဇာ အပါအ၀င် ရခိုင်နဲ့ ကရင် ခေါင်းဆောင် ၆ ဦးဟာ ဒီဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ အိန္ဒိယ စစ်တပ်ရဲ့ သွေးအေးအေးနဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ သူတို့ သတ်ဖြတ်ခံရတဲ့ အတွက် အဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တွေ ဆုံးရှုံးသွားရသလို ရခိုင်တော်လှန်ရေးကိုလည်း အကြီးအကျယ် နစ်နာခဲ့ရတယ်။ ဒီနေ့ဟာ အဖိနှိပ်ခံ ဘ၀က လွှတ်မြောက်ရေး အတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ရခိုင်နဲ့ ကရင်တွေသာမက တော်လှန်ရေးကို မြတ်နိုးတဲ့ ရခိုင် တမျိုးသားလုံး (လုံးဝ) မမေ့ပျောက် မမေ့ပျောက်အပ်တဲ့ နေ့တစ်နေ့ ဖြစ်တယ်” ဟု ပြောဆိုသည်။

သို့အတွက် သူတို့ အနေဖြင့် ဗိုလ်ရာဇာ အပါအ၀င် ခေါင်းဆောင် (၆) ဦးကျ ဆုံးခဲ့ရသော နေ့ကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

အခမ်းအနားကို နယ်သာလန်နိုင်ငံ Wijhe မြို့တွင် ကျင်းပပြီး လူပေါင်း ၄၀ ခန့် တက်ရောက်ခဲ့သည်။

အလားတူ ၂ဝ၁၃-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သည့် (၁၅)နှစ်မြောက် ခိုင်ရာဇာနေ့ အခမ်းအနားကို ရက္ခိုင့် တပ်မတော် လူပ်ရှားရာ ကချင်ပြည်နယ် ရှေ့တန်းစစ်မြေပြင် စခန်း တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

အခမ်းအနားသို့ ရက္ခိုင့် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်၊ မဟာမိတ် အဖွဲ့များ၊ စစ်ရုံးချုပ်မှတာဝန်ဟိပုဂ္ဂိုလ်များ၊ စစ်ကြောင်းမှူးများနှင့် စစ်သည်၊ စစ်မေများ တက်ရောက်ခဲ့ကြသည်။

ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က မိန့်ခွန်းပြောကြားရာတွင် ခိုင်ရာဇာ၏ ပေးဆပ် စွန့်လွှတ်မှုများ၊ တောက်ပြောင် သော သူရဲကောင်းစိတ်ဓာတ်နှင့် လုပ်ရည်ကိုင်ရည် စသည် တို့ကို အကျယ်တဝင့် ချီးကျူးပြောကြားပြီး မျိုးဆက်သစ်ရဲဘော် များအနေဖြင့် ခိုင်ရာဇာ၏ လုပ်ရပ် များကို စံနမူနာ ထားကာ အားကျအတုယူ လိုက်နာကျင့်သုံးကြရန် လိုကြောင်း၊ ခိုင်ရာဇာ အပါအဝင် ခေါင်းဆောင်ကြီးများ လျှောက်လှမ်းခဲ့သည့် မပြီးဆုံးတဲ့ အမျိုးသားတော်လှန်ရေးတာဝန် တွေကို လက်ဆင့်ကမ်းပြီး ခေတ်အဆက်ဆက် ထမ်းဆောင် လားရမည့်ဖြစ်ကြောင်းနှင့် တိုင်းပြည်နှင့် လူမျိုးကို အလုပ် အကျွေးပြုရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

စစ်ရုံးချုပ်မှ လာသော သတင်းတစ်ရပ်အရ NUPA(ဘင်္ဂလားဒေ့ခ်ျ) ပါတီမှာ ရက္ခိုင့်တပ်မတော်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သဘောတူနားလည်မှုများကို လက်မှတ် ရေးထိုး ထားပြီး ရခိုင်ပြည်တပ်မတော်မှ လက်ကျန် စစ်သည်အင်အားများကိုလည်း ရက္ခိုင့်တပ်မတော်၊ စစ်ရုံးချုပ်၏ စီမံခန့်ခွဲမှုအောက်သို့ တရားဝင်လွှဲပြောင်း ထားပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်တပ်မတော်ကို ကမကထပြု တည်ထောင်ခဲ့သူ ခေါင်းဆောင်ကြီး စစ်ဦးစီး ချုပ်ခိုင်ရာဇာနှင့် နောက်ထပ် ရခိုင်နှင့် ကရင် ခေါင်းဆောင် ၅ ဦးသည် ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အိန္ဒိယ စစ်ထောက်လှမ်းရေး၏ အယုံသွင်း အကောက်ကြံမူကို ခံခဲ့ရပြီး အန်ဒမန်ကျွန်းရှိ Landford ကျွန်းတွင် အကောက်ကြံ သတ်ဖြတ်ခြင်းကို ခံရကာ ကျဆုံးခဲ့ကြရသည်။

သူတို့ ကျဆုံး ရသော်လည်း ခိုင်ရာဇာ အပါအဝင် သူရဲကောင်း ခေါင်းဆောင်များ၏ နာမည်နှင့် ဂုဏ်ဒြပ်မှာ ရက္ခိုင်ပြည်သူတို့၏ ရင်ထဲ၌ မိန့်ပျောက် မရနိုင်ဘဲ အစဉ် ထာဝရ ရှင်သန် နေမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားများက ပြောကြားသည်။

NLD ညီလာခံ ကိုယ်စားလှယ်ရွေးပွဲ တာမွေမြို့နယ်မှာ ကျင်းပ

NLD ညီလာခံ ကိုယ်စားလှယ်ရွေးပွဲ တာမွေမြို့နယ်မှာ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို လာမယ့် မတ်လအတွင်း ကျင်းပရေးအတွက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ အရှေ့ပိုင်းခရိုင် ညီလာခံ ကိုယ်စားလှယ်ရွေးချယ်ပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်တန်းအသင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

NLD ပါတီ စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလအတွင်း တစ်ကြိမ်မှ နိုင်ငံလုံးဆိုင်ရာညီလာခံ မကျင်းပနိုင်ခဲ့ပဲ ၊ အခုအခါမှ ရပ်ကျေးညီလာခံတွေ ၊ ခရိုင်ညီလာခံတွေ စတင်ကျင်းပဖြစ်တယ်လို့ အရှေ့ပိုင်းခရိုင်ညီလာခံကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဦးညီညီက RFA ကို ပြောပါတယ်။

ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က ဒီမိုကရေစီနည်းကျတဲ့ ပုံစံတွေ ပေါ်ပေါက်စေတဲ့ ထင်သာမြင်သာရှိရမယ် ကျွန်တော်တို့ ပါတီတွင်း ထဲမှာ ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေအောင် ကျင့်သုံးနိုင်အောင်ပါ အဲဒီ ရန်ကုန် အရှေ့ပိုင်းခရိုင် ညီလာခံကိုယ်စားလှယ်ရွေးပွဲမှာ မြို့နယ် ဆယ့်လေးမြို့နယ်ထဲက ကိုယ်စားလှယ် ဆယ့်ငါးဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

မတ်လ (၈) ရက် နေ့ကနေ (၁၀) ရက်နေ့ အထိ သုံးရက်ကြာကျင်းပမယ့် ဗဟိုညီလာခံကို ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးက ပါတီကိုယ်စားလှယ်ပေါင်း ၁၂၀၀ ကနေ ၁၅၀၀ ကြား တက်ရောက်ဖို့စီစဉ်ထားပြီး အဲဒီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

end faq

 
13
Feb
2013
Burmese News - February 13, 2013
လက်ပန်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်ပွဲ ထပ်မံဖြစ်ပွား

လက်ပန်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်ပွဲ ထပ်မံဖြစ်ပွား

လက်ပန်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် အထွေထွေ သပိတ်စခန်း အခြေချရာ တုံရွာကနေ ညောင်ပင်ကြီးဆိပ်ကမ်းထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

news image

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေး အတွက် တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင်၊ လယ်တီနဲ့ ရွှေလှေစတဲ့ ကျေးရွာတွေက တောင်သူလယ်သမားတွေဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ချီတက် ဆန္ဒထုတ်ဖော်နေကြတာပါ။

ဒေသခံတဦးက “လမ်းလျှောက် ဆန္ဒပြနေရတဲ့ ရည်ရွယ်ချက်ကတော့ လက်ပန်းတောင်းတောင် လုံးဝဖျက်သိမ်းရေးအတွက် ဆန္ဒပြလမ်းလျှောက် ချီတက်ရခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

တောင်သူတွေအနေနဲ့ ထွက်လာမယ့် လက်ပန်းတောင်းတောင်စီမံကိန်း စုံစမ်းစစ်ရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ဘယ်လိုလာဦးမလဲဆိုတာ မသိရသေးသလို သူတို့တွေအနေနဲ့ သူများကို အားကိုးတာထက် ဒေသခံတောင်သူတွေ စည်းစည်းလုံးလုံးရှိဖို့ လိုတယ်လို့ ပြောပါတယ်။

“စုံစမ်းစစ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာက ဘယ်လိုလာမလဲ မသိဘူး။ ဆိုးမလား၊ ကောင်းမလားတော့ မသိဘူး။ ကျနော်တို့ကတော့ ပြောရရင် သူများကကိုယ့်အကျိုးကို လုပ်ပေးတာထက် ဒေသခံတွေ စည်းစည်းလုံးလုံးနဲ့ လက်ပန်းတောင်းတောင် လုံးဝဖျက်သိမ်းရအောင် ဒေသခံ ၂၆ ရွာရှိ ပြည်သူတွေအားလုံးက ဆန္ဒရှိတယ်ဆိုတဲ့ သဘောထားလေးကို ထင်ထင်ရှားရှား ပြဖို့ လမ်းလျှောက်ချီတက်ကြတာပါ။”

လက်ပန်းတောင်းတောင် စီမံကိန်းဖျက်သိမ်းရေးကို ၅ လ ကျော်သွားပြီဖြစ်ပေမယ့် ပွင့်လင်းမြင်သာတဲ့ အနေအထားတွေ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။ လက်ပန်းတောင်းတောင် စီမံကိန်းကို လုံးဝဖျက်သိမ်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပြီး တုံရွာမှာ သပိတ်စခန်း ဖွင့်ထားတာ ၂ လ ရှိခဲ့ပြီ ဖြစ်ပါတယ်။

လက်ပံတောင်းတောင်အရေး ကင်တားနား အထူးစိတ်ဝင်စား

လက်ပံတောင်းတောင်အရေး ကင်တားနား အထူးစိတ်ဝင်စား

by မအေးအေးမာ

၅ ရက်ကြာ ခရီးစဉ်နဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆီ ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး၊ ဒီ့နောက် ကချင်ပြည်နယ်ကို ဆက်သွားဖို့ ရှိပါတယ်။

news image

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တုန်းကတော့ မစ္စတာ ကင်တားနားဟာ အင်းစိန်ထောင်ကို သွားရောက်ခဲ့တဲ့အပြင် မြန်မာ လူ့အခွင့်အရေး ကော်မရှင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံပြီး၊ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေ ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပြုပြင် ပြောင်းလဲရေး အခြေအနေတွေကို ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ညနေမှာပဲ မစ္စတာ ကင်တားနား ဟာ ရှေ့နေများ ကွန်ရက် မြန်မာနိုင်ငံနဲ့ တွေ့ဆုံခဲ့ပြီး၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဖြန့်ဝေမယ့် လက်ပံတောင်းတောင် အစီရင်ခံစာနဲ့ ပတ်သက်လို့ သူ့ကို တင်ပြနိုင်ခဲ့တယ်လို့ ရှေ့နေများကွန်ရက် မြန်မာနိုင်ငံ က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းမှာတော့ ရှေ့နေများကွန်ရက်ကို ကိုယ်စားပြုတဲ့ ရှေ့နေ ဦးလှထွန်းနဲ့ တွေ့ဆုံခဲ့တာပါ။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲလုပ်မယ့် အစီရင်ခံစာတခု ကို ပေးခဲ့တဲ့အကြောင်း ရှေ့နေများကွန်ရက်ရဲ့ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းသန်းဦး က ပြောပါတယ်။

“လက်ပံတောင်းတောင်အရေးနဲ့ပတ်သက်ပြီးတော့ ပြည်သူကို ရှင်းလင်းတင်ပြချက်ပေါ့နော် ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ ထုတ်ပြန်မယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်မှာပေါ့နော်။ အဲ့ဒီမှာ ဖြန့်မယ့် ကျနော်တို့ရဲ့ အစီရင်ခံစာကို မစ္စတာ ကင်တားနား လက်ကို ကျနော်တို့ ပေးလိုက်ပြီးတော့ အဲ့ဒီဟာနဲ့ပတ်သက်တဲ့ သက်သေခံ အထောက်အထားတွေကိုလည်း ကျနော်တို့ ပြပြီးတော့ ရှင်းပြခဲ့တယ်။ ဒီကိစ္စ အရေးယူဆောင်ရွက် ဖို့လို့ ပြောတယ်။ ဒုတိယတချက်ကတော့ မြစ်ကြီးနားထောင်မှာရှိနေတဲ့ အရှင်ဥာဏ အမှုနဲ့ပတ်သက်ပြီးတော့ တရားမျှတမှု ရအောင် ဆောင်ရွက်ပေးဖို့၊ အသက်အရွယ်ကို ငဲ့ညှာထောက်ထားပြီးတော့ ကြားဝင် ဆောင်ရွက်ပေးဖို့ဆိုပြီး ဦးလှထွန်း က တင်ပြခဲ့ပါတယ်။”

“အရှင်ဥာဏ အမှုကတော့ ကျနော်တို့ ငယ်ရွယ်စဉ် ရှေ့နေဖြစ်ခါစ ဘ၀ကတည်းက သူက အကြိမ်ကြိမ် ထောင်ကျခဲ့တာ၊ အဓိကကတော့ သူက ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ အယူအဆနဲ့ ကွဲလွဲတဲ့ အယူအဆ ရှိတာပေါ့နော်။ ဒါကြောင့် သူက သူ့အယူအဆအတိုင်း လွတ်လွတ်လပ်လပ် သင်္ကန်းကို အပြာ ၀တ်တယ်။ သတ္ထုသပိတ် ကိုင်တယ်ပေါ့နော် ပုံကတော့ ဘုန်းကြီးအတိုင်းပါပဲ အကုန်လုံး ကတော့၊ အကြမ်းဖျဉ်း ပြောရရင်တော့ သူတို့ မူက သာမည သဘောတရားကြမ်းဆိုတဲ့ သူတို့ ထုတ်တဲ့ထဲမှာ ပါတယ်။ အဲ့ဒီမူအတိုင်း သီးခြား ဗုဒ္ဓဘာသာတရပ် ကွဲလွဲတဲ့ ဗုဒ္ဓဘာသာတရပ် ထူထောင်တာ၊ အဲ့ဒီအတွက် အပြစ်ပေး အရေးယူထားတာပေါ့ဗျာ။ ယုံကြည်ချက်ကြောင့် အပြစ်ပေး ခံရတာပါပဲ။ ကျန်တာ ဘာမှ မပါပါဘူး။ အခုက ဦးဥာဏ က အသက်အရွယ် အတော်လဲ ကြီးနေပါပြီ။ ၇၀ ကျော်ပြီနဲ့တူပါတယ်။ ကျတဲ့ အပြစ်ဒဏ်ကလည်း များတယ်။ ရဲဘက်စခန်းတွေ ကိုလည်း သူ့ခမျာ ရောက်ခဲ့ရရှာတယ်။ ဒီကိစ္စအတွက် လူမှုရေးအရ ကြားဝင်ပြီးတော့ ဆောင်ရွက် ပေးဖို့အတွက် တောင်းဆိုတာပါ။”

လက်ပံတောင်းတောင်နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ရှေ့နေများ ကွန်ရက် မြန်မာနိုင်ငံ ကနေ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့အတွက် အစီအစဉ်ရှိတဲ့အကြောင်း၊ ဒီအစီရင်ခံစာရဲ့ အဓိကကျတဲ့ အချက်အလက်တွေကိုလည်း ဆက်ပြောသွားပါတယ်။

“၃ ပိုင်းပေါ့နော် လက်ပံတောင်းတောင် ကျနော်တို့ရဲ့ အစီရင်ခံစာမှာက ရှေ့နေများကွန်ရက် မြန်မာနိုင်ငံ နဲ့ Justice Trust ဆိုတာ အမေရိကန်ပြည်ထောင်စုက ဖွဲ့တဲ့ တရားဥပဒေ စိုးမိုးရေးအဖွဲ့ ဘန်ကောက်မှာ အခြေစိုက်ပါတယ်။ ကျနော်တို့ ရှေ့နေ နှစ်ဖွဲ့ပေါင်းပြီးတော့ စုံစမ်းစစ်ဆေးမှု လုပ်ပြီးတော့ တင်ပြတာပါ။ အဓိကအားဖြင့် ၃ ချက် ပြောရမှာပေါ့။ နံပါတ်တစ်အချက်ကတော့ ကျနော်တို့ တွေ့ရှိတာက လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ၀မ်ဘောင်ကုမ္ပဏီ နဲ့ ပြည်သူတွေကြားမှာ ချုပ်ဆိုခဲ့တဲ့ ပဋိဉာဉ်စာချုပ်တွေဟာ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး။ လွတ်လပ်တဲ့ သဘောဆန္ဒ မပါဘူး။ အတင်းအကြပ် ချုပ်ဆိုထားတဲ့ စာချုပ်တွေ ဖြစ်တယ်ဆိုတဲ့ အချက်၊ နောက် ဒုတိယအချက်ကတော့ လက်ပံတောင်းတောင် ပြည်သူတွေကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် တောင်းတာကို အကြိမ်ကြိမ် ငြင်းပယ်ခြင်း အားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖောက်ဖျက်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးတွေကို ငြင်းပယ်ခဲ့တယ်။ နောက် တတိယအချက်ကတော့ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြနေတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၂၉ ရက် ၁၁ လက ချေမှုန်းရာမှာ စစ်တပ်မှာပဲ သုံးစွဲခွင့်ရှိတဲ့၊ အရပ်ဘက်မှာ သုံးစွဲခွင့် မရှိတဲ့ WP ပေါ့ဗျာ White Phosphorus မီးစုန်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ပြီးတော့ ကျနော်တို့ မတရား အကြမ်းဖက်ခဲ့တယ်ဆိုတဲ့အချက်ကို ဖော်ပြတာပါ။ အဓိကကျတဲ့ အချက်တွေကို မီးမောင်းထိုးပြ တာပါ။”

မစ္စတာ ကင်တားနား ဟာ လက်ပံတောင်းတောင် အစီရင်ခံစာနဲ့ပတ်သက်ပြီး သက်သေပြချက်တွေ ကို အတော် စိတ်ဝင်စားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ရှိတယ်ဆိုပြီး ပြောသွားခဲ့တယ်လို့ ဆိုပါ တယ်။

“လက်ပံတောင်းကိစ္စကိုတော့ သူ အလွန် စိတ်ဝင်စားတယ်။ နောက်ပြီးတော့ သူ သေသေချာချာ စုံစမ်းမယ်လို့လည်း ပြောပါတယ်ခင်ဗျ။”

မစ္စတာ ကင်တားနား ဟာ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ကော်မရှင်ကို လည်း တွေ့ဆုံမှုတွေ ရှိခဲ့သလို၊ အင်းစိန်အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။ မကြာခင်မှာလည်း ကချင်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေပြီး သူ့ခရီးစဉ်အပြီး မပြန်ခင်မှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။

ဘာသာပေါင်းစုံအဖွဲ့ ဒဏ်ရာရသံဃာများအတွက် လှူဒါန်း

ဘာသာပေါင်းစုံအဖွဲ့ ဒဏ်ရာရသံဃာများအတွက် လှူဒါန်း

by ​အေး​နိုင်

လက်ပန်းတောင်းသပိတ်စခန်းမှာ မီးလောင်ဒဏ်ရရလို့ ထိုင်းနိုင်ငံ ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ သံဃာ ၂ ပါးအတွက် မန္တလေးမြို့က ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးအဖွဲ့က ကျပ်ငွေ သုံးဆယ့် ငါးသိန်း ရှစ်သောင်း လှူဒါန်းပါတယ်။

ဘန်ကောက်မြို့ ဘုရင့်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ဦးဇင်း ဦးတိက္ခဉာဏနဲ့ ကိုရင်လေး သဇ္ဇန တို့အတွက် လှူဒါန်းငွေကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က မန္တလေးမြို့က အဖွဲ့ရုံးမှာ သွားရောက် လက်ခံရယူခဲ့တယ်လို့ ဦးတိက္ခဉာဏရဲ့ သားတော် ဒေါက်တာနေသူရိန်က ပြောပါတယ်။

ဒီသံဃာတော် ၂ ပါးအတွက် ကနဦးပိုင်းတုန်းက ကုန်ကျစရိတ်အ၀၀ကို အစိုးရက တာဝန်ယူမယ်လို့ ကတိပြုထားပေမယ့် ဆေးကုသစရိတ်ကိုသာ တာဝန်ယူတော့တာကြောင့် လိုက်ပါစောင့်ရှောက်ကြတဲ့ မိသားစုတွေအတွက် ငွေကြေးခက်ခဲနေတယ်လို့ သံဃာတွေကို စောင့်ရှောက်နေတဲ့ ဦးဇင်း ဦးသုက ခုလို မိန့်ပါတယ်။

“ထိုင်းနိုင်ငံကို သွားကုမယ်ဆိုတော့ အစိုးရက အားလုံး တာဝန်ယူတယ်လို့ ပြောထားပြီးသားပဲ။ အခုတော့ သံဃာအစောင့်လိုက်သွားတဲ့ ကိုယ်တော်တွေအတွက်လည်း စရိတ် တနေ့ကို ဘတ် ၂၀၀၀ လောက်ကျတယ်။ ဒါ ဦးဇင်း တပါးတည်း ရှိသေးတယ်။ စောင့်ရှောက်မှုပိုင်းဆိုင်ရာ စကားပြန်တို့ မရှိတော့ ငှားရတဲ့ အခက်အခဲတွေ ရှိတော့ နေ့စဉ်ထွက်ငွေက တနေ့ကို ဘတ် ၂၀၀၀ လောက်ကုန်နေတယ်။ အစိုးရဘက်က တာဝန်မယူတော့ အတော် အခက်အခဲရှိတယ်။”

မီးလောင်ဒဏ်ရာရပြီး ပြည်ပကို သွားရောက်မကုဘဲ ရန်ကုန်အရေပြား အထူးကုဆေးရုံမှာ ကုသရင်း ကျန်ရစ်တဲ့ ၃ ပါးကိုတော့ စစ်ကိုင်းမြို့က သီတဂူဆေးရုံမှာ ပြောင်းရွှေ့ကုသပေးနေတယ်လို့ သူက ဆက်လက် မိန့်ကြားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသပိတ်ကို ဖြိုခွင်းတုန်းက သံဃာ ၁၀၃ ပါး မီးလောင် ဒဏ်ရာရခဲ့ပြီး အခုအခါ အဲဒီသံဃာတွေကို သီတဂူဆရာတော်ဘုရားကြီးနဲ့ ဒေါက်တာ ဒေါ်ကြူကြူလွင်တို့က ပူးတွဲပြီး အိန္ဒိယနိုင်ငံကလာတဲ့ ဓာတုအဆိပ်ဓာတ်တွေကို ပြေစေနိုင်တဲ့ ဆေးတွေနဲ့ ကုသပေးနေတယ်လို့ ဆိုပါတယ်။

မီးလောင်ဒဏ်ရာသင့်တဲ သံဃာတွေဟာ ဦးနှောက်အာရုံကြော အားနည်းနိုင်တယ်ဆိုတဲ့ လက္ခဏာတွေကြောင့် ဦးနှောက်အာရုံကြောအားတိုးဖို့နဲ့ စိတ်ကြည်လင်သန့်ရှင်းဖို့ ပြစုကုသပေးနေတယ်လို့ ဦးသုက မိန့်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က သပိတ်စခန်းဖြိုခွင်းမှုကို အစိုးရဘက်က ၀န်ချတောင်းပန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာရသံဃာတွေအတွက် မန္တလေးမှာ သံဃာတွေက သတင်းစာရှင်းလင်း တင်ပြသွားဖို့ ရှိနေပါတယ်။

ရခိုင်ပြည်နယ်အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်

ရခိုင်ပြည်နယ်အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်

by ​အေး​နိုင်

ရခိုင်ပြည်နယ်အစိုးရက သံတွဲခရိုင်တွင်းက မွတ်စလင်တွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ တားမြစ်ခံရတဲ့ သံတွဲမြို့နေ မွတ်စလင်အမျိုးသမီးတဦးက ပြောပါတယ်။

ရန်ကုန်မြို့ကိုသွားဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေယာဉ်လက်မှတ်သွားဝယ်ရာမှာ လ၀က ထောက်ခံချက်ရယူဖို့ ပြောတာကြောင့် သံတွဲခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး ဦးကိုကိုမောင်ကို သွားရောက်မေးမြန်းရာမှာ မွတ်စလင်တွေကို ပိတ်ပင်ထားတယ် ဆိုတာကိုသာ သိခဲ့ရပြီး ဘာကြောင့် ပိတ်ပင်တယ်ဆိုတာ မပြောပြဘူးလို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

“နိုင်ငံသားကတ် ကိုင်ထားသူမှန်သမျှကို ဒါမျိုးလုပ်တာလားဆိုတော့ မဟုတ်ဘူး၊ အစ္စလာမ်ပဲ လုပ်တာလို့ ပြောတယ်။ ခရိုင်မှူး ဦးကိုကိုမောင်က အစ္စလာမ်တွေဆိုရင် မည်သည့်ကတ်ကိုင်ထားပါစေ၊ ပန်းရောင်ကတ်ပဲဖြစ်ဖြစ်၊ သုံးခေါက်ချိုးပဲဖြစ်ဖြစ် ဘာပဲ ကိုင်ထားပါစေ၊ ပြည်နယ်လ၀က ခွင့်ပြုချက်မရဘဲနဲ့ လုံးဝ ခရီးသွားလာခွင့် မပြုဘူးတဲ့။ ၈၉ ခုနှစ်ကပဲ ထုတ်ထားတဲ့ ပန်းရောင်ကတ် ရခိုင်-အစ္စလာမ်ပါ။”

မွတ်စလင်တွေကို ခရီးသွားလာခွင့် တားမြစ်တဲ့အမိန့်ထုတ်ပြန်တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိတဲ့ရက်နဲ့ တိုက်ဆိုင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သံတွဲခရိုင်လ၀ကမှူး ဦးကိုကိုမောင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

သံတွဲမြို့နယ်အဆင့် လ၀ကရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြည်နယ်အစိုးရက နှုတ်မိန့်နဲ့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားတယ်လို့ ဖြေပါတယ်။

သံတွဲခရိုင်တွင်းက မွတ်စလင်တွေဟာ အရင်စစ်အစိုးရကာလတလျှောက်လုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားပေမယ့်လည်း ၂၀၀၄ နှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ခရီးသွားလာခွင့် ကန့်သတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၈ လလောက်ကစလို့ နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ပြသနိုင်ရင် လွတ်လပ်စွာခရီးသွားလာခွင့်ရခဲ့ရာက အခုတခါ ပြန်လည်ပိတ်ပင်ခံခဲ့ရတာလို့ အဆိုပါ မွတ်စလင်အမျိုးသမီးက ပြောပါတယ်။

အဆိုပါတားမြစ်ခံ အမျိုးသမီးက တခြားဘာသာဝင်တွေကို တားမြစ်ပိတ်ပင်ခြင်းမရှိဘဲ မွတ်စလင်ဘာသာဝင်ကိုသာ ပိတ်ပင်တာဖြစ်တယ်လို့ ပြောပြပါတယ်။

“လေယာဉ်ရုံးကနေ ကျမကို အဲဒါ ခဏခဏတောင်းနေတယ်။ အဲဒါ ယူလာခဲ့ပေးပါ ဒါမှပေးလို့ရမယ် သူတို့က အကြောင်းကြားထားလို့ဆိုပြီး။ မြန်မာ့လေကြောင်းကို ၀ယ်တဲ့အခါ မြန်မာ့လေကြောင်းက အဲလိုဆိုတော့၊ ရန်ကုန်အဲဝေးကို လှမ်းဆက်တော့ အစ်မ စိတ်တော့မရှိနဲ့တဲ့ အစ္စလာမ်လား၊ ဗုဒ္ဓဘာသာလားဆိုတော့ ကျမက အစ္စလာမ်ဆိုတော့ လ၀က ခွင့်ပြုချက်ယူခဲ့ပါတဲ့။ လ၀က ခွင့်ပြုချက်မပါဘဲ လေယာဉ်လက်မှတ်မရောင်းရဘူးဆိုပြီး မနေ့ညနေက လ၀ကက လက်မှတ်လာထိုးခိုင်းလို့ သူတို့ လက်မှတ်ထိုးလိုက်ရတယ်တဲ့။”

ဘာကြောင့်ပိတ်ပင်တယ်ဆိုတာကို ရခိုင်ပြည်အစိုးရအဖွဲ့အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားရာမှာ တာဝန်ခံဖြေဆိုခြင်းမရှိပါဘူး။

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်က သုတေသနအဖွဲ့ စစ်တွေရောက်ရှိ

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်က သုတေသနအဖွဲ့ စစ်တွေရောက်ရှိ

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအကြောင်းအရင်း အချက်အလက်တွေကို ကွင်းဆင်းလေ့လာဖို့အတွက် ရခိုင်အရေး စုံစမ်းရေးကော်မရှင်ရဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ ဟာ ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။

အဲဒီသုတေသနအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒီအဖွဲ့ကို ဦးဆောင်တဲ့ ဦးထန်ကျင်ထောင်က RFA ကို အခုလို ပြောပြပါတယ်။

ကျနော်တို့က ကော်မရှင်အဖွဲ့ဝင်တွေမှာ မပါဘူး။ ကျနော်တို့က သုတေသန သက်သက်ပဲ၊ သုတေသန သက်သက်ပဲဆိုတော့ ဖြစ်ခဲ့တဲ့နေရာတွေ တော်တော်များများကနေ အချက်အလက်တွေစုဆောင်းမယ်၊ သီးသန့်ဘယ်အဖွဲ့နဲ့ တွေ့မယ်၊ ဘာညာတွေတော့ မရှိပါဘူး၊ ကျနော်တို့ ကွင်းဆင်းပြီးတော့မှပဲ ရရှိလာတဲ့ အချက်အလက်တွေကိုပဲ အခြေခံပြီးတော့ အလုပ်လုပ်သွားဖို့ရှိပါတယ်

အခုရောက်ရှိလာတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေးကော်မရှင်ရဲ့ သုတေသနအဖွဲ့မှာ စုစုပေါင်း ၁၅ ဦးပါရှိပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်အားလုံးကို အဖွဲ့ ၃ ဖွဲ့ခွဲကာ အချိန် ၃ ပတ်ခန့်ကြာ သွားရောက်လေ့လာမှာ ဖြစ်တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်ရိုဟင်ဂျာတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေကို လေ့လာစုံစမ်းဖို့အတွက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန် ပေးအပ်ထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မနက်ဖြန်မှာလည်း ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ ထပ်မံရောက်ရှိလာမယ်လို့လည်း သိရပါတယ်

ထိုင်းတွင် ကရင် မိန်းကလေးငယ်တဦး ၅ နှစ်ကြာ ပိတ်လှောင် နှိပ်စက် ခိုင်းစေခံရ

ထိုင်းတွင် ကရင် မိန်းကလေးငယ်တဦး ၅ နှစ်ကြာ ပိတ်လှောင် နှိပ်စက် ခိုင်းစေခံရ

by သန်းထိုက်ဦး

ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်း ကန်ဖယ်ဖက် (Kamphaeng Phet) မြို့တွင် ထိုင်းလင်မယားက မြန်မာပြည်ဖွား ကရင် မိန်းကလေးငယ်တဦးကို အသက် ၇ နှစ် အရွယ်ကတည်းက ခိုးယူထားခဲ့ပြီး ၅ နှစ်ကျော်ကြာ ပိတ်လှောင် နှိပ်စက် ခိုင်းစေထားခဲ့ကြောင်း သိရသည်။

news image

ယခုအခါ အသက် ၁၂ အရွယ်ရှိပြီဖြစ်သော ကရင် မိန်းကလေးငယ်သည် ဇန်နဝါရီလ ၃၁ ရက်နေ့က ယင်းအိမ်မှ လွတ်မြောက်လာခဲ့ပြီးနောက် ကန်ဖယ်ဖက်ခရိုင်ရှိ မိသားစုနှင့် ကလေး စောင့်ရှောက်ရေး ဂေဟာတွင် စောင့်ရှောက်ထားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

အိမ်တွင်း အခိုင်းအစေ အဖြစ် ၅ နှစ်ကျော်ကြာ ပိတ်လှောင်ထားသည့် ကာလ အတွင်း စေခိုင်းသည့် အတိုင်း မလုပ်ပါက ထိုင်း လင်မယားက ရက်စက်စွာ နှိပ်စက်ခဲ့ကြောင်း၊ ခွေးလှောင်အိမ် အတွင်း ထည့်ထားခြင်း၊ ခန္ဓာကိုယ် အနှံ့ ရေနွေးပူဖြင့် ပက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထိုင်းဘာသာဖြင့် ဖော်ပြသည့် Thairath အင်တာနက် သတင်းက ဖော်ပြသည်။

“ရေနွေးပူ အလောင်းခံရပြီး အနာကို ထိုင်းအလုပ်ရှင် လင်မယားက ဆေးမကုပေးဘဲ ကိုယ့်ဘာသာကိုယ် ဆားရည်နဲ့ အနာ ပျောက်အောင် နေအိမ်မှာပဲ ကုသရတယ်” ဟု ကရင် မိန်းကလေးငယ်က ပြောဆိုထားသည်။

ခန္ဓာကိုယ် တခုလုံးတွင် အပူလောင်ဒဏ်ရာ အမာရွတ်များ ပြင်ထန်စွာ ရရှိထားကြောင်း၊ အပူလောင် ဒဏ်ရာကြောင့် အရေပြားများ ပျက်စီးကာ လက်နှစ်စလုံး လက်မောင်းရင်းအထိ အရေပြားများ တွဲဆက်သွားပြီး လက်နှစ်ဖက်စလုံးကို မမြှောက်နိုင်သည့် အခြေအနေ ရှိနေကြောင်း ထိုင်းသတင်းများတွင် ဓာတ်ပုံများဖြင့် ဖော်ပြကာ ရေးသားထားသည်။

အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားနှင့် အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသမီး လင်မယားတို့သည် အသက်မပြည့်သူကို အဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှု၊ ညဉ်းပမ်းနှိပ်စက်မှုတို့ အပါအဝင် စွပ်စွဲချက် ၇ ခုဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့သော်လည်း စွပ်စွဲချက်များကို ငြင်းဆိုထားကြောင်း၊ လတ်တလောတွင် သက်ဆိုင်ရာ ထိုင်းတရားရုံးက ဘတ်ငွေ ၇ သိန်း အာမခံဖြင့် လွှတ်ပေးထားကြောင်း၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စွပ်စွဲထားသော ၇ မှုကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအခြေစိုက် ပတ္တယား နေ့စဉ် သတင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရ ကရင် မိန်းကလေးငယ်၏ မိဘများသည် ၂၀၀၈ ခုနှစ်က ကန်ဖယ်ဖက် ခရိုင်အတွင်းရှိ ကြံစိုက်လုပ်ငန်းတွင် အလုပ်လုပ်ခဲ့ကြောင်း၊ ကရင် မိန်းကလေးငယ်သည် လွန်ခဲ့သည့် သုံးနှစ်က ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားခဲ့ရာ လူတဦးက ရဲလက်သို့ အပ်ခဲ့ကြောင်း၊ သို့သော် ရဲက မူလ ထိုင်းလင်မယားအိမ်သို့ ပြန်ပို့ခဲ့ကြောင်း၊ အိမ်ရှင်လင်မယားက အလွန်စိတ်ဆိုးပြီး နံရံနှင့် ခေါင်းကို ဆောင့်ခြင်း၊ ဖိနပ်ဖြင့် မျက်နှာကို ရိုက်ခြင်း၊ ပြစ်ဒဏ်အဖြစ် နားရွက်ဖျားကို ကပ်ကြေးဖြင့် ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရေးသားထားသည်။

ယခု တကြိမ်တွင် အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်လာသည့် ကရင် မိန်းကလေးငယ်ကို စောင့်ရှောက်ရေး ဂေဟာတွင် လုံခြုံစွာ ထားရှိကြောင်း၊ သူ၏ လုံခြုံရေးအတွက် အစောင့်အရှောက်များလည်း ချထားကြောင်း၊ ထို့အပြင် စိတ်အထူးကု ဆရာဝန်နှင့် ပြသပေးပြီး ကလေးငယ်၏ စိတ်ပုံမှန် ပြန်ဖြစ်ရန် ဆောင်ရွက်ရန် စီစဉ်နေကြောင်း စောင့်ရှောက်ရေး ဂေဟာ ညွှန်ကြားရေးမှူးကို ကိုးကား၍ ပတ္တယား နေ့စဉ် သတင်းက ဖော်ပြသည်။

ကရင် မိန်းကလေးငယ် အမှုနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်က အလုပ်သမားအရေး ဆောင်ရွက်သူများထံ လတ်တလောတွင် အကြောင်းကြားထားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

ကန်ဖယ်ဖက်မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အမှုမှန် ပေါ်ပေါက်ရေးအတွက် အာဏာပိုင်များအနေဖြင့် ကွင်းဆင်း စစ်ဆေးမှုများ အမြန်ဆုံး ပြုလုပ်ရန် ညွှန်ကြားထားသည်ဟု ထိုင်းရဲမှူးကြီး Akkarasorn Srisuphat က သတင်းထောက်များကို ပြောကြောင်း သိရသည်။

မတရား ညဉ်းပမ်းနှိပ်စက်ခံရသူမှာ ကလေးငယ်ဖြစ်ခြင်း၊ နိုင်ငံခြားသားဖြစ်ခြင်း စသည့် သိမ်မွေ့ရှုပ်ထွေးသောကိစ္စများ အမှုတွင် ရှိနေကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က မျက်မြင်သက်သေများ၊ ထင်ရှားသော အထောက်အထားများ လိုအပ်နေပြီး အကယ်၍ ပြစ်မှုထင်ရှားပါက ထိုအမှုမျိုးကို အမြင့်ဆုံးအားဖြင့် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ် ရေလမ်းသွားလာရေး ခက်ခဲနေ

ဧရာဝတီနှင့် ချင်းတွင်းမြစ် ရေလမ်းသွားလာရေး ခက်ခဲနေ

by ဇာနည်မာန်

နွေရာသီမတိုင်မီ မြစ်ရေစီးဆင်းမှုနှုန်း နည်းပါးလာသောကြောင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်အတွင်း ရေလမ်း သွားလာရေး ခက်ခဲမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

news image

“ပုံမှန်က တပေါင်း၊ တန်ခူးကျမှ ရေကျပြီး မြစ်ကြောင်းကျပ်တာ။ အခုက နှောင်းမိုးက မရွာတော့ တပို့တွဲ မ၀င်ခင်ကတည်းက ရေကျပြီး ကျပ်နေပြီ။ မကွေးတိုင်းဆိုရင် ဆင်ဖြူကျွန်း အောက်နားလေးမှာ အတော့်ကိုဆိုးတယ်။ သင်္ဘောတွေအပြင် မော် တော် တွေပါ သောင်တင်တာ။ တစင်းနဲ့တစင်း ကူတွန်း ကူဆွဲပြီး သွားနေရတာ”ဟု ကုန်တင် မော်တော်ပိုင်ရှင် ဦးတင်မြင့်က ပြော သည်။

ဧရာဝတီမြစ်ပိုင်းတွင် စစ်ကိုင်းမြို့အနီးရှိ ရတနာပုံတံတားဝန်းကျင်၊ မြင်းမူဒေသ၀န်းကျင်တို့တွင် သဲသောင်ခုံများ ထွန်းနေပြီး ရေကြောင်းသွားလာရေး ခက်ခဲမှု ဆိုးရွားနေသည်ဟု သူက ဆိုသည်။

“မန္တလေး မင်းကွန်းနားတ၀ိုက်ကိုတော့ ရွှေကိန္ဒရီလို တိုးသင်္ဘောတွေ သွားလာနေတာဆိုတော့ သောင်အမြဲ ခုတ်ပေးထား တော့ အဆင်ပြေတယ်။ အမှန်တော့ မြစ်ကြောင်းတလျှောက်လုံး ဒီလိုလုပ်ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။ အခုကတော့ နောက် နှစ်လ သုံးလ နေရင်တောင် ရေကြောင်း လုံးဝပိတ်သွားမလားလို့ စိုးရိမ်နေရတာ”ဟု ဦးတင်မြင့် က ပြောပြသည်။

အလားတူပင် ချင်းတွင်းမြစ်ပိုင်းတွင်လည်း မုံရွာအနီးဝန်းကျင် ဒေသများ၌ သဲသောင်ခုံများ ဖြစ်ထွန်းမှုကြောင့် ရေကြောင်းသွားလာရေး အခက်အခဲများ ယခင်နှစ်ကထက် စော၍ ဖြစ်ပေါ်နေကြောင်း ချင်းတွင်းမြစ်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်နေသူများက ဆိုသည်။

“မော်တော်ကြီးတွေ သွားမရတာကြာပြီ။ ကုန်တင် မော်တော်ကြီးတွေကေ ရစကြိုအောက်နားက ပခန်းကြီးအထိပဲ ရောက် တော့တာ။ မုံရွာအထိတောင် မရောက်နိုင်တော့ဘူး။ အရင်ကဆို ဆင်ဖြူရှင် တံတားနားအထိရသေးတယ်။ အခုတော့ ရှော်တယ် (စက်လှေငယ်)တွေနဲ့ပဲ ကလေးဝ ခန္တီးကို တက်နေရတာကြာပြီ။ ဒါတောင် တင်ရင် ဟိုတွန်းဒီတွန်းနဲ့ ဒီလိုပဲရောက်သွားရတယ်။ တချို့နေရာတွေဆို ခြေကျင်တောင်ကူးလို့ရနေတယ်”ဟု ချင်းတွင်းမြစ်တွင်းသွား ကုန်တင် မော်တော်ပိုင်ရှင် တဦးက ပြောသည်။

အထက်အညာဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့အကြား ဆန်၊ ဆီ၊ ပဲ၊ ငါးပိနှင့် ငါးခြောက် အစရှိသည့် ကုန်ပစ္စည်းများ ကုန်သွယ်ကူးလူးရာတွင် ရေကြောင်းကုန်သွယ်မှုကို အဓိကအားထားရကြောင်း၊ ယခုကဲ့သို့မြစ်ကြောင်းသွားလာရေး ခက်ခဲမှုကြောင့် တင်ပို့စရိတ်များ ပိုမိုလာသည့်အတွက် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာဖွယ် ရှိကြောင်းလည်း သူက ဆိုသည်။

“မြစ်ကြောင်းကျပ်တော့ ရှော်တယ်တွေ ထပ်ငှားရတဲ့စရိတ်၊ မော်တော်ကြီးတွေပေါ်ကနေ ရှော်တယ်တွေပေါ် ကုန်တွေ ကဲ့တင် ရတဲ့ စရိတ်၊ မြို့နားရောက်ပြန်တော့ အရင်ဆိပ်ကမ်းနေရာနဲ့ဝေးသွားပြန်တော့ ကုန်တွေကို တခါ ပြန်ကဲ့ရတဲ့ စရိတ်တွေပို လာ တော့ ကုန်သည်တွေဘက်ကလည်း ကုန်ပစ္စည်းတွေပေါ် စရိတ်ပြန်ကာမိအောင် ဈေးတင်မှာပဲ။ နောက်တခုက ခရီးဖင့်တော့ ကုန်တွေ အချိန်မီ မရောက်တာတွေ ဖြစ်တာပေါ့ဗျာ”ဟု ချင်းတွင်းမြစ်တွင်းသွား ကုန်တင် မော်တော်ပိုင်ရှင်က ပြောသည်။

ချင်းတွင်းနှင့် ဧရာဝတီမြစ်မှ မြစ်ရေတင် စိုက်ပျိုးရေးကို အားထားနေရသည့် လယ်သမားများသည်လည်း စိုက်ပျိုးစရိတ် ပိုမိုကုန်ကျနေကြသည်ဟု သိရသည်။

“ဒီနှစ် နွေနှမ်းစိုက်ဖို့ကို ရေသွင်းတာ ရေစုပ်စက် နှစ်လုံးနဲ့နှစ်ဆင့်ခံ သွင်းနေရတယ်။ အရင်က တလုံးတည်းနဲ့ ပိုက်ကလည်း ပေ နှစ်ရာ သုံးရာလောက်နဲ့ အခင်းအရောက် ရေတင်လို့ရတယ်။ အခုကတော့ ဆီဖိုးလည်းပိုကုန်၊ ပိုက်တွေလည်း အများကြီး ထပ် ၀ယ် နေရတယ်။ ဒီပုံအတိုင်း နောက်နှစ်တွေဖြစ်ရင်တော့ မလွယ်ဘူး”ဟု ဒေသခံ လယ်သမားတဦးက ပြောသည်။

ယခုကဲ့သို့ မြစ်ရေကျဆင်းမှုနှင့် မြစ်ကြောင်းပိတ်ဆို့မှု ဆိုးရွားလာခြင်းသည် ကမ္ဘာကြီး ပူနွေးလာခြင်း၊ ဧရာဝတီနှင့် ချင်းတွင်းမြစ် များ၏ ရေဝေရေလဲ ဒေသများရှိ သစ်တောများ ပြုန်းတီးခြင်းများကြောင့် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

“ရေဝေရေလဲဒေသတွေမှာ တောတွေပြုန်းတာက မြစ်အထက်ပိုင်း၊ မြစ်ထဲစီးဝင်တဲ့ မြစ်လက်တက်တွေမှာ ဆည်တွေ တမံတွေကို ဆင်ခြင်မှုမရှိဘဲ ဆောက်တဲ့အခါကျတော့ ဒီဆည်တွေနေရာအတွက် အပင်တွေ ခုတ်ပစ်ရတယ်၊ ရေစီးလည်း ဟန့်သွားတယ်။ နောက် သစ်တောတွေကို ခုတ်ရောင်းနေတာတွေ၊ မြစ်အထက်ပိုင်းမှာ အကန့်အသတ်မရှိ ရွှေတူးနေတာတွေ၊ ဆောက် လုပ်ရေးအတွက် သဲတွေ၊ ကျောက်စရစ်တွေကို မြစ်ကမ်းပါးတွေကနေ အကန့်အသတ်မရှိ ထုတ်နေတာတွေကြောင့် ဒီလိုဖြစ် လာတာ။ ဒါတွေမရပ်ရင် ဒီထက်ပိုဆိုးဖို့ပဲ ရှိတယ်”ဟု သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (FREDA) မှ ဦးအုန်းက ပြောသည်။

မြစ်ဖြတ်ကူး တံတာများ ဆောက်လုပ်ခြင်းသည်လည်း မြစ်ရေစီးကြောင်းများ ပျက်စီးစေသော အချက်များတွင် ပါဝင်သည်ဟု သူက ဆိုသည်။

“မြစ်ကူးတံတားတွေထိုးတော့ တံတားတိုင်တွေကို မြစ်ထဲစိုက်တဲ့အခါ အဲ့ဒီတိုင်အခြေတွေမှာ နုန်းတွေက တင်ကျန်ခဲ့တယ်။ အဲ့ဒီကနေ တဖြည်းဖြည်း သောင်တွေထွန်းပြီးတော့ ရေကြောင်း ပိတ်တာတွေဖြစ်လာတယ်။ မြစ်ကြောင်းထဲ တိုင်မစိုက်ဘဲ ဆောက်လုပ်တဲ့ နည်းပညာနဲ့ကလည်း အလှမ်းဝေးတော့ မြစ်ကြောင်းမပိတ်အောင် ထိန်းသိမ်းနိုင်တဲ့ တခြားနည်းလမ်းတွေလုပ်ဖို့လိုတယ်”ဟု ဦးအုန်းကပြောသည်။

၎င်းကဆက်လက်၍“ဧရာဝတီ၊ ချင်းတွင်းမြစ်တွေဆိုတာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပဲ။ ဒီမြစ်တွေမရှိတော့ရင် ဒီမြစ်တွေကို မှီခိုနေရတဲ့ လူတွေ သတ္တ၀ါတွေ ဒုက္ခရောက်မယ်။ ဒီမြစ်တွေကို ကယ်တင်ဖို့အတွက် သစ်တောတွေမပြုန်းအောင်၊ ရေဝေရေလဲ ဒေသတွေ မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းဖို့က မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်”ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တက်ကြွလှုပ်ရှားသူများ၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အဖွဲ့အစည်းများက လုပ်ဆောင်နေကြပြီး ဧရာဝတီမြစ်ကို ကယ်တင်ရေး တနိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားမှုမှာ မေခ၊ မလိခ မြစ်ဆုံတွင် တရုတ်အမျိုးသားပိုင် ကုမ္ပဏီမှ ဆောက်လုပ်သည့် မြစ်ဆုံရေကာတာ စီမံကိန်း ဆန့်ကျင်ရေးများ ၂၀၁၁ ခုနှစ် အတွင်းက ပေါ်ပေါက်ခဲ့ဖူးသည်။

ယနေ့ထုတ်အစိုးရ သတင်းစာများ၌ မြန်မာနိုင်ငံ ပို့ဆောင်ရေး ၀န်ကြီးဌာက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဆိုင်ရာ နည်းဥပဒေများ ကို စတင် ထုတ်ပြန်ထားသည်။

ဥဿာမြို့သစ်တွင် လူနေအိမ်များ ပြောင်းရွှေ့ရန် အမိန့်ထုတ်

ဥဿာမြို့သစ်တွင် လူနေအိမ်များ ပြောင်းရွှေ့ရန် အမိန့်ထုတ်

by ကွန်ချမ်း

စံခလပူရီ(မဇ္ဈိမ)။ ။ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး (၉) ရှိ လူနေအိမ်များကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် တရပ်ကွက်လုံးရှိ အိမ်ထောင်ဦးစီး တိုင်းသို့ စာနှင့်တကွ အကြောင်းကြားခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း အစည်းအဝေး ခေါ်ယူကာ ပြောင်းရွှေ့ရန် အမိန့်စာကို ဖတ်ပြခဲ့သည်ဟု ဆိုသည်။

“ကျူးကျော်မြေတွေ ဖြစ်တယ်ဆိုပြီး အကုန်လုံး ဖယ်ပေးရမယ်လို့ ပြောတယ်။ ဖယ်မပေးရင် ထောင်တလဆီ ချမယ်လို့ ပြောတယ်။ ခရိုင် ဒု-ဦးစီးမှူး (ဒု-အုပ်ချူပ်ရေးမှူး) ကိုယ်တိုင် ပြောတယ်။ နို့တစ်စာ ထုတ်ပြီးတော့ အစည်းအဝေးမှာ တရားဝင် ပြောတယ်” ဟု ရပ်ကွက်ကြီး (၉) မှ ဦးလင်းနိုင်ဦး က ပြောသည်။

ပြောင်းရွှေ့ရမည့် ရပ်ကွက်ကြီး (၉) တွင် အိမ်ထောင်စုပေါင်း ၉၀၀ ကျော် ရှိပြီး လူဦးရေ ၂၀၀၀ ကျော် ရှိသည်ဟု သူက ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားစာတွင် ပြောင်းရွှေ့ရမည့် အိမ်ထောင်စုများသည် ယခင် အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင်မြေအတွင်း နေထိုင်သူများ ဖြစ်ပြီး၊ ၁,၇၂၅ ဒဿမ ၇၇ ဧကရှိ မြေများကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြောင်းလွှဲပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ပြောင်းရွှေ့ခြင်း မပြုပါက ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံအောက်ပိုင်း မြို့ရွာရှိ မြေယာ အက်ဥပဒေ ပုဒ်မ ၂၁ (၁) အရ အရေးယူသွားမည်ဟု အကြောင်းကြားစာတွင် ဖော်ပြထားပြီး ထိုပုဒ်မဖြင့် ထောင်ဒဏ် ရက် ၃၀ ချခံရဖွယ် ရှိသည်။

ပြောင်းရွှေ့ရန် လက်ခံသည့် အိမ်ထောင်စုများကို ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈)၊ မြေတိုင်းရပ်ကွက် အမှတ် (၂၄) ၏ တောင်ဘက်၊ ဘော်ဒါဆောင်၏ အနောက်ဘက်နှင့် ရှင်ဆောင်း အထည်ချုပ် စက်ရုံဝန်းကျင်တွင် ပြန်လည်နေရာချပေးမည်ဟု ဆိုပြီး လက်ခံသူများအား လက်မှတ်ထိုးခိုင်းခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။ သို့သော်လည်း မည်သူတဦးတယောက်မှ ပြောင်းရွှေ့ရန် လက်မှတ် ထိုးခဲ့ခြင်း မရှိဟု အဆိုပါ ဒေသခံများမှ ဆိုသည်။

ဒေသခံအချို့၏ အဆိုအရ လွန်ခဲ့သည့် နှစ် ၄၀ ဝန်းကျင် ဥဿာမြို့သစ် မတည်ခင်ကပင် မဆလအစိုးရက ဤအရပ်တွင် ၎င်းတို့အား နေရာချထားပေးခဲ့ပြီး လယ်မြေ၊ ခြံမြေနှင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်ဟု ဆိုသည်။

ဥဿာမြို့သစ်ကို ၁၉၉၈ နောက်ပိုင်း လူနေအိမ်ယာ၊ အဝေးပြေးကားဂိတ်၊ စက်မှုဇုန်နှင့် စက်ရုံ အလုပ်ရုံများဖြင့် နဝတ အစိုးရက နေရာချတည်ထားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လူ့အခွင့်အရေး လှုပ်ရှားသူနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မစုစုနွေး က ပြောင်းရွှေ့ခံရမည့် အခြေအနေကို သွားရောက်လေ့လာခဲ့ပြီး ဒေသခံများအား အားပေးနှစ်သိမ့်ခဲ့ကာ အကူအညီပေးနိုင်ရန်လည်း ဆွေးနွေးခဲ့သည်ဟု မစုစုနွေး က ပြောသည်။

“သူတို့ အဲဒီမှာ နေလာတာ နှစ်ပေါင်း ၄၀ ကျော်ပြီရှင့်၊ ပြောင်းလိုက်ရင် တရွာလုံး အတိဒုက္ခရောက်မှာမို့ တရပ်ကွက်လုံးက မကျေနပ်ကြဘူး။ ကျမက သူတို့ကို အားလုံး လက်မှတ်ထိုးခိုင်းထားပါတယ်ရှင့်၊ ဒီဥစ္စာကို ကျမတို့ အထက်ကို စာတင်မယ်။ အဲဒီ မတ်လ ၁ ရက်နေ့ကျရင်လည်း ကျမ အဲဒီရပ်ကွက်ကို သွားစောင့်ပေး မယ်” ဟု မစုစုနွေးက ပြောသည်။

မစုစုနွေး သွားရောက်တွေ့ဆုံပြီးနောက် ၎င်းရပ်ကွက်မှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး စုစုပေါင်း ၂၀ ကျော်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ခရိုင်မှူးရုံး၌ တွေ့ဆုံရန် ခရိုင်အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ထားသော်လည်း မိမိတို့အား လက်ခံတွေ့ဆုံခြင်း မပြုခဲ့ဟု ဆယ်အိမ်မှူး တဦးက ပြောသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာ ရုံးအဖွဲ့တာဝန်မှူးက စီမံကိန်း ဧရိယာနှင့် မလွတ်ကင်းသည့် ကျူးကျော်အိမ်ယာများကို ဖယ်ရှားမည်မှာ မှန်ကန်ကြောင်းသာ ပြောပြီး တွေ့ဆုံရန် ပျက်ကွက်ရသည့် အကြောင်းကို ဖြေကြားခြင်း မပြုခဲ့ပေ။

ကျူးကျော်နေအိမ်များဟု သတ်မှတ်ကာ ဖယ်ရှားခိုင်းခြင်း၊ ချိန်းဆိုပြီး မတွေ့ဆုံဘဲ ကတိပျက်ကွက်ခြင်းနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဥဿာမြို့သစ် စက်မှုဇုန်ဝင်းအတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟုလည်း ဦးလင်းနိုင်ဦးက ပြောသည်။

ကသည်းသူပုန်လက်ချက် မြန်မာအစိုးရ ဖော်ထုတ်

ကသည်းသူပုန်လက်ချက် မြန်မာအစိုးရ ဖော်ထုတ်

ဖေဖေါ်ဝါရီလ ၉ ရက်နေ့က အိန္ဒိယ မြန်မာနယ်စပ် တမူးခရိုင် မြို့သစ် မြို့နယ်ထဲ က နန်းသလက် ချောင်းကူးတံတား မိုင်းခွဲ ခံရတာဟာ အိန္ဒိယ ခွဲထွက်ရေး မဏိပူ ကသည်း သူပုန် အဖွဲ့ UNFL လို့ ခေါ်တဲ့ ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေး တပ်ဦး ရဲ့ လက်ချက်လို့ မြန်မာ အစိုးရက တရားဝင် ထုတ်ဖေါ် ပြောပါတယ်။

news image

ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေး တပ်ဦး ရဲ့ လက်ချက်လို့ ပြောနိင်တာနဲ့ ပတ်သက်ပြီး သမ္မတ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က အခုလို ဖေါက်ခွဲမှု မပြုမီ သူပုန်တွေ လက်နက် ဝှက်တဲ့ နေရာ ကို ဖေါ်ထုတ် ဖမ်းဆီးမိရာက လက်တုံ့ပြန်တဲ့ အသွင် ဆောင်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

UNFL က သူတို့လက်ချက် မဟုတ်ဖူး၊ အာသံရိုင်ဖယ် လက်ချက် လို့ ပြောပေမယ့် မြန်မာဘက် က လည်း အာသံရိုင်ဖယ် နဲ့ ပူးပေါင်းပြီး UNFL ရဲ့ လှုပ်ရှားမှု ကို ဖေါ်ထုတ် နှိမ်နင်း နေတဲ့ အကြောင်း ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

တမူး၊ ကဘော်ချိုင့်ဝှမ်း ထွန်းဇံမြို့နယ် ကျည်ခါးရပ်မှာ အိန္ဒိယ ခွဲထွက်သူပုန်တွေ အခြေချ စခန်းပြုနေတယ် ဆိုတဲ့ သတင်း အပေါ်မှာ တော့ ဦးရဲထွဋ် က နယ်ခြား ကော်မတီ ပုံမှန် အစည်းအဝေး ကို အိန္ဒိယ နဲ့ မြန်မာ နိုင်ငံတို့ ပြုလုပ်တဲ့ အခါမှာ လုံခြုံရေး ကိစ္စ ပါဝင်သလို နှစ်ဘက် စစ်တပ်ချင်းလည်း ပူးပေါင်း ဆောင်ရွက် တာတွေ ရှိကြောင်း၊ သတင်းတွေလည်း ဖလှယ်ယင်း လိုအပ်တာ မှန်သမျှ အရေးယူ ဆောင်ရွက်နေ ကြောင်း ရှင်းပြ ပါတယ်။

မြန်မာ့မြေမှာ သူတပါးနိုင်ငံ ကို ဆန့်ကျင်တဲ့ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်း ကို မှ ခိုလှုံခွင့် ပြုမှာ မဟုတ်သလို၊ ပုန်းလှျိုး ကွယ်လှျိုး နေရာယူထား ရင်လည်း ဖေါ်ထုတ် အရေးယူ မယ့် အကြောင်း၊ ဒေသခံတွေ အနေနဲ့ လည်း လုံခြုံရေး အရ အရေးကြီးတဲ့ သတင်း ခိုင်ခိုင်မာမာ ရရင်၊ နယ်မြေခံ လုံခြုံရေး ကို အသိပေးဖို့ လိုကြောင်း ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က ဘီဘီစီ ကို ပြောပါတယ်။

နှစ်နိုင်ငံချစ်ကြည်မှု ပျက်စီးရန် မဏိပူရသူပုန် လုပ်ဆောင်နေဟု အာသံရိုင်ဖယ်တပ်မှပြောဆို

နှစ်နိုင်ငံချစ်ကြည်မှု ပျက်စီးရန် မဏိပူရသူပုန် လုပ်ဆောင်နေဟု အာသံရိုင်ဖယ်တပ်မှပြောဆို

by နေမျိုး

နယူးဒေလီ (မဇ္ဈိမ)။ ။ တမူး နန့်သလက်ချောင်းတံတားအား အိန္ဒိယအစိုးရ အာသံရိုင်ဖယ်တပ်မှ မြန်မာပိုင်နက် နယ်မြေထဲ ၀င်ရောက်ကာ ဖျက်စီးခဲ့သည်ဟူသည့် UNLF အဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို အာသံရိုင်ဖယ်မှ ပြင်းပြင်းထန်ထန် ရှုံ့ချ ကန့်ကွက်ကြောင်း ၎င်းတပ်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

“ မြန်မာနှင့် အိန္ဒိယ ပြည်သူများအကြား သပ်လျှိုဖြိုခွဲဖို့ သူပုန်အုပ်စုများ၏ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်ကြံသည့် အပေါစား ထွင်လုံးများသာ ဖြစ်သည်” ဟု ဗုဒ္ဓဟူးနေ့ထုတ် Sangai Express သတင်းစာက ဖော်ပြထားသည်။

အာသံရိုင်ဖယ် ထုတ်ပြန်ချက်တွင် “ တမူး တံတားဖောက်ခွဲ ဖျက်ဆီးမှု အစီအမံသည် မဏိပူရ(ကသည်း) သူပုန် ခုနှစ်ဖွဲ့ ပူးပေါင်းထားသည့် ကော်မတီ၏ အကြံအစည် ဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု လွဲမှားအောင် ဖန်တီးမှု တရပ်ဖြစ်ကြောင်း ” ရှင်းလင်းဖော်ပြထားသည်။

မဏိပူရသူပုန် ပူးပေါင်းကော်မတီတွင် KCP, KYKL, PREPAK, PREPAK (Pro), RPF, UNLF နှင့် UPPK of Manipur (Kangleipak) စသည့် မဏိပူရ သူပုန် အဖွဲ့ ၇ ဖွဲ့ပါဝင် ဖွဲ့စည်းထားသည်။

‘တမူးခရိုင် နန့်သလက်ချောင်း တံတားအား ဖောက်ခွဲ ဖျက်ဆီးခဲ့သူများမှာ ကသည်း(မဏိပူရ) သူပုန် အဖွဲ့မှ မဟုတ်ကြောင်းနှင့် အိန္ဒိယအစိုးရ အာသံတပ်များက ပုံမှားရိုက် တန့်ပြန် စစ်ဆင်ရေးသာ ဖြစ်ကြောင်း’ UNLF အဖွဲ့မှ မဏိပူရပြည်နယ်ထုတ် သတင်းစာများတွင် တနင်္လာနေ့က ဖော်ပြခဲ့ခြင်းကို ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် အိန္ဒိယနိုင်ငံ ၀န်ကြီးချူပ် ဒေါက်တာ မာန်မိုဟန်ဆင်း ၂၀၁၂ ခုနှစ် မေလ က မြန်မာ နိုင်ငံသို့ လာရောက်စဉ် သူပုန်အုပ်စုများနှင့် ပတ်သတ်၍ ဆွေးနွေးမှုများ၊ နားလည်မှု စာချွန်လွှာ အချို့အား နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဖြည့်စွက်ဖော်ပြသည်။

ထိုကဲ့သို့ ဖောက်ခွဲဖျက်ဆီးသွားသည့် သောင်းကျန်းသူအဖွဲ့မှာ မဏိပူရပြည်နယ် မှ ကသည်းလက်နက်ကိုင် အဖွဲ့ဖြစ်ကြောင်း ‘တမူးမြို့ စန္ဒာကူး ၃ ရပ်ကွက်တွင် ဖမ်းဆီးမိသည့် လက်နက်မျိုးစုံ ၉၆ လက်နှင့် ခဲယမ်း များမှာ ကသည်းသောင်းကျန်းသူ United National Lebration Front UNLF “ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေးတပ်ဦးအဖွဲ့” ပိုင် ဖြစ်၍ ယင်းအဖွဲ့က မကျေနပ်သဖြင့် တံတားကို ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်း သိရှိရသည်’ ဟု ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့သည်။

ဆက်လက်၍ အိန္ဒိယ၀န်ကြီးချူပ်၊ ကာကွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်း များ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည့်အပြင် မြန်မာနိုင်ငံမှလည်း အိန္ဒိယသို့ အပြန်အလှန် လည်ပတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာစစ်တပ်နှင့် အိန္ဒိယစစ်တပ် ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ၊ ယုံကြည်မှု အပြန်အလှန် တည်ဆောက်သည့် အစည်းအဝေးများ၊ မြန်မာနှင့် အိန္ဒိယ အကြား အရေးပေါ် ဖုန်းဆက်သွယ်မှု လိုင်းများ ထားရှိခြင်း၊ အရပ်ဘက်၊ စစ်ဘက် နှစ်နိုင်ငံ ဌာနဆိုင်ရာ အစည်းအဝေးများ ကြိမ်ဖန်များစွာ ပြုလုပ်ကျင်းပ မှုများကို ကြည့်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ယုံကြည်စိတ်ချမှု မြင့်မားကြောင်း အစိုးရ ပြန်ကြားရေး ဌာန ကဆိုကြောင်း သတင်းစာက ရေးသားသည်။

အစိုးရ တပ်ရင်းတခုတည်း သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်

အစိုးရ တပ်ရင်းတခုတည်း သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်

ယခင်အပတ် သျှမ်းပြည်နယ်နေ့က သားသည်မိခင်အား ဓါးပြတိုက် မုဒိန်းကျင့်သည့် သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့ အခြေစိုက် ခလရ ၁၃၁ သည် ပြီးခဲ့သည့် ၂၀၁၁ က တကြိမ် ၂၀၀၇ ကတကြိမ် သျှမ်းပြည်အလယ်ပိုင်း ဒေသခံအမျိုးသမီး များအား မုဒိန်းကျင့်ခဲ့ဖူးသော်လည်း အထက်မှ ပြစ်ဒဏ်ပေး ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသခံများကပြောပါသည်။

“ သျှမ်းပြည်နယ်နေ့တုန်းက နန်း --- ကို မုဒိန်းကျင့်တဲ့ တပ်သားမောင်ဦး ဘဲ။ ၂၀၀၇ တုန်းကလဲ မိုင်းရှူးမှာ တခါ မုဒိန်း ကျင့်တယ် ။ နောက် ၂၆/၁၁/၂၀၁၁ တုန်းက မိုင်းနောင်မြို့နယ်ခွဲမှာလေ ဆွံ့အ အမျိုးသမီးကို အုပ်စုလိုက် မုဒိန်းကျင့် တာလေ။ အမှတ် ၃ စစ်ဗျူဟာလက်အောက်ခံ ခလရ ၁၃၁ ဘဲ။ အဲဒီ အမှုစစ်တုန်းက သူတို့မလုပ်ရသလိုလိုနဲ့ ဒီတိုင်းဘဲ ပြီးသွားတယ်။ အခုလဲ ဒီအတိုင်း ပြီးသွားမှာကို စိုးရိမ်တယ်” ဟု ကျေးသီးဒေသခံ ပါ့အေးနန်း က ပြောသည်။

ဖေဖော်ဝါရီ ၇ ရက် ညသန်းခေါင်အချိန်က ကျေးသီးမြို့ မိုင်းနင်အုပ်ဟု နောင်ယုံးရွာသူ တဦးအား ခလရ ၁၃၁ မှတပ်သား မောင်ဦး အဓမ္မမှုမပြုမှီ အနီးရှိ အိမ်နှစ်လုံးကို ခိုးဝင်ခဲ့သေးကြောင်း၊ ကျေးရွာအတွင်း ရေအားလျှပ်စစ်မီးကြိုးအားလည်း ခုတ်ဖြတ်ခဲ့သေးကြောင်း ပြောပါသည်။

မုဒိန်းကျင့်ခံရပြီး ၆ ရက်မြောက်သည့် ယနေ့တွင်မူ ရဲစခန်းမှတာဝန်ရှိသူများနှင့် ကျားဖြူပါတီအမတ်၊ ပါတီဝင်အခိျု့တို့ က ရန်ကုန်ပို့စစ်ဆေးမည့် မုဒိန်းကျင့် သက်သေများ မပေါက်ပျက် မဖောက်ဖျက်လွယ်အောင် ထုတ်ပိုးပြင်ဆင်နေကြကြောင်း ကျားဖြူပါတီဝင်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

“ မုဒိန်းကျင့်ခံရတာက ကျနော့် အိမ်နဲ့ နှစ်အိမ်ကျော်က အိမ်ဘဲ။ ဒီအမှုကို နေပြည်တော်ရောက် ကျနော်တို့ ပြည်သူ့လွှတ် တော်အမတ်ကိုလဲ ပြောထားတယ်။ အခုကတော့ ဒေသခံပြည်နယ်လွှတ်တော်အမတ်တဦးအနေနဲ့ ဒေသခံတွေအနေနဲ့ဘဲ အမှုဖွင့်တိုင်တမ်းထားတယ်။ ဒါပေမယ့် စစ်သားဆိုရင် စစ်ခုံရုံးဖွဲ့ပြီးစစ်ဆေးရမယ်၊ မြို့နယ်တရားတို့၊ လူထုဝင်ရတဲ့ တရား ရုံးတို့ ဘာတို့ သူတို့မဝင်ရဘူးလေ” - ဟု ကျားဖြူပြည်နယ်လွှတ်တော်အမတ် စိုင်းဆန်လှိုင်း က ပြောပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော် အခန်းကဏ္ဍ ၊ အခန်း ၈ ပုဒ်မ ၃၄၃ စစ်ဘက်တရားစီရင်ရာတွင် - တပ်မတော် သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တဦးတည်းဖြစ်စေ ဥပဒေနှင့် အညီစီရင်နိုင်သည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည် ဟုပါရှိပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက်နေသောကာလက ရလခ တိုင်းမှူး ဗိုလ်ချုပ် မြထွန်းဦး က လက်အောက်ခံတပ်ရင်း များနှင့် တပ်သားကေဒါများအား - သျှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေအတွင်း ယောကျာ်းတွေ့လျှင်ပစ်သတ် မိန်းမ တွေ့လျှင်မုဒိန်းကျင့် - ဟု ခွင့်ပြုမိန့်ပေးထားခဲ့ဖူးသည်ဟု ဒေသခံများက ဆိုသည်။

အသတ်ခံရ ကျားဖြူပါတီဥက္ကဌ၏တူ အလောင်းအားပြန်ဖော်စစ်ဆေး

အသတ်ခံရ ကျားဖြူပါတီဥက္ကဌ၏တူ အလောင်းအားပြန်ဖော်စစ်ဆေး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယ္ခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သောလူသတ်မှု အား အမှုမှန်ပေါ်ထွက် လာရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံဆရာဝန် ဆရာမများအကူအညီဖြင့် ပြန်လည်အလောင်း ဖော်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

news image

“မနေ့က မနက် ၁၀:၁၅ နာရီအချိန်မှာ အလောင်းစဖော်တယ်၊ ၁၂ နာရီခွဲလောက်မှာအားလုံးပြီးဆုံးပြီး ပြန်လည်မြုပ်နှံ နိုင်ခဲ့တယ်၊ ဒေသတွင်း ဆရာဝန်ဆရာမတွေရဲ့တိုက်တွန်း ကူညီမှုကြောင့် ခုလိုပြန်လည်ဖော်နိုင်ခဲ့ပြီး အမှုမှန်ပေါ်ဖို့ အတွက်လည်းဆေးစာကို ရေးနိုင်ခဲ့တယ်၊ဒီအတွက် လဲ ဆရာဝန်ဆရာမတွေဘက်က လာရောက်ကူညီပေးတဲ့ မျက်မြင် သက် သေ အားလုံးကို အထူးကျေးဇူးတင် တယ်လို့ပြောပါတယ် ” ဟု သေဆုံးသူဘက်မှ ဆွေမျိုးသား ချင်းတစ်ဦး ကပြောသည်။

အလောင်းဖော်ကြည့်ရာတွင် ၄င်းတို့ထင်ထားသည်ထက် ဒဏ်ရာများ ပိုပြင်းထန်နေသည်ကိုတွေ့ရ ကြောင်း၊ မသေမချင်း ဓါးနှင့်ခုတ်သတ်မှုအဖြစ် ပြစ်မှုထင်ရှားကြောင်း ၊အမှုမှန်ပေါ်ပေါက် ရေးအတွက် တရားမျှတစွာ ဖြေရှင်းပေး ဖို့လိုကြောင်း ၊အလောင်းဖော်ပြီးပြန်လည်စစ်ဆေးပေးသောဒေသခံဆရာဝန်/မ များမှာ ဒေါက်တာ နန်းထွေးခမ်း၊ ဒေါက်တာစိုင်းနိုင်ဌေး ဆေးသူနာပြုဆရာမ၂ဦးနှင့် ဆေးရုံအကူဦးစိုင်းကျော်နိုင် နှင့် ရဲအရာရှိ အခိျု့နှင့် ကျားဖြူဘက်က စိုင်းမွေး ၊ကျားခေါင်း ဘက်က ဦးစိုင်းလိန်မြတ် တို့ပါဝင်ကြောင်း ၄င်းကဆိုပါသည်။ ယနေ့ ရက်လည်ဆွမ်းကျွေးသည့် နေ့အထိ တရားခံဘက်မှ လူမှုရေးအရ၊ တရားဥပဒေအရ လာရောက်ကူညီခြင်း တောင်းပန်စကား ပြောကြားခြင်းမရှိကြောင်းဆိုပါသည်။

“ မနေ့က အလောင်းတူးအခမ်းအနား က ပြည်ထောင်စုနေ့အခမ်းအနားထက်တောင်လူစည် နေတယ်ဗျ။ နိုင်ငံရေး ပါတီကအခိျု့ ရယ် ဒေသခံပြည်သူအယောက် ၅၀ လောက်ပေါ့။ အားလုံးရဲ့မျှော်လင့်ချက် ကအမှုမှန်ပေါ်ဖို့ ပဲ။ တရားခံရော တရားလိုရော ဘယ်သူဘယ်ဝါရဲ့ အမျိုးတော်စပ်နေပါစေ အစိုးရဘက်ကနေ တရားမျှတစွာ တရားစီရင်ပေးဖို့ပဲအားလုံးက လိုလားကြတယ်၊ တရားမျှတစွာ မဆောင်ရွက်ပေးရင်တော့ မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစ်ပေါ်လာ မှာ စိုးရိမ်ရပါ တယ်” အလောင်းဖော်ရာတွင် လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် နမ့်ခမ်းဒေသခံ စိုင်းခမ်း ကပြောသည်။

အလောင်းကိုလည်း သင်္ချိုင်းကုန်းရှိ ၄င်း၏ကျင်းတွင်ပင် လူအများရှေ့မှောက် ခွဲစိတ်စစ်ဆေးပြခဲ့ကြောင်း၊ သေဆုံးသူ၏ ခန္ဓာ ကိုယ်ပေါ်တွင် ထင်ရှားတွေ့နေသောဒဏ်ရာများမှာ လက်နှစ်ဖက်ဓါးဒဏ်ရာကြောင့် လက်ဆစ် တွဲလောင်းဖြစ် နေ ခြင်း၊ ဦးခေါင်းတွင် ၄ လက်မခွဲလောက်ပေါက်ပြဲနေပြီးဦးနှောက် အထိ ဒဏ်ရာရရှိ နေခြင်း၊ မျက်နှာပေါက်ပြဲ၊ ပုခုံးတွင်လည်း ပေါက်ပြဲ နေခြင်းနှင့် ကျောပြင် တွင် ၂ လက်မခန့်ရှိသောဓါးထိုး ရာရှိပြီး အဆုတ်အထိဓါးစိုက်ဝင် ထားသောဒဏ်ရာတွေ့ရ ကြောင်း စိုင်းခမ်း ကသျှမ်းသံတော်ဆင့်အားပြောပြသည်။

တရားမျှတစွာ မဆောင်ရွက်ပေးနိုင်ပါက မူစယ်နှင့်နမ့်ခမ်းမြို့ရှိ လူငယ်များပူးပေါင်း ဆန္ဒထုတ်ဖော်မည်ဟု သတင်း များ လည်း ထွက်ပေါ်နေသည်။ယခုအချိန်အထိ တရားခံဖြစ်သော တရုတ်လူမျိုး ပြည်သူ့လွှတ်တော် အမတ် ဦးကျော်မြင့် ( ပန်းဆေးပြည့်သူစစ်ခေါင်း ဆောင်)၏တူ ငွေနဂါးသောက်ရေသန့်ပိုင်ရှင် ဦးထွန်းမြင့်(ကွယ်လွန်) ၊ ဒေါ်စိန်မေ တို့၏သား ရဲအောင်ထွေး(ခ)လိဖန် တစ်ဦးတည်းသာ ဖမ်းဆီးရမိထားကြောင်း အပေါင်းအပါ ၃ ဦးမှာလွတ်မြောက်နေ သေးကြောင်း သိရှိရသည်။

ချင်းမိုင်တက္ကသိုလ်တွင် ကချင်အရေး ဆွေးနွေးမည်

ချင်းမိုင်တက္ကသိုလ်တွင် ကချင်အရေး ဆွေးနွေးမည်

by နန်းမြနဒီ

လတ်တလော ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စစ်ပြေးဒုက္ခသည်များ အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ကျင်းပဖို့ ရှိပါတယ်။

ဆွေးနွေးပွဲကို ချင်းမိုင်တက္ကသိုလ် လူမှုရေးသုတေသနဌာနမှာ ကျင်းပသွားမယ်လို့ စီစဉ်သူတဦးဖြစ်တဲ့ ချင်းမိုင်တက္ကသိုလ် ဒေသတွင်းရေရှည်ဖွံ့ဖြိုးရေးဗဟိုဌာန (မြန်မာ့ရေးရာ) အဖွဲ့ဝင် ခွန်းကန်ချန ကူးဖစ်ထိကျလွန်းက ဒီဗွီဘီကို ပြောပါတယ်။

“လတ်တလော မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တက္ကသိုလ် ကျောင်းသူကျောင်းသား၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတဲ့ သူတွေကြားမှာ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ရရှိစေဖို့။ ကချင်အဖွဲ့အစည်းနဲ့ သုတေသနပညာရှင်တွေကြား အချက်အလက်ဆွေးနွေးဖလှယ်ဖို့နဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေ ပိုမိုရရှိစေဖို့အတွက် ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို လုပ်ရတာဖြစ်တယ်။”

ဆွေးနွေးပွဲမှာ သတင်းအချက်အလက်နဲ့ အမြင်သဘောထားတွေ လာရောက်ဖလှယ်ပေးဖို့ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)၊ ကချင်သတင်းဌာန၊ ကချင်ဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့၊ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးဌာန သုတေသီ Guy Horton နဲ့ အာရှအနုပညာ ဖြစ်ရပ်မှန် ရုပ်သံအဖွဲ့ ညွှန်ကြားရေးမှူး Rayan Libre တို့ကို ဖိတ်ခေါ်ထားတယ်လို့ ခွန်းကန်ချနက ပြောပါတယ်။

ဆွေးနွေးပွဲမတိုင်ခင် မွန်းလွဲ ၁ နာရီကနေ ၂ နာရီထိ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်မှာ ဖြစ်ပြီး ကချင်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ) နဲ့ အစိုးရကြား လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်လာတဲ့ တိုက်ပွဲကြောင့် ပြည်သူတွေ ခံစားရတဲ့ဒုက္ခ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ချင်းမိုင်တက္ကသိုလ် ဒေသတွင်းရေရှည်ဖွံ့ဖြိုးရေးဗဟိုဌာန (မြန်မာ့ရေးရာ) အဖွဲ့ဟာ မြန်မာနိုင်ငံပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အခါအားလျော်စွာ ဆွေးနွေးပွဲတွေ ကျင်းပလေ့ရှိတာမှာ ဒီတခေါက် ကချင်အရေးကတော့ ပထမဆုံးအကြိမ် ဆွေးနွေးတာဖြစ်ပြီး ချင်းမိုင်အခြေစိုက် မြန်မာ့မိတ်ဆွေများ စာကြည့်တိုက်အဖွဲ့နဲ့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။

ကင်တာနား မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ

ကင်တာနား မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ

by မင်းလွင်

ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တာနားဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်။

news image

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှူး ဦးစစ်မြိုင်က ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

“သီးခြားတွေ့ဆုံတာတော့ မရှိပါဘူး။ တွေ့ရိုးတွေ့စဉ် ကျနော်တို့ဆီလာရောက်တွေ့တာပါပဲ။ မတ်လအတွင်းမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ရှိတယ်။ အဲအစီရင်ခံစာတင်သွင်းရာမှာ ကျနော်တို့ သွားတဲ့ ကွင်းဆင်းဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကို ဥက္ကဋ္ဌက တင်ပြတော့ သူ့အတွက် အထောက်အကူတော်တော်ဖြစ်တယ်တဲ့။ သူစိတ်အားထက်သန်တယ်။ ဒါတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံတဲ့အထဲ ထည့်ဖော်ပြပေးမယ်တဲ့။”

မစ္စတာကင်တာနားဟာ မနေ့က ရခိုင်ပြည်နယ်ခရီးစဉ်ကနေ ရန်ကုန်ကို ပြန်လည် ရောက်ရှိခဲ့ပြီးနောက် မြန်မာစာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံရာမှာ သတင်းလွတ်လပ်ခွင့်ကိစ္စ စုံစမ်းမေးမြန်းခဲ့သလို ဒီနေ့မနက်တော့ အင်းစိန်အကျဉ်းထောင်အတွင်း ၀င်ရောက် ကြည့်ရှုခဲ့ပါတယ်။

ဒီနေ့ ညနေပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ ကုလသမဂ္ဂအမှုထမ်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံမှာပါ။

တွေ့ဆုံတဲ့အခါ တင်ပြမှာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသား ဦးပြုံးချိုက ခုလို ပြောပါတယ်။

“အပြောင်းအလဲကာလမှာ နိုင်ငံသားတွေအားလုံးနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေးဖော်ဆောင်မှုတွေ မြှင့်တင်ဖို့၊ အဲကိစ္စတွေလုပ်တဲ့အခါ အဟန့်အတားဖြစ်စေနိုင်မယ့် နည်းလမ်းတွေကို ဘယ်လိုကျော်လွှားသင့်သလဲ။ နောက် ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေနဲ့ စစ်ကြောင့်ပြေးရှောင်နေရတဲ့ တိုင်းရင်းသားတွေရဲ့ အခြေအနေနဲ့ လောလောဆယ်မှာ လူ့အခွင့်အရေး ရင်ဆိုင်လှုပ်ရှားနေတဲ့ကိစ္စတွေ၊ စိုးရိမ်ရတဲ့အနေအထားတွေကို အပြန်အလှန်ဆွေးနွေးဖြစ်မှာပါ။”

မနက်ဖြန်ကျရင် မစ္စတာကင်တားနားဟာ နေပြည်တော်မှာ အစိုးရပြည်ထောင်စုဝန်ကြီးတွေ လွှတ်တော်အကြီးအကဲတွေအပြင် ရခိုင်ဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကိုလည်း သွားရောက်လေ့လာမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

ခရီးစဉ်အပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ၂၀၁၃ မတ်လမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်သွားရောက်

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်သွားရောက်

by ကိုကျော်ကျော်သိန်း

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ အင်းစိန်ထောင်ကို သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာလူ့အခွင့်အရေးကော်မရှင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပြုပြင် ပြောင်းလဲရေး အခြေအနေတွေအပေါ် မေးမြန်း ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်း က တင်ပြထားပါတယ်။

news image

၅ ရက်ကြာ ခရီးစဉ်နဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆီ ရောက်လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောမတ်စ် အိုဟေး ကင်တားနား ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့တာတွေ၊ တွေ့ဆုံခဲ့တာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ကုလသမဂ္ဂရုံး က ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်း က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“မစ္စတာ ကင်တားနား ဟာ ဒီကနေ့မနက် အင်းစိန်အကျဉ်းထောင်ကို သွားပါတယ်။ သွားပြီးတော့ အခု အဲ့ဒီကနေ လူ့အခွင့်အရေးကော်မရှင် ကို ဆက်တွေ့ပါတယ်။ ပြီးသွားတော့ မြန်မာတိုင်းစ် သတင်းစာသွားတယ်။ အခုကတော့ တနေကုန်ရုံးမှာ တဖွဲ့ပြီးတဖွဲ့နဲ့တော့ တွေ့တာတွေ ရှိတယ်။ နောက်ပြီးတော့ ၈၈ ကျောင်းသားတွေလည်း ပါတယ်ပေါ့။ အဲ့ဒီထဲမှာလေ။ ကျနော်တို့ မကြာခင် နေပြည်တော် တက်ဖို့ရှိပါတယ်။ မနက်ဖြန် ကျနော်တို့ နေပြည်တော်မှာရှိမယ်။ ပြီးလို့ရှိရင် ကျနော်တို့ ကချင်ပြည်နယ်ကို ဆက်သွားပါမယ်ခင်ဗျ။”

မစ္စတာကင်တားနားနဲ့ တစ်နာရီကျော် တွေ့ဆုံခဲ့တဲ့ အချိန်အတွင်း ၂၀၁၂ ခုနှစ်အတွင်း ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ မြန်မာ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရ က ပြောပါတယ်။

“၂၀၁၂ ခုနှစ် တနှစ်တာအတွင်းမှာ ဘာတွေ ဆောင်ရွက်သလဲဆိုတဲ့ တိုးတက်မှုပေါ့နော် အခြေအနေကို ရှင်းလင်းပြောကြားတာပါပဲ။ ကျနော်တို့ဘက်ကလည်း ပြည့်ပြည့်စုံစုံလေး ပြောပြတော့ သူက ဒါကို သေချာနားထောင်တာပါပဲခင်ဗျ။ ကျနော်တို့က ပြည့်ပြည့် စုံစုံ ပြောတဲ့အခါကျတော့ သူ သိပ်ပြီးတော့ ထွေထွေထူးထူး မေးမြန်းတာတော့ မရှိတော့ ပါဘူးခင်ဗျ။ ကျနော်တို့ ဆောင်ရွက်ချက်ကလေးတွေကို ပြည်သူလူထုကို ပိုပြီး သိရှိအောင် လုပ်ပေးဖို့တော့ အကြံပြုတယ်။”

လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ မူကြမ်းတရပ်ကို ရေးဆွဲနေပြီး အဲ့ဒီလုပ်ငန်းမှာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ပါ ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်နေ တယ်လို့ ဦးဝင်းမရ က ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေနဲ့ မစ္စတာ ကင်တားနား တို့ တွေ့ဆုံချိန် အတွင်းမှာတော့ အခြေခံဥပဒေထဲမှာ လူ့အခွင့်အရေး အခြေခံမူနဲ့ မကိုက်ညီတာတွေ ကို ပြုပြင် ပြောင်းလဲနိုင်ရေးကိစ္စ၊ ကချင်ပြည်နယ်က အိုးအိမ်ပစ် စွန့်ခွာ ထွက်ပြေးနေရသူတွေ၊ တိုက်ပွဲတွေ အခြေအနေနဲ့ အစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့အကြား ဆွေးနွေး ပြောဆိုနေတဲ့ကိစ္စ၊ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ် ပြန်လာ နိုင်ရေးကိစ္စ၊ ရခိုင်ပြည်နယ်ဘက်က အခြေအနေ စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တဦး က ဗွီအိုအေ ကို ပြောပါတယ်။

သူတို့ဘက်ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ပြန်ပြီး ဆွေးနွေး ခဲ့ကြတယ်လို့ ကိုဌေးကြွယ် က ပြောပါတယ်။

“တချို့အုပ်ချုပ်ရေးပိုင်းတွေမှာ တိုးတက်တာတွေ ရှိပေမဲ့လို့ တချို့အောက်ခြေပိုင်း အဆင့်တွေမှာ အခုအချိန်အထိ ပြုပြင်ပြောင်းလဲမှု မရှိသေးတဲ့ဟာတွေ၊ ပြီးတော့ အကျဉ်းထောင်ကိစ္စတွေ၊ ပြီးတော့ ကချင်ပြည်နယ်မှာ ရှိနေတဲ့ IDP တွေ၊ စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ နေနေရတဲ့ အခြေအနေတွေ ကုလသမဂ္ဂအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ သူတို့ကို ထောက်ပံ့မှုပေးနိုင်ဖို့၊ ပြီးတော့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်ပို့ရေးနဲ့ ပတ်သက်ပြီးတော့ transparency ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ စီစဉ်ဖို့၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကိစ္စတွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။”

၂၀၁၀ ပြည့်နှစ်ကစလို့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာတဲ့ နောက်ပိုင်း တိုးတက်မှုတွေ ရှိလာပေမဲ့လည်း လူ့အခွင့်အရေးပိုင်းနဲ့ ပတ်သက်ရင်တော့ ဒီ့ထက် အများကြီး လုပ်ဖို့ လိုနေသေးတယ်ဆိုတာကို မစ္စတာ ကင်တားနား အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ထောက်ပြနေကြတာပါ။

ဒါကြောင့်လည်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက ဆက်ပြီး ပါဝင် ဆောင်ရွက်သွားဖို့ သက်ဆိုင်သူ အားလုံးက လိုလားကြပါတယ်။

“အဓိက ကျနော်တို့ ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂအနေနဲ့ စောင့်ကြည့်တဲ့ ကိစ္စတခုက အခုအချိန်အထိလည်း လိုအပ်နေပါသေးတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အချို့သော အပိုင်းတွေမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို ကျနော်တို့ ဒီအတိုင်း ဆက်လက်ပြီးတော့ တိုးမြှင့်သွားဖို့ လိုအပ်ပါတယ်။ သူကတော့ ဒီမြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ လူ့အခွင့်အရေး ကဏ္ဍကနေပြီးတော့ ပါဝင်မှု၊ စောင့်ကြည့်မှု၊ ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ပတ်သက်နေတဲ့ stake holders တွေအားလုံး ပူးပေါင်း ဆောင်ရွက်နိုင်မှုတွေကို သူက ပိုပြီးတော့ တွန်းအားပေးပါတယ် ဆိုတာကို ပြောပါတယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတယ် ဆိုတာကိုလည်း ပြောပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်ပါ။

မစ္စတာ ကင်တားနားရဲ့ အခုခရီးစဉ်ဟာ ၆ လအတွင်း ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် သြဂုတ်လက နောက်ဆုံး လာရောက်ခဲ့တာပါ။ အခုခရီးစဉ်အတွင်း သူ လေ့လာတွေ့ရှိချက် တွေအပေါ် ကနဦး သုံးသပ်ချက်ကို ဖေဖော်ဝါရီလ ၁၆ ရက် မြန်မာနိုင်ငံကနေ ပြန်ထွက်ခွာမယ့်နေ့ ညနေပိုင်းကျရင်တော့ ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ အစီရင်ခံစာ အပြည့်အစုံကို မတ်လ ၁၁ ရက်နေ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်ပြမှာလည်း ဖြစ်ပါတယ်။

ကင်တားနား အင်းစိန်ထောင် သွားရောက်လေ့လာမည်

ကင်တားနား အင်းစိန်ထောင် သွားရောက်လေ့လာမည်

by မခင်ဖြူထွေး

မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီး ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အင်းစိန်ထောင်ကို သွားရောက် ကြည့်ရှုဖို့ ရှိသလို လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံဖို့ရှိပါတယ်။

news image

မြန်မာနိုင်ငံမှာ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့စည်းလိုက်တဲ့အချိန်မှာပဲ အခုလို မစ္စတာ ကင်တားနား အင်းစိန်အကျဉ်းထောင်ကို သွားရောက်တာလည်း ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီကနေ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့လည်း တွေ့ဆုံဦး မှာ ဖြစ်သလို မြန်မာတိုင်းမ်စ်နဲ့လည်း တွေ့ဖို့ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ဟာ တနင်္လာနေ့ကတော့ လူတွေ သေကြေတဲ့အထိ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

သူ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့သလို ဒေသခံ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ မစ္စတာ ကင်တားနားရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီခရီးစဉ်မှာ မစ္စတာ ကင်တားနားနဲ့အတူ လိုက်ပါခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်း က အခုလို ပြောပြပါတယ်။

“မစ္စတာ ကင်တားနား က မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ရောက်ရှိပါတယ်။ မနေ့ကတော့ စစ်တွေကို သွားပြီးတော့ စစ်တွေကို ရောက်ရောက်ချင်းမှာ ဒေသခံ အာဏာပိုင်တွေပေါ့ ပြည်နယ် ၀န်ကြီးချုပ်နဲ့တွေ့တယ်။ တွေ့ပြီးတော့ ကျနော်တို့ ချက်ချင်း မင်းပြား သွားကြပါတယ်။ မင်းပြားမှာ ရခိုင် IDP စခန်းပေါ့ ရောက်ခဲ့တယ်။ နောက်ပြီးတော့ မူဆလင် IDP စခန်းလည်း ရောက်ခဲ့တယ်။ အဲ့ဒီကနေ ပေါက်တော ရောက်ခဲ့ပါတယ်။ ပေါက်တောမှာရှိတဲ့ စခန်းတခု ကျနော်တို့ ရောက်ခဲ့ပါတယ်။ အချိန်က သိပ်မရတဲ့အတွက် ကျနော်တို့ အဲ့ဒီနေ့ပဲ စစ်တွေကို ပြန်တာပါ။ စစ်တွေကို ကျနော်တို့က မိုးချုပ်မှပဲ ပြန်ရောက်ပါတယ်။”

“ဒီနေ့မနက်ကတော့ မစ္စတာ ကင်တားနား က စစ်တွေထောင်ကို သွားပါတယ်။ သွားပြီးတော့ တခါ မင်းခန်းဆိုတဲ့ ရခိုင်ဒုက္ခသည် စခန်းတခုကို သွားပါတယ်။ ဒီ့နောက်ပိုင်းမှာ ဒေသခံ ရပ်မိရပ်ဖတွေနဲ့ မူဆလင် အသိုင်းအ၀ိုင်းကရော၊ ရခိုင်အသိုင်းအ၀ိုင်းကရော ရပ်မိရပ်ဖတွေနဲ့ တွေ့ပါတယ်။ သူတို့တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ နှစ်ဘက်စလုံး ပွင့်ပွင့်လင်းလင်း ပြောကြပါ တယ်။ ပြောကြပြီးတော့မှ ကျနော်တို့ ရန်ကုန်ကို ပြန်လာကြတာပါ။”

ပြီးခဲ့တဲ့နှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခရောက်ရသူ သောင်းနဲ့ချီကို ကုလသမဂ္ဂနဲ့ လူသားချင်း စာနာကူညီရေးအဖွဲ့တွေက စားနပ်ရိက္ခာနဲ့ အကူအညီတွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လူသားချင်းစာနာမှု အထောက်အကူတွေ အခုထက် ပိုပြီး လိုအပ်နေတဲ့အကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေအတွင်း အခုလို လိုအပ်ချက်တွေ ရှိနေတုန်းပဲ ဆိုတာကို မစ္စတာ ကင်တားနား ကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့အကြောင်းလည်း ဦးအေးဝင်းက ပြောပါတယ်။

“တချို့ဟာတွေကတော့ပေါ့နော် တော်တော်လေး အထူးသဖြင့် စခန်းတွေထဲက အခြေအနေတွေက တိုးတက်မှုရှိသလို၊ တချို့ဟာတွေလည်း နွေရာသီဝင်လာတဲ့ အတွက် တော်တော်လေး ပူပြင်းပြီး စိုးရိမ်ရတာလေးတွေ ရှိတယ်။ မိုးရာသီမှာလည်း အမိုးအကာ ရရှိရေး၊ တချို့နေရာတွေမှာ ကတော့ ရေကြီးတယ် ပြောပါတယ်။ ဒါတွေကလည်း စိုးရိမ်စရာရှိပါတယ်။”

“ရေကောင်းရေသန့် လိုအပ်နေတဲ့အတွက် အဲ့ဒါကိုလည်း သူတို့တွေ တော်တော်လေးကို ကြိုးစားရဦးမှာပါ။ ဆက်ဆံရေးနဲ့ပတ်သက်လို့ကတော့ မစ္စတာ ကင်တားနားအနေနဲ့ သူတွေ့တာ ကတော့ အချိန်ကတော့ ယူရဦးမယ်။ သို့သော်ငြားလည်းပဲ အရင်ကလောက်တော့ ပြင်းပြင်းထန်ထန် ကတော့ မတွေ့ပါဘူး။ ဒါပေမဲ့လည်း ဒီဟာကလည်း မနေ့ကရယ်၊ ဒီနေ့ကရယ် တွေ့ရှိတဲ့ အခြေအနေ လောက်ပဲ ကျနော် ပြောပါရစေ။”

မစ္စတာ ကင်တားနားရဲ့ ရခိုင်ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်း ပြောပြသွားတာပါ။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရသလို၊ သောင်းနဲ့ချီတဲ့သူတွေ အိုးအိမ်မဲ့ ဒုက္ခရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လေ့လာဖို့နဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့အတွက် အခုလို မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာနိုင်ဖို့အတွက် ဒီလဆန်းပိုင်းတုန်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) မြန်မာနိုင်ငံကို ၄ ရက်ကြာခရီး လာရောက်ခဲ့သလို ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာခဲ့ ပါသေးတယ်။

မစ္စတာ ကင်တားနားဟာ မနက်ဖြန် ကြာသပတေးနေ့မှာတော့ နေပြည်တော်ကို သွားရောက်ဖို့ရှိ သလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

သူ့ရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အဆုံးမသတ်ခင် သောကြာနေ့ ညနေပိုင်းမှာတော့ သူ့ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ဖို့ရှိပါတယ်။ သူ့ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်တွင်း ရှာဖွေ တွေ့ရှိမှုတွေကိုတော့ လာမယ့် မတ်လ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်ပြသွားမှာလည်း ဖြစ်ပါတယ်ရှင်။

မျှော်လင့်ချက် ခွန်အားကို မြန်မာပြည်တွင် မြင်ခဲ့ကြောင်း သမ္မတ အိုဘားမား ပြော

မျှော်လင့်ချက် ခွန်အားကို မြန်မာပြည်တွင် မြင်ခဲ့ကြောင်း သမ္မတ အိုဘားမား ပြော

by လာလစ် ကေဂျာ

မြန်မာနိုင်ငံတွင် မျှော်လင့်ချက် ခွန်အားများ ရှိနေသည်ကို ယမန်နှစ်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြင်တွေ့ခဲ့ရကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြားလိုက်သည်။

news image

သမ္မတ အိုဘားမားက ကမ္ဘာသူ ကမ္ဘာသားများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုတို့အတွက် သူ့အနေဖြင့် အလေးထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေဖြင့်လည်း အမေရိကတိုက်မှ အာဖရိက၊ ဥရောပမှ အာရှအထိ ခိုင်မာသည့် မဟာမိတ် ဆက်ဆံရေး ဆက်လက် ရှိနေမည်ဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် နေ့က နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“အမေရိကန်ဟာ ဒီ သမိုင်းဝင် အပြောင်းအလဲ ကာလအတွင်း လွတ်လပ်မှုကို ရှာဖွေနေသူ အားလုံးအတွက် မားမားမတ်မတ် ဆက်လက် ရပ်တည်သွားမယ်” ဟု အိုဘားမားက ဒုတိယမြောက် သမ္မတသက်တမ်းတွင် ပထမဆုံးပြောသည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ဆိုသည်။

အမေရိကန် သမ္မတတဦး၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ယမန်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က တရက်တာအတွင်း နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံခဲ့သည့် မစ္စတာ အိုဘားမားက သိမြင်ခဲ့ရသည့် မျှော်လင့်ချက်များနှင့် ပတ်သက်၍ အလေးထား ပြောဆိုသွားသည်။

“ဒေါ်အောင်ဆန်းစုကြည်က သူ နှစ်ပေါင်းများစွာ အကျဉ်းစံဘ၀နဲ့ နေလာခဲ့ရတဲ့အိမ်မှာ အမေရိကန် သမ္မတတဦးကို ကြိုဆိုခဲ့တဲ့အချိန်မှာပေါ့၊ မနှစ်က ရန်ကုန်မှာ မျှော်လင့်ချက် ခွန်အားတွေ ကျနော်မြင်ခဲ့ရတယ်။ လမ်းတလျှောက် ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကလည်း အမေရိကန်အလံကို ဝှေ့ယမ်းပြီးကြိုဆိုခဲ့ကြတယ်” ဟု မစ္စတာ အိုဘားမားက ပြောသည်။

အမေရိကန် သမ္မတကို ကြိုဆိုခဲ့သည့် မြန်မာနိုင်ငံသားတဦးက အမေရိကန် ပြည်ထောင်စုမှာ တရားမျှတမှုနဲ့ ဥပဒေရှိကြောင်း၊ မြန်မာနိုင်ငံကိုလည်း အမေရိကန် ပြည်ထောင်စုကဲ့သို့ ဖြစ်ချင်ကြောင်း ပြောဆိုခဲ့မှုကိုလည်း သမ္မတ အိုဘားမားက ပြန်ပြောင်းပြောဆိုသည်။

တနေ့ လုပ်အားခ အမေရိကန် ၁ ဒေါ်လာခန့်သာ ရကြသည့် ဒေသများစွာ ရှိသည်ကို သတိထားမိကြောင်း၊ အမေရိကန် ပြည်ထောင်စု အနေဖြင့်လည်း နောက်ထပ် ဆယ်စုနှစ် ၂ ခုတွင် ထိုကဲ့သို့ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် မဟာမိတ်များနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ အိုဘားမားက ဆိုသည်။

အမျိုးသမီးများ၏ စွမ်းပကားကို အားဖြည့်လျက် ကမ္ဘာ့စီးပွားရေးတွင် အချင်းချင်း ပိုမိုဆက်သွယ်ရေး၊ လူငယ်များကို တောက်ပသည့် အခွင့်အလမ်းသစ်များ ပေးခြင်းတို့သည် လူ့အဖွဲ့အစည်းကို ကူညီအားဖြည့်ပေးစေမည့် လုပ်ရပ်များအဖြစ် ဖော်ဆောင်ခြင်း ဖြစ်ကြောင်း၊ ခုခံအား ကျဆင်းသည့် AIDS ကင်းလွတ်သော မျိုးဆက် ပေါ်ပေါက်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ကြရန်နှင့် ကြိုတင်ကာကွယ်၍ ရသော ကမ္ဘာ့ ကလေးသူငယ် သေဆုံးခြင်းများကို ကယ်တင်ခြင်းဖြင့် ၄င်းတို့ကိုယ်တိုင် ပညာသင်ယူခြင်း၊ ခွန်အားဖြင့်ခြင်း၊ စွမ်းဆောင်ရည် ဖြည့်တင်းခြင်းများ ဖော်ဆောင်ရန် သတိထားကြောင်း သမ္မတ အိုဘားမားက ပြောသည်။

မြောက်ကိုရီယား အစိုးရ၏ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနှင့် ပတ်သက်၍ သမ္မတ အိုဘားမားက “ကျနော်တို့ရဲ့ ကိုယ်ပိုင် ဒုံးလက်နက် ကာကွယ်ရေးအတွက် အားဖြည့်ရင်း မဟာမိတ်တွေနဲ့ အတူရပ်တည်နေစဉ်မှာ မနေ့ညက ကျနော်တို့ မြင်လိုက်ရတဲ့ ရန်စမှုမျိုးဟာ သူတို့ကိုယ်သူတို့ ပိုပြီး အထီးကျန် ဆန်လာရုံပဲရှိမယ်။ ဒီလို ခြိမ်းခြောက်မှုမျိုးကို တုံ့ပြန်အရေးယူတဲ့ နေရောမှာ ဦးဆောင်လှုပ်ရှားသွားမယ်” ဟု ဆိုသည်။

ထို့အပြင် အီရန် ခေါင်းဆောင်များကို သံတမန်ရေးအရ ဖြေရှင်းရန် အချိန်ကျပြီဖြစ်ကြောင်း၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းမှုများကို ကာကွယ်ရေးအတွက် လိုအပ်သမျှကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ရုရှားနှင့်လည်း နျူကလီးယားအရေး ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောဆိုသွားသည်။

“တချိန်တည်းမှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့ နျူကလီးယား လက်နက်ကြီးများ လျှော့ချရေး ကိစ္စတွေအတွက် နောက်ထပ် အဖြေရှာရေး ရုရှားနဲ့ ဆက်လက် ဆွေးနွေးသွားမယ်။ မလိုလားအပ်တဲ့ သူတွေလက်ထဲ နျူကလီးယားဆိုင်ရာ ပစ္စည်းတွေ မရောက်သွားစေဖို့ လုံခြုံစိတ်ချရစေရေးအတွက် ကမ္ဘာလုံး ဆိုင်ရာ အားထုတ်မှုတွေကိုလည်း ဆက်လက် ဦးဆောင် သွားမယ်” ဟု သူက ဆိုသည်။

သမ္မတအိုဘားမား မြန်မာ့အရေး မျက်ခြေမပြတ်ကြောင်း ပြော

သမ္မတအိုဘားမား မြန်မာ့အရေး မျက်ခြေမပြတ်ကြောင်း ပြော

by ဒေါ်ခင်စိုးဝင်း

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ မြန်မာပြည်ခရီးစဉ်ရဲ့ အတွေ့အကြုံကို အလေးအနက်ထား ထည့်သွင်းပြောဆိုသွားတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။ အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်အောင် အမေရိကန်ပြည်ထောင်စု က ဦးဆောင်ဦးရွက် ပြုပြီးတော့ တွန်းအားပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိုဘားမားရဲ့ မြန်မာ့ အရေး မှတ်ချက်အပေါ်မှာ တုံ့ပြန်ချက်တချို့ကို ဒေါ်ခင်စိုးဝင်း က စုစည်းတင်ပြထားပါတယ်။

news image

သမ္မတ အိုဘားမား က အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတ၀ှမ်း စီးပွားရေးနဲ့ အမျိုးသမီး စွမ်းရည်မြင့်မားရေးအတွက် ထိတွေ့ ဆက်ဆံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပြီးတော့ ကူညီအားပေးနေ တယ်လို့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပြောဆိုရင်းနဲ့ မနှစ်တုန်းက သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ သမိုင်းတွင်တဲ့ အပြောင်းအလဲကို လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

သမ္မတ အိုဘားမား က သမိုင်းတွင်တဲ့ အပြောင်းအလဲ အခါသမယမှာ အမေရိကန်ပြည်ထောင်စုဟာ လွတ်မြောက်မှုကို တောင့်တနေကြသူတွေ အားလုံးရဲ့ မီးရှုးတန်ဆောင်အဖြစ် ရပ်တည်နေဆဲ ဖြစ်တယ်လို့ အခုလို ပြောဆိုသွားပါတယ်။

“မနှစ်က ရန်ကုန်ကို ရောက်တုန်းက မျှော်လင့်ခြင်းရဲ့ ခွန်အားတွေကို ကျနော် တွေ့ခဲ့ရပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် က သူ နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့တဲ့ သူ့ရဲ့ နေအိမ်ကို အမေရိကန်သမ္မတတဦး လာရောက်ခဲ့တဲ့အတွက် ခရီးဦးကြိုဆိုခဲ့သလို၊ ထောင်နဲ့ချီ တဲ့ မြန်မာပြည်သူတွေကလည်း လမ်းဘေး ၀ဲယာကနေ အမေရိကန် အလံတွေကို ဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှု ရှိသလို၊ မြန်မာပြည်မှာလည်း တရားမျှတမှုနဲ့ ဥပဒေ စိုးမိုးရေး ရှိစေချင်ပါတယ်လို့ ပြောတဲ့သူ တယောက်လည်း ကျနော့်ကို ကြိုဆိုတဲ့ လူထုထဲမှာ ပါဝင်တာ တွေ့ခဲ့ရပါတယ်။”

သမ္မတ အိုဘားမားရဲ့ ဒီမှတ်ချက်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ကြိုဆိုတယ်လို့ NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်း ကို ဗွီအိုအေ ကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေက အနောက်နိုင်ငံကြီးများရဲ့ ပါဝင် ပံ့ပိုးမှုတွေ အများကြီး ပါတယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်။ ဒါကြောင့် အခု ဒီဟာလည်း တသမတ်တည်း သဘောထားမျိုး ထုတ်ဖော် ပြောဆိုတာ ကြိုဆိုပါတယ်။”

လွတ်မြောက်မှုကို အကာအကွယ်ပေးတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုဟာ အမေရိကတိုက် ကနေ အာဖရိကတိုက်အဆုံး၊ ဥရောပတိုက်ကနေ အာရှတိုက်အဆုံး ခိုင်မာတဲ့ မဟာမိတ်အဖြစ်နဲ့ ရပ်တည်နေတဲ့အကြောင်းလည်း ပြောဆိုသွားပါတယ်။

ရှေ့နေများကွန်ရက်ရဲ့ ကိုယ်စား ရှေ့နေကြီး ဦးလှထွန်းကတော့ သမ္မတ အိုဘားမာရဲ့ ဒီမှတ်ချက်ကို ထောက်ခံတယ်လို့ အခုလို ပြောဆိုပါတယ်။

“တရားမျှတမှု၊ ဥပဒေစိုးမိုးမှုက နှစ်ပေါင်းများစွာပေါ့နော် ကျနော်တို့ လွတ်လပ်ပွင့်လင်းမှု ဆုံးရှုံးခဲ့တာနဲ့အမျှပဲ ကျနော်တို့ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ ကျနော်တို့ ဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှု ရရှိရေးကို ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ဥပဒေပညာရှင်ရော၊ တက်ကြွလှုပ်ရှားသူ တွေရော၊ နောက်တခါ နိုင်ငံတကာ ရှေ့နေအဖွဲ့တွေ ဥပဒေအသိုင်းအ၀ိုင်း ကနေပြီးတော့လည်း ပူးပေါင်းဆောင်ရွက်နေတာကို အားရဖွယ်ရာ ကျနော်တို့ တွေ့ရပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ဒီဟာကို ကျနော်တို့ ကြိုးစားအားထုတ်နေတာ ဖြစ်တဲ့အတွက် သမ္မတကြီးရဲ့ ပြောစကားက အားလုံးအတွက် အင်မတန်မှကို အားကောင်းတဲ့ ထောက်ခံပေးမှုဖြစ်ပါတယ်။”

ရန်ကုန်မြို့ကို ခေတ္တအလည်ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်သူ ရုပ်ရှင်မင်းသမီး အဆိုတော် မေဆွိ ကလည်း သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းပါ မှတ်ချက်နဲ့ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ဗွီအိုအေကို အခုလို ပြောပြပါ တယ်။

“ကျမကတော့ သူပြောတဲ့ဟာက မြန်မာပြည်အတွက်ကို ကောင်းစေတဲ့ ရည်ရွယ်ချက်နဲ့ ပြောတဲ့အတွက်ကြောင့်မို့ ဖြစ်လဲဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီလိုလဲဖြစ်လာလိမ့်မယ်လို့ ကျမ စိတ်ထဲမှာပေါ့နော် အဲ့လိုလေး ထင်ပါတယ်။ ကောင်းပါတယ် အဲ့ဥစ္စာကတော့။ နောက်တခုကလည်း ဘာပဲဖြစ်ဖြစ် သူ မြန်မာပြည်ကိုလည်း ရောက်ဖူးသွား တယ်။ မြန်မာပြည်ကိုလည်း စိတ်ဝင်တစားနဲ့ ဒီလိုလေး တစေ့တစောင်းပေါ့နော် သူ့ရဲ့မိန့်ခွန်းတွေ ထဲမှာ ဒီလိုလေး ထုတ်ထုတ်ပြီး ပြောလာတဲ့အတွက်ကြောင့်မို့ ကျမတို့ မြန်မာပြည်ဟာ အရင်ကလို အထီးကျန် ဖြစ်မနေတော့ဘဲနဲ့ တဖြည်းဖြည်းချင်းနဲ့ မျက်စိကျယ်ပြီးတော့ သာယာဝပြောတဲ့ နိုင်ငံကြီးတခု ဖြစ်လိမ့်မယ်လို့ ကျမကတော့ မျှော်လင့်ပါ တယ်။ အဲ့လိုလဲထင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတ၀ှမ်း မွေးရာပါ အခွင့်အရေး တောင်းဆိုနေကြသူတွေနဲ့အတူ ရပ်တည်နေပြီးတော့ တည်ငြိမ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ထောက်ခံနေတဲ့ အကြောင်း သမ္မတ အိုဘားမား က နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အလေးအနက် ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ မြန်မာပြည်ရဲ့ အပြောင်းအလဲ ထည့်သွင်းပြောကြား

အမေရိကန်သမ္မတ မြန်မာပြည်ရဲ့ အပြောင်းအလဲ ထည့်သွင်းပြောကြား

မြန်မာနိုင်ငံမှာ “မျှော်လင့်ချက် အင်အား” ကို မြင်တွေ့ခဲ့ရကြောင်း အမေရိကန်သမ္မတ Barak Obama က ပြောလိုက်ပါတယ်။

အမေရိကန် သမ္မတအဖြစ် ဒုတိယသက်တမ်း အရွေးချယ်ခံရပြီးနောက် လွှတ်တော်မှာ ဖေဖေါ်ဝါရီလ ၁၂ ရက် မနေ့က ပြောကြားတဲ့ “နိုင်ငံတော် အခြေပြမိန့်ခွန်း” မှာ သမ္မတ Obama က အခုလို ထည့်သွင်း ပြောခဲ့တာပါ။

“သမိုင်းတွင်မယ့် အခုလို အပြောင်းအလဲကာလမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ လွတ်လပ်မှုကို ရယူလိုသူတွေအတွက် ရှေ့ဆောင်လမ်းပြအဖြစ် ဆက်ပြီးရှိနေဖို့ လိုအပ်ပါတယ်၊ မနှစ်က မြန်မာနိုင်ငံကို သွားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူနှစ်ပေါင်းများစွာ အကျယ်ချုပ်ဘဝနဲ့ နေထိုင်ခဲ့ရတဲ့နေအိမ်မှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတတစ်ဦးကို ကြိုဆိုဧည့်ခံနိုင်ခဲ့ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

ဒါ့ပြင် “ထောင်သောင်းချီတဲ့ မြန်မာပြည်သူတွေကလည်း လမ်းဘေးဝဲယာ တဖက်တချက်မှာ အမေရိကန်အလံတွေကို ဝှေ့ရမ်းပြီး သူ့ကိုကြိုဆိုခဲ့ကြတဲ့အကြောင်း၊ အဲဒီထဲက မြန်မာပြည်သူတစ်ဦးကဆိုရင် အမေရိကန်ပြည်ထောင်စုမှာ တရားမျှတမှုနဲ့ ဥပဒေ ထွန်းကားနေပါတယ်၊ ကျနော်တို့ နိုင်ငံကိုလည်း အမေရိကန်ပြည်ထောင်စုလို ဖြစ်ချင်ပါတယ်လို့ ပြောတာကို သူကြားသိခဲ့ရပါတယ်” လို့ သမ္မတ Obama က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အမေရိကန် အချိန်ယူသင့်

မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အမေရိကန် အချိန်ယူသင့်

လက်ရှိ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေရှိပြီး စိန်ခေါ် အကဲစမ်းချက်တွေလည်း ရှိနေတာမို့၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ချည်းကပ်တဲ့ နေရာမှာ အလောတကြီး မူဝါဒ ပြောင်းလဲတာ မျိုးတွေ မလုပ်သင့်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ၀ါရှင်တန်ဒီစီက Heritage Foundation မှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြောသွားတာပါ။

မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ အကဲဖြတ် သုံးသပ်တဲ့ မနေ့က ဆွေးနွေးပွဲ ကိုတော့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က လက်ထောက် အမှုဆောင် ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ ဖရန့် ဂျာနူဇီ (Frank Jannuzi) HRW လူ့အခွင့်ရေးစောင့်ကြည့်မှု အဖွဲ့က တွန် မလီနောစကီး (Tom Malinowski) နဲ့ လူ့အခွင့်အရေး ရှေ့နေဖြစ်တဲ့ ဂျရတ် ဂန်ဆာ (Jared Genser) တို့ အဓိက ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ ရှိလာပေမဲ့ တရားဥပဒေစိုမိုးရေး လွတ်လပ်တဲ့ တရားစီရင်ရေး နယ်ပယ်တွေမှာ လိုအပ်ချက်တွေ ရှိနေသလို၊ ပြုပြင်ပြောင်းလဲရေးမှာလည်း capacity လုပ်နိုင်ချေ စွမ်းအား အားနည်းသေးတယ်လို့ သုံးသပ်ကြပါတယ်။

အထူးသဖြင့်တော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို သုံးသပ်ဆွေးနွေးကြပြီး၊ ဒီအချက်တွေကိုကြည့်ရင် လူ့နည်းစုအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အားနည်းမှုတွေကို ထောက်ပြပါတယ်။ အတိုက်အခံ ဒီမိုကရေစီဘက်က အခြေအနေကိုလည်း သုံးသပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ဟာ သူ့ရန်ဘက် မဟုတ်ပါဘူးဆိုတာ ပြသဖို့အတွက် ကိစ္စရပ် အတော်များများမှာ မှတ်ချက်ပေး ပြောဖို့ ရှောင်နေခဲ့ တယ်လို့ ဝေဖန်သွားပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အတိုက်အခံတွေဘက်က လှုပ်ရှားဆောင်ရွက်ခဲ့ပေမယ့်၊ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့တော့ အချိန်ယူရနိုင်တယ်လို့ သုံးသပ်ပါတယ်။

ချင်းမိုင်ရှိ အမေရိကန်သံရုံးအား အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးနိုင်ရန် လုံခြုံရေးတိုးမြှင့်

ချင်းမိုင်ရှိ အမေရိကန်သံရုံးအား အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးနိုင်ရန် လုံခြုံရေးတိုးမြှင့်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား အယ်လ်ကိုင်းဒါးနှင့် Salafist အကြမ်းဖက် အုပ်စုများက ယခုလအတွင်း တိုက်ခိုက်လာနိုင်စရာ ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုကောင်စစ်ဝန်ရုံး အနီးတဝိုက်တွင် လုံခြုံရေး အထူး တင်းကြပ်ထားကြောင်း ထိုင်း အာဏာပိုင်များ က ပြောခဲ့သည်ဟု အေပီ သတင်းတရပ်တွင် အင်္ဂါနေ့က ဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra က လုံခြုံရေး တပ်ဖွဲ့များအား ထိုနေရာတွင် အင်အားတိုးမြှင့်ရန် အမိန့် ပေးထားကြောင်း အေပီ သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဒုတိယ အကြီးအကဲ Chalerm Yubumrung က အကြမ်းဖက်ခြင်း ခံရနိုင်မှု အန္တရာယ် အကြောင်း အသေးစိတ် ပြောပြရန် ငြင်းဆန်သွားသော်လည်း အမေရိကန် ဦးဆောင်သည့် ရွှေမြွေဟောက် နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသည်အထိ လုံခြုံရေးကို ဆက်လက် တိုးမြှင့် တင်းကြပ်ထားမည်ဟု ဆိုခဲ့သည်။

ဘန်ကောက်ရှိ အမေရိကန် သံရုံး ပြောရေးဆိုခွင့် ရှိသူ Walter Braunohler က ထိုင်းနိုင်ငံရှိ အမေရိကန်နှင့် ပတ်သတ်သည့် နေရာများအား ဘေးအန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန်အတွက် လိုအပ်သည့် အစီအစဉ်များကို အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ဆိုခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာများ သောင်းနှင့်ချီ၍ နေထိုင်လျက် ရှိကြပြီး မဇ္ဈိမ သတင်းဌာန၏ ရုံးခွဲ တခုလည်း ချင်းမိုင်မြို့တွင် ရှိသည်။

ဆိုက်ဘာတိုက်ခိုက်မှုကို မထိန်းနိုင်က နိုင်ငံသိက္ခာကျမည်

ဆိုက်ဘာတိုက်ခိုက်မှုကို မထိန်းနိုင်က နိုင်ငံသိက္ခာကျမည်

by ညိမ်းပြည့်စုံ

ပြီးခဲ့သော ရက်ပိုင်းများအတွင်း ပြည်တွင်းအခြေဆိုက် ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှု၊ သတင်းထောက်များ၏ အကောင့်များကို ဖောက်ထွင်းရန် ကြိုးပမ်းမှုများသည် ဟက်ကာများအနေဖြင့် စည်းလွတ်ဝါးလွတ် လုပ်ကိုင်ခွင့်ရနေကြောင်း ဖော်ပြသောအချက်ဖြစ်သလို အကယ်၍ တပ်မတော်အရာရှိများပါ ပါဝင်ပတ်သက်နေပါက ပြုပြင်ပြောင်းလဲရေး ကတိကဝတ် လုံခြုံစေခြင်းငှာ သမ္မတ ဦးသိန်းစိန်အနေဖြင့် အပြစ်ပေးအရေးယူမှုများ လုပ်သင့်သည်ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ရေးသားသည်။

news image

“ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရှားရှားပါးပါး ထုတ်ပြန်ကြေညာချက်တရပ် ထုတ်ခဲ့ပြီး ကချင်ပဋိပက္ခအကြောင်း သတင်းမီဒီယာများ၊ သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများက မမှန်သတင်းများ ထုတ်နေကြောင်း ပြောဆိုချက်က သက်သေဖြစ်နေခဲ့သည်” ဟု အဆိုပါအဖွဲ့၏ အရှေ့တောင်အာရှရေးရာ ကိုယ်စားလှယ် မစ္စတာ ရှောင် ခရစ္စပင်က ရေးပြီး တိုက်ခိုက်သူများ၏ ရည်မှန်းချက်များသည် ကချင်စစ်ပွဲအပေါ် သတင်းရေးသား ပေးပို့သူများ ဖြစ်ကြောင်းလည်း ထောက်ပြကာ “အကယ်၍ အနှောင့်အယှက်ပေးရာတွင် တပ်မတော်အရာရှိများ ပါဝင်နေပါက ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူရန် လုပ်ဆောင်ခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးကို ပိုမို ကောင်းမွန်အောင် လုပ်နိုင်သည်” ဟု ရေးသားဖော်ပြခဲ့သည်။

ထို စိုးရိမ်ချက်သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာတွင် ပြည်တွင်းပြည်ပရှိ Google mail ဂျီမေးလ် သုံးသော သတင်းထောက်နှင့် အယ်ဒီတာအချို့ထံ ဂူးဂဲလ်မှ ” သင့် ကွန်ပြူတာ သို့မဟုတ် အကောင့်ကို နိုင်ငံ့အထောက်အပံ့ခံ တိုက်ခိုက်သူများ (State-sponsored attackers)က ဝင်ရောက်ရန် ကြိုးစားနေသည်ဟု မိမိတို့ ယုံကြည်သည်” ဟု ရေးသားထားသည့် သတိပေးစာ လက်ခံရရှိကြောင်း ဖော်ပြခဲ့မှု နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ယင်း သတင်းတွင် ကမ္ဘာကျော် အင်တာနက်အခြေပြု ရှာဖွေရေး၊ ဆော့ဖ်ဝဲနှင့် ကြော်ငြာကုမ္ပဏီကြီးက နိုင်ငံ့အထောက်အပံ့ခံ တိုက်ခိုက်သူများ (State-sponsored attackers)ဟု ၎င်းတို့ မည်သို့ရှာဖွေ တွေ့ရှိသည်ကို မထုတ်ပြန်နိုင်ကြောင်း၊ ထုတ်ပြန်ကြေညာခဲ့လျှင် တိုက်ခိုက်သူများက ကုမ္ပဏီ၏ ရှာဖွေရေးစနစ်ကို သိရှိသွားနိုင်ကြောင်း ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ဧရာဝတီက မေးမြန်းခဲ့ရာ သက်သေ အထောက်အထား အခိုင်အလုံမရှိဘဲ State-sponsored attackers ဟု မစွပ်စွဲသင့်ကြောင်းနှင့် အစိုးရတွင် ထိုသို့ တိုက်ခိုက်ရန် ပေါ်လစီ လုံးဝ မရှိကြောင်း ဆိုသည်။

“ ကျနော် ပြောနိုင်တာက နိုင်ငံတော်က မီဒီယာတွေရဲ့ WebSiteတွေ၊ E-mail တွေကို တိုက်ခိုက်မယ်ဆိုတဲ့ စီမံချက် လုံးဝမရှိပါဘူး။ ဒါကြောင့် ဒါမျိုး စကားကို လွယ်လွယ်မပြောသင့်ဘူး”ဟု ဦးရဲထွဋ်က ပြောသည်။ ထိုသို့ စကား လွယ်လွယ်ပြော၍ စွပ်စွဲမည်ဆိုပါက နိုင်ငံဂုဏ်သိက္ခာထက် ထိုသို့ပြောသောသူ/အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်မည်သာဖြစ်ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောသည်။

သတင်းဝက်ဘ်ဆိုက်များ၊ သတင်းထောက်များ၏ အကောင့်များအား တိုက်ခိုက်မှုများကို နိုင်ငံတော်အစိုးရက ပြုလုပ်သည် ဆိုပါက နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်မည်ဖြစ်သော်လည်း ယခုအဖြစ်အပျက်သည် နိုင်ငံတော် အစိုးရနှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့် နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်မည်မဟုတ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

Hacker များအား မည်သို့ထိန်းချုပ်ရမည်ကို မိမိအနေဖြင့် မသိသေးသော်လည်း ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်သေးကြောင်း၊ သို့သော် နည်းပညာအဆင့်အတန်းမြင့်လာပြီး၊ Cyber လုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာများ ပိုမိုရလာမည် ဆိုပါက ကာကွယ်နိုင်မည်ထင်ကြောင်း ဆက်လက်ပြောဆိုသည်။ “ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ Cyber ဥပဒေ၊ Cyber လုံခြုံရေးနဲ့ ပတ်သက်လို့ ပိုပြီးကောင်းအောင် လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုတိယ ဥက္ကဌ ဦးသီဟစောကလည်း “State-sponsored attackers ဆိုတာ Google ကပြောတာ။ Google ကို သူများတွေ မေးတဲ့အခါမှာ ဘယ်သူ လုပ်တယ် ဆိုတာ မပြောဘူး။ ပြောလိုက်ရင် အခြေအနေ ပိုဆိုးလာနိုင်တယ်။ ဒါလုပ်တာ မြန်မာနိုင်ငံအစိုးရ ဟုတ်ချင်ဟုတ်မယ်။ တခြားနိုင်ငံကလည်း ဖြစ်ချင်ဖြစ်မယ်။ Google က သိပေမယ့် အတိအကျ မပြောထားဘူး”ဟု ပြောဆိုပြီး အတိအကျ မပြောထားသည့်အတွက် မြန်မာအစိုးရက ပြုလုပ်နေခြင်းဖြစ်သည်ဟု အတည်မပြောသင့်ကြောင်း ဆိုသည်။

သတင်းနည်းပညာနှင့် ဝက်ဘ်ဆိုက်ရေးရာ ကျွမ်းကျင်သူများကလည်း မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးအက်ဥပဒေ မရှိသေးသကဲ့သို့ နည်းပညာပိုင်း ကျွမ်းကျင်သည့် ဆိုက်ဘာမှုခင်းနှိမ်နင်းရေးအဖွဲ့များ မရှိသေးကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်လာပြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ ယင်းကဏ္ဍ တိုးတက်ရေး လိုအပ်လာပြီဖြစ်ကြောင်း ဆိုကြသည်။

“ အခုက Website ကို တိုက်ခိုက်တာပဲ ရှိသေးတာ။ နောက်ကျရင် နည်းပညာကိုသုံးပြီး ဘဏ်အကောင့်တွေ လိမ်တာတို့၊ ငွေခိုးတာတို့၊ တယောက်နဲ့တယောက် ပုဂ္ဂိုလ်ရေးစော်ကားတာတို့၊ နည်းပညာနဲ့ ခြိမ်းခြောက်ပြီး လူကုန်ကူးတာတို့က နောက်ပိုင်းကြရင် ဖြစ်လာမှာ။ ဒါတွေဖြစ်လာရင် အသုံးချလို့ရမယ့် Cyber law လည်း အခုချိန်ထိ မရှိသေးဘူး”ဟု ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောသည်။

Hacking နှင့်ပတ်သက်သည့် ပညာရပ်များအား ပြည်တွင်း၌ တက်ရောက်သင်ကြားနိုင်ပြီး ၎င်းသည် White Hacker များအတွက် ဖြစ်ကြောင်း၊ Black Hacker များကမူ Online ၌ သွားရောက်လေ့လာသင်ကြားနိုင်ကြောင်းလည်း သိရသည်။

Hacker များတွင် အချို့သည် မိမိတတ်ကျွမ်းသည်များကို ပြသချင်သောကြောင့် ထိုကဲ့သို့ ပြုလုပ်နေခြင်းဖြစ်ပြီး၊ အချို့မှာ သူတပါးအား ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်သောသူများဖြစ်ကြောင်း၊ ယခုဖြစ်ရပ်တွင်မူ မီဒီယာဝက်ဘ်ဆိုက်များ၊ အကောင့်များကို hack လုပ်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခြင်းသာဖြစ်ပြီး ၎င်းတို့မှာ Black Hacker များဖြစ်ကြောင်း ရန်ကုန်ရှိ Web Developer ကိုရန်ကုန်နိစ်က ပြောသည်။

“ဒါက သာမန်နည်းပညာပိုင်းကို လက်တည့်စမ်းချင်သူတွေကြောင့် မဟုတ်လောက်ဘူး။ သတင်းဌာနကို လုပ်တာကြတော့ ဘာအကျိုးအမြတ်မှမရှိဘူး။ သတင်းဌာနကသာ ပျက်စီးဆုံးရှုံးမှုတွေရှိတာ။ သတင်းဌာနတွေကို Hack တာကြတော့ ကျနော်တို့ မသိတာတွေ အများကြီး ရှိနေဦးမှာပေါ့”ဟု ကိုရန်ကုန်နိစ်က ပြောသည်။

Google mail အကောင့်များ၊ ဝက်ဘ်များအား တိုက်ခိုက်မှုကို လုံးဝ ကာကွယ်တားဆီးရန် နည်းပညာများ မရှိသေးသော်လည်း လုံခြုံစိတ်ချရသည့် Application များကို အသုံးပြုသင့်ကြောင်း ကိုနေဘုန်းလတ်က ပြောသလို မရင်းနှီးသောသူများက ပေးပို့လာသော လင့်များကို မနှိပ်ခြင်း၊ သင်္ကာမကင်း ဖြစ်သည့် ဖိုင်များကို မဖွင့်ခြင်းများကလည်း များစွာ အထောက်အကူပြုကြောင်း ဂူးဂဲလ်က ထုတ်ပြန်ထားသည်။

မြန်မာစစ်သင်္ဘောများ ထိုင်းပင်လယ်ကမ်းခြေကို လာရောက်မည်

မြန်မာစစ်သင်္ဘောများ ထိုင်းပင်လယ်ကမ်းခြေကို လာရောက်မည်

မြန်မာ့တပ်မတော် ရေတပ်က စစ်သင်္ဘော ၂ စင်းဟာ လာမယ့်သီတင်းပတ်ကျရင် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ဆိပ်ကမ်းကို လာရောက်လည်ပတ်မယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လာရောက် လည်ပတ်တာလို့ ဆိုပါတယ်။ ယူအမ်အက်စ် ၅၆၁ နဲ့ ၅၆၂ မြန်မာစစ်သင်္ဘော ၂ စင်းဟာ ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၃ ရက်နေ့ထိ ဖူးကက်မှာ ရှိနေမှာဖြစ်ပြီး ထိုင်း အမှတ် ၃ ရေတပ်အရာရှိတွေက ကြိုဆိုမယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာစစ်သင်္ဘောတွေအဖို့ ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် လာရောက် လည်ပတ်မှုလည်း ဖြစ်ပါတယ်။

အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားရေးသားတဲ့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီခရီးဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံရေတပ်ဖွဲ့တွေအကြား ကောင်းမွန်တဲ့လက္ခဏာဖြစ်ပြီး မြန်မာနိုင်ငံဘက်က ပိုမိုပွင့်လင်းလာတာကို ပြသတာလို့ ဆိုပါတယ်။

နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ပြောဆိုကြမှာဖြစ်သလို ပူးတွဲရေတပ် ကင်းလှည့်ဖို့ ကိစ္စလည်း ဆွေးနွေးနိုင်ပါတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်အဆိုအရ မြန်မာရေတပ်အကြီးအကဲဟာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ဖို့ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်မှာ ထိုင်းရေတပ်အကြီးအကဲကို တွေ့ဆုံဖို့ ရှိတယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။

အစိုးရသစ် တက်လာပြီးနောက် မြန်မာစစ်တပ်က ဒေသတွင်းမှာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နေရာမှာ လက်ရှိ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ရွှေမြွေဟောက် (Cobra Gold) နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုမှာလည်း မြန်မာစစ်တပ်က အရာရှိတွေ ပထမဆုံးအကြိမ် လေ့လာသူအဖြစ် ပါဝင်တက်ရောက်နေပါတယ်။

မြန်မာ စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ၊ ဖူးခက်သို့ ချစ်ကြည်ရေး ဆိုက်မည်

မြန်မာ စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ၊ ဖူးခက်သို့ ချစ်ကြည်ရေး ဆိုက်မည်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ စစ်သင်္ဘော နှစ်စင်းဖြစ်ကြသည့် UMS 561 နှင့် UMS 562 တို့သည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖူးခက် ကမ်းခြေသို့ ဖေဖေါ်ဝါရီလအတွင်း ဆိုက်ကပ်လာမည် ဖြစ်ကြောင်း ရေတပ်အရာရှိများအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ရေးသားထားသည်။

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ လာရောက်ဆိုက်ကပ်မည့် အဆိုပါ မြန်မာစစ်သင်္ဘောများကို ထိုင်းရေတပ် တတိယ ဧရိယာတပ်ရင်းမှ လက်ခံကြိုဆို မည်ဟု ဆိုသည်။

ဤသည်မှာ မြန်မာစစ်သင်္ဘောများ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ဆိုက်ရောက်လာမှုလည်း ဖြစ်သည်။

နှစ်နိုင်ငံ ရေတပ်ဆက်ဆံရေး ကောင်းမွန်သည့်လက္ခဏာကို ပြသခြင်းဖြစ်ကာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပူးပေါင်း ရေကင်းလှည့်မှုများအတွက်လည်း ဆွေးနွေးဖွယ်ရှိသည်။

မြန်မာနိုင်ငံအနေနှင့် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုဖြစ်သည့် 'ရွှေမြွေဟောက်' တွင် ပါဝင်လိုသော အာသီ ယခင်ကတည်းက ရှိထားခဲ့ပြီး ပါဝင်ခွင့်ရရန် ထိုင်းနိုင်ငံမှတဆင့် စတင်ချဉ်းကပ်ခဲ့ကာ အောင်မြင်မှုအလား အလာ အတော်ရရှိလာနေပြီလည်းဖြစ်သည်။

ထို့ပြင် မြန်မာရေတပ်ဦးစီးချုပ်လည်း ထိုင်းနိုင်ငံသို့ မကြာမီ လာရောက်ဖွယ်ရှိကြောင်းလည်း အဆိုပါ ရေတပ်အရာရှိ အား ကိုးကား၍ ရေးသားထားသည်။

နိုင်ငံခြားသတင်းထောက်များကို ဗီဇာ ၃ လ ပေး

နိုင်ငံခြားသတင်းထောက်များကို ဗီဇာ ၃ လ ပေး

by ​အေး​နိုင်

မြန်မာနိုင်ငံကို ၀င်ရောက်သတင်းယူတဲ့ နိုင်ငံခြားသားသတင်းထောက်တွေကို ဒီနှစ်ဆန်းပိုင်းကစလို့ ကနဦးအခေါက်မှာ ဗီဇာသက်တမ်း ရက်ပေါင်း ၉၀ စတင်ထုတ်ပေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။

ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က “လက်ရှိ ၃ လအထိ ပေးနေတယ်။ ပထမအကြိမ် စ၀င်ဝင်လာချင်းပေးနေပါတယ်။ ရက် ၉၀ ထိ ပေးနေတယ်။ အရင် ၇ ရက်လောက်ပဲပေးတာ။ အခု ၂၀၁၃ ကစပြီး ၃ လလောက်ပေးနေတာ ရှိတယ်။ သူတို့ သဘောကျကြတယ်။ ပထမအကြိမ် ရက် ၉၀ ပြီးရင် နောက်ထပ် ရက်တိုးချင်ရင် နိုင်ငံခြားရေးဌာနကို ကျနော်တို့ ထောက်ခံပေးပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြတဲ့ အေပီသတင်းတပုဒ်မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က လာမယ့် ဧပြီလလယ်ပိုင်းလောက်ကျရင် သက်ရောက်မှုရှိတော့မယ့် ဥပဒေအရဆိုရင် နိုင်ငံခြားသတင်းထောက်တွေဟာ နိုင်ငံတွင်းမှာ ၁ နှစ်ကျော်ထိ နေထိုင်နိုင်မယ့် အချက်တွေ ပါဝင်တယ်လို့ သည်ဂါးဒီယန်းသတင်းစာရဲ့ မေးမြန်းချက်မှာ ထည့်သွင်း ဖြေဆိုခဲ့ပါတယ်။

နိုင်ငံခြားသတင်းထောက်တွေအနေနဲ့ အစိုးရဘက်က တရားဝင်ခန့်အပ်ထားတဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းခွင့်ရဖို့ ဂျာနယ်လစ်ဗီဇာနဲ့ ၀င်ရောက်မှသာ မေးမြန်းခွင့်ရဖို့ သေချာကြောင်းလည်း ဦးရဲထွဋ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဦးရဲထွဋ်ကို ဒီဗွီဘီက တိုက်ရိုက် မေးမြန်ခွင့်ရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

နိုင်ငံခြားသတင်းထောက်တွေ ဗီဇာ ရက်တိုးပေးမယ့် အစီအစဉ် ပြောဆိုချက်နဲ့ ပတ်သက်လို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်ကို မေးမြန်းရာမှာ ဒီအစီအစဉ်ကိုတော့ သူ့အနေနဲ့ မသိရှိသေးကြောင်းနဲ့ ၀န်ကြီးအဆင့်က ပြောဆိုတာဖြစ်လို့ ဖြစ်နိုင်ချေကို ပြောတာဖြစ်မှာပါလို့ ဖြေပါတယ်။

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး ကမ္ဘာပေါ်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် ချိုးဖောက်တဲ့ နာမည်ပျက်နိုင်ငံစာရင်းမှာ ရှိနေရာက အစိုးရသစ်လက်ထက်မှာ ဖြေလျှော့မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

ဇန်နဝါလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၅၀ ခန့် ရှိလာ

ဇန်နဝါလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၅၀ ခန့် ရှိလာ

by ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် တရားဝင် လာရောက်လုပ်ကိုင် လာမှုမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၀ ခန့် ရှိလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဇန်နဝါရီလ တလတည်းမှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဝင်ရောက်လုပ်ကိုင်လာမှုက အမေရိကန်ဒေါ်လာ ၃၄၈ သန်း ရှိခဲ့ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင် က ပြောသည်။

ဤလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာ ဇန်နဝါရီ ၂ ရက်တွင် လုပ်ငန်း ၃ ခု၊ ဇန်နဝါရီ ၉ ရက်တွင် ၃ ခု၊ ဇန်နဝါရီ ၁၆ ရက်တွင် ၁ ခု၊ ဇန်နဝါရီ ၂၃ ရက်တွင် ၄ ခုနှင့် ဇန်နဝါရီ ၃၀ ရက်တွင် ၅ ခုဟူ၍ လုပ်ငန်းပေါင်း ၁၆ ခုအား ခွင့်ပြုခဲ့သည်။

“ဇန်နဝါရီလထဲမှာ ဝင်ရောက်လာတဲ့ လုပ်ငန်းတွေထဲမှာ ကဏ္ဍစုံလာတာ တွေ့တယ်။ ဇန်နဝါရီလ တလထဲ ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုက ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ဝင်ရောက်ထားတဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၉၄.၃၅၄ သန်းရဲ့ ၄၀ ရာခိုင်နှုန်းကျော် ရှိနေပါတယ်” ဟု ညွှန်ကြားရေးမှူးက ဆက်ပြောသည်။

ထိုသို့ ခွင့်ပြုချက်ရရှိခဲ့သည့် ကုမ္ပဏီများမှာ အဖျော်ယမကာ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း ဖက်စပ်လုပ်ငန်း အတွက် Myanmar Distillery Company Limitetd နှင့် Beer Chan International Limited ၊ အိမ်သုံးနှင့်အိမ်အလှဆင် ပစ္စည်း စက်မှုလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် Green Tech Industries Company Limited ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်သုံး ပစ္စည်းများအား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအတွက် Suzuki (Myanmar) Motor Co Ltd ၊ လက်ခစားစနစ်ဖြင့် သတို့သမီးဝတ်စုံ ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် Atelier E&M International Co Ltd ၊ စီးကရက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းအတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုလုပ်ကိုင်လျက်ရှိသည် IMU နှင့် ဖက်စပ်လုပ်ကိုင်ရန် British American Tobacco Myanmar Limited စသည်တို့အား ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

နိုင်ငံခြား ကုမ္ပဏီရုံးခွဲအချို့ ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြု

နိုင်ငံခြား ကုမ္ပဏီရုံးခွဲအချို့ ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြု

by ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ နိုင်ငံခြားကုမ္ပဏီ ရုံးခွဲအချို့အား ယာယီ ဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန် ကြေညာခဲ့သည်။

“ဖေဖေါ်ဝါရီ ၁ ရက်နေ့ကနေ ဖေဖေါ်ဝါရီ ၇ ရက်နေ့အထိ ယာယီဖွဲ့စည်းမှတ်ပုံတင် ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ စုစုပေါင်း ၂၃ ခု ရှိခဲ့ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင် က ပြောကြားသည်။

ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံခြားကုမ္ပဏီ ရုံးခွဲများမှာ ဖေဖေါ်ဝါရီ ၁ ရက်တွင် ၁၀ ခု၊ ဖေဖေါ်ဝါရီ ၄ ရက်တွင် ၃ ခု၊ ဖေဖေါ်ဝါရီ ၅ ရက်တွင် ၅ ခု၊ ဖေဖေါ်ဝါရီ ၆ ရက်တွင် ၁ ခုနှင့် ဖေဖေါ်ဝါရီ ၇ ရက်တွင် ၄ ခုတို့ ဖြစ်သည်။

“Industry (ထုတ်လုပ်ရေး) လုပ်ငန်း တခု/နှစ်ခုလောက် ပါဝင်ပြီး လုပ်ငန်းအများစုက ဝန်ဆောင်မှု လုပ်ငန်းတွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသွားသည်။

ထိုသို့ ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံခြားကုမ္ပဏီရုံးခွဲများထဲတွင် Web Crew International Co;Ltd ၊ Chilli A dvertising Co;Ltd ၊ Red Bull Co:Ltd-Japan Real Estate Co;ltd ၊ Myanmar Premier International Law Office Co;Ltd ၊ Suzuki (Myanmar) Motor Co;Ltd ၊ Puri Timber Co;Ltd ၊ Vietnam Joint Stock Commercial Bank for Industry and Trade (Myanmar Representative Office)၊ The Cambodia Trust (Myanmar Branch Office)၊ Vietnam Phar maceutical Corporation (Myanmar Branch) စသည်တို့ ပါဝင်ကြောင်း သိရသည်။

ရွှေရာသီကုမ္မဏီ ၏ ရေနံထုတ်လုပ်ခွင့် ပါမစ်ပိတ်သိမ်းခံရမှုမှာ တစ်ဖက်သက်ဖြစ်ဟုဆို

ရွှေရာသီကုမ္မဏီ ၏ ရေနံထုတ်လုပ်ခွင့် ပါမစ်ပိတ်သိမ်းခံရမှုမှာ တစ်ဖက်သက်ဖြစ်ဟုဆို

by စောဇင်ညီ

ရန်ကုန်(မဇ္ဈိမ)။ ။ မကွေးတိုင်းဒေသကြီး သရက်မြို့ ပိတောက်ပင်ကျေးရွာရှိ ရေနံတွင်းများ တူးဖော်ခြင်း လုပ်ကိုင်နေသည့်  ရွှေရာသီကုမ္မဏီ၏ ရေနံထုတ်လုပ်ခွင့် ပါမစ်ပိတ်သိမ်းခံရခြင်းသည် တစ်ဖက်သက်ဖြစ်နေကြောင်း အဆိုပါ ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ကျွန်တော်တို့ မြို့ နယ်ကော ခရိုင်ကော မီးသတ်ဦးစီးဌာနရဲ့ ကြီးကြပ်မှုတွေအရ လုပ်ဆောင်နေတာပါ။ ဒီလိုကြီးဖြစ်သွားတယ်ဆိုတော့  တစ်ဖက်သတ် ဖြစ်သွားတယ်လို့  ထင်ပါတယ်။” ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပိတောက်ပင်ဒေသရှိ ရေနံလုပ်ကွက်၌ လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိ ထားသော ဦးကျော်ဌေး(ရွှေရာသီကုမ္ပဏီ)သည် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် စီမံချက်များ စနစ်တကျ ကြိုတင်ဆောင်ရွက် ထားရှိရန် သတ်မှတ် ထားသော်လည်း အဆိုပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မှု မရှိသည့်အတွက် ၇-၂-၂၀၁၃ ရက်နေ့မှ စတင်၍ ရေနံလက်ယက် တွင်းတိမ်များ ရှာဖွေ တူးဖော်ထုတ်လုပ်ခွင့်ပြုမိန့်အား ရုပ်သိမ်းခဲ့သည်ပာု စွမ်းအင်ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်နေ့  နေ့ စွဲဖြင့်  ထုတ်ပြန်ကြေညာထားသည်။

ထိုကြေညာချက်အပေါ် ရွှေရာသီ ကုမ္မဏီ အနေဖြင့် စည်းကမ်းဖောက်ဖျက်မှု မရှိခဲ့ကြောင်း မီးလောင်မှုများ သည်လည်း မတော်တဆများသာဖြစ်ကြောင်း ပာုဆိုသည်။

“မှော်တိုင်းမှာ မီးလောင်မှုတွေက ခဏခဏဖြစ်တက်ပါတယ်။” ပာု ရွှေရာသီ ကုမ္မဏီမှ မှတ်ချက်ပြု ပြောကြားသည်။

ရွှေရာသီကုမ္မဏီပိုင် ပိတောင်ပင် ရေနံလုပ်ကွက်များအတွင်း မီးလောင်မှုများသည် ဇွန်လမှ ဖေဖော်ဝါရီလ အထိ မီးလောင်မှု ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သရက်မြို့ ဒေသခံများထံမှ သိရသည်။

“မီးလောင်မှုတွေဖြစ်တာက ကုမ္မဏီဘက်က ဆီပေပါတွေ သိမ်းတဲ့စနစ် အဆင်မပြေလို့ပါ။” ပာု ပိတောက်မြေ ရေနံလုပ်ကွက်တစ်ခုအား အဌားလုပ်ကိုင်နေသူ ဦးမျိုးသန်းထွန်း က ပြောသည်။

အဆိုပါလုပ်ကွက်များအတွင်း မီးလောင်မှုများဖြစ်ပွားခြင်းသည် ရေနံထုတ်လုပ်ရာတွင် တွင်းမှ ရေနံဆွဲထုတ် ရသည့် ရေနံဆွဲသည့် ကြေးနန်းကြိုး အချင်းချင်း ပူးကပ်၍ မီးတောက်ကာ မီးလောင်မှု ဖြစ်ပွားခြင်းများ ဖြစ်ပေါ်ကြောင်း ပိတောက်မြေရေနံလုပ်သားများထံမှ သိရသည်။

အဆိုပါ ရွှေရာသီ ကုမ္မဏီသို့  ပါမစ်ပိတ်သိမ်းသည့် ကိစ္စနှင့် ပတ်သတ်၍ စွမ်းအင်ဝန်ကြီးဌာနအား ဖုန်းဖြင့် ဆက်သွယ်ရာ အဆက်အသွယ်မရခဲ့ပေ။

ပြည်တွင်းငြိမ်းချမ်းရေးကို ဗမာ့တပ်မတော်သာ အကောင်ထည်ဖော်နိုင်မည်- ပဒိုမန်းငြိမ်းမောင်

ပြည်တွင်းငြိမ်းချမ်းရေးကို ဗမာ့တပ်မတော်သာ အကောင်ထည်ဖော်နိုင်မည်- ပဒိုမန်းငြိမ်းမောင်

by ရွှေအောင်

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ တကယ်လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူဟာ ဗမာ့တပ်မတော်သာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

news image

ကေအန်ယူ၊ ကေအန်အယ်အေ၊ အက်စ်အက်စ်အေနဲ့ စီအန်အက်ဖ် စတဲ့ အပစ်အခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတတို့ နေပြည်တော်က သမ္မတလယ်တဲအိမ်မှာ ဒီနေ့ တွေ့ဆုံရာမှာ သူက အခုလို ဆွေးနွေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က သူ့ရဲ့ သမ္မတသက်တမ်းအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ပေးခဲ့ချင်ကြောင်း ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ပဒိုမန်းငြိမ်းမောင်နဲ့ ဆက်သွယ်မေးမြန်းချက်

သမ္မတက တွေ့ဆုံရာမှာ ဘာတွေပြောပါလဲ။

“တိုင်းရင်းသားညီအစ်ကိုတွေ ကွဲကွာနေရာကနေ ပြန်လည်ဆုံတွေ့ကြတယ်လို့ သဘောထားတယ်။ တိုင်းပြည်ထဲ တစုတစည်းထဲအောက်မှာ စည်းလုံးညီညွတ်ဖို့ဆိုရင် တဦးကို တဦး စာနာမှု၊ ထောက်ထားမှု၊ ခွင့်လွှတ်သည်းခံမှုဆိုတာတွေနဲ့ အဲဒီနည်းလမ်းသာလျှင် ရှေ့သွားမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတို့မှာ ဒါသာလျှင် အကောင်းဖြစ်တယ်လို့ သမ္မတကြီးက အမိန့်ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဒီလိုတွေ့ဆုံခြင်းဟာ ယုံကြည်မှုတည်ဆောက်မှုကို ပိုအကျိုးဖြစ်တယ်။ ဒီတိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးဟာ နိုင်ငံချစ်စိတ်က လူမျိုးတိုင်းမှာရှိတယ်။ နိုင်ငံချစ်စိတ်က ပြည်ထောင်စုစိတ်ဓာတ်ပဲဆိုတာ အဓိကထား ပြောသွားတယ်။ နိုင်ငံတော်ကို ကာကွယ်ရာမှာလည်း တိုင်းရင်းသားတွေ အားလုံး တစည်းတလုံးတည်း ကာကွယ်ဖို့၊ တိုင်းပြည်တည်ဆောက်ရေးလုပ်ဖို့အတွက် အဓိကထား ပြောသွားတယ်။ ကျနော်တို့က လက်နက်ကိုင်ပဋိပက္ခတော့ ရှေ့လျှောက်မှာအဆုံးသတ်ပြီး သမ္မတကြီးလက်ထက်မှာ ကျနော်တို့လက်ထက်မှာ ငြိမ်းချမ်းရေးကို တည်ဆောက်ပေးခဲ့ချင်တယ်။ မကောင်းတဲ့ဆိုးမွေတွေကို နောင်မျိုးဆက်တွေ၊ နောင်လာနောင်သားတွေကို မပေးခဲ့ချင်တော့ဘူး။ သမ္မတကြီးနဲ့ ၂ ကြိမ်ရှိပြီ တွေ့တာ။ အဲစကားကို ကြုံတိုင်း ပြောတဲ့စကားဖြစ်တယ် ဆိုတာကို သတိထားမိတယ်။ သမ္မတကြီးပြောတာ တကယ့်ကို ရင်ထဲက ပြောတဲ့စကားလို့ ခံစားမိတယ်။ ”

အခု ပြဿနာတက်နေတဲ့ ကေအိုင်အေ၊ ကေအိုင်အိုကိစ္စနဲ့ ပတ်သက်လို့ရော ဘာများပြောသွားသေးလဲ။

ကေအိုင်အေကိစ္စလည်း ပြောပါတယ်။ အများကြီး နားလည်မှုရလာတယ်။ တိုင်းရင်းသားတွေလည်း အများကြီး ၀န်းရံပြီးတက်ရောက်လာတဲ့အတွက်။ အဲမှာ နောက်ဆုံးဝင်လာတဲ့ ကြေးနန်းတွေ ရတယ်။ မနက်ပိုင်းကလည်း ၀န်ကြီးတွေနဲ့ တွေ့တယ်။ အပျက်အစီးတွေ သူတို့ ဖတ်ပြတယ်။ တချို့နေရာတွေမှာ ဗမာ့တပ်မတော်က တပ်ဖွဲ့တွေရော၊ ကေအိုင်အေက တပ်ဖွဲ့တွေရော ဆုံကြတာ ရှိတယ်။ ဆုံကြပြီးတော့ တဦးနဲ့တဦး အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဖက်တပ်မှူးတွေက ဓာတ်ပုံရိုက်ကြဆိုပြီး ကြေးနန်းတွေ ၀င်လာတယ်။ တပ်ဖွဲတွေ၊ တပ်မှူးနာမည်တွေရော ကြေးနန်းတွေဖတ်ပြတယ်။ ကေအိုင်အေ ဒေသနဲ့ ပတ်သက်ပြီး အလားအလာ အများကြီးကောင်းတယ်ဆိုတာ ၀န်ကြီးတွေကလည်း ပြောတယ်၊ သမ္မတကြီး ကိုယ်တိုင်လည်း ပြောပါတယ်။

အန်ကယ်က ဘာပြန်ဆွေးနွေးခဲ့လဲ။

ဒီနေ့ ကျနော်တို့ တိုင်းပြည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ သမ္မတ ဦးဆောင်ပြီး ဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ တကယ်လက်တွေ့အကောင်ထည်ဖော်ပြီး လုပ်နိုင်တာ ဗမာ့တပ်မတော်သာလျှင်ဖြစ်တယ်ဆိုပြီး ကျနော်က တင်ပြတယ်။ ဘာလို့လဲဆိုတော့ ဗမာ့တပ်မတော်ဟာ တိုင်းရင်းသားဒေသအသီးသီးမှာ တောကြိုတောင်ကြားအနှံ့ တိုင်းရင်းသားလူမျိုးတွေနဲ့ အနီးကပ် ဆက်ဆံတဲ့အခါကျတော့ နိုင်ငံတော်ရဲ့ ချမှတ်ထားတဲ့ မူဝါဒတွေကို တပ်မတော်က လက်တွေ့ပိုပြီး စွမ်းဆောင်နိုင်တယ်။ အဲဒါကြောင့် ဒီတပ်မတော်ဟာ တိုက်ခိုက်ရေး တပ်မတော်ကနေပြီး စည်းရုံးရေး တပ်မတော်ဖြစ်ဖို့ ကျနော်အကြံပြုခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးကိစ္စ ဖျန်ဖြေပေးဖို့ဆိုတာ စဉ်းစားစရာဖြစ်နေ – ကေအိုင်အို

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးကိစ္စ ဖျန်ဖြေပေးဖို့ဆိုတာ စဉ်းစားစရာဖြစ်နေ – ကေအိုင်အို

by ကို​ထွေး

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကာယကံရှင်တွေ လိုလားတယ်၊ လုပ်စေချင်တယ်ဆိုရင် အချိန်မရွေး ၀င်လုပ်ပေးမယ်လို့ ပြည်ထောင်စုနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်တွေအတွက် တစုံတဦးကို အမည်တပ်ပြီးတော့ ပါဝင်ဖို့ ဖိတ်ခေါ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

news image

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်အနေနဲ့ ပြောဆိုခွင့် လုပ်ပိုင်ခွင့်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းကပဲ ရှိမယ်လို့ နားလည်ထားတဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ငြိမ်းချမ်းရေးကိစ္စတွေမှာ ကြားဝင်ဖျန်ဖြေပေးဖို့ဟာ စဉ်းစားစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ပြောခွင့်ရ ဦးလနန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ကေအိုင်အိုအနေနဲ့ ဘယ်လိုသဘောထားရှိလဲ။

“ကေအိုင်အိုကတော့ အစိုးရနဲ့ တိုင်းရင်းသားကြားမှာ တွေ့ဆုံညှိနှိုင်းတဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်သူက ပါဝင်သင့်တယ်ဆိုပြီး ကျနော်တို့ဘက်ကနေ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ တိုက်ရိုက်ပြောဆိုပြီး အကူညီတောင်းတာမျိုးတော့ လုပ်မှာမဟုတ်ဘူး။ ဒါဟာ ကေအိုင်အိုရဲ့ ချမှတ်ထားတဲ့ လမ်းစဉ်ပါ။ ဒါကြောင့်မို့ ဒီဖြစ်စဉ်မှာ ဘယ်သူဟာ ပါဝင်သင့်တယ်၊ ပါဝင်ရမယ်ဆိုတာမျိုး ကျနော်တို့က ပြောမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ကတော့ နိုင်ငံသူနိုင်ငံသား အားလုံးမှာ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့အတွက်ကြောင့်လည်း အခုပဲ ရန်ကုန်ကနေ ငြိမ်းချမ်းရေးလိုလားတဲ့ လှုပ်ရှားတဲ့သူတွေကနေပြီးတော့ လမ်းလျှောက်ပြီး လိုင်ဇာထိ တက်လာနေတဲ့ဟာမျိုး။ ဒါတွေက ဘာလဲဆိုတော့ နိုင်ငံရေးလုပ်ဆောင်မှုတွေမှာ ပါဝင်လုပ်ဆောင်မှုလို့ပဲ ကျနော်တို့ နားလည်ထားတယ်။ သူတို့ အဲလိုပါဝင်လာဖို့ ကျနော်တို့ဘက်က တိုက်တွန်းတာမျိုးလည်း လုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ပါဝင်သင့်တယ်ဆိုပြီး ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ကျနော်တို့ဘက်က ကြိုဆိုပါတယ်။”

“နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးရဲ့ တာဝန်တွေရော၊ ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုရော တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တယောက်လို့ မြင်တယ်။ ဒီအမျိုးသားရေးဖြစ်စဉ်မှာ လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်အနေနဲ့ ကြားဝင်ပြီး ၀င်ရောက်ဖျန်ဖြေပေးမယ်ဆိုတဲ့ကိစ္စက စဉ်းစားစရာကြီးပေါ်လာတယ်။ လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ဟာ လွှတ်တော်ထဲမှာ ချမှတ်ထားတဲ့၊ လွှတ်တော်ထဲမှာ ကတိဝန်ခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်ထဲကနေပဲ ပြောဆိုလှုပ်ရှားရမယ့် ကိစ္စလို့ နားလည်ထားပါတယ်။”

“ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်အနေနဲ့ နိုင်ငံရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကြားဝင်ဖျန်ဖြေပေးမယ်ဆိုတဲ့ ကိစ္စကတော့ အများကြီး စဉ်းစားစရာတွေရှိတယ်လို့ ကျနော် ဆိုလိုချင်တယ်။”

တဦးတယောက်ကို ကေအိုင်အိုအနေနဲ့ အကူအညီ တောင်းမှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တော့ ဘာဖြစ်လို့လဲ၊ ကေအိုင်အိုမှာ မူဝါဒရှိလား။

“မူဝါဒလိုမျိုး သတ်သတ်မှတ်မှတ် ဆုံးဖြတ်ချက် ချထားတာမျိုး ရှိပေမယ့် ကျနော်တို့ ကေအိုင်အို ဗဟိုကော်မတီတွေက အဲလိုသွားဖို့အတွက် အားလုံး သဘောပေါက် နားလည်ထားတယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နိုင်ငံရေးဖြစ်ဉ်မှာ ဘယ်သူကတော့ ပါဝင်သင့်တယ်။ ဘယ်သူ့ကိုတော့ ဒီကိစ္စထဲ ဆွဲသွင်းပြီးတော့ ဖျန်ဖြေခိုင်းရအောင်ဆိုတာမျိုး သတ်မှတ်ထားတာမရှိဘူး။ ဒါပေမယ့် ဒီကိစ္စထဲပါဝင်မယ့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို ကြိုဆိုတယ်။”

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာပါဝင်ဖို့ ကာကယံရှင်တွေက လိုလားတယ်၊ ဖိတ်ခေါ်တယ်ဆိုရင် သူကတော့ မငြင်းဘူးလို့ပြောတော့ ဦးလနန်တို့ ဖိတ်ခေါ်ဖို့ရှိလား။

“အခုအချိန်ထိတော့ ဘယ်ပုဂ္ဂိုလ်ကိုမှ နာမည်တပ်ပြီး ပါဝင်ပေးပါဆိုတာမျိုး၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကိုတော့ အဲလိုဖိတ်ခေါ်ဖို့ မရှိသေးဘူး။ တာဝန်သိသိနဲ့ ပါဝင်လာတယ်ဆိုရင်တော့ ကြိုဆိုမှာပါ။”

ပြည်ထောင်စုနေ့နဲ့ ပတ်သက်လို့ရော ဘာပြောချင်ပါလဲ။

“ပြည်ထောင်စုနေ့ဆိုတာကတော့ နာမည်နာမပဲရှိတာပါ။ စစ်မှန်တဲ့ပြည်ထောင်စုကို အခုအချိန်အထိ နှစ်ပေါင်း ၆၆ ကျော်လာသည့်တိုင်အောင် အနှစ်သာရ ဘာမှမရရှိသေးဘူး။ ပြည်ထောင်စုအနှစ်သာရဆိုတာ တိုင်းရင်းသားတွေအားလုံး ရပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အပေါ် တန်ဖိုးဖြတ်ရမယ့်ကိစ္စလို့မြင်တယ်။ အခုထိ တိုင်းရင်းသားဒေသမှာ တိုက်ပွဲတွေဖြစ်နေသေးတာဟာ ပြည်ထောင်စု အနှစ်သာရဟာ အခုထက်ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခိုင်ခံ့မှုမရှိသေးဘူးလို့ မြင်တယ်။ ဆက်သွားရမယ့်ကိစ္စပါ။ စစ်မှန်တဲ့ပြည်ထောင်စုဆိုတဲ့ အခေါ်အဝေါ်အသုံးအနှုန်းကို အမှန်တကယ်လက်တွေ့ အကောင်အထည်ဖော်နိုင်လာဖို့ နိုင်ငံသူနိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။ နောက်နောင်ဖြစ်လာမယ့် ပြည်ထောင်စုဟာ အမှန်ပဲ အနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စု အခမ်းအနားဖြစ်စေချင်တယ်။”

သမ္မတဦးသိန်းစိန်ကလည်း ပြည်ထောင်စုနေ့မိန့်ခွန်းမှာ ငြိမ်းချမ်းရေးအရေးကြီးတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင်သူကြိုးစားမယ်လို့ ပြောတာရှိတယ်။ ဒီအပေါ်ရော။

“ငြိမ်းချမ်းရေးဆိုရာမှာ နိုင်ငံရေးပြဿနာကို အရင်ပြေလည်အောင် ဖြေရှင်းဖို့ အရေးကြီးဆုံးပါ။ နိုင်ငံရေးပြဿနာဖြေရှင်းသွားတဲ့အခါမှာ ငြိမ်းချမ်းရေးဟာ တကူးတကလုပ်စရာမလိုဘူးလို့ နားလည်ထားတယ်။ နိုင်ငံရေးကိစ္စတွေပြေလည်ပြီးသွားတဲ့အခါ တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရလဒ်အသီးအပွင့်တွေကို ခံစားရမှာပါ။ သူပြောတဲ့အပေါ်မှာတော့ ဝေဖန်ပြောဆိုစရာမရှိဘူး။ အမှန်တကယ်ပဲ နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာတော့ ပထမဦးစားပေး လုပ်ရမယ့် လုပ်ငန်းလို့ ထင်ပါတယ်။”

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရောင်ခြည်သန်းတော့မည် ဦးသိန်းစိန် ပြော

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရောင်ခြည်သန်းတော့မည် ဦးသိန်းစိန် ပြော

by ကျော်ခ

အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့အကြား တိုက်ပွဲများဖြစ်ပွားသည့် ကချင်ပြည်နယ်၌ သေနတ်သံများရပ်စဲပြီး ငြိမ်းချမ်းရေးရောင်ခြည်သန်းတော့မည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော ၆၆ နှစ်မြောက် ပြည် ထောင်စုနေ့ အခမ်းအနား၌ သမ္မတ ဦးသိန်းစိန် က ပြောဆိုလိုက်သည်။

news image

“တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး KIA တဖွဲ့နှင့်သာ ဆွေးနွေး နေဆဲအဖြစ် ကျန်ရှိနေ ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့သည့် ရွှေလီ ဆွေးနွေးပွဲတွင် ရလဒ်ကောင်းများ ရရှိ ခဲ့သည့်အတွက် မကြာမီ ကချင်ပြည် နယ်၌ ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာတော့မည် ဖြစ်ကြောင်း၊ KIA နှင့် ငြိမ်းချမ်းရေး ရရှိပါက ၁၉၄၈ ခုနှစ် နောက်ပိုင်း မြန်မာ တနိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည် ဖြစ်ကြောင်း”ဟု ဦးသိန်းစိန် က ပြောသည်။

ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးများ နှင့် တွေ့ဆုံပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေသည့်ကြားက ယခုလ ၄ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ Jin Cheng Hotel တွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နှစ်ဘက်ခိုင်မာသည့် စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည် ဖော်နိုင်ရန် သဘောတူညီကြကြောင်း တွေ့ဆုံပွဲအပြီးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

ထို့အပြင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်းများ ထားရှိရေး၊ စစ်ရေးတင်းမာမှုများ လျှော့ချနိုင်ရေးနှင့် နောက်တကြိမ် ဆွေးနွေးပွဲ တွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး စသည်တို့ကိုလည်း သဘောတူညီခဲ့ကြသည်။

KIO နှင့် အစိုးရတို့ ယခုလကုန်ပိုင်းတွင် ထပ်မံဆွေးနွေးကြမည်ဖြစ်ကြောင်း တွေ့ဆုံမည့်နေရာ၊ ဆွေးနွေးမည့် အကြောင်း အရာများကို အတိအကျ ထုတ်ပြန်နိုင်ခြင်းမရှိသေးသော်လည်း ယင်းတွေ့ဆုံမည့်ဆွေးနွေးပွဲတွင် အစိုးရဘက်က စစ်ဘက်ဆိုင်ရာ အကြီး အကဲ တချို့ တက်ရောက်မည်ဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ဧရာဝတီသို့ ပြောသည်။

“မနက်က ဝန်ကြီးဦးအောင်မင်း ရှင်းပြတာကတော့ နောက်တခေါက် KIO နဲ့ဆွေးနွေးတဲ့အခါ တပ်က အရာရှိကြီး တချို့ပါမယ် လို့ ပြောတယ်၊ KIO ဘက်ကတော့ မသိသေးဘူး”ဟု က ဆိုသည်။

ယခုလ ၄ ရက်နေ့က ရွှေလီ ဆွေးနွေးပွဲသည် မျှော်လင့်ထားသည်ထက် အဆင်ပြေခဲ့ကြောင်း ယင်းနောက် တိုက်ပွဲများလည်း သိသိသာသာ လျော့ကျသွားကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

KIO ၏ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အချက် ၉ ချက်ပါ ပြည်သူလူထုသို့ အသိပေး ကြေညာချက်တွင်လည်း စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်ရန် နှင့် တိုင်းရင်းသားများ အားလုံးအတွက် တန်းတူ ညီမျှမှု၊ ကိုယ်ပိုင် ပြဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေး၍ အဖြေရှာမည် ဖြစ်သည်ဟု ပါရှိသည်။

ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အမြန်ရရှိရန် ရည်ရွယ်၍ တပ်မတော်သည် နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ရက်စွဲပါ ညွှန်ကြားချက်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ကြေညာချက် (၃/၂၀၁၃) ပါအတိုင်း မိမိကို ကာကွယ်ခြင်းမှ အပ ပစ်ခတ်တိုက်ခိုက်မှု မပြုရန် အလေးထားလိုက်နာဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ကို ကိုးကား၍ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာကလည်း ဖော်ပြထားသည်။

တနင်္လာနေ့မွန်းလွဲပိုင်းက ဖားကန့်မြို့နယ်၊ ဂျာရားယန် ကျေးရွာအနီး KIA တပ်ရင်း ၆ မှ ဗိုလ်ကြီး လဒွဲ ဦးဆောင်သည့် ၁၀ ဦးပါအဖွဲ့နှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတို့ တွေ့ဆုံခဲ့ရာ ဗိုလ်ကြီးလဒွဲ အဖွဲ့မှ အစိုးရ စစ်ကြောင်းအား လာရောက်နှုတ်ဆက်ခဲ့ပြီး ထွက်ခွာသွားကြောင်း၊ တပ်မတော် အနေဖြင့် ယခုလ ရွှေလီဆွေးနွေးပွဲအပြီး နှစ်ဘက် ပစ်ခတ်မှုများ မဖြစ်ပွားစေရေး ထိန်းသိမ်း လုပ်ဆောင်လျက်ရှိကြောင်းလည်း မြန်မာ့အလင်းက ဆိုသည်။

ယင်းသို့ တွေ့ဆုံမှုများ အပါအဝင် နှစ်ဘက် နောက်ထပ်တွေ့ဆုံဆွေးနွေးရေး အခြေအနေများ၊ နယ်မြေအတွင်း နှစ်ဘက် ဆက်ဆံ ရေး အခြေအနေများ သိနိုင်ရန် ဧရာဝတီက KIO/KIA အဖွဲ့ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

သို့သော် ကချင်ပြည်နယ်အတွင်း နှစ်ဘက်တိုက်ပွဲများသိသိသာသာ ကျဆင်းသွားပြီး ပစ်ခတ်မှုများ မဖြစ်စေရန် ထိန်းသိမ်းမှုများပင် ရှိကြောင်း ဒေသတွင်း အခြေအနေများကို စောင့်ကြည့်နေသည့် ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ဧရာဝတီသို့ ပြောသည်။

“ဒီတခါကတော့ တိုက်ပွဲတွေ တကယ်လျော့ကျ သွားတာတွေ့ရတယ်၊ သွားရင်းလာရင်း ထိပ်တိုက်တွေ့တာတွေ ရှောင်ပေးတာမျိုးတို့ ပြီးတော့ အမြဲတမ်းနီးကပ်နေတဲ့ ဟာမျိုးမှာ မင်းတို့လည်း မပစ်နဲ့ ငါတို့လည်း မပစ်ဘူးဆိုပြီး ဟိုဘက် ဒီဘက် လှမ်းအော်ပြောကြ တာတို့ အဲဒါမျိုးလေးတွေတော့ ရှိကြတယ်လို့ပြောတယ်”ဟု ဦးဆန်းအောင် က ပြောဆိုသည်။

သမ္မတ၏ “စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း” နည်းလမ်း KIO ကြိုဆို

သမ္မတ၏ “စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း” နည်းလမ်း KIO ကြိုဆို

by နေမျိုး

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ “စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း” နည်းလမ်းအား ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကြိုဆိုကြောင်း ဗုဒ္ဓဟူးနေ့က တုန့်ပြန်ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် KIO မှ အမြဲတမ်း ဗဟိုကော်မတီ ဦးဆွမ်လွတ်ဂမ်တို့ ဦးဆောင်သောအဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးပွဲသို့ ပေးပို့သော သမ္မတ၏ ဆုတောင်းမေတ္တာပို့သစာပါ သဘောထားအား ကြိုဆိုလိုက် ခြင်းလည်း ဖြစ်သည်။

“တိုင်းရင်းသားများအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်း သည်သာ တခုတည်းသောနည်းလမ်းဖြစ်ကြောင်း” သမ္မတ က ယုံကြည်သည်ဟု ဆိုထားခြင်းဖြစ်သည်။

KIO ဗဟိုကော်မတီမှလည်း “စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်ရန် နှင့် တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံ ဆွေးနွေးကာ အဖြေရှာမည်ဖြစ်ပါသည်” ဟု ကြေညာလိုက်သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၄ ရက်နေ့ပါ KIO နှင့် မြန်မာအစိုးရတို့ ပူးတွဲကြေညာချက်ပါ အချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KIO အဖွဲ့ ကြေညာချက်က ဖော်ပြသည်။

အစိုးရနှင့် KIO တို့ ယခုလအတွင်း ထပ်မံ တွေ့ဆုံရန် သဘောတူထားခဲ့ကြသည်။

ဒေါ်စုပါဝင်ဖို့ တိုင်းရင်းသားမဟာမိတ် ထပ်ဖိတ်ခေါ်

ဒေါ်စုပါဝင်ဖို့ တိုင်းရင်းသားမဟာမိတ် ထပ်ဖိတ်ခေါ်

ပြည်တွင်းငြိမ်းချမ်းရေးရဖို့ လုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုရင် ပါဝင်ဖို့ ထပ်မံဖိတ်ခေါ်တဲ့ အကြောင်း တိုင်းရင်းသား မဟာမိတ် အဖွဲ့ဖြစ်တဲ့ UNFC က ပြောပါတယ်။

news image

ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုနေ့ ဗီဒီယိုမိန့်ခွန်း သဝဏ်လွှာမှာ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း သူ့အနေနဲ့ ပါဝင်လိုကြောင်း၊ ဒါပေမယ့် ကာကယံရှင်တွေ ကိုယ်တိုင်က လိုလိုလားလား တောင်းဆိုမှ ပါဝင်သင့်တယ် ထင်ကြောင်း ထပ်မံ ကမ်းလှမ်းခဲ့ပါတယ်။

ဒီအပေါ် တိုင်ရင်းသားတပ်ပေါင်းစု မဟာမိတ် အဖွဲ့ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်ဥက္ကာကတော့ သူ့တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ၂၀၁၁ ခုနှစ်ကတည်းက စာပို့ပြီး ကမ်းလှမ်းခဲ့သလို အဲဒီကမ်းလှမ်းမှုကိုလည်း အခုချိန်ထိ မရုပ်သိမ်း သေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ကာယကံရှင် တဘက်တည်းက မဟုတ်ပဲ အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ဖို့ ဖိတ်ခေါ်ဖို့ လိုကြောင်း ဦးခွန်ဥက္ကာက ပြောပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုရင် ကြားဝင် စေ့စပ်သူလား၊ လေ့လာ စောင့်ကြည့်သူလား၊ လုပ်ငန်းစဉ် ချောမွေ့ရေး လုပ်ဆောင် ပေးသူလား၊ အထောက်အပံ့ပေးသူလား စသည်ဖြင့် အခန်းကဏ္ဍအများကြီး ရှိနေတဲ့အတွက် ဘယ်လို နေရာက ပါဝင်နိုင်မယ်ဆိုတာ လည်း ရှိသေးကြောင်း သူက ပြောပါတယ်။

အခု လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အများစုဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်လာကြပြီးတဲ့နောက် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး အဆင့် ဆွေးနွေးဖို့ မကြာခင် ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ဒီအချိန်မှာ ဘယ်သူတွေ ပါဝင်လာ သင့်တယ်ဆိုတာကိုလည်း UNFC အနေနဲ့ ဆွေးနွေးဖို့ ရှိကြောင်းလည်း ဦးခွန်ဥက္ကာက ပြောပါတယ်။

သမ္မတနဲ့ လက်နက်ကိုင် အဖွဲ့တွေ ပထမဆုံး တွေ့ဆုံ

သမ္မတနဲ့ လက်နက်ကိုင် အဖွဲ့တွေ ပထမဆုံး တွေ့ဆုံ

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်း အနား တက်ရောက် ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန် တို့ ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြ ပါတယ်။

news image

ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဝန်ကြီး တွေနဲ့ အဖွဲ့ဝင်တွေ တက်ရောက် ခဲ့ကြ ပါတယ်။

မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီးခဲ့ချိန် ကတည်းက အစိုးရကို လက်နက် စွဲကိုင် တိုက်ခိုက် လာတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ အခုလို အတူ ဆုံတွေ့ ဆွေးနွေး နိုင်ခဲ့တာက ထူးခြားတယ်လို့ ဆိုနိုင် ပါတယ်။

အခု တွေ့ဆုံမှုဟာ ယုံကြည်မှု တည်ဆောက်တာ ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးတဲ့ အဆင့် မဟုတ်သေးပေမဲ့ ဟန်ပြ သက်သက် တော့မဟုတ်ဘူးလို့ မွန်ပြည်သစ် ပါတီ ဗဟို ကော်မီတီဝင် နိုင်တလညီက ပြောပါတယ်။

တွေ့ဆုံပွဲမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေတာတွေကို သမ္မတက ပြောပြပြီး တိုင်းရင်းသားတွေ ဘက်ကလည်း နိုင်ငံရေး အရ ပြောသင့် ပြောထိုက်တာတွေကို ပြောခွင့် ရခဲ့တယ်လို့ တွေ့ဆုံ ရာမှာ ကိုယ်တိုင်ပါခဲ့သူ နိုင်တလညီက ပြောပါတယ်။

နိုင်ငံရေး အရ ဆွေးနွေး ကြတဲ့ အခါ လွှတ်တော် တွင်းကနေ ဆွေးနွေး ကြဖို့ ဆိုတဲ့ အစိုးရရဲ့ မူနဲ့ ပတ်သက်လို့ အသေးစိတ် ညှိနှိုင်းရင် ကောင်းမယ် ဆိုတာ သူ့ အနေနဲ့ အကြံပြုခဲ့တယ်လို့ ချင်းအမျိုးသား တပ်ဦးက လက်ထောက် အတွင်းရေးမှူးချုပ် ဒေါက်တာ ရွှေခါးက ပြော ပါတယ်။

သမ္မတနဲ့ တိုင်းရင်းသား အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေး ကြရာမှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တော့ မပါဝင်ခဲ့ ပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က အစိုးရနဲ့ ကေအိုင်အိုကြား ဆွေးနွေးမှုကိုတော့ အစိုးရ ဘက်က အားရတဲ့ အကြောင်းလည်း ပြောခဲ့တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး )

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး )

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

news image

မေး - စစ်တပ်တွင်း သူရဘွဲ့တွေ ချီးမြှင့်တဲ့ အခြေအနေ အရင်ပြောပေးပါဦး။

ဖြေ - ဒီလ ၈ ရက်နေ့ကပဲ ဗမာတပ်တွင်း ပြန်တမ်းတစ်စောင်အရ သူရဘွဲ့ ၃ ယောက် အပါအဝင် သူရဲကောင်း မှတ်တမ်းဝင်က ၇၈ ယောက် ၊ နောက်တစ်ခုက ဒုဗိုလ်ချုပ်ကြီး လှဌေး ၀င်းအပါအဝင် ဒုဗိုလ်ချုပ်ကြီးအဆင့် ၃ ဦးနဲ့ စုစုပေါင်း ၁၅၀၀ ကျော်ကိုတော့ တပ်မတော်သားကောင်းဆုတွေကို ပေးခဲ့တယ်လို့ သိရပါတယ်။

မေး - ဘယ်တပ်တွေပါပြီးတော့ ဘယ်လိုလူတွေကို ဆုတံဆိပ်တွေပေးခဲ့သလဲဆိုတာလည်း သိပါရစေ။

ဖြေ - ၉၉ ရာခိုင်နှုန်းက ကချင်စစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့ အစိုးရတပ်က စစ်မှုထမ်းတွေ တပ်မ ၈၈ ၊ တပ်မ ၉၉ သက်ဆိုင်ရာ မပခအောက်ကတပ်တွေကို ပေးခဲ့တယ်။

မေး - ဒီဆုတံဆိပ်တွေပေးခဲ့တာနဲ့ပတ်သက်ပြီး ထူးခြားမှုတွေရှိရင် သုံးသပ်ပေးပါအုံး။

ဖြေ - ထုံးတမ်းစဉ်လာမဟုတ်ပဲ ဒီလိုအချိန်မျိုးပေးတာကတော့ အကြောင်းအမျိုးမျိုးတော့ရှိပါတယ် ၊ ပုံမှန်အားဖြင့်တော့ ဇန်နဝါရီလ ၄ ရက်တို့ မတ်လ ၂၇ ရက်တို့ ဒီရက်တွေမှာပဲ ပေးခဲ့တာမျိုး တွေ့ရပါတယ်။ နောက်ဆုံးဒီ လိုင်ဇာမြို့ ထိုး စစ်ကြီးမှာ ဗမာအစိုးရတပ်က ကျဆုံးမှုက သိပ်များတယ်လေ အဲဒါနဲ့ပါတ်သက်လို့ တပ်က Morale သိပ်ထိခိုက်တယ်။

ဒါပေမဲ့ သေချာစဉ်းစားဖို့ကောင်းတာက ဒီတစ်လော တိုက်ပွဲမှာကျသွားတဲ့ တပ်မ ၁၀၁ က တပ်ရင်းမှူးတခိျု့ တပ်မ ၈၈ ကပဲ ခလရ ၁၀ ကတပ်ရင်းမှူး အဲလိုလူမျိုးတွေကျတော့ တစ်ယောက်မှ ပါမလာဘူး၊ အနည်းဆုံး ဒီတိုက်ပွဲတွေအတွင်းမှာ တပ်ရင်းမှူးတွေ ဒုရင်းမှူးတွေ သေကျေသွားတာ အများကြီးရှိတယ်။ အဲဒီလူတွေမပါဘဲနဲ့ သက်ရှိထင်ရှားရှိတဲ့လူတွေကိုပဲ ရွေး ပေးတာကတော့ ထူးခြားပါတယ်။

မေး - ဆုတံဆိပ်တွေပေးတဲ့အပေါ် အကျိုးရလဒ်က ဘယ်လိုရှိနိုင်သလဲ။

ဖြေ - ပြည်ထောင်စုနေ့နားမှာ ဒီလိုလုပ်တဲ့ကိစ္စက ကိုယ့်ပြည်ထောင်စုသားချင်း တိုက်ကြတဲ့တိုက်ပွဲမှာ ဒီလိုဆုတွေ လာဘ် တွေ ပေးတယ်ဆိုတာ သိပ်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိမယ်လို့တော့ မထင်ဘူး ကာလုံက သူ့တပ် ကျေနပ်ရေး လောက်လုပ်တာ ဖြစ်တယ်။အခုလုပ်ရပ်က မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဆိုတာ သိပ်ရှင်းတယ်၊ ပြဿနာပေါင်းစုံရှိသေးတယ် သမ္မတကြီး အမိန့်နာ ခံပြီး စစ်မတိုက်ဘူးဆိုတဲ့လူတွေထောင်ထဲထည့်ထားတာ ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေကိုရော ဘယ်လိုဖြေရှင်း ပေးမလဲ ဆိုတဲ့ ပြဿနာတွေပေါ့။

ကချင်စစ်ပွဲအတွင်းမှာ ဗမာစစ်တပ်က တပ်သားဦးရေ ၅ ထောင်ကျော်လောက် သေဆုံးဒဏ်ရာရတယ်လို့ အနောက်နိုင်ငံ သတင်းဋ္ဌာနတွေက ခန့်မှန်းတယ်၊ အဲလိုသေခဲ့တယ်ဆိုရင် သူတို့နဲ့နွယ်နေတဲ့ မိသားစုဟာ အနည်းဆုံး လူ ၄ ၊ ၅ သောင်းရှိနေမယ်။ ဒီမိသားစုတွေအတွက် စားဝတ်နေရေးဘယ်လိုဖြေရှင်းပေးကြမလဲ ဒီကိစ္စကို အများမြင်သာအောင် ဖေါ်ပြရမယ်။

ဒါတစ်ဘက်ကိုပဲ ပြောနေတာ ကေအိုင်အေဘက်ကမပါသေးဘူး ကေအိုင်အေက သူ့ရဲ့တရားတဲ့ခုခံစစ်အတွက် ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့တာဖြစ်တယ်၊ အဲဒီလူတွေကိုရော ဘယ်လိုသတ်မှတ်မလဲ ကိုယ့်အချင်းချင်းကို မတန်တဆ လက်နက်တွေနဲ့ တိုက်ခိုက်သတ်ဖြတ်တာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမလား။

မေး - ခုဏကပြောသွားတဲ့အထဲမှာ စစ်မတိုက်လို့ ထောင်ချခံရတယ်လို့ ပြောသွားတော့ ဘယ်လိုဖြစ်တာလဲ ဆိုတာပြောပေးပါအုံး။

ဖြေ - ၂၀၁၁ ခုနှစ် ၁၁ လပိုင်း ၁၂ လပိုင်းမှာ သမ္မတကြီးက စစ်ရပ်ဖို့အမိန့်ပေးတဲ့နောက်ပိုင်းမှာ ဗန်းမော်မှာခလရ ၄၇ တပ်ရင်းက ဗိုလ်မှူးမျိုးထွန်းခိုင်ပေါ့နော် သူဦးစီးတဲ့တပ်ခွဲက သိပ်နာတဲ့အခါ သူကနေပြီးတော့ တပ်ရင်းမှူးကို ကျနော်တို့ တပ်ကထွက်ပါရစေတော့ အချင်းချင်းပစ်ခတ်နေကြတာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး၊ ကျနော်တို့ရဲဘော်တွေလည်း ကျလာပြီ ကျနော်တို့တော့မတိုက်ပါရစေနဲ့ဆိုပြီး တပ်ရင်းမှူးကိုတင်တယ်၊ တပ်ရင်းမှူးကလည်း မင်းတို့တောင် မတိုက်တော့ရင် ငါလည်းဘာလို့တိုက်မှာလည်း သူပါရောပြီးထွက်စာတင်တယ် ။

အဲဒါကို ကစထမှူးညီစိုးက မှတ်လောက်သားလောက်အောင် အရေးယူမယ်ဆိုပြီးတော့ တပ်ရင်းမှူးကို ၂၅ နှစ် တပ်ခွဲမှူးကို ထောင်ဒဏ်နှစ် ၂၀ ကျန်အရာရှိ ၄ ၊ ၅ ယောက်ကလည်း အလားတူ နှစ် ၂၀ စီကျတယ် ကျန်တဲ့ Other rank တွေကို ၁၅ နှစ် ၁၀ နှစ်စီချထားတယ် စုစုပေါင်း ၂၀ ကျော်လောက်ရှိတယ်၊ ခမရ ၄၂၈ ကလည်း အလားတူဖြစ်တယ်၊ တပ်ရင်းမှူး တွေကို ဗန်းမော်အရပ်ထောင်မှာပဲ ထောင်ချထားတယ်။

အဲတော့သူတို့ကျတော့ကော သမ္မတရဲ့အမိန့်ကို နာခံပြီး ဒီစစ်ပွဲကြီးမှာ ဘယ်သူကိုမှ မသေစေချင်လို့ မတိုက်တော့တာကို ဘာဖြစ်လို့အရေးယူတာလဲ၊ ဒါကတစ်ဘက်ပေါ့၊ တစ်ခုလုံးခြုံပြောမယ်ဆိုရင် ဒီနေ့ဒီအချိန်မှာ ဒီဆုကိုပေးတယ်ဆိုတာ မီးစတဖက် ရေမှုတ်တစ်ဖက်လို့ ပြောရမှာပဲ တစ်ဘက်ကလည်း မြှောက်ပေးတယ်၊ တစ်ဘက်ကလည်း ငြိမ်းချမ်းရေး စကားတွေ ပြောနေတယ်။

မေး - ကချင်စစ်ပွဲနဲ့ ပတ်သက်လို့ အစိုးရတပ်က ဘာလုပ်သင့်တယ်လို့ ထင်သလဲဗျ။

ဖြေ - ကျနော်အမြင်ကတော့ အဲဒါတွေကို လုပ်မဲ့အစား ကိုယ့်တပ်မတော်ကို ကောင်းစေချင်ရင် ဒီစစ်ပွဲကိုကောင်းကောင်း နိဂုံးချုပ်ပါ စစ်ပွဲကိုနိဂုံးချုပ်မှ နောင်ဒေသရန်ကိုကာကွယ်တဲ့အခါမှာ ဘယ်လိုတိုက်မလဲဆိုတာဖြစ်လာမယ်။

ဒါကြောင့်မို့ ဒီစစ်ပွဲကိုရပ်ဆဲပြီး တကယ့်ခိုင်မာတဲ့ ငြိမ်းချမ်းရေးရဖို့ဆို တိုင်းရင်းသားသွေးစည်းညီညွတ်ရေးရဲ့ အခြေခံက တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေးဆိုတဲ့ ဖက်ဒရယ်မူရဲ့ အခြေခံတွေကိုဆုတ်ကိုင်ပြီးဆွေးနွေးကြမှသာလျှင် ကျနော် တို့တိုင်းပြည်ရဲ့အနာဂတ် လှပလာလိမ့်မယ်။

မေး - နောက်ဆုံးတစ်ခုပေါ့နော် စစ်တပ်နဲ့ပတ်သက်လို့ ဦးအောင်ကျော်ဇော အနေနဲ့ ဘာများ ထပ်ပြောစရာရှိ ပါသလဲ။

ဖြေ - ဒီနေ့ ဘာဖေါ်ပြနေသလဲဆိုရင် ဥပဒေရဲ့အထက်မှာ စစ်တပ်ရှိတယ်၊ လွတ်တော်နဲ့ အစိုးရရဲ့အထက်မှာ တပ်ရှိတယ်၊ သူများတွေပြောသလို ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အဝေးကြီးရောက်ပြီလဲလို့ မေးရင် နောက်လှည့်ကြည့်လဲ ဒီနေရာပဲ ရှေ့တိုးကြည့်လည်း ဒီနေရာပဲ။

တကယ်တမ်း တိုင်းပြည်အနာဂတ်ကောင်းစေချင်တယ်ဆိုရင် ပရော့ဖက်ရှင်နယ် စစ်တပ်ဖြစ်ချင်တယ်ဆိုရင် စစ်တပ်ရဲ့ Mind ကိုပြင်ရမယ်၊ အဲဒါကို ပြင်ရင် လွတ်တော်ထဲမှာရှိတဲ့ စစ်ဗိုလ်ဟောင်းတွေ တပ်ထဲမှာရှိတဲ့ စစ်ဗိုလ်တွေ သူတို့ အတွေး အခေါ်ပြင် သူတို့မပြင်သမျှတော့တပ်က ပြောင်းမှာမဟုတ်ဘူး၊ တပ်ကို မပြင်နိုင်ရင် ကျနော်တို့ ခြေလှမ်း ၁၀ လှမ်းလှမ်းပြီးရင် ခြေလှမ်း ၁၀ လှမ်းပြန်ဆုတ်တာကို မြင်ရမှာပဲ။

ဗိုလ်ချုပ်အောင်ဆန်း ၉၈ နှစ်မွေးနေ့နှင့် ကလေးများနေ့ ကျင်းပ

ဗိုလ်ချုပ်အောင်ဆန်း ၉၈ နှစ်မွေးနေ့နှင့် ကလေးများနေ့ ကျင်းပ

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်မြောက် မွေးနေ့နဲ့ ကလေးများနေ့ အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်-မန္တလေးမှာရော၊ ထိုင်း-မြန်မာနယ်စပ် ဒေသတွေမှာပါ ဒီနေ့မနက် ကျင်းပခဲ့ပါတယ်။

news image

ရန်ကုန်မြို့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ်မှာ ကလေးများနေ့ကို ကလေးပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ မိန့်ခွန်းပြိုင်ပွဲနဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စပ်ဆိုထားတဲ့ အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း သီချင်းဆိုပြိုင်ပွဲတွေနဲ့ အတူကျင်းပခဲ့တာပါ။

ဒီပွဲမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ပေမယ့် ကလေးတွေကို နှုတ်ခွန်းဆက် မိန့်ခွန်း ပေးပို့ခဲ့တယ်လို့ အန်အယ်လ်ဒီ အမျိုးသမီးအဖွဲ့ဝင် ဒေါ်အေးမာက ပြောပါတယ်။

“အန်တီပြောတာကတော့ ဗိုလ်ချုပ်က ၉၈ နှစ်ပြည့်ပြီဆိုတော့ လူကြီးများနေ့တောင် ကျင်းပလို့ရတယ်ပေါ့လေ၊ ဒါဆိုပိုတောင် သင့်တော်မယ်ဆိုပြီး ရယ်ရယ်မောမောနဲ့ပြောတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ရဲ့သဘောထားအယူအဆတွေဟာ လူကြီးတွေကလိုက်နာဖို့ပိုပြီးသင့်မြတ်တယ်တဲ့။ ဒါပေမယ့် ကလေးတွေအတွက်လည်းပိုပြီးသင့်တော်ပါတယ်တဲ့။ ကလေးတွေရဲ့ အနာဂတ်အတွက် ဗိုလ်ချုပ်ရဲ့ စိတ်နေသဘောထား၊ ရိုးသားဖြောင့်မတ်မှုတွေကို ကလေးတွေအနေနဲ့ အခုအချိန်ကစ လုပ်မယ်ဆိုရင် တိုင်းပြည်အတွက်ပိုကောင်းမယ်၊ ဘ၀မှာ ပိုကောင်းမွန်မယ်ဆိုတဲ့ သဘောမျိုး ပြောပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကလည်း တော်ဝင်နှင်းဆီမှာ အခြေခံပညာ အထက်တန်းကျောင်း ၄၉ ကျောင်းအတွက် ပညာရေးထောက်ပံ့ကူညီပေးမှုတွေနဲ့ တက္ကသိုလ်ပညာသင်ဖို့ အခက်အခဲတွေ့နေတဲ့ ကျောင်းသား ၇ ဦးကို ပညာသင်ဆုတွေ ပေးအပ်ခဲ့ပါတယ်။

မန္တလေးမြို့ မှာတော့ မဟာအောင်မြေမြို့နယ် မနော်ရမ္မာန်ဥယျာဉ် အတွင်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို သွားရောက် ဂါရ၀ပြုတာ၊ မစိုးရိမ် ကျောင်းတိုက်မှာ ဗိုလ်ချုပ်မွေးနေ့နဲ့ ကလေးများနေ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပခဲ့ရာမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လိုင်ဇာအထိ ခရီးရှည်လမ်းလျှောက်သူတွေလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

ခရီးရှည်လမ်းလျှောက်ရာမှာပါဝင်သူ တဦးဖြစ်တဲ့ ကိုမင်းဌေးက “ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့်၊ လေးစားသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ်တွေမြှင့်တင်နိုင်ဖို့၊ ဗိုလ်ချုပ်လို ရိုးသားဖြူစင်ဖို့ ကလေးများနေ့ကို ကျင်းပတယ်လို့ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့လည်း ဖြစ်လို့ ကျနော်တို့ မန္တလေးက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အလေးသွားပြုပါတယ်” လို့ ပြောပါတယ်။

အလားတူ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေရဲ့ကလေးငယ်တွေရဲ့ စာသင်ကျောင်းတွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ ကလေးများနေ့ အခမ်းအနားတွေ ကျင်းပသွားပါတယ်။

မန္တလေးက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ ကျင်းပ

မန္တလေးက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ ကျင်းပ

ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ကဗျာ၊ သီချင်းပြိုင်ပွဲကို မန္တလေးမြို့မှာရှိတဲ့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက်အဖွဲ့ကနေ ဦးဆောင်ပြီး ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

news image

အဲဒီ့အခမ်းအနားကို ကျောင်းသားတွေနဲ့ ကလေးငယ်တွေ ပါဝင်ယှဉ်ပြိုင်ကြပြီး မဟာအောင်မြေမြို့နယ်မှာရှိတဲ့ မစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့တာပါ။

အခုလို ပြိုင်ပွဲကျင်းပရတာဟာ ကလေးငယ်တွေမှာ ဗိုလ်ချုပ်လို စိတ်ဓါတ်တွေရှိလာပြီး ထူးချွန်လာဖို့အတွက် ပြုလုပ်တာလို့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက် နာယက ဆရာတော် ဦးတေဇောဘာသက RFA ကို မိန့်ကြားပါတယ်။

တချိန်တည်းမှာပဲ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့က သံဃာတော်တွေ၊ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ အပါအ၀င် လူပုဂ္ဂိုလ် ၁၀၀ ကျော်ခန့်ဟာ သွေးလှူဒါန်းပွဲ ကျင်းပခဲ့ပါတယ်။

လူမှုအဖွဲ့အစည်းတွေ စုပေါင်းကျင်းပတဲ့ အင်းလျားကန်ဘောင်က ဗိုလ်ချုပ်မွေးနေ့ပွဲ

လူမှုအဖွဲ့အစည်းတွေ စုပေါင်းကျင်းပတဲ့ အင်းလျားကန်ဘောင်က ဗိုလ်ချုပ်မွေးနေ့ပွဲ

ဒီကနေ့မှာကျရောက်တဲ့ လွပ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို အရပ်ဖက်လူ့အဖွဲ့ အစည်းတွေစုပေါင်းပြီး ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ အင်းလျားကန်ဘောင်မှာ ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့ ညနေ ၄ နာရီက ကျင်းပခဲ့ပါတယ်။

news image

မြန်မာနိုင်ငံအတွင်း သုံးစွဲနေတဲ့ ငွေကြေးတွေနဲ့ အမှတ်တရပစ္စည်းတွေမှာ ဗိုလ်ချုပ်ရုပ်ပုံ ထည့်သွင်းပေးဖို့၊ ဗိုလ်ချုပ်မွေးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ပေးဖို့ စတဲ့အချက်တွေကို ဒီကနေ့ အခမ်းအနားမှာ တောင်းဆိုလိုက်ပါတယ်။

ဒီအခမ်းအနားကို ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး လူပုဂ္ဂိုလ် (၂၀၀) ဝန်းကျင်ခန့် တက်ရောက်ခဲ့ပါတယ်။

ဓမ္မစေတီဆရာတော် အရှင်ကောသလ္လက ပဲပြုတ်နံပြားကို အင်းလျားကန်မှာရှိတဲ့ လူအားလုံးကို အလှူဒါနပြုလုပ်ခဲ့သလို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးလည်း တက်ရောက်ပြီး အမှတ်တရ စကားပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မွေးနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကျင်းပ

ဗိုလ်ချုပ်မွေးနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကျင်းပ

မြန်မာပြည်က ကလေးတွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာထား ကြိုးစား ကြစေချင်လို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကို မြန်မာနိုင်ငံကလေးများနေ့ အဖြစ် ဂုဏ်ပြု သတ်မှတ်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့မှာကျရောက်တဲ့ ၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ပြောလိုက်ပါတယ်။

news image

ဒီကနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်မြောက်မွေးနေ့ကို ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့ပြောလိုက်တာပါ။

ကလေးတွေအနေနဲ့ ကိုယ်ပိုင်စဉ်းစား တွေးခေါ်တတ်လာအောင် တိုက်တွန်းလိုကြောင်း အဲဒီ ဗီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ သိလိုစိတ်နဲ့ စူးစမ်းလေ့လာလိုစိတ်တွေကို လူကြီးတွေအနေနဲ့ မပိတ်ပင်ဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးတင်ဦးက အခမ်းအနားကို တက်ရောက်လာတဲ့ ကလေးငယ်တွေ သိရှိနိုင်အောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်မြောက် မွေးနေ့အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်း ကောက်နှုတ်ချက်ပြိုင်ပွဲ၊ ဗိုလ်ချုပ်ရဲ့ရိုးသားမှုကိုဖော်ညွှန်းတဲ့ တစ်ခန်းရပ်ပြဇာတ်၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဗိုလ်ချုပ်အကြောင်း သီကုံးထားတဲ့ သီချင်းဆိုပြိုင်ပွဲတွေကိုလည်း အခမ်းအနားကို တက်ရောက်လာတဲ့ ကလေးငယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသား ၂၀၀ ကျော်ကို ရွှေပါရမီဖောင်ဒေးရှင်းက ပညာသင်ဆုပေးအပ်

တက္ကသိုလ်ကျောင်းသား ၂၀၀ ကျော်ကို ရွှေပါရမီဖောင်ဒေးရှင်းက ပညာသင်ဆုပေးအပ်

ပညာထူးချွန်ပြီး တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူးဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသားဦးရေ ၂၀၇ ဦးကို ရွှေပါရမီဖောင်ဒေးရှင်းက ပညာသင်ဆုချီးမြှင့်ခဲ့ပါတယ်။

news image

၂၀၁၃ ခုနှစ် တက္ကသိုလ်ပညာသင်နှစ်အတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းက ပညာသင်ဆုကို အခမ်းအနား ပြုလုပ်ပေးအပ်ခဲ့တာပါ။

ဒီအခမ်းအနားမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက ရွေးချယ်ထားတဲ့ ကျောင်းသား ၂၀၇ ဦးအနက် ရန်ကုန်တိုင်းက ကျောင်းသား ၆၀ ကျော်ကို ပညာသင်ဆု ပေးအပ်ခဲ့ပါတယ်။

တက္ကသိုလ်ပညာ သင်ယူဖို့ အခက်အခဲရှိတဲ့ ထူးချွန်တဲ့ ကျောင်းသားတွေကို တတ်နိုင် သလောက် ကူညီထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီး ရွှေပါရမီပညာရေးဖောင်ဒေးရှင်းကို ဆရာတော် အရှင်ဆန္ဒဓိကရဲ့ လမ်းညွှန်မှုနဲ့ အလှူရှင်တွေ ပူးပေါင်းပြီး၂၀၁၃ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက “လူတဦးချင်းစီရဲ့ ဘ၀ တိုးတက်ဖို့အတွက်ရော၊ နိုင်ငံတခုလုံးရဲ့အဆင့်အတန်းမြင့်မားဖို့အတွက်ရော ပညာရေးဟာ အရေးကြီးဆုံးဖြစ်လို့ ပညာရေးအလှူရှင်တွေအားလုံးဟာ လူသားတဦးချင်း တဦးချင်းတွေရဲ့ ဘ၀တိုးတက်အောင်လုပ်ပေးရာရောက်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရာလည်း ရောက်တယ်။ လူသားတိုင်း လူသားတိုင်းရော၊ တိုင်းပြည်တခုလုံးရော စိတ်ဓာတ်အမှောင်တွေကင်းရှင်းအောင်၊ ဆိုးကျိုးအမှောင်တွေကင်းရှင်းအောင် မြင့်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ လင်းလက်တောက်ပနေအောင်၊ ပြည့်စုံတဲ့ ဘ၀တွေနဲ့ ကောင်းကျိုးတွေ တောက်ပတင့်တယ်နေအောင် လုပ်ဆောင်လိုက်ရာရောက်တယ် ဆိုပြီး ၀မ်းမြောက်ဝမ်းသာဖြစ်ကြရုံပါပဲ။”

ရွှေပါရမီဖောင်ဒေးရှင်းကနေ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်နဲ့ မန္တလေးက နည်းပညာတက္ကသိုလ်၊ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်နဲ့ ကောလိပ်တွေကို တက်ရောက် ဆည်းပူးမယ့် ကျောင်းသူ ကျောင်းသားတွေကို ၁ နှစ် အယောက် ၂၀၀ ၀န်းကျင်လောက် ရွေးချယ် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွက် ပညာသင်ဆု အခမ်းအနားကို အနုပညာရှင်တွေလည်း တက်ရောက် ကူညီခဲ့ကြပါတယ်။

NLD ပညာရေးကွန်ရက်က ကျောင်း ၄၈ ကျောင်းအတွက် ၁၄၃ သိန်းလှူဒါန်း

NLD ပညာရေးကွန်ရက်က ကျောင်း ၄၈ ကျောင်းအတွက် ၁၄၃ သိန်းလှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကနေ တက္ကသိုလ် ၀င်တန်းသင် ပညာဒါနကျောင်း ၄၈ ကျောင်းအတွက် အလှူငွေ ကျန် ၁၄၃ သိန်းကို လှူဒါန်းလိုက်ပါတယ်။

news image

အဲဒီအလှူငွေပေးအပ်ပွဲ အခမ်းအနားနဲ့ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့တာပါ။

အနာဂါတ်မှာ အသက်မွေးဝမ်းကျောင်းပညာရပ်နဲ့ နိုင်ငံတော်ကို ထူထောင်မယ့် ပညာရပ်တွေကို အဓိကထားသင်ကြားရမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦးက အခမ်းအနားမှာ တိုက်တွန်းပြောခဲ့ပါတယ်။

ဒီကနေ့အလှူငွေတွေကို NLD အဖွဲ့ချုပ်က ဖွင့်ထားတဲ့ အခမဲ့ပညာရေကျောင်း ၄၈ ကျောင်း ရန်ပုံငွေအဖြစ် လှူဒါန်းတာဖြစ်သလို၊ ငွေကြေးမတတ်နိုင်တဲ့ တက္ကလိုလ်ဝင်ကျောင်းသား ၇ ဦးကိုလည်း ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ပါတယ်။

ဒီကနေ့ပေးအပ်တဲ့ အလှူငွေတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ၂ နှစ်ပြည့် ရန်ပုံငွေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ယက်ဆွယ်တာ လေလံတင်ရောင်းရငွေထဲက ကျပ်သိန်း ၁၄၃ သိန်းကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ အလှူရှင်တွေနဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ခိုင်ဖြိုး သတင်းစာထုတ်ရန် ၉၀ ရာနှုန်း အသင့်ဖြစ်နေပြီ

ပြည်ခိုင်ဖြိုး သတင်းစာထုတ်ရန် ၉၀ ရာနှုန်း အသင့်ဖြစ်နေပြီ

by ရွှေအောင်

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက နေ့စဉ်သတင်းစာထုတ်ဖို့ ပြင်နေတာ ၉၀ ရာခိုင်နှုန်းလောက် အသင့်ဖြစ်နေပြီလို့ သတင်းစာ တာဝန်ခံလုပ်မယ့် ဦးဝင်းတင် (သီဟအောင်) က ပြောပါတယ်။

သတင်းစာနာမည် ရွေးချယ်နေတုန်းဖြစ်ပြီး သတင်းစာထုတ်ဖို့ အသင့်ဖြစ်နေပုံကို ဦးဝင်းတင်က “ပုံနှိပ်စက်က ပထမပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားတယ်။ သတင်းစာတိုက်အဆောက်အအုံ၊ ပုံနှိပ်စက်အဆောက်အအုံ ကိုတော့ တောင်ဥက္ကလာပ ၁၄/၁ ရပ်ကွက်မှာ အဆင်သင့်ရှိနေပါတယ်။ စက်ကတော့ လောလောဆယ် ပုံမှန်လောက်အနေအထားမျိုး ရမယ်ထင်ပါတယ်။ နောက်ထပ်စက်တွေလည်း ၀ယ်ဖို့ ရှိပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးတော့ လူအင်အားရော၊ ကွန်ပျူတာ၊ စီမံ၊ ပုံနှိပ် အဲလို စုဆောင်းပြီးတော့ လုပ်နေတာ အခု ၉၀ ရာခိုင်နှုန်းကတော့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

သတင်းစာမှာ ပါတီအာဘော်ရယ်လို့ သီးသန့်ဖော်ပြတာမျိုး ရှိမှာ မဟုတ်ဘဲ နယ်ပယ်အသီးသီးက သတင်းအားလုံးကို ရေးသားဖော်ပြသွားမယ်လို့ ပြောပါတယ်။

ရန်ကုန်စာနယ်ဇင်းလောကမှာတော့ ပြည်ခိုင်ဖြိုးပါတီက ထုတ်မယ့် နေ့စဉ်သတင်းစာအတွက် သတင်းထောက် ခေါ်ယူနေရာမှာ ဘယ်တုန်းကမှ မပေးဖူးတဲ့ လစာနဲ့ အခွင့်အရေးတွေပေးပြီး ခေါ်နေတယ်လို့ ဂျာနယ်အယ်ဒီတာတဦးက ပြောပါတယ်။

“ရိုးရိုး အငယ်တန်းသတင်းထောက်တဦးကို ၂ သိန်း ၃ သောင်းရယ်၊ လက်ပ်တော့တလုံးပေးမယ်၊ ကွန်ပျူတာ တလုံးပေးမယ်။ လုပ်ငန်းအတွေ့အကြုံရှိတဲ့ အကြီးတန်းသတင်းလောက် ပုံစံမျိုးဆိုရင်တော့ ၃ သိန်းခွဲလောက် ပေးမယ်လို့ ပြောတယ်။ အယ်ဒီတာဖြစ်ရင်တော့ ၅ သိန်းအထက် ရှိမယ်လို့ ထင်တယ်။ ဘယ်လောက်လဲဆိုတာတော့ တိတိကျကျ မသိရဘူး။ အငယ်တန်းသတင်းထောက်နဲ့ အကြီးတန်းသတင်းထောက်ကိစ္စကတော့ ကျနော်သေချာသိတဲ့ဟာ။ လက်ရှိမှာ သတင်းထောက်တယောက် လုပ်ငန်းအတွေ့အကြုံ ဘာမှမရှိဘဲနဲ့ ၂ သိန်း ၃ သောင်းပေးတာက ဒီမှာ လုံးဝမရှိဘူး။ အတွေ့အကြုံရှိတဲ့ သတင်းထောက် ၃ သိန်းခွဲပေးတာလည်း ဒီမှာ လုံးဝမရှိသေးပါဘူး။”

ပြည်ခိုင်ဖြိုးပါတီက ထုတ်မယ့် နေ့စဉ်သတင်းစာကို ဦးစီးလုပ်ဆောင်မယ့် ဦးဝင်းတင်ဟာ ဗိုလ်မှူးဟောင်း တဦး ဖြစ်ပြီး၊ မြန်မာ့သတင်းစဉ်နဲ့ မြန်မာ့အလင်းသတင်းစာတို့မှာ အယ်ဒီတာလုပ်ခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း northen star ဂျာနယ်ကို တည်းဖြတ်ထုတ်ဝေနေသူ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ သက်တမ်း ၂ နှစ်ပြည့်မယ့် ဧပြီလ ၁ ရက်ကစပြီး ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုမယ်လို့ သက်ဆိုင်ရာက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစပြီး ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် လျှောက်ထားနိုင်ကြောင်း ကြေညာထားပြီး ဖေဖော်ဝါရီ ၁၃ ရက်ထိ ၆ စောင်လောက် လျှောက်ထားပြီး ဖြစ်တယ်လို့ သက်ဆိုင်ရာက စုံစမ်းသိရှိရပါတယ်။

ဟားခါးမြို့တော် သောက်သုံးရေ ဖူလှုံရေး ကျွမ်းကျင်တွေ လေ့လာ

ဟားခါးမြို့တော် သောက်သုံးရေ ဖူလှုံရေး ကျွမ်းကျင်တွေ လေ့လာ

ပြီးခဲ့တဲ့ ဇန္န၀ါရီလ ၂၇ ရက်နေ့က နေပြည်တော်အခြေစိုက် Ayeya Shwelin Company မှ ကျွမ်းကျင်အဖွဲ့ ချင်းပြည် နယ်မြို့တော် ဟားခါး ပြည်သူများ သောက်သုံး ရေ ဖူလှုံရေး လာရောက်ကွင်းဆင်းလေ့လာသည်ဟု ကြားသိရသည်။

news image

၂၃ ရက်နေ့တွင် မြို့နယ်စည်ပင်မှူး ဦးတမ်အောင်က ၂၄ ဦးပါ မြို့မိမြို့ဖ များအား မြို့တော် သောက်သုံးရေ ဖူလှုံစွာ ရရှိရေးအတွက် ခေါ်ယူတွေ့ဆုံ အပြီး ယခုကဲ့သို့ လာရောက်ကွင်းဆင်း ကြခြင်းဖြစ်သည်ဟု ဒေသထုတ် သတင်း စာတွင် ဖော်ပြထားသည်။

Ayeya Shwelin Company မှ မန်နေဂျင်း ဒါရိုက်တာ ဦး ညွန့်လှိုင်၊ ဒါရိုက်တာ ဦး မြင့်လွင်၊ အင်ဂျင်နီယာ ဦး ခင်မောင် လတ် နှင့် ဦး လင်းလင်းထွန်း၊ ပြည်နယ်စည်ပင်ဝန်ကြီး ဦး နိန်နိုင်း၊ မြို့မိမြို့ဖ တို့သည် ဟားခါးမြို့ အနီး Timit ချောင်းကို သွားရောက်လေ့လာကြသည်ဟု သိရသည်။

လေ့လာချက်အရ ဟားခါးမြို့မှ ၄ လေးမိုင်ခန့်အကွာ Timit ချောင်းကို တမံပိတ်ရေလှောင်ပြီး သွယ်ယူပါက ဟားခါး တမြို့ လုံး သောက်သုံးရေ ဖူလှုံနိုင်မည့် အပြင် ရေအားလျှပ်စစ်လည်း ရရှိနိုင်မည်ဖြစ်သည်ဟု ကျွမ်း ကျင်တွေက ပြောကြကြောင်း မြို့မိမြို့ဖ တဦးက ဆိုသည်။

တဆက်တည်း စည်ပင်ဝန်ကြီး၊ မြို့နယ် စည်ပင်မှူး နှင့် အင်ဂျင်နီယာ ဦးခင်မောင်လတ်တို့သည် လိုင်ကွာချောင်းရေအား လျှပ်စစ် အနီး Lungrang ချောင်းကိုလည်း သွားရောက်လေ့လာကြသည်ဟု သိရသည်။

အဆိုပါ ချောင်းကို ရေလှောင်ပြီးသွယ်ယူနိုင်ပါက ဖလမ်း၊ ဟားခါး မြို့များကိုလည်း သောက်သုံးရေ လုံလောက်စွာ ပေးဝေ နိုင် မည်ဖြစ်သည်။

Ayeya Shwelin Company သည် မန္တလေးတောင်ခြေကို သောက်သုံးရေ ရရှိအောင် အကောင် အထည်ဖော် ခဲ့သည့် Company ဖြစ်သည်။

အကယ်ဒမီ ပူပူနွေးနွေး သရုပ်ဆောင် မော့စ် ကွယ်လွန်

အကယ်ဒမီ ပူပူနွေးနွေး သရုပ်ဆောင် မော့စ် ကွယ်လွန်

ရန်ကုန် (မဇ္ဈိမ)။ ။ ယခုနှစ် အကယ်ဒမီပေးပွဲတွင် ဇာတ်ပို့ဆုနှင့် အကယ်ဒမီရွှေစင်ရုပ်ထု ပိုင်ရှင် ရုပ်ရှင်နှင့် ဟာသ သရုပ်ဆောင် မော့စ်သည် ယနေ့နံနက် လေးနာရီ နှစ်ဆယ်မိနစ်တွင် SSC ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။

news image

သရုပ်ဆောင် မော့စ်သည် အသက် ၅၉နှစ်အရွယ်ရှိပြီး အသည်းရောဂါ ဝေဒနာကြောင့် လွန်ခဲ့သည့် နှစ်နှစ်ခန့် ကတည်းက အနုပညာ လုပ်ငန်းများမှ လုံးဝအနားယူခဲ့ရကြောင်း ၎င်းနှင့် နီးစပ်သည့် အနုပညာ ရပ်ဝန်းမှ သိရသည်။

ယခုသေဆုံးရခြင်းမှာ အသည်းရောဂါကြောင့် မဟုတ်ပဲ အဆုပ်ထဲရေ၀င်သည့် ရောဂါဖြင့်ဖြစ်ကြောင်း ဦးမော့စ်နှင့် ရင်းနှီးသူ အနုပညာသမားများထံမှ သိရသည်။

“ဟာသသမားတွေက တယောက်နဲ့တယောက် မတူကြဘူး။ သူ့ပညာနဲ့ သူဆိုတော့ ကိုမော့စ် သေဆုံးသွားတာကို ဘယ်လိုမှ အစားထိုးမရဘူး” ဟု ဟာသသရုပ်ဆောင် ဦးကင်းကောင် က ပြောသည်။

ဟာသသရုပ်ဆောင် မော့စ်သည် ယခုနှစ်အတွင်း ထာဝရ အလင်းတန်း ဇာတ်ကားဖြင့် ဇာတ်ပို့ အကယ်ဒမီဆု ရရှိခဲ့ကာ ၎င်း အကယ်ဒမီ ရရှိပြိး ရက်အနည်းအငယ်အတွင်း မော့စ်သေဆုံးသည်ဟု ကောလဟလားများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ ကောလဟာလများအပေါ် မော့စ်မှ အကယ်ဒမီဂုဏ်ပြုပွဲတွင် “ငါမသေသေးဘူး ရေကူးတတ်တယ်” ဟု ချေပဖြေရှင်းခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် မော့စ်သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ရေသိုးချောင် ကျေးရွာတွင်မွေးဖွားကာ မိုးဒီနှင့် ပူးပေါင်း၍ ဇာတ်ထောင်ခဲပြီး ၁၉၈၈ ခုနှစ်ဝန်းကျင်ခန့်တွင် ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့သည်။

အဆိုပါ ခုနှစ်ကပင် ဒါရိုက်တာ ဦးမြင့်ကျော် ရိုက်ကူးသည့် “ရှက်တယ် တအား” ဗီဒီယိုဇာတ်ကားနှင့် ဒါရိုက်တာစိန်သံမဏိ ရိုက်ကူးသည့် “ဖာတစ်လုံး ရွှေရိုး” ဗီဒီယိုဇာတ်ကားဖြင့် နာမည်ရလာခဲ့သည်။

ဟာသ သရုပ်ဆောင် အကယ်ဒမီ မော့စ် ကွယ်လွန်

ဟာသ သရုပ်ဆောင် အကယ်ဒမီ မော့စ် ကွယ်လွန်

by ရန်ပိုင်

ဟာသ သရုပ်ဆောင်၊ လူရွှင်တော် အကယ်ဒမီ မော့စ် (၅၉နှစ်) သည် ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က အသည်းရောဂါဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံ (SSC) တွင် ကွယ်လွန်သွားကြောင်း သိရသည်။

news image

အကယ်ဒမီ မော့စ်၏ ဇနီးဖြစ်သူ ဒေါ်ယုယုမော်က “ဒီလောက်မြန်မြန် ခွဲသွားမယ်လို့ မထင်ဘူး။ ပြန်ကောင်းမယ်ပဲ ထင်ထားတာ။ မထင်မှတ်ဘဲ ချက်ခြင်းကြီး ဆုံးသွားတော့ စိတ်မဖြေနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အကယ်ဒမီ မော့စ်၏ ရုပ်ကလာပ်ကို လာမည့် သောကြာနေ့ ညနေပိုင်းတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရှိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် ၂၀၁၁ ခုနှစ်အတွက် ပေးအပ်သော အကယ်ဒမီဆုပေးပွဲတွင် ရုပ်ရှင်သရုပ်ဆောင် မော့စ်သည် ထာဝရ အလင်းတန်း ဇာတ်ကားဖြင့် ဇတ်ပို့ ရုပ်ရှင်အကယ်ဒမီဆု ရရှိခဲ့သည်။

ဆုတက်ရောက် ယူစဉ်ကပင် အသည်းရောဂါကို ကုသနေရပြီး “ငမော့စ် ဒီ အကယ်ဒမီရုပ်ကြီးကို လိုက်ဖမ်းနေတာ အခုကျမှပဲ မိတော့တယ်။ ငမော့စ်ရဲ့ ပရိသတ်ကြီးရေ ငမော့စ် တာဝန်ကျေပါတယ်နော်။ ဒီဆုဟာ ငမော့စ်ကို ပြည်သူလူထုက ပေးလိုက်တဲ့ဆုဖြစ်လို့ ကျေးဇူးတင်ပါတယ်” ဟု ဧရာဝတီကို ပြောခဲ့သည်။

မော့စ်၏ ပြက်လုံးများသည် ပရိသတ် စိတ်နှလုံးဟဒယကို ရွှင်ပြုံးစေပြီး တောရောမြို့ပါ ကြိုက်နှစ်သက်သည့် ပြည်သူချစ်သော အနုပညာရှင်တဦးဟုပင် ဆိုနိုင်ကြောင်း၊ အဆို၊ အငို၊ အပြော၊ အက၊ မင်းသား၊ လူကြမ်းစသည့် ပညာများကို ပိုင်နိုင်သည့် စွယ်စုံရ ပညာရှင်ဟု ဟာသသရုပ်ဆောင်များက တညီတညွတ်တည်း ဆိုကြသည်။

ဟာသ အနုပညာရှင်တဦး ဆုံးရှုံးသွားသည့်အတွက်လည်း ၀မ်းနည်းကြောင်း လူရွှင်တော်များဖြစ်သည့် မေတ္တာ၊ ဧရာ၊ ပါပါလေး၊ ပန်းသီး စသည့်သူများက ပြောသည်။

မြန်မာ့ ဇာတ်သဘင်နှင့် အငြိမ့်လောကတွင် ဓာတ်ဆီနှင့် ဓာတ်ဆံ၊ စိန်ရိုးနှင့် ရွှေဗျိုင်း၊ ပါပါလေးနှင့် လူမော် စသည့် နာမည်ကြီး လူရွှင်တော်အတွဲများ ရှိသကဲ့သို့ မိုးဒီနှင့် မော့စ်၊ ကွမ်းသီးနှင့် မေတ္တာ၊ ဆိုနီနှင့် မိုးကျော် တို့သည် အောင်မြင်သည့် ပရိသတ် အသိအမှတ်ပြု လူရွှင်တော်အတွဲများဟု ဆိုနိုင်သည်။

လူရွင်တော် မော့စ်သည် ၁၉၇၀ ခုနှစ်ဝန်းကျင်က မန္တလေး စိန်မြတ်မော် အငြိမ့်၌ ပညာသင် လူရွှင်တော်တဦးအဖြစ် ဦးစိန်ရိုး၊ ဦးရွှေဗျိုင်း စသည့် လူရွှင်တော်ကြီးများထံတွင် ပညာသင်ခဲ့သည်။

၁၉၈၀ ခန့်တွင် မင်းသားကြီး စိန်မာဒင်၏သား မင်းသား မိုးဝင်း၊ မိုးမင်းတို့နှင့်အတူ ဒါရိုက်တာ မောင်စိတ္တ၏ ဇာတ်လမ်းများကို လူရွှင်တော် မိုးဒီနှင့် တွဲဖက် ကပြခဲ့ရာ မိုးဒီ-မော့စ် လူရွှင်တော်အတွဲဟု ပရိသတ်မှ စတင် လက်ခံလာခဲ့သည်။

ဇာတ်ခုံပေါ်တွင် ကွန်ဖူးမင်းသား ဘရုစလီကဲ့သို့ သရုပ်ဆောင်ရာ ဘရုစလီမော့စ်၊ နဂါးလေးမော့စ်ဟု နာမည်ကြီးပြီး နောက်ပိုင်း ဇာတ်ထုတ်ဖြစ်သည့် “မောင်ပေါက်ကျိုင်း” ဇာတ်၊ “သုဝဏ္ဏငလျှံ” ဇာတ်များမှာ လူကြိုက်များခဲ့သည်။

ထို့နောက် စိန်မဟာသဘင်မှ ခွဲထွက်ပြီး ဒါရိုက်တာ မောင်စိတ္တ၊ မိုးဒီ၊ မော့စ်တို့ ပူးပေါင်းကာ မင်းသား တင်မိုးဝင်းကို မင်းသားအဖြစ် တင်မြှောက်လျက် “ကျွန်တော့်သဘင်” ကို တည်ထောင်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ပဲခူးသန်းအောင် စီစဉ်သည့် မိုးဒီနှင့် မော့စ်တို့နှစ်ဦး ပါဝင်သော “မင်္ဂလာဦးည” ဗီဒီယိုဇာတ်ကားသည် မြန်မာ ဗီဒီယို ခေတ်ဦးပိုင်းက အငှားရဆုံးအခွေ၊ အလှူ၊ မင်္ဂလာဆောင် စသည့်တို့တွင် မပါမဖြစ် ငှားရမ်းပြသရသည့် အခွေဖြစ်ခဲ့သည်။

ထို့နောက် ဇာတ်သဘင်မှ ဗီဒီယို၊ ရုပ်ရှင်လောကသို့ ကူးပြောင်းသွားခဲ့ပြီး ရာဇ၀င်၊ ဟာသနှင့် အချစ်ဟာသ စသည့် ဇတ်ကားများတွင် အဓိက သရုပ်ဆောင်အဖြစ် လည်းကောင်း၊ ဇတ်ပို့ ဇတ်ရံအဖြစ် လည်းကောင်း သရုပ်ဆောင်ခဲ့သည်။

မော့စ်၏ လူရွှင်တော်အတွဲဖြစ်သည့် လူရွှင်တော် မိုးဒီမှာ ၂၀၀၇ ခုနှစ်က ပေးအပ်သည့် “ကိုးဆယ်ဆ သာလိမ့်မယ်” ဇတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့သကဲ့သို့ လူရွှင်တော် မော့စ်မှာလည်း ယခုနှစ်တွင် အကယ်ဒမီရရှိခဲ့ရာ လူရွှင်တော်လောက၏ အထူးခြားဆုံး အတွဲဖြစ်ခဲ့သည်။

ဟာသသရုပ်ဆောင် အကယ်ဒမီမော့စ် ကွယ်လွန်

ဟာသသရုပ်ဆောင် အကယ်ဒမီမော့စ် ကွယ်လွန်

by ပီတာအောင်

ဟာသသရုပ်ဆောင် လူရွှင်တော် ဦးမော့စ် အမည်ရင်း ဦးတင်ဝင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်က ရန်ကုန်မြို့ SSC ဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ အနုပညာအသိုင်းအ၀ိုင်းက သိရပါတယ်။

news image

ဦးမော့စ်ရဲ့ သားဖြစ်သူ သရုပ်ဆောင် ထိုက်စံရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ် စာမျက်နှာမှာတော့ သူ့ရဲ့ဖခင်ဟာ ဒီနေ့ မနက် ၄ နာရီ မိနစ် ၂၀ က ကွယ်လွန်သွားတာလို့ ရေးသားထားပါတယ်။

လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ လူရွှင်တော် ဦးမိုးဒီကလည်း မော့စ်ကွယ်လွန်သွားတဲ့အကြောင်း အခုလို အတည်ပြုပြောပါတယ်။

“မနက်က ကျနော့်ဆီကို အစောကြီး သတင်းပို့ပါတယ်ခင်ဗျာ။ ဒီနေ့မနက် ၃ နာရီမှာ ဆေးရုံ တင်တယ်။ ၄ နာရီမှာဆုံးတယ်တဲ့၊ မမျှော်လင့်ထားတဲ့ သတင်းကြီးပေါ့ဗျာ။ ကြားကြားခြင်း ရင်ထဲတောင် ဆို့သွားတယ်။ စိတ်မကောင်းဘူး၊ ညီအစ်ကိုလို နှစ်ပေါင်းများစွာ နေလာခဲ့တာ။” လို့ ပြောပါတယ်။

ဦးမော့စ်ဟာ လွန်ခဲ့တဲ့နှစ် ၃၀ ခန့် ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ဇာတ်သဘင်နဲ့ အငြိမ့်သဘင် လောကမှာ လူရွှင်တော်အဖြစ် ကျင်လည်ခဲ့ပြီး လူရွှင်တော် မိုးဒီနဲ့ အတူတွဲကပြခဲ့တဲ့ ဦးရွှေဗျိုင်းရဲ့ မင်္ဂလာဦးညပြဇာတ် ဗွီဒီယိုနဲ့ လူသိများခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဗွီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်တွေမှာ ဟာသ သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး နာမည် ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို လုပ်ဖော်ကိုင်ဖက်တဦး ကွယ်လွန်သွားတဲ့အပေါ် လူရွှင်တော် ဦးမိုးဒီက “သူကအနုပညာနဲ့ပတ်သက်လို့ အင်မတန်မာနကြီးတဲ့ကောင်ဗျ။ သူ့အလုပ်ကို သူအရမ်းကြိုးစားတယ်။ သူအောင်မြင်ချင်တယ်။ လူရွှင်တော်အလုပ်ကို မြတ်မြတ်နိုးနိုးနဲ့ ကြိုးစားတယ်၊ လုပ်တယ်။ သူဇာတ်ခုံပေါ်တက်လာရင် သူများထက်သာရမှကြိုက်တဲ့လူမျိုး၊ ကျနော်ကပို့ပေးတယ်၊ သူလိုချင်တာကို ကျနော်က ရောက်အောင်ပို့ပေးတဲ့အခါကျတော့ အတွဲဖြစ်တာပေါ့။ ငယ်ငယ်ကတည်းက ခေါင်းလေးမော့မော့နေလို့ ငမော့လို့ သူ့ဖိုးအေကခေါ်ရင်းနဲ့ အကုန်လုံးက ငမော့ဖြစ်နေတာ။ နှမြောတာပေါ့ဗျာ။ ရင်ထဲမှာလည်းမကောင်းအောင် နှမြောမိပါတယ်။ စိတ်လည်းမကောင်းပါဘူး။”

မော့စ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အကယ်ဒမီဆုပေးပွဲမှာ ထာဝရအလင်းတန်းဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ အကယ်ဒမီဆုရပြီးနောက် ကွယ်လွန်သွားတယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

ဦးမော့စ် ကွယ်လွန်ချိန်မှာအသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ယုယုမော်နဲ့ သား ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၄ နာရီ ရေဝေးသုသာန်မှာ ကျင်းပဖို့ အစီအစဉ် ရှိပါတယ်။

end faq

 
12
Feb
2013
Burmese News - February 12, 2013
သီလ၀ါ စက်မှုဇုန် စီမံကိန်းနယ်မြေပေါ်တွင် နေထိုင်သူများ ပြောင်းရွှေ့ရတော့မည်

သီလ၀ါ စက်မှုဇုန် စီမံကိန်းနယ်မြေပေါ်တွင် နေထိုင်သူများ ပြောင်းရွှေ့ရတော့မည်

by စနေလင်း

သန်လျင်မြို့နယ် သီလ၀ါ စက်မှုဇုန် စီမံကိန်း နယ်မြေအတွင်း လယ်မြေများပေါ်တွင် နေထိုင်သူများကို ယခုလ ၁၄ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ရန် ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အမိန့်ထုတ်ထားသော်လည်း ဒေသခံများ အနေဖြင့် ထွက်ခွာသွားမည် မဟုတ်ကြောင်း ပြောဆိုသည်။

news image

ဘုရားကုန်းကျေးရွာ အလွမ်းဆွတ်ကျေးရွာ၊ သီလ၀ါကျေးရွာများ ပါဝင်သော လယ်မြေ ၂၆၆၅ ဧကကျော် အတွင်းရှိ မြေများ ပေါ်တွင် အခွင့်အမိန့် မရှိဘဲ နေထိုင်လုပ်ကိုင်ခြင်း မပြုရန်၊ ၎င်းမြေပေါ်မှ “အစိုးရမင်းပိုင်” ပစ္စည်းမှတပါး ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း၊ လိုက်နာခြင်း မရှိပါက မြန်မာနိုင်ငံအောက်ပိုင်း မြေယာ အက်ဥပဒေ ပုဒ်မ ၂၁ အရ ထောင်ဒဏ် ရက် ၃၀ ချထားမည် ဖြစ်ကြောင်း ဇန်န၀ါရီ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ၎င်းအမိန့်စာတွင် ဖော်ပြထားသည်။

“အိမ်တွေကို မဖျက်ဘူး။ ဒီအတိုင်းပဲ ဆက်နေသွားမယ်။ ကျနော်တို့က အိမ်တွေကို ဘယ်ကို ရွှေ့ရမယ်မှန်း လည်း မသိဘူး။ အဲဒါကြောင့် အိမ်တွေကို မြေတူးစက်နဲ့ လာဖျက်ရင်လည်း ဒီအတိုင်း ကြည့်နေရမှာပေါ့” ဟု အလွမ်ဆွတ် ကျေးရွာမှ ဦးမြလှိုင်က ပြောသည်။

လက်ရှိ ဆောင်ရွက်ချက်များသည် မြေယာဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း၊ ၎င်းတို့ အနေဖြင့် စီမံကိန်းဆောင်ရွက်မည့် ဂျပန်ကုမ္ပဏီများ၊ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အဖြေရှာရန် နိုင်ငံတော်သမ္မတထံ တင်ပြထားကြောင်း၊ ဂျပန်သံရုံးနှင့် တခြားကုမ္ပဏီများထံသို့လည်း စာပို့ထားကြောင်း သိရသည်။

အဆိုပါ စက်မှုဇုန် စီမံကိန်း နယ်မြေရှိ လယ်မြေများကို ၁၉၉၅ ခုနှစ်ခန့်မှ စတင်ပြီး အိုးအိမ်ဦးစီးဌာနမှ အဆင့်ဆင့် သိမ်းယူ ထားပြီး လယ် ၁ ဧက အတွက် ကျပ်ငွေ ၂ သောင်းနှင့် အိမ် ၁ လုံး အတွက် သန်လျင် အောင်ချမ်းသာ ရပ်ကွက် အစွန်းပိုင်းတွင် ပေ ၄၀၊ ပေ ၆၀ မြေ ၁ ကွက်စီ ပြန်လည် အစားပေးခဲ့ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါလယ်မြေတွင် စီမံကိန်းအကောင်အထည် မဖော်သေးသောကြောင့် ဒေသခံ လယ်သမားများအား လယ် ၁ ဧကလျှင် စပါး ၇ တင်းနှုန်းဖြင့် သီးစား ပြန်ပေးခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် အစိုးရမှ စိုက်ပျိုးစရိတ် ချေးငွေများပင် ထုတ်ပေးခဲ့ကြောင်း အလွမ်းဆွတ်ကျေးရွာမှ ဦးလှရွှေက ပြောသည်။

မြေကွက်အစား ပြန်ပေးရာတွင် လည်း တချို့ရွာသားများမှာ မရရှိခဲ့ကြကြောင်း၊ ရရှိခဲ့သော မြေကွက်များကိုလည်း စပါးအရှုံးပေါ် ခဲ့သောကြောင့် ပြန်လည်ရောင်းချ ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“အခုက စီမံကိန်းတခုမှာ ရင်းနှီးမြှုပ်နှံရမယ့် အတွက် ကျနော်တို့ လယ်သမားတွေမှာ ဘာမှ ခံစားပိုင်ခွင့်မှ မရှိဘူးလားလို့ ကျနော်တို့ မေးချင်တာ။ ကျနော်တို့ လယ်ကို ပြန်လိုချင်တယ်၊ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီကိစ္စကို စုံစမ်းစေချင်တယ်” ဟု အလွမ်းဆွတ်ကျေးရွာမှ ကိုနေလင်းအောင်က ပြောသည်။

ယခုကဲ့သို့ ပြောင်းရွှေ့ရမည်ဆိုလျှင် မည်သည့်နေရာတွင် နေထိုင်ရမည်ကို မသိတော့ကြောင်း၊ တချို့လည်း နွေစပါး စိုက်ပျိုးထားကြောင်း၊ လယ်လုပ်ငန်းမှ ကျွဲ၊ နွားများ ထားစရာ နေရာလည်း အခက်တွေ့နေကြောင်း ဘုရားကုန်းကျေး ရွာမှ လယ်လုပ်ငန်းကို ၅၂ နှစ်ကျော် လုပ်ကိုင်ခဲ့သော ဦးရာဇူးက ဆိုသည်။

သီလ၀ါ စက်မှုဇုန် စီမံကိန်းကြောင့် သန်လျင်မြို့နယ် ဖလမ်းကျေးရွာ၊ သီတာမြိုင်ကျေးရွာ၊ သီလ၀ါကျေးရွာ၊ ဘုရားကုန်း ကျေးရွာ၊ အလွမ်းဆွတ်ကျေးရွာများမှ လယ် ဧက တသောင်းကျော် သိမ်းယူထားကြောင်း၊ ယခု ဖေဖော်ဝါရီ ၁၄ ရက်နေ့ နောက်ဆုံး ထွက်ခွာပေးရန် အမိန့်ထုတ်ထားသော သိမ်းဆည်း လယ်မြေများတွင် လူဦးရေ တသောင်းကျော် နေထိုင်လျှက် ရှိကြောင်းနှင့် လူနေကျေးရွာများလည်း ပါဝင်ကြောင်း သိရသည်။

“ရွာမြေဆိုတာ လူတွေနေဖို့ ထားတာလေ။ ဒါကို ကျူးကျော်လို့ ပြောတယ်။ လူကြီးတွေနဲ့ မျက်နှာစုံညီတွေ့ရင် မေးချင်တယ်။ ကျနော်တို့က ဒီလိုဖြစ်လို့ ဆန္ဒပြဖို့လည်း မလုပ်ပါဘူး။ သက်ဆိုင်ရာ တွေကိုတော့ စာတင်ထားတယ်။ ဘယ်လို ဆက်ဖြစ်မယ် တော့ မပြောတတ်ဘူး။ လူကြီးတွေက ဒီအတိုင်း ကြည့်နေမယ်တော့ မထင်ပါဘူး။ သူတို့ ကျနော်တို့ လယ်သမားတွေကို နားလည်မှု ရှိတယ်၊ တနည်းနည်းနဲ့တော့ လုပ်ပေးမယ်လို့ ယုံကြည်ထားတယ်” ဟု ဦးမြလှိုင်က ပြောသည်။

သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ယင်း ကိစ္စနှင့်ပက်သက်ပြီး သွားရောက်မေးမြန်းခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခြင်းများ ပြုလုပ်ခဲ့သော်လည်း တာဝန်ယူ ဖြေကြားပေးမည့် သူနှင့် မတွေ့ခဲ့ရပေ။

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

by နန်းမြနဒီ

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှုကယ်ဆယ်ရေးဌာနက ပြောပါတယ်။

news image

ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် (အဲန်း) လို့ ခေါ်တဲ့ မိန်းကလေးကို ကူညီသူတွေက သူတို့ရဲ့ လူမှုကယ်ဆယ်ရေးဌာနကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့တာလို့ ကမ်ဖိုင်ဖစ်မြို့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

အလုပ်ရှင် အမျိုးသမီးဖြစ်သူက ဒီမိန်းကလေးကို ခွေးလှောင်အိမ်ထဲ ထည့်ပြီး ယောက်ျားဖြစ်သူက ရေနွေးပူနဲ့ လောင်းကာ နှိပ်စက်ခဲ့ပြီး ဆေးရုံကို မပို့ဘဲ အနာကို ဆားရည်နဲ့ ဆေးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီ မိန်းကလေးဟာ အသက် ၇ နှစ်လောက်က မိဘဖြစ်သူတွေက ဆိုင်းငမ်းရွာက ကြံခင်းထဲမှာ အလုပ်လုပ်နေစဉ် ထိုင်းလင်မယား ၂ ဦးက ကားနဲ့ ဖြားယောင်းခေါ်ဆောင်သွားပြီး အိမ်ကနေ ဘယ်မှပေးမသွားဘဲ ခိုင်းစေနေခဲ့တာပါ။ အလုပ်ရှင်အိမ်မှာ အမြဲတမ်း နှိပ်စက်ခံရတဲ့အတွက် ၅ နှစ် လောက်အကြာမှာ ထွက်ပြေးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နှိမ်စက်ခံရတဲ့အတွက် အလုပ်ရှင် အိမ်ကနေ တခါ ထွက်ပြေးခဲ့ဖူးပြီး ထိုင်းရဲက ဒီအိမ်ကို ပြန်ပို့ခဲ့ပါတယ်။ ထိုစဉ်က ထွက်ပြေးတာကို ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးနဲ့ အဖြတ်ခံရဖူးပါတယ်။

ကလေးရဲ့ မိဘတွေကတော့ ကလေးခေါ်သွားတာ သိနေပေမယ့် အလုပ်ရှင်ရဲ့ ဩဇာကြီးမားမှုကို ကြောက်ပြီး သမီးဖြစ်သူကို တွေ့ဖို့ မတောင်းဆိုရဲဘဲ အခုလို ကယ်ဆယ်ရေးဂေဟာရောက်မှ ကလေးကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လာတွေ့ပြီး မိဘဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကလေးရဲ့ဖခင်ဖြစ်သူက နိုင်းအောင်၊ မိခင်က နန်းဒိုင်း လို့ ခေါ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနကို ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးဌာနက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တာဝန်ကျ ရဲအဖွဲ့က ကမ်ဖိုင်ဖစ်မြို့ မဟာချိုင်ရပ်ကွက် အမှတ် ၁၉၃ မှာ နေထိုင်သူ နန်းရတ်နာ့ကန် အသက် ၃၃ နှစ်နဲ့ ခင်ပွန်းဖြစ်သူ နိုင်းယွန်းထိဒိုင်းအွန် အသက် ၃၅ ကို ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းလင်မယား ၂ ဦးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး တရားရုံးကျမှ အမှုရင်ဆိုင်ဖို့ရှိပြီး ခုလောလောဆယ် အာမခံငွေ ဘတ် ၇ သိန်းနဲ့ လွှတ်ပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်းက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က အဆိုပါ လင်မယား ၂ ဦးကို အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ်ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့အချက်တွေနဲ့ ပြစ်မှု ၇ မှု စွဲချက်တင်ထားပါတယ်။ ဒါဟာ သူတို့ရဲစခန်းမှာ အကြီးမားဆုံး ပြစ်မှုတခုဖြစ်တယ်လို့ ထိုင်းသတင်းဌာနကို ပြောကြား သွားပါတယ်။

သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေတွေ ဥပဒေအသစ်မှာ ပြန်လည်ရရှိနိုင်ပြီလား

သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေတွေ ဥပဒေအသစ်မှာ ပြန်လည်ရရှိနိုင်ပြီလား

by ကယားထဲ

ကယား(ကရင်နီ)ပြည်နယ်အတွင်း ယခင်က မြန်မာအစိုးရတပ်တွေ၊ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ နှင့် အာဏာရှိတဲ့ပုဂ္ဂိုလ်တွေကနေ သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေ ခြံမြေတွေကို ပြန်လည်ရရှိဖို့အတွက် တောင်သူလယ်သမားတွေက ယခု အရပ်သားအစိုးရလက်ထက်မှာ ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုနေကြတယ်ဆိုတာကို မြို့နယ်တိုင်း ကျေးရွာ တိုင်းမှာ တွေ့နေရပါတယ်။

ပြည်နယ်အစိုးရထံအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တခြားနိုင်ငံရေးပါတီတွေ ထံကိုလည်း လာရောက်တင်ပြ တောင်းဆိုနေကြပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းမှာဆိုရင် လောပိတကျေးရွာအုပ်စုအတွင်းက အကျဉ်းဦးစီးဌာနကနေ သိမ်းဆည်းထားခဲ့တဲ့ ဧက ၄၀၀ ကျော်ရှိသည့်မြေတွေ၊ ယခင်က အမြောက်တပ် ၃၆၂ တပ် ယခု ခမရ ၅၃၀ တပ်တည်ရှိသည့်နေရာတွင် တပ်သိမ်းထားတဲ့ ဧက ၂၀၄၀ ခန့်လောက်ရှိသည့် မြေယာတွေ ပြန်ရရှိဖို့ တောင်သူလယ်သမားတွေက ကြိုးစားနေကြပါတယ်။

မိုက်ကန်းရွာမှ ကျေးရွာဥက္ကဌ ဦးသက်နိုင်က “ အကျဉ်းဦးစီးမပျက်ခင်မှာပေါ့ ဝန်ကြီးနဲ့တိုက်ရိုက်တင်ပြီးတင် လိုက်တယ်။ အကျဉ်းဦးစီးကပြည်ထဲရေးက ပျက်သွားတယ်ဆိုရင် အစိုးရအဖွဲ့ကိုအပ်တယ်ဆိုရင် ပြန်လုပ်ပေးမယ်ဆိုတော့ အကျဉ်းဦးစီးကမကြာဘူး ကျနော်တို့စာတင်ပြီးမကြာခင်မှာပဲပျက်တော့ သူတို့ဆင်းလာတော့ အကွက်တွေ နာမည်တွေ ထည့်ပေးတယ်။ အခုချိန်ထိတော့ဘာမှ အကြောင်းမပြန်ဘူး။ နောက်ပြီးတော့မှ စစ်တပ်ကသိမ်းထားတဲ့မြေ အဲဒါလည်းတင်ထားတယ်။ အခုလည်းဘာမှ အကြောင်းမပြန်ဘူး

လွှတ်တော်ကိုယ်စားလှယ်လည်း တင်ပြလိုက်တယ်။ ” လို့ ပြောပါတယ်။

၎င်းမြေယာတွေကို မသိမ်းဆည်းခင်ကတည်းက မိုက်ကန်းရွာ၊ ဆိုလဆဲရွာ ၊ ဘုရားဖြူရွာ၊ ပိုးဇာခြံကျေးရွာတွေက တောင်သူတွေက မြေ ယာတွေကို လုပ်ကိုင်စားသောက် လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“သိမ်းထားတဲ့ဟာတွေ ဦးပိုင်ပေါက်အောင် ပြန်ရချင်တယ် ။ အခုက ကျနော်တို့ဆီမှာ တရွာလုံးမှာက ဒါကိုပဲ

အားကိုးပြီးမှီခိုပြီး လုပ်စားနေကြတာဖြစ်ပါတယ်။ အခု သူတို့သိမ်းထားတဲ့အတွက်ကြောင့် ကျနော်တို့လည်း အခက်အခဲ အများကြီးရှိတယ်။ မရှိမဲ့ရှိမဲ့သူတွေက အခွန်ဆောင်ပြီးပေးနေရတဲ့သူတွေက တရွာလုံးနစ်နာနေတဲ့ အခြေအနေရှိတာပေါ့” လို့ မိုက်ကန်းရွာမှ ဦးဗျားရယ်က ပြောပါတယ်။

ထိုနည်းတူစွာပင် ဒီးမော့ဆို့မြို့နယ် ငွေတောင်ကျေးရွာအုပ်စုအတွင်းက ၁၀၂ တပ် ၊ ၄၂၇ တပ်တို့ သိမ်းဆည်းခဲ့သည့် လယ်တွေ၊ မြေတွေနှင့် ဖရူဆိုမြို့နယ်မှ အမှတ် (၁၄) စစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက်နေသည့် ကျောင်းမှတပ်သိမ်းမြေတွေ ဒါတွေအားလုံးကို ပြန်ရဖို့ လူထုတွေက တောင်းဆိုနေကြပါတယ်။

ယခုလိုကြုံတွေ့နေကြရတဲ့ တောင်သူလယ်သမားတွေအနေနဲ့ ယခင်အစိုးရလက်ထက်က သိမ်းဆည်းခဲ့သည့် လယ်ယာမြေတွေကို ပြန်လည်ရရှိဖို့ကြိုးစားနေကြတာဟာ သက်ဆိုင်ရာ အစိုးရကနေပြီး ဥပဒေနဲ့အညီ အဆင့်ဆင့် ဆောင်ရွက်ပေးသွားမယ်ဆိုရင် ပြန်လည်ရရှိနိုင်ပါတယ်လို့ ဥပဒေတတ်ကျွမ်းနားလည်သည့် တရားလွှတ်တော်ရှေ့နေ ဦးစိန်ကြိုင် ကပြောပါတယ်။

“အခုချိန်မှာ ဒီလိုသိမ်းထားတဲ့မြေကို ပြန်လျှောက်မယ်ဆိုရင် ကျနော်တို့ ဒီ ဥပဒေနဲ့အညီ အဆင့်ဆင့်ကို ပြန်လည်တင်ပြပြီးတော့မှ မိမိဘယ်တုန်းက ဘယ်လိုလုပ်ကိုင်ခဲ့သလဲ ၊ လုပ်လဲလုပ်လာပါတယ်၊ ဆွေစဉ်မျိုးဆက်ပေါ့နော ဘိုးဘွားစဉ်ဆက် လုပ်လာတဲ့မြေဖြစ်ပါတယ်၊ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ လုပ်ပိုင်ခွင့်ကိုလည်း ယနေ့ ကျနော်တို့ လုပ်နေပါတယ်ဆိုတဲ့ အကြောင်းအရာတွေကို တင်ပြပြီးရင် သက်ဆိုင်ရာ ၀န်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သမ္မတကြီးထိပေါ့ ဒီပေါ်မှာ အဆင့်ဆင့်တင်ပြသွားမယ်၊ သက်ဆိုင်ရာအဖွဲ့စည်းကလည်း အဆင့်ဆင့် ဖြေရှင်းပေးသွားမယ်ဆိုရင် ဒီလယ်မြေတွေက ပြန်ရနိုင်ပါတယ်။” လို့ ပြောပါတယ်။

လက်ရှိလယ်ယာမြေတွေကို လုပ်ကိုင်စိုက်ပျိုးနေကြတဲ့ တောင်သူလယ်သမားတွေ အနေနဲ့ကတော့ ဒီလိုမြေယာသိမ်းဆည်းခံရတဲ့ ပြဿနာတွေ ထပ်မံမဖြစ်ပွားရလေအောင် တဖက်တလမ်းမှ အထောက်အထားဖြင့် ကာကွယ်တားဆီးရလေအောင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအသစ်နှင့်အညီ လယ်ယာမြေလုပ်ကိုင်ခွင့် ဆိုတဲ့ဥပဒေအတိုင်း လက်မှတ်တွေ ပြုလုပ်ထားဖို့ လျှောက်ထားဖို့ လိုအပ်နေလို့ တရားလွှတ်တော်ရှေ့နေ ဦးစိန်ကြိုင်က ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးစိန်ကြိုင်က “ ဒီလိုလာသိမ်းမယ်ဆိုရင် အသိမ်းမခံရအောင် ကျနောတို့ ဒီလယ်ယာမြေ ၂၀၁၂ လယ်ယာမြေ ဥပဒေမှာ ပင်ရင်းပိုင်ရှင် နိုင်ငံတော်ဖြစ်တယ်။ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာစိုက်ပျိုးရေး လယ်ယာမြေမှာ စိုက်ပျိုးလုပ်ကိုင်နေတဲ့ သူများက ဒီစိုက်ပျိုးဖို့ လုပ်ငန်းများကို လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ပိုင်ခွင့် အခွင့်အရေးလေးကို လွှဲပြောင်းပေးလျက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအသစ် ရဲ့အားသာချက်အနေနဲ့ကတော့ လယ်ယာမြေတွေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း ၊ ဝယ်ယူခြင်းစတာတွေကို ဥပဒေမှာ ထည့်သွင်းပြဌာန်း ထားတာတွေ့ရပါတယ်။

“ဥပဒေ တစ်ခုတော့ ဒီပြဌာန်းတဲ့အခါမှာ အားနည်းချက် အားသာချက် ကောင်းတာဆိုးတာတော့ အမြဲဒွန်တွဲနေတာပေါ့နော် လူမှုဘ၀ပတ်ဝန်းကျင်မှာ ဒါကြောင့်မို့လို့ ကောင်းတာရှိသလို ဆိုးတာလေးတွေရှိတယ်။ အကျိုးသက်ရောက်မှုရှိသလို အကျိုးလျော့နည်းသွားစေတာတွေ ဖြစ်ပေါ်လာတတ်တယ်ပေါနော” လို့ ဦးစိန်ကြိုင်က ပြောပါတယ်။

လယ်ယာမြေဥပဒေနဲ့ပတ်သက်လို့ ဒေသခံ ပြည်သူလူထုတွေ သိရှိနားလည်အောင် ကျေးရွာအလိုက် ကျေးရွာအုပ်စုဥက္ကဌတွေကို အသိပညာပေး သင်တန်းတွေ ပေးနေတယ်လို့လည်း သိရပါတယ်။

တောင်သူ လယ်သမားတွေအနေနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ဖို့ သင်တန်း ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာလည်း သင်တန်းတွေ ပေးပြီး လက်ဆင့်ပြန်လည် ပို့ချစေခဲ့ပါတယ်။ ဒါ့အပြင် ဆိုဘောသဲကျေးရွာမှာလည်း ဥပဒေနဲ့ပတ်သက်ပြီး သိရှိနားလည်အောင် ၃ ရက်သာ သင်တန်း ပို့ချသေးတယ်လို့ သိရပါတယ်။

စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ရမည့်အမိန့်ကြောင့် ဒေသခံများစိုးရိမ်

စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ရမည့်အမိန့်ကြောင့် ဒေသခံများစိုးရိမ်

မင်းတော်လဝီ – မွန်ပြည်နယ်၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်ရပ်ကွက်(၉ )နှင့်(၈)ရှိ စီမံကိန်းဧရိယာအတွင်း ကျရောက်သည့် လူနေအိမ်များကို ၂၀၁၃ ခုနှစ် မတ်လ(၁)ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ပေးရန် ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးအမိန့်စာကြောင့် လက်ရှိနေထိုင်သူဒေသခံများ စိုးရိမ် မကင်းဖြစ်နေကြကြောင်း သိရသည်။

news image

ယခင်အမှတ်(၁) စက်မှုဝန်ကြီးဌာနပိုင်မြေမှ တိုင်းဒေသကြီးဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်ရန် လွှဲပြောင်းပေးခဲ့သဖြင့် စီမံကိန်းဧရိယာအတွင်းကျရောက်သည့် ကျူးကျော်နေအိမ် များကို ပြောင်းရွှေ့ပေးရန် ဇန်နဝါရီလ ၂၈ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ အမိန့်စာထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဥဿာမြိုသစ် ပြောင်းရွှေ့ရေးနှင့်နေရာချထားရေးအဖွဲ့မှ တာဝန်ရှိသူ တဦးကပြောသည်။

ရပ်ကွက် (၉ ) ဆယ်အိမ်မှူးတဦးက “ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးကတဆင့် ညွှန်ကြားလိုက်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းလက်မှတ်နဲ့ ရပ်ကွက်မှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေပါဝင်တဲ့ ပြောင်းရွှေ့နေရာချအဖွဲ့တွေကို ညွှန်ကြားလာခဲ့တယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကကျင်းပပြုလုပ်သည့် ပြောင်းရွှေ့နေရာချထားရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးဆုံးဖြတ်ချက် အမှတ်(က)အရ ပြောင်းရွှေ့ ပေးရမည်ဖြစ်သည်ဟု ဥဿာမြို့သစ် ရပ်ကွက် ၉ မှ ဦးလင်းနိုင်ဦးက ပြောသည်။

“ပြောင်းရွှေ့ခံရတဲ့သူတွေကို အိမ်မြေကွက် အနံ၂၅ အလျှား ၄၀ ပေ ကိုပေးမယ်လို့ပြောတယ်၊ ယူချင်တဲ့သူလက်မှတ်ထိုးပါ၊ လက်မှတ်ထိုးပြီးတော့ ပြောင်းမယ့်နေ့ကျမှ မပြောင်းရင်တော့ ဖမ်းပြီးထောင်ချ မယ်ဟု ပဲခူးခရိုင် ဒုဦးစီးမှူး ဦးအောင်ကျော်မြင့်က ပြောထားတယ်” ဟု ၎င်းက ပြောသည်။

လျှော်ကြေးမြေကွက်အတွက် တခိျု့က လက်မှတ်ထိုးကြ၍ မကျေမနပ်သည့် ဒေသခံတစ်ခိျု့က လက်မှတ်မထိုးဘဲ ဆက်လက်ဆန့်ကျင်သွားမည်ဟုလည်း သူက ဆက်ပြောသည်။

ပြောင်းရွှေ့ခံရသည့် ပဲခူးဥဿာမြို့သစ် ရပ်ကွက်(၉) နှင့် (၈) တို့သည် မွန်စုအများဆုံးဖြစ်ပြီး အိမ်ထောင်စုပေါင်း ၉၀ ကျော်နှင့် ဥယာဉ်ခြံ လယ်မြေများကိုလည်းသိမ်း ဆည်းခံရမည့် အရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံသို့ အသနားခံစာတင်ပြမည့်အပြင် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများထံလည်း အကူအညီ တောင်းခံသွားမည်ဟု ဒေသခံများက ပြောသည်။

ပဲခူးဥဿာမြို့သစ်ရပ်ကွက်၌ အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ တိုင်းဒေသကြီးဖွံ့ဖြိုးရေးလုပ်ငန်းထံ အကောင်အထည်ဖေါ်ဆောင်ရွက်ရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့သည့် မြေဧရိယာ (၁၇၂၅) ဧကကျော် ရှိကြောင်း သိရသည်။

“ပြောင်းဖို့လို့ပြောနေတာပဲ ဒါပေမယ့်ဘယ်နေရာလဲတော့ တိတိကျကျမသိရသေးဘူး တခိျု့က ဥဿာမြို့သစ် အတွင်းပိုင်းကျကျဘက်ကို နေရာချပေးမယ်လို့ကြားနေရတယ်” ဟု ပဲခူးဥဿာမြို့သစ်မှ ကိုထိန်လင်း ကပြောသည်။

“ပြောင်းရွှေ့လိုက်ရရင် တစ်ရပ်ကွက်လုံးအတိအကျဒုက္ခရာက်မှာမို့ အားလုံးက မကျေနပ်ဖြစ် နေကြတယ်၊ မပြောင်းလိုတဲ့အကြောင်းဆန္ဒထုတ်ဖေါ်ရမှာပဲ၊ ဒီမတ်လ ၁ ရက်နေ့ကျရင် ကျမ ဒီရပ်ကွက်ကိုလာစောင့်ကြည့်ဦးမယ်” ဟု မစုစုနွေးကပြောသည်။

ပဲခူးမြို့နယ် ဥဿာမြို့သစ်သည် ပွဲစားကြီးကုန်း၊ ဘုရားသုံးဆူ၊ လာကမို့ စသည့်ကျေးရွာများရှိကြပြီး လယ်၊ ယာ၊ ခြံမြေများကိုအခြေပြုပြီး အသက်မွေးဝမ်းကြောင်းဖြစ် လုပ်ကိုင်လာခဲ့ကြသည်။

ဥဿာမြို့သစ်တဝင် ၁၉၈၈ ခုနှစ် နောက်ပိုင်း နဝတအစိုးရလက်ထက်၌ လူနေအိမ်ယာ၊ အဝေးပြေးကားဂိတ်၊ စက်မှုဇုံ နှင့်စက်ရုံ အလုပ်ရုံများ စနစ်တကျနေရာချပေးထားခဲ့သည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ဥဿာလေယာဉ်ကွင်းလည်းဆောက်လုပ်နေသည့်အတွက် ၎င်းမြေနေရာများသည် စက်မှုဇုန်၊ ဥဿာလေယာဉ်ကွင်းနှင့် နီးကပ်လျှက်ရှိပြီး အချက်အချာကျသည့်နေရာဖြစ်သည့်အတွက် တိုင်းဒေသကြီးဖွံ့ဖြိုးရေးလုပ်ငန်းများနေရာအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ပဲခူးမြို့ခံများက ခန့်မှန်းပြောဆိုနေကြသည်။

ဘင်္ဂလားဒေ့ရှ်မှ ရခိုင် တိုင်းရင်းသားများ မြန်မာဘက်သို့ ထပ်မံ ရွှေ့ပြောင်း

ဘင်္ဂလားဒေ့ရှ်မှ ရခိုင် တိုင်းရင်းသားများ မြန်မာဘက်သို့ ထပ်မံ ရွှေ့ပြောင်း

by ငြိမ်းချမ်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ရောက်ရှိ အခြေချနေထိုင်ခဲ့သည့် ရခိုင် တိုင်းရင်းသား မိသားစု ၃၀ ခန့်သည် ယခုလ ပထမပတ်အတွင်း မြန်မာနိုင်ငံဘက်အခြမ်းသို့ ထပ်မံကူးပြောင်း ရောက်ရှိလာကြောင်း သတင်းရရှိသည်။

news image

ရခိုင် မိသားစုများသည် မောင်တောမြို့ မြောက်ဘက်ရှိ ခမောင်းဆိပ်ရွာ အခြေစိုက် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက) အမှတ် (၂) နယ်မြေစခန်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းမိသားစုများကို တောင်ပြိုမြို့နယ်ခွဲသို့ ပို့ဆောင်ပေးမည်ဟု တောင်ပြိုမြို့နယ်ခွဲ့ရှိ နစက နယ်မြေ (၃) မှ တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “သူတို့ကို လောလောဆယ်တော့ နစက ကပဲ ကူညီထားတယ်။ အစိုးရက ချမှတ်ထားတဲ့ အိမ်တို့၊ မြေတို့ ကိစ္စကို အထက်ကိုတင်ပြထားတယ်။ အထက် အမိန့်ပြန်ကျလာမှ သူတို့က နေရာထိုင်ခင်းတွေ ရမှာဖြစ်တယ်။ ၁၅ ရက်နဲ့ တလလောက်တော့ ကြာနိုင်တယ်” ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရောက်ရှိ နေထိုင်ကြသည့် ရခိုင်နှင့် ရခိုင် မျိုးနွယ်စု တိုင်းရင်းသားများအနေဖြင့် မြန်မာနိုင်ငံတွင် ပြန်လည် အခြေချ နေထိုင်လိုပါက ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် နေရာချပေးမည်ဖြစ်ကြောင်း၊ မိသားစု တစုလျှင် နေအိမ်နှင့် ခြံဝင်းတခု၊ လုပ်ကိုင်စားသောက်ရန် လယ် ၂ ဧက ပေးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက တရားဝင် ပြောဆိုထားသည်။

ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်ဘက်မှ မောင်တောမြို့သို့ ပြောင်းရွှေ့လာသည့် မိသားစု ၄၀ ကျော်ကိုလည်း ခရေမြိုင်ကျေးရွာနှင့် လောင်းတုံ ကျေးရွာတို့တွင် နေရာချထားပေးခဲ့ကြောင်း သိရသည်။

ယခု မြန်မာနိုင်ငံဘက်သို့ ပြောင်းရွှေ့သွားသည့် မိသားစုများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်း ဘန်တရိုဘန် ခရိုင်အတွင်းရှိ ရဲစု၊ မဟပ်ချောင်းနှင့် နတ်ကျောက်စရီ ဒေသများဖြစ်ပြီး နောက်ထပ် ပြောင်းရွှေ့လိုသော မိသားစုများလည်း ရှိနေကြောင်း နတ်ကျောက်စရီ ရွာသားတဦးက ဆိုသည်။

“အခု ပြောင်းရွှေ့ကြတဲ့ မိသားစုတွေ နေတဲ့ရွာတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင် ဘင်္ဂါလီတွေနေတဲ့ ရွာတွေကြားမှာ ဖြစ်နေတော့ လုံခြုံရေး စိုးရိမ်တာရယ်၊ နောက်ပြီး စားဝတ်နေရေးအတွက် အလုပ်အကိုင် ရှားပါးပြီး လုပ်စားစရာ မြေကွက်မရှိလောက်အောင် ရှားလာတဲ့အတွက် ပြောင်းလိုကြတာ ဖြစ်တယ်” ဟု အဆိုပါ နတ်ကျောက်စရီ ရွာသားက ပြောသည်။

စစ်တကောင်း တောင်တန်းဒေသအတွင် နေထိုင်ကြသည့် ရခိုင်မျိုးနွယ်စုဝင် ရခိုင်၊ မာရမာ၊ ဒိုင်းနက်၊ ခမီ (ခေါ်) မြိုနှင့် သက် လူမျိုး အများစုသည် တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးကြပြီး ဘင်္ဂါလီများက ရော်ဘာ စိုက်ခင်းများ တိုးချဲ့လာခြင်းကြောင့် လယ်ယာလုပ်ကွက်များ လျော့နည်းလာကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဗုဒ္ဓဘာသာဝင်များ မြန်မာဘက်သို့ ပြောင်းရွှေ့ အခြေချမှုများ ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဘန်တရိုဘန် ခရိုင်အတွင်းရှိ ရဲစုကျေးရွာသို့ သက်ဆိုင်ရာ ရွာလူကြီး၊ ဘင်္ဂလားဒေ့ရှ်နယ်ခံ လူကြီးများ သွားရောက်ကာ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ရန် မလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရသည်။

ယင်းဆွေးနွေးပွဲသို့ သွားရောက်ခဲ့သူ နယ်ခံတဦးက “သူတို့ မြန်မာကို ပြောင်းနေတာတွေ ကြားတယ်။ အဲ့ဒီ အခြေအနေအပေါ်မှာ တခြားနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို မပြောင်းဘဲ မိမိတို့ ရပ်ရွာမှာသာ ဆက်လက်နေထိုင်ရေး ဆွေးနွေး ရှင်းပြခဲ့ကြတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ယမန်နှစ်အတွင်းက ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင် စစ်တကောင်းတိုင်းရှိ ကောက်စ်ဘဇားနှင့် ရာမူး (ပန်းဝါ) မြို့များတွင် အင်တာနက်ပေါ်မှ ဘာသာရေး စော်ကားထားသော ဓာတ်ပုံတပုံကို အကြောင်းပြု၍ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ ဘုရားနှင့် လူနေအိမ်များကို မွတ်စလင် အစွန်းရောက်များက မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့နောက် လုံခြုံရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

“မြို့ပေါ်တို့၊ မြို့နဲ့နီးတဲ့ နေရာတွေက လူတွေကတော့ အစိုးရရုံးတွေ၊ ရဲစခန်းတွေနဲ့ နီးတော့ လုံခြုံရေးအတွက် နည်းနည်းခံသာတယ်။ ဒါပေမဲ့ ရဲစုလို၊ မဟတ်ချောင်းတို့လို နေရာတွေကျတော့ တောထဲမှာဆိုတော့ အချိန်မရွေး ဖျက်ဆီးနိုင်တော့ ပိုပြီး စိုးရိမ်ရတယ်” ဟု မဟတ်ချောင်း ဒေသခံတဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောင်းရွှေ့လာသူများ နေအိမ် မရရှိသေးမီတွင် လိုအပ်ချက်များကို ကူညီထောက်ပံ့ရန် တောင်ပြိုမြို့နယ်ခွဲ အခြေစိုက် အမှတ် (၃) နစက နယ်မြေအတွင်းရှိ ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေးကာ လူမှုဖူလုံရေး အဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် နံသာတောင်ကျောင်း ဆရာတော်က “ဒီ ဘင်္ဂလားဘက်က ပြောင်းလာကြသူတွေက တောင်ပြိုဘက်မှာ ဒုက္ခရောက်နေတယ်။ အဲဒါတွေကို ကူညီထောက်ပံ့ချင်လို့၊ နောက်တခုက ဒီဘက်က ဒေသခံလူမျိုးတွေ ဖွံ့ဖြိုးလာတဲ့ အမြင်စိတ်ဓာတ်၊ အသိစိတ်ဓာတ်တွေရှိ လာအောင်၊ ပိုပြီး တိုးပွားလာအောင်လို့ လူမှုအဖွဲ့တခုဖြစ်တဲ့ အနောက်တံခါး လူမှုဖုံလုံရေးအဖွဲ့ကို ဖွဲ့စည်းတာ ဖြစ်ပါတယ်” မိန့်ကြားသည်။

၁၉၉၅ ခုနှစ်ဝန်းကျင်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်က ရန်ကုန်မြို့နှင့် တခြားမြို့နယ်များမှ အိုးအိမ်မဲ့ ပြည်သူများကို နေရာချထားပေးရန် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များအတွင်း နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများရွာ (နတလ) အမည်ဖြင့် စံပြကျေးရွာ ၁၀၀ ကျော် တည်ဆောက်ရန် ညွှန်ကြားခဲ့သည်။

သရဖူ၊ ပြားသား၊ တောင်ပြို၊ ခရေမြိုင်၊ ပိတောက်မြိုင်၊ သဇင်မြိုင်၊ သုခမြိုင်၊ အင်ကြင်းမြိုင်၊ ဗန္ဓုလ၊ လောင်တုန်၊ အင်းဒင်၊ အောင်သပြေ၊ ရွှေရင်အေး၊ အောင်ဇေယျ၊ ဖတ်ဝတ်ချောင်း၊ အောင်မင်္ဂလာ၊ မောရဝတီ၊ ရွာသာယာ၊ သရေကုန်ပေါ်၊ ဥဒေါင်း၊ အောင်သာယာ၊ ရွှေ၊ ဖုံညိုလိမ်၊ ကျောက်ပန်းတူ စသည့် ရွာ ၄၀ ကျော် တည်ဆောက်ပြီးစီးခဲ့သည်။

သတင်းထောက်တွေရဲ့ Gmail ဖောက်ဖို့ ကြိုးစားမှုနဲ့ မပတ်သက်ကြောင်း အစိုးရ ငြင်းဆို

သတင်းထောက်တွေရဲ့ Gmail ဖောက်ဖို့ ကြိုးစားမှုနဲ့ မပတ်သက်ကြောင်း အစိုးရ ငြင်းဆို

မြန်မာနိုင်ငံအကြောင်း သတင်း၊ ဆောင်းပါးတွေရေးနေ ကြတဲ့ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေရဲ့ Gmail တွေထဲကို ဝင်ရောက်ထိုးဖေါက်ဖို့ ကြိုးစားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ မပတ်သက်ကြောင်း မြန်မာအစိုးရက မနေ့က ငြင်းဆိုခဲ့ပါတယ်။

ကမ္ဘာတဝှမ်း အသုံးများတဲ့ Google သတင်းအချက်အလက်ရှာဖွေရေး အင်တာနက် စာမျက်နှာရဲ့ အီးမေးကို အသုံးပြုသူ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်တွေရဲ့ ကွန်ပြူတာတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တိုက်ခိုက်ဖို့ ကြိုးစားခံခဲ့ရကြောင်း Google က သတိပေးခဲ့ပါတယ်။

ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ သင့်ရဲ့ကွန်ပျူတာ သို့မဟုတ် သင့်ရဲ့အကောင့်ကို အစိုးရ ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားတွေက သိမ်းပိုက်ရယူဖို့ ကြိုးစားနေပုံရတယ် ဆိုတဲ့ သတိပေးစာ ပေါ်လာတယ်လို့ ဆိုပါတယ်။

ဒီသတိပေးစာပေးပို့ကြောင်း Google ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taj Meadows က အတည်ပြုပြောဆိုခဲ့သလို၊ သတင်းထောက် ၁၂ ယောက်လောက်ကလည်း ဒီသတိပေးစာ ရရှိတဲ့အတွက် သူတို့ရဲ့ ကွန်ပျူတာ စကားဝှက်တွေကို ပြောင်းလဲခဲ့ကြရတယ်လို့ ပြောကြပါတယ်။

အဲဒီထဲမှာ ပြည်တွင်းက အေပီ၊ အေအက်ဖ်ပီ၊ ရိုက်တာ၊ ကျိုဒို သတင်းထောက်တွေ၊ The Voice နဲ့ Eleven ဂျာနယ်၊ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက် ဘာတေးလစ်တနာ တို့အပြင် တခြားနိုင်ငံတွေက သတင်းထောက်တွေလည်း ပါဝင်ကြပါတယ်။

Google က အစိုးရ ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားတွေလို့ ဆိုပေမဲ့ ဘယ်အစိုးရဆိုတာ တိတိကျကျမပြောခဲ့ပါဘူး။ မြန်မာအစိုးရ နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ကတော့ Google အနေနဲ့ ဒီကိစ္စအတွက် တာဝန်ရှိသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်ပြောဆိုဖို့လိုကြောင်း၊ အခုလို အစိုးရ ကျောထောက်နောက်ခံပြုလို့ ဝေဝေဝါးဝါးပြောဆိုတာဟာ မိမိတို့အစိုးရကို ထိခိုက်ကြောင်း၊ အစိုးရမှာ ဒီမူဝါဒမရှိကြောင်း ပြောကြားလိုက်ပြီး၊ သူရဲ့ Gmail မှာလည်း ဒီသတိပေးစာရရှိကြောင်း Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ လကလည်း အမေရိကန်ပြည်ထောင်စုက အဓိကရ သတင်းမီဒီယာကြီးတွေဖြစ်တဲ့ The New York Times နဲ့ The Wall Street သတင်းစာတွေရဲ့ ကွန်ပျူတာကွန်ရက်တွေဟာ တရုတ်ပြည်က လာတယ်လို့ယူဆရတဲ့ အင်တာနက် ထိုးဖေါက်တိုက်ခိုက်မှုခံခဲ့ရပါတယ်။ တရုတ်အစိုးရကတော့ ဒီကိစ္စနဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ထာဝရငြိမ်းချမ်းရေး အဓိကလိုအပ်နေဟု ပြည်ထောင်စုနေ့တွင် သမ္မတ ပြောကြား

ထာဝရငြိမ်းချမ်းရေး အဓိကလိုအပ်နေဟု ပြည်ထောင်စုနေ့တွင် သမ္မတ ပြောကြား

by ပီတာအောင်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ဖွံ့ဖြိုးဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရဖို့ အဓိက လိုအပ်နေတယ်လို့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သ၀ဏ်လွှာမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ မနက်က နေပြည်တော်မှာကျင်းပတဲ့ အစိုးရရဲ့ ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားမှာ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဖတ်ကြားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာမှာ ခုလို ပြောကြားခဲ့တာပါ။

ပြည်တွင်းပြည်ပ အဖျက်သမားတွေရဲ့အန္တရာယ်ကို တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပူးပေါင်းကာကွယ် တားဆီးဖို့ လိုတဲ့အကြောင်းနဲ့ အတိတ်က ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး တိုင်းရင်းသားအားလုံးက နိုင်ငံထာဝရ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သမ္မတက မိတ်ဆုံ ညစာစားပွဲနဲ့ ခင်းကျင်းဧည့်ခံဖို့ ရှိရာမှာ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေအပြင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ရှမ်းပြည်တပ်မတော်၊ ကရင်မျိုးသားအစည်းအရုံးနဲ့ ဒီကေဘီအေ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားထားပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရသေးတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အဖွဲ့ကိုလည်း အစိုးရက ပြည်ထောင်စုနေ့ပွဲ ဖိတ်ကြားထားပေမယ့်လည်း ကေအိုင်အိုကတော့ တက်ရောက်ခြင်း မရှိပါဘူး။

ကေအိုင်အိုခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာကတော့ နှစ်ရှည်ပြည်တွင်းစစ် ရပ်စဲပြီး ပဋိပက္ခ ဖြစ်ပွားရာကနေ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှုလုပ်ဆောင်သင့်ပြီလို့ ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ စစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးဘက်ကို ရှေးရှုသင့်ပါပြီ။ ပဋိပက္ခဖြစ်ပွားရာကနေ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှုသင့်ပြီ။ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ကြာရှည်လွန်းအားကြီးပြီ။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်တာ တခြားနိုင်ငံတွေမှာ မတွေ့ရပါဘူး။ အဲတော့ ပြည်တွင်းစစ်ကို ရပ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ဖို့ အချိန်တန်ပြီလို့ ခံယူတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ သိသာထင်ရှားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ အပြောင်းအလဲတခုလုပ်မှပဲ ဖြစ်မယ်။ ပြည်တွင်းစစ်သက်ဆိုးရှည်နေတာဟာ အရင် အစိုးရအဆက်ဆက်က ပြည်တွင်းစစ်အပေါ်မှာ ရှုမြင်သုံးသပ်ချက်နဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေ မမှန်ကန်လို့ဖြစ်တယ်။ အခု လက်ရှိအစိုးရအနေနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီး ဖြေရှင်းသွားမယ်ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ အလားအလာကောင်းတွေ ရှိပါတယ်။”

ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက “၁၉၈၉ ခုနှစ်ကတည်းကနေပြီးတော့ တောက်လျှောက် ပြည်ထောင်စုနေ့တွေမှာ နိုင်ငံရေးပါတီတွေကို မဖိတ်တော့ဘဲ သူတို့ဟာသူတို့ ကျင်းပတာပဲ ရှိတယ်။ အခုမှ တခါပြန်ပြီး ကျင်းပတယ်ဆိုတာကတော့ အစိုးရသစ်ကလည်း ပြုပြင်ပြောင်းလဲရေးကို လုပ်လာတယ်၊ ဒီအချိန်မှာလည်း တိုင်းရင်းသားတွေ ညီညွတ်ရေးအတွက်ကို သွားဖို့ အလားအလာပိုကောင်းလာအောင် လုပ်ပေးနေတယ်လို့ ထင်ပါတယ်။ ဒါဟာ ကောင်းတယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တော်ဝင်နှင်းဆီခန်းမမှာ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပခဲ့ပြီး အခမ်းအနားကိုပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းမှာ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်လိုတဲ့အကြောင်း ထပ်မံ ကမ်းလှမ်းလိုက်ပါတယ်။

“ကျမကိုဆိုရင် ကချင်ပြည်ထဲဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ မပါဝင်ဘူးလားလို့ မေးမြန်းကြ ဝေဖန်ကြတာတွေရှိတယ်။ ကျမအမြဲပြောတယ်၊ ကျမပါဝင်ချင်တယ်။ အချိန်မရွေး လိုလားရင် ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်ဆိုတာကို တရားဝင်ထုတ်ဖော်ပြောခဲ့တာ ကြာပါပြီ။ ဘာလို့ မပါလဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ဖို့ဆိုတာ ကာယကံရှင်တွေကလိုလားမှ၊ တောင့်တမှ ဖြစ်နိုင်မှာပါ။ လိုလားမှု၊ တောင်းဆိုမှုတွေမရှိဘဲ ၀င်လုပ်လို့ ငြိမ်းချမ်းရေးရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာပဲ ဖြစ်မယ်။ ကျမကိုလိုလားတယ်၊ လုပ်စေချင်တယ်ဆိုရင် အချိန်မရွေးဝင်လုပ်ပေးမယ် ဆိုတာကို တရားဝင် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ပြောပါရစေ။ ဒီနိုင်ငံရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျမကိုပါဝင်ဖို့ ကာယကံရှင်တွေက လိုလားတယ်၊ ဖိတ်ခေါ်တယ်ဆိုရင် ဘယ်တော့မှ မငြင်းပါဘူးဆိုတာ ပြောပါရစေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး ပါတီရဲ့ နာယက ဦးတင်ဦးကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် တိုင်းရင်းသားရိုးရာ အကဖျော်ဖြေပွဲတွေ ကရင်ရိုးရာ ဒုံးယိမ်းအက ပြိုင်ပွဲတွေလည်း ကျင်းပသွားပါတယ်။ အလားတူ ရန်ကုန်မြို့မှာ ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ပါတီ ပူးပေါင်း ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ)ရဲ့ ပြည်ထောင်စုနေ့ မိတ်ဆုံ ညစာစားပွဲတွေလည်း ကျင်းပဖို့ ရှိပါတယ်။

ထာဝရ ငြိမ်းချမ်းရေးရရှိရေးမှာ အဓိကလိုအပ်ချက်ဟု သမ္မတပြော

ထာဝရ ငြိမ်းချမ်းရေးရရှိရေးမှာ အဓိကလိုအပ်ချက်ဟု သမ္မတပြော

ဒီကနေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှေ့မှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ဒီကနေ့ မနက် ၇ နာရီက ကျင်းပခဲ့ပါ တယ်။

news image

အဲဒီအခမ်းအနားမှာ နိုင်ငံတော်တီဝိုင်းနဲ့ နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာကို နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားခဲ့ပါတယ်။

ဒီအခမ်းအနားမှာ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနဲ့ NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါတယ်။

နေပြည်တော်မှာ အစိုးရကကျင်းပတဲ့ ပြည်ထောင်စုနေ့ မနက်ပိုင်း အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ခဲ့ပေမယ့် ညနေပိုင်းကျင်းပတဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကိုတော့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

မြစ်ကြီးနား 'ပြည်ထောင်စုနေ့အခမ်းအနား' အနှစ်သာရမရှိဟု ဒေါက်တာတူးဂျာပြော

မြစ်ကြီးနား 'ပြည်ထောင်စုနေ့အခမ်းအနား' အနှစ်သာရမရှိဟု ဒေါက်တာတူးဂျာပြော

by ဖနိဒါ

ချင်းမိုင်(မဇ္စျိမ)။ ။ မြစ်ကြီးနားမြို့တွင် “ပြည်ထောင်စုနေ့” အခမ်းအနား ကျင်းပ ပြုလုပ်သော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး မရသေး၍ အနှစ်သာရ မရရှိကြောင်း ကချင်ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာတူးဂျာ က ပြောဆို လိုက်သည်။

မြစ်ကြီးနားမြို့ လွှတ်တော် ရုံးရှေ့တွင် အင်္ဂါနေ့က ပြုလုပ်သည့် ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းဖတ်ကြားခြင်း၊ နိုင်ငံတော် အလံအလေးပြုခြင်း စသည်ဖြင့် အခမ်းအနား အကျဉ်းရုံးသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က ကျနော်တို့ နိုင်ငံအတွက် အရေးကြီးတဲ့ နေ့တနေ့ပါပဲ။ ဒါပေမယ့် ပြည်ထောင်စု စစ်စစ် မဟုတ်သေးတော့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲ ကျင်းပတာလည်း အနှစ်သာရ အပြည့်အဝ မဟုတ်သေးဘူးလို့ ခံစားမိတယ်။ မြို့နယ် လူထုလောက်ပဲ တက်ရောက်နိုင်တာကိုး။ တောနေ လူထုက တက်ရောက်လာနိုင်တာ မရှိဘူး။ ခုချိန်ခါမှာ တော့ ပြည်ထောင်စုစစ် မဟုတ်သေးတော့ ပွဲကျင်းပတာလည်း အနှစ်သာက အပြည့်မဝ မဟုတ်သေးဘူး” ဟု ကချင်လွတ်လပ်ရေးးအဖွဲ့ KIO ခေါင်းဆောင်ဟောင်းတဦးလည်းဖြစ်သည့် ဒေါက်တာတူးဂျာ က ပြောသည်။

စစ်မှန်သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရေးအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှ သာလျှင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပွဲသည် မြန်မာနိုင်ငံအတွက် အကြီးဆုံး ရတနာပွဲတခု ဖြစ်လာနိုင်သလို၊ တိုင်းရင်းသားများ ညီအစ်ကိုများ အားလုံး လက်တွဲညီညီဖြင့် ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်မည်ဟု မျှော်လင့်သည် ဟုလည်း ၎င်းက ဆိုသည်။

အစိုးရတပ်နှင့် KIO တို့အကြား ဒေသတည်ငြိမ်အေးချမ်းမှု အနည်းငယ် ရရှိသဖြင့် တိုက်ပွဲများ ရပ်ဆိုင်းသွားမည်ဟု မျှော်လင့်ရရာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်နေပြီဟု ဒေါက်တာတူးဂျာက ပြောသည်။

“ကျနော်တို့ နိုင်ငံမှာက ပြည်ထောင်စု အတုနဲ့ပဲ ပြည်တွင်းစစ်ပေါ်လာတယ်။ ခုထိ မစဲသေးဘူး။ ငြိမ်းချမ်းရေးအတု မဟုတ်ဘဲ ငြိမ်းချမ်းရေး အစစ် တည်ဆောက် စေချင်တယ်။ ဒါကြောင့် စစ်အစိုးရရော၊ တိုင်းရင်းသားအုပ်စုတွေ နှစ်ဖက်လုံး အပြုသဘောဆောင်ပြီး ဝိုင်းဝန်းဆောင်ရွက်ရအောင်လို့ ပြောချင်တယ်”ဟု သူက ဆက်ပြောသည်။

ပြည်နယ် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများအချို့ အပါအဝင် တပ်မတော်မှ ဂုဏ်ပြုတပ်ဖွဲ့ တဖွဲ့လည်း တက်ရောက်ခဲ့ရာ စုစုပေါင်း လူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့သည်ဟု ဒေါက်တာတူးဂျာ က မဇ္စျိမကို ပြောဆိုသွားသည်။

အလားတူ မြစ်ကြီးနားမြို့ ယုဇန ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် ကျင်းပခဲ့သည့် အခမ်းအနား တွင် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကို ဟိုဝါဒူဝါဇော်ဂမ် က ဟောပြောခဲ့ကြောင်း ၎င်းကိုယ်တိုင်က ပြောသည်။

ဒူဝါဇော်ဂမ်မှာ ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုခဲ့ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ဟိုဝါး ဒူဝါ ခွန်ဖုန်း Howa Duwa M.Hkun Hpung ၏ သား ဖြစ်သည်။

“ကျနော်တို့ ကချင်လူမျိုးက ဒီပင်လုံစာချုပ်ကို အမွန်မြတ်ဆုံး ထားပါတယ်။ နိုင်ငံရေး ဆွေးနွေးလာမယ်ဆိုရင်တော့ အောင်မြင်မှာပဲ။ ဒါကြောင့် မြန်မြန် ဆွေးနွေးရင်တော့ အဖြေရမယ်။ ဆွေးနွေးတဲ့ အချိန်မှာ တယောက်နဲ့တယောက် လက်ညှိုးထိုး၊ ရန်ဖြစ်နေရင်တော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သော “မတူတာတွေ ဘေးဖယ်ထား၊ တူတာလေးနှင့် စကြစို့” ဟူသော စကားအတိုင်း အမြန်ဆုံး ငြိမ်းချမ်းရေး တည်ဆောက်ရန် ၎င်းက တိုက်တွန်း ပြောဆိုသွားသည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေတွင် ဒီမိုကရေစီစနစ် ဆက်လက် ရှင်သန် ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထားဝရ ငြိမ်းချမ်းရေးရရှိရန်မှာ အဓိက လိုအပ်ချက် ဖြစ်ပေသည်ဟု ပါရှိသည်။

နေပြည်တော်တွင် ကျင်းပသော ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား အစိုးရဘက်မှ ဖိတ်ခေါ်ခဲ့သော်လည်း အပစ်အခတ် မရပ်စဲသေးသော KIO က မူ ထိုနေပြည်တော် အခမ်းအနားသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်လျှင် ငြင်းမည်မဟုတ် ဒေါ်အောင်ဆန်းစုကြည် ပြော

ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်လျှင် ငြင်းမည်မဟုတ် ဒေါ်အောင်ဆန်းစုကြည် ပြော

by လင်းသန့်

ကချင် အရေး၊ ရခိုင် အရေး အပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ကာယကံရှင်များက လိုလားစွာ ဖိတ်ခေါ်ပါလျှင် ငြင်းပယ် မည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။

news image

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါနိုင်ဖို့ဆိုတာဟာ ကာယကံရှင်တွေက လိုလားမှ ဖြစ်မှာပါ။ ကာယကံရှင် တွေရဲ့ လိုလားမှု တောင့်တမှု တောင်းဆိုမှု မရှိဘဲနဲ့ ၀င်ပြီးတော့ လုပ်လို့ ငြိမ်းချမ်းရေး ရမယ်ဆိုတာ ဒါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရာ လည်း ရောက်ပါတယ်။ ကျမကို လိုလားတယ်။ လုပ်ပေးစေချင်တယ် ဆိုရင် တော့ အချိန်မရွေး လုပ်ပေးပါ့မယ်ဆိုတာ ဒါ တရား ၀င် ဒီနေ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ဒါ ကျမ ပြောပါရစေ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသော ယနေ့ ကျရောက်သည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားသို့ နေပြည်တော်တွင် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် ဗီဒီယို မိန့်ခွန်းတွင် ထိုကဲ့သို့ ထည့်သွင်းပြော ဆိုလိုက်ခြင်း ဖြစ်သည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကချင်၊ ရခိုင်စသည့် ပြည်ထောင်စုအတွင်း မည်သည့်နေရာကမဆို ငြိမ်းချမ်းရေးဖြစ် စဉ်နှင့်ပတ်သက်၍ ဖိတ်ခေါ်ပါက ငြင်းပယ်မည်မဟုတ်ကြောင်းလည်း ထပ်လောင်း ပြောဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျရောက်သည့် ပြည်ထောင်စုနေ့အခါသမယတွင် တချိန်က နိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်များ ပြည့်ဝမှု ရှိမရှိ သေချာ ပြန်သုံးသပ်ရန်လိုကြောင်းလည်း အဆိုပါ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

“ကျမတို့ အဲဒီတုန်းက မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုဆိုတဲ့ ပုံစံကို ကျမတို့ အကောင်အထည် ဖော်နိုင်ပြီလားဆိုတာ သေချာစဉ်းစား ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုဆိုတဲ့နေရာမှာ နိုင်ငံရေးအရ အဓိပ္ပာယ်ဖော်တာမျိုး မဟုတ်ဘဲ ရိုးရိုးသားသား ကျမတို့နိုင်ငံရဲ့ နိုင် ငံသူနိုင်ငံသားတွေရဲ့ အသည်းနှလုံးထဲမှာ ပြည်ထောင်စုဆိုတာ ဘယ်လိုမြင်လည်းဆိုတာ ကျမတို့ စဉ်းစားဖို့လိုပါတယ်”ဟု ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် လုံဝငြိမ်းချမ်းရေးဆိုသည်မှာ ယနေ့အထိ မရှိဘူးသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွား သည်။

“အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာဟာ လုံးဝ ရရှိသေးတယ်ဆိုတဲ့အချိန် တခါမှ မသိခဲ့ရပါဘူး။ ဒါလွတ်လပ်ရေး ရကတည်းကပေါ့နော်”ဟု သူက ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ယနေ့ ကျရောက်သည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဒီမို ကရေစီ စနစ် ဆက်လက်ရှင်သန်ရေးအတွက် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး အဓိက ကျကြောင်း ထည့်သွင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက် ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိက လိုအပ်ချက် ဖြစ်ပေသည်”ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

ပြည်ထောင်စု၏ အဓိပ္ပာယ်အရ စုစည်းမှုတခုတည်းသာမက မျှဝေခြင်းသဘောပါသည့်အတွက် အတူစုစည်း မျှဝေ ခံစားမှသာ ပြည်ထောင်စု မည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“စုပေါင်းပြီးခံစားတာ မဟုတ်ဘဲနဲ့ မျှဝေပြီးခံစားတဲ့ အပိုင်းလည်း ပါဖို့လိုပါတယ်”ဟု သူက ဆိုသည်။

ထိုကဲ့သို့ စုစည်းသည့်အခြေအနေသာမက အခြားပြည်နယ်၊ တိုင်း ဒေသများရှိပြည်သူများကလည်း မျှဝေခံစားသည့် အခြေအနေ မျိုး လုံလောက်စွာ ရောက်ရှိနေပြီဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသူ အစုအဖွဲ့များကို ရည်ညွှန်းက မှတ်ချက်ပြုပြောကြားသည်။

“ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်မှာနေတဲ့ ပြည်သူတွေသာ မဟုတ်ဘဲ၊ တခြားဒေသကပြည်သူတွေ ကိုယ်တိုင်ပူပင် နေကြတဲ့ သဘောကို မြင်နေရပါပြီ။ ငြိမ်းချမ်းရေးအတွက် လုံလောက်တဲ့ အတိုင်းအတာ မဟုတ်သေးသော်လည်း လုံလောက်တဲ့ အနေအထားကိုရောက်လာပြီ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နယ်ပယ် အသီးသီးရှိ တိုင်းရင်းသား ခေါင်းဆောင်များကလည်း ပြည်ထောင်စုနေ့ အခါသမယတွင် အနှစ်သာရ ရှိသည့် ပြည် ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စုမျိုး ယခုအထိ မရောက်သေးကြောင်း ဧရာဝတီကို အသီးသီး ပြောဆိုကြသည်။ သို့အတွက် အားလုံး တန်းတူညီမျှ ၀ိုင်းဝန်းကြိုးစား သွားကြရမည်ဖြစ်ကြောင်းလည်း ပြောသည်။

“ပြည်ထောင်စု မပြိုကွဲရေးသည် ကြွေးကြော်သံ သက်သက်မဟုတ်။ တိုင်းရင်းသား တန်းတူညီမျှရေး၊ လူမျိုး ဘာသာ မရွေး၊ နိုင်ငံ သားတိုင်း တန်းတူအခွင့်အရေး ရရှိခံစားနိုင်စေရေးသည် ပြည်ထောင်စု မပြိုကွဲရေး၏ အနှစ်သာရဖြစ်သည်”ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကလည်း ပြည်ထောင်စုနေ့ သ၀ဏ်လွှာတွင် ဖော်ပြ ထားသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြစ် နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စု ညစာစားပွဲသို့ တိုင်းရင်းသား အဖွဲ့များ တက်ရောက်ရန် ရှိသကဲ့သို့ ရန်ကုန်မြို့ ရွှေရှမ်းကန် စားသောက်ဆိုင်တွင်လည်း ယနေ့ညပိုင်း၌ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့(UNA) က နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များကို ဖိတ်ကြား၍ ပြည်ထောင်စုနေ့ ညစာစားပွဲကျင်းပရန် ရှိသည်။

၁၉၄၇ ခုနှစ် ဖော်ဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံဒေသ၌ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များက လွတ်လပ်ရေးကို အတူတကွရယူရန် အတွက် ပင်လုံ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ထိုနေ့ကို အစွဲပြု၍ ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုနေ့ အခမ်းအနားကို ၁၉၄၈ ခုနှစ်နှင့် ၁၉၄၉ ခုနှစ်များ၌ ပင်လုံမြို့တွင် ကျင်းပခဲ့ပြီး ၁၉၅၀ ခုနှစ်မှစတင်၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ၁၉၅၄ ခုနှစ်မှ စတင်၍ ပြည်ထောင်စု အလံတော်ကို တိုင်း၊ ပြည်နယ် အသီးသီးမှ အလှည့်ကျ စတင် သယ် ယူပြီး ပြည်ထောင်စုနေ့ အမီ ရန်ကုန်မြို့သို့ လက်ဆင့်ကမ်း သယ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။

တိုင်းရင်းသားပြဿနာ ဒေါ်စု ၀င်ရောက်ညှိနှိုင်းလို

တိုင်းရင်းသားပြဿနာ ဒေါ်စု ၀င်ရောက်ညှိနှိုင်းလို

by ​ဒေါ်ခင်မျိုးသက်

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဒေါ်အောင်ဆန်းစုကြည် က ကြားဝင် ဖြေရှင်းပေးချင် ပါတယ်ဆိုတဲ့ ဗွီဒီယို မိန့်ခွန်းတရပ်ကို မြန်မာအစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက လက်ခံ ကြိုဆိုခဲ့ပေမဲ့ KIO ရဲ့ တာဝန်ရှိသူတဦး ကတော့ သဘောထား မှတ်ချက်ပေးဖို့ ငြင်းဆို ခဲ့ပါတယ်။

news image

ဒီကနေ့ ကျရောက်တဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ ဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား ဖြစ်နေတဲ့ ပဋိပက္ခတွေကို ကြားဝင် ညှိနှိုင်းပေးလိုတဲ့ ဆန္ဒရှိကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။

လက်နက်ကိုင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေကို တဆင့်တက်ပြီး လုပ်ဆောင်တဲ့ နေရာမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ပါဝင် လာဖို့အတွက် လိုအပ်နေပါတယ်လို့ ငြိမ်းချမ်းရေးစင်တာ က အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ က ဗွီအိုအေ ကို ပြောပါတယ်။

“ရှေ့သွားမယ့် ဆွေးနွေးပွဲတွေက နောက်တဆင့်ကို Political Dialogue ဆိုတာကို သွားဖို့ ပြင်ဆင်နေတာဖြစ်တော့ အဲ့ဒီမှာတော့ ကျနော့်အမြင်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါသင့် ပါထိုက်တဲ့သူတွေ ပါမယ်လို့ ကျနော်တော့ အဲ့လိုပဲ နားလည်တယ်ခင်ဗျ။ ကျနော်တို့ဟာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အရင်ကတည်းကနေပြီးတော့ ငြိမ်းချမ်းရေး အကျိုးဆောင်အနေနဲ့ ကျနော်တို့က ပါတာပါ။ Peace Center မှာ အကြံပေး ပုဂ္ဂိုလ်အနေနဲ့လည်း ပါပါတယ်”

မေး။ ။ ဒီ မြန်မာ Peace Center က အကြံပေး ပုဂ္ဂိုလ်တဦးအနေနဲ့ပေါ့နော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ဆန္ဒရှိတယ်ဆိုတဲ့ ကမ်းလှမ်းချက် နဲ့ပတ်သက်ပြီး ဘယ်လို သဘောထားပါသလဲ။

“ကျနော့်အနေနဲ့တော့ ဒီနိုင်ငံမှာရှိတဲ့ ပါဝင်ပတ်သက်နေသူတွေ အကုန်လုံးက ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါသင့်တယ်။ ဒီလိုပဲ ပိုပြီးတော့ ပြည်သူလူထု ယုံကြည်မှုပေါ့နော် ပါဝင်အားကိုးမှုရှိတဲ့ လူတွေ အများစုကလည်း ဒီအထဲမှာ ပါသင့်ပါတယ်။ အနှေးနဲ့အမြန်တော့ ပါလာမယ်လို့ ကျနော် ထင်ပါတယ်။”

ဦးလှမောင်ရွှေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ အတူ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်စေရေး နည်းလမ်းရှာတဲ့ ဆွေးနွေးပွဲမှာ ကိုယ်တိုင် လိုက်ပါသွားခဲ့ပါတယ်။

နှစ်ဘက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ရပ်စဲစေဖို့ တရုတ်အစိုးရ အစီအစဉ်နဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ မှာ ဆွေးနွေးအပြီးမှာတော့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေကို နှစ်ဘက် လေ့လာ စောင့်ကြည့် ကဖို့နဲ့ နှစ်ဘက်ကြား နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားဖို့ သဘောတူညီမှု ရခဲ့တာပါ။

မြန်မာအစိုးရဘက်က ကချင်ဒေသကို တိုက်ခိုက်နေမှုတွေ ရပ်ဆိုင်းပေးဖို့အတွက် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းမှုတွေ မလုပ်ခဲ့ဘူးလို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ လွတ်မြောက်ရေး တောင်း ဆိုနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တွေကြား ၁၉၄၇ ခုနှစ်က ပင်လုံ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင် ခဲ့တဲ့ နေ့ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အခု မြန်မာအစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ကြားဝင်ညှိနှိုင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင်တွေအတွက် ဒီကနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ အခုလို ကမ်းလှမ်းလိုက်တာပါ။

“ကျမကိုဆိုရင် အခု ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ မပါဝင်ဘူးလား ဆိုပြီးတော့ မေးကြ မြန်းကြ ဝေဖန်ကြတဲ့သူတွေ ရှိပါတယ်။ ကျမ အမြဲပြောတယ်။ ကျမ ပါဝင်ချင်တယ်။ အချိန်မရွေး လိုလားလို့ရှိရင် ကျမမှာ ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်ဆိုတာကို ကျမ တရားဝင် ထုတ်ဖော်ပြောခဲ့တာ ကြာပါပြီ။ ပြီးတော့ ဘာဖြစ်လို့မပါသလဲဆိုတော့ တကယ်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါနိုင်ဖို့ဆိုတာက ကာယကံရှင်တွေက လိုလားမှ ဖြစ်နိုင်မှာပါ။”

“ကာယကံရှင်တွေရဲ့ လိုလားမှု၊ တောင်းဆိုမှု မရှိဘဲနဲ့ ၀င်ပြီးတော့ လုပ်လို့ ငြိမ်းချမ်းရေး ရမယ်ဆိုတာ ဒါ ကိုယ့်ကိုယ်ကို အထင်ကြီးရာလည်း ရောက်ပါမယ်။ အဲ့ဒါကြောင့် ကျမကို လိုလားတယ်၊ ကျမကို လုပ်ပေးစေချင်တယ် ဆိုရင်တော့ အချိန်မရွေး လုပ်ပေးပါမယ်ဆိုတာ တရားဝင် ဒီကနေ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ကျမ ပြောပါရစေ။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဒီနိုင်ငံရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကျမကို ပါဝင်ဖို့ ကာယကံရှင်တွေက လိုလားတယ်၊ ဖိတ်ခေါ်တယ်ဆိုရင် ကျမက ဘယ်တော့မှ ငြင်းမှာမဟုတ်ပါဘူးဆိုတာ ကျမ ပြောပါရစေ။”

ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က အခုလို ကြားဝင် ညှိနှိုင်းပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး KIO ကချင်လက်နက်ကိုင်အဖွဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ ကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ အခုလောလောဆယ် သဘောထား မှတ်ချက်ပေးဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောကြား

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောကြား

ဒီကနေ့ ကျရောက်တဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ ကမ်းလှမ်းမယ် ဆိုရင် အဆင်သင့်ရှိပါတယ်လို့ ပြောကြားလိုက် ပါတယ်။

news image

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့ပြီး ပြောကြားခဲ့တာပါ။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦးကလည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းအားလုံးနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ကြဖို့ကို တိုက်တွန်းပြောခဲ့ပါတယ်။

ဒီကနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ နိုင်ငံခြားသံတမန်များ တက်ရောက်ခဲ့သလို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကျောင်းသား ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ရည်မှန်းချက် အမြစ်မတွယ်သေး

ဗိုလ်ချုပ်ရည်မှန်းချက် အမြစ်မတွယ်သေး

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်တွေ ခုထိ အမြစ်မတွယ်သေးဘူးလို့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြား လိုက်ပါတယ်။

news image

ဗိုလ်ချုပ်ဟာ တိုင်းရင်းသားတွေ အားလုံး ညီညွတ်စွာ ဝေမျှ ခံစားပိုင်ခွင့်ရှိတဲ့ နိုင်ငံမျိုး ဖြစ်လာဖို့ မျှော်မှန်း ခဲ့ပေမယ့်လဲ ခုချိန်ထိ စစ်တွေ အဆုံးမသတ်နိုင်သေးလို့ ဗိုလ်ချုပ် ဆန္ဒမပြည့်ဝ သေးဘူးလို့ ဦးဝင်းတင်က ဆိုပါတယ်။

ပြည်သူတွေ ခံစားရတဲ့ ဆင်းရဲ ဒုက္ခတွေ လျော့ပါးပြီး ညီညီညွတ်ညွတ် ရှိတဲ့ အခြေအနေမျိုး ရောက်အောင် ကြိုးစားဖို့ လိုနေသေးတယ်လို့ ဗိုလ်ချုပ် အောင်ဆန်း ၉၈ နှစ်ပြည့် မွေးနေ့ အမှတ်တရစကားကို ဟံသာဝတီ ဦးဝင်းတင်က ပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင်က သူ့ကို စစ်ထဲ မဝင်ဘဲ ပညာ ဆက်သင်ဖို့ ဗိုလ်ချုပ် အောင်ဆန်း စစ်ထွက်တဲ့ လမ်းတနေရာမှာ ပြောခဲ့တဲ့ စကားကို သူမမေ့နိုင်အောင် ရှိရတယ်လို့လဲ ဆိုပါတယ်။

ဒါပေမဲ့ ဒီဘက်ခေတ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံ မိန့်ခွန်း ဟောပြောချက် အဆိုအမိန့်တွေကို စစ်အစိုးရတွေက လူထုကြား မရောက်အောင် ပိတ်ပင် တားမြစ်ခဲ့တဲ့အတွက် ဗိုလ်ချုပ်ကို ပြည်သူတွေကြားမှာ မေ့ပျောက်သလို ရှိနေခဲ့တယ်လို့လဲ ဦးဝင်းတင်က ပြောပါတယ်။

ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်လို့ ဗိုလ်ချုပ်ကို လူစိတ်ဝင်စားတာ ပိုများလာပေမယ့် ဗိုလ်ချုပ် အကြောင်း ပြည်သူတွေ အထူးသဖြင့် ကလေး သူငယ်တွေ ကြားမှာ ပြန့်နှံ့အောင် လုပ်ဖို့ အထူး လိုအပ်တယ်လို့ ဦးဝင်းတင်က သတိပေး ပါတယ်။

ပြည်ထောင်စုအစစ်ဆီသွားဖို့ လမ်းကြောင်းမြင်ပြီ

ပြည်ထောင်စုအစစ်ဆီသွားဖို့ လမ်းကြောင်းမြင်ပြီ

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကထဲက လက်နက် စွဲကိုင် တော်လှန်နေကြတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ အစိုးရက ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပထဆုံးအကြိမ် တက်ရောက်ခဲ့ပြီး သမ္မတရဲ့ တည်ခင်းတဲ့ ညစာ စားပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

news image

ဒါကို ကောင်းတဲ့ အမှတ်လက္ခဏာအဖြစ် တိုင်းရင်းသား အများစုက ရှုမြင်ကြပေမယ့် လမ်းကြောင်းမှန်အတိုင်း ဆက်လျှောက်ရဦးမယ်လို့ ပြောပါတယ်။

ပြည်ထောင်စုနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ဆွေးနွေးတာ မရှိသေးဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တိုင်းရင်းသားတွေက လက်မခံကြဘူး၊ တိုင်းရင်းသားတွေ လက်ခံနိုင်မယ့် ပြည်ထောင်စုပုံစံကို အစိုးရနဲ့ နှစ်ဘက် ညှိုနှိုင်း၊ ပြင်ဆင်၊ ဆွေးနွေး၊ သဘောတူတဲ့ အသစ်ပြဌာန်းတဲ့ ဥပဒေတခု ပီပြင်မှသာ ပြည်ထောင်စုကို ဖော်ဆောင်နိုင်မယ်လို့ နေပြည်တော်ရောက် ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ဘီဘီစီကို ပြောပါတယ်။

အစိုးရက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ကို ပြည်ထောင်စုနေ့ အခမ်းအနားတက်ဖို့ ဖိတ်ကြားခဲပေမယ့် ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို အပါအဝင် ခုနစ်ဖွဲ့က မတက်ရောက်ဘဲ ကိုးဖွဲ့သာ တက်ရောက်ကြပါတယ်။ သမ္မတဦးသိန်းစိန်က ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာဟာလည်း စစ်အစိုးရခေတ်က သဝဏ်လွှာတွေအတိုင်း မနီးရိုးစွဲ ရှိပေမယ့်လို့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ထည့်သွင်း ပြောကြားလာတာ ထူးခြားမှုအဖြစ် တွေ့ရပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ချက်တွေကို ကြိုဆိုသူတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အက်စ်အင်န်အယ်လ်ဒီ ဥက္ကဌ ဦးခွန်ထွန်းဦးလည်း ပါဝင်ပါတယ်။

ကချင်ကလွဲလို့ အားလုံးကိုတော့ တဖြည်းဖြည်းချင်း သွားနေတယ်၊ အရင်လို ခြိမ်းခြောက်တာ ဟန့်တားတာတွေ မရှိတော့ဘဲ လွတ်လပ်လာတယ်လို့တော့ ခံစားရတယ်၊ ကောင်းတဲ့ဘက်ကို ခြေဦးလှည့်လာတယ်လို့ သူ ထင်မြင် ယူဆကြောင်း ဦးခွန်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းကတော့ သံသယနဲ့ အကောင်းမြင်သူပါ။ သူက အစိုးရရဲ့ အခုလို ဆောင်ရွက်ချက်တွေဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပေမယ့် မီဒီယာ အသားယူတာမျိုးလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ပင်လုံစာချုပ် ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ ကိုးချက်ထဲက လေးချက်ဟာ အသက်ဖြစ်တယ်၊ တိုင်းရင်းသားရေးရာတွေကို တိုင်းရင်းသားတွေကသာ တာဝန်ယူ ဆောင်ရွက်ဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တင်းပြည့်ကျပ်ပြည့်ပေးဖို့၊ ဒီမိုကရေစီ နိုင်ငံတွေမှာ ရတဲ့ အခြေခံ အခွင့်အရေးတွေ အပြည့်အဝရဖို့နဲ့ ကိုယ့်ပြည်နယ်ရဲ့ ဘဏ္ဍာရေး လိုအပ်ချက်ကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ဖို့ ကိစ္စတွေကို ဆောင်ရွက်ဖို့ လိုတယ်၊ အဲဒီလို ဆောင်ရွက်မှသာ တိုင်းရင်းသားတွေက လက်ခံ ကျေနပ်ကြမှာ ဖြစ်တယ်လို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

၁၉၆၂ အာဏာသိမ်း စစ်တပ်ရဲ့ ဝါဒဖြန့်မှုကြောင့် ပြည်ထောင်စု မပြိုကွဲအောင် စစ်တပ်က ကာကွယ်လိုက်ရတာ ဖြစ်တယ်၊ ဖက်ဒရယ်ဆိုတာ ခွဲထွက်တဲ့ မူဖြစ်တယ် စတဲ့ စစ်တပ်အာဏာပိုင်တွေမှာ စွဲကပ်နေဆဲ ဖြစ်တဲ့ အရိုးစွဲမှုတွေကိုလည်း ကုစားဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

ပင်လုံလို ညီလာခံတခုကို ပြန်ကျင်းပဖို့ရယ်၊ ကျင်းပတဲ့အခါမှာလည်း ပါသင့်တဲ့ ခေါင်းစဉ်တွေနဲ့ မူတွေကို တဘက်သတ် မဟုတ်ဘဲ နှစ်ဘက် သဘောတူတာမျိုးနဲ့ ဆောင်ရွက်ခြင်းနဲ့သာ တိုင်းရင်းသားတွေ လိုချင်တဲ့ ပြည်ထောင်စု စစ်စစ်ဆီ သွားနိုင်မယ်လို့ ဦးခွန်ဆိုင်းက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ပြည်ထောင်စုအရေး ပြောကြားချက်များ

တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ပြည်ထောင်စုအရေး ပြောကြားချက်များ

ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ တောင်တန်းနဲ့ ပြည်မ ပူးပေါင်းကာ လွတ်လပ်ရေးရယူကြဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ သမိုင်းဝင်နေ့ ဖြစ်ပါတယ်။

ဒီနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကျင်းပလာခဲ့တာလည်း ၆၆ နှစ်ပြည့်မြောက်ပြီလည်း ဖြစ်ပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးဖို့ အတွက် နိုင်ငံရေးတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရဖို့ အဓိက လိုအပ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေကရော ပြည်ထောင်စုအရေး တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘယ်လိုသဘောထားအမြင်တွေ ရှိနေကြပါသလဲ။ စုစည်းတင်ဆက်ပေးထားပါတယ်။

ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ – ဥက္ကဋ္ဌ)

“စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို ချီတက်ဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကြီးတခုသာလျှင် ဒီမိုကရေစီရဲ့ ခေါင်းနဲ့ပန်းဆိုတာ လူမျိုးစုတွေများတဲ့ ပြည်ထောင်စုသားတွေ အားလုံးက ခံယူချင်လာအောင် လက်ရှိတပ်မတော်ခေါင်းဆောင်တွေရော၊ နိုင်ရေးခေါင်းဆောင်တွေရော၊ တိုင်းရင်းသားခေါင်းဆောင်တွေရော ညီညီညွတ်ညွတ် ညီလာခံကြီးတခုကို ကျင်းပပြီး နိုင်ငံရေးအားဖြင့် ဖြေရှင်းနိုင်ပြီးကာမှ တည်ငြိမ်နိုင်မှာဖြစ်တယ်။ အဲဒီကာလမျိုးမှာမှ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်ဖို့လိုတယ်။ နိုင်ငံရေး မညီမျှမှုကို ညီမျှအောင် လုပ်နိုင်ရမယ်။ မလုပ်နိုင်သမျှကာလပတ်လုံး လက်နက်ကိုင်ပဋိပက္ခ ဘယ်တော့မှ မပြေလည်ဘူး။ ထာဝရငြိမ်းချမ်းရေးကို လိုချင်ရင် နိုင်ငံရေးအားဖြင့် ဆွေးနွေးနိုင်တဲ့ ကဏ္ဍဖြစ်အောင် နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်ယူနီဖောင်းဝတ်တဲ့ ပုဂ္ဂိုလ်တွေသဖြစ်လဲ နိုင်ငံရေးသမားတွေအကုန်လုံးက ဒါမျိုးဆင့်ထိ လျှော့ချနိုင်ရမယ်။ အဲဒါမျိုးဆိုရင် ကျနော်တို့ ပြည်ထောင်စုကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသလို ညီညွတ်တဲ့ ပြည်ထောင်စုကြီး ဖြစ်သွားမှာပါ။

ခူးဦးရယ် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – အတွင်းရေးမှူး ၁)

“အရပ်သားတပိုင်းပုံစံမျိုးနဲ့ အပြောင်းအလဲဆီသွားဖို့ ဦးတည်လာတဲ့အခါကျတော့ အခြေခံဥပဒေကိုကြည့်လိုက်ပြန်ရင်လည်း အခွင့်အရေး တင်းပြည့်ကျပ်ပြည့်ရဖို့မရှိသော်လည်းပဲ တစုံတရာတော့မျှော်လင့်လို့ရတဲ့လမ်းစပုံစံမျိုးတော့ မျှော်ကြည့်လို့ရတယ်။ ဒါလည်းပဲ အခုမှ ၁ နှစ်၊ ၂ နှစ်ပဲရှိသေးတော့ တကယ်ပဲ အခွင့်အရေးတွေရဖို့ လမ်းစတကယ်ရှိလား၊ မရှိလားဆိုတာတော့ အတိအကျမပြောနိုင်သေးပါဘူး။”

စိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – အတွင်းရေးမှူး)

“နိုင်ငံရေးတည်ငြိမ်ဖို့ဆိုတာ ဥပဒေစိုးမိုးမှုအပေါ် အများကြီးမူတည်တယ်။ ဥပဒေကို လိုက်နာဖို့လည်း လိုတယ်။ ဥပဒေကို အစိုးရက မှန်မှန်ကန်ကန် ကျင့်သုံးဖို့လိုတယ်။ ဒါမှပဲ နိုင်ငံရေးတည်ငြိမ်မှုရမယ်။ နိုင်ငံရေးတည်ငြိမ်ဖို့ဆိုတာ နိုင်ငံရေးပါတီတွေထဲမှာလည်း သဘောတူညီမှုတွေရဖို့လည်း လိုတယ်။ သဘောတူညီမှုတွေရဖို့ ဆွေးနွေးပွဲတွေ စဖို့ လိုနေပြီပေါ့။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးမရဘဲ နိုင်ငံရေးတည်ငြိမ်မှုရဖို့ မဖြစ်နိုင်ပါဘူး။ ဥပဒေက ရန်ကုန်မှာသာ စိုးမိုးချင် စိုးမိုးမယ်။ နယ်စွန်နယ်ဖျားမှာ မစိုးမိုးဘူး။ အများကြီးကိုရှိတယ်၊ ပြဿနာက။ နယ်စွန်နယ်ဖျားရောက်သွားလေ ပရမ်းပတာဖြစ်လေပဲ၊ ဥပဒေကို ဘယ်သူမှဂရုမစိုက်တော့ဘူး။ အစိုးရ၀န်ထမ်းတွေ ကိုယ်တိုင်က ဂရုမစိုက်တာအများကြီး ရှိတယ်။ အများကြီးပြုပြင်ဖို့လိုပါတယ်။ ကျနော်တို့တော့ နေပြည်တော်ညစာစားပွဲ မသွားဖြစ်ပါဘူး။”

ဒေါက်တာတူးဂျာ (ကေအိုင်အိုခေါင်းဆောင်ဟောင်း)

“ကျနော်တို့နိုင်ငံမှာ စစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးဘက်ကို ရှေးရှုသင့်ပါပြီ။ ပဋိပက္ခဖြစ်ပွားရာကနေ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှုသင့်ပြီ။ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ကြာရှည်လွန်းအားကြီးပြီ။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်တာ တခြားနိုင်ငံတွေမှာ မတွေ့ရပါဘူး။ အဲတော့ ပြည်တွင်းစစ်ကို ရပ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ဖို့ အချိန်တန်ပြီလို့ ခံယူတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ သိသာထင်ရှားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ အပြောင်းအလဲတခုလုပ်မှပဲ ဖြစ်မယ်။ ပြည်တွင်းစစ်သက်ဆိုးရှည်နေတာဟာ အရင် အစိုးရအဆက်ဆက်က ပြည်တွင်းစစ်အပေါ်မှာ ရှုမြင်သုံးသပ်ချက်နဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေ မမှန်ကန်လို့ဖြစ်တယ်။ အခု လက်ရှိအစိုးရအနေနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီး ဖြေရှင်းသွားမယ်ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ အလားအလာကောင်းတွေ ရှိပါတယ်။”

နိုင်တင့်ဆွေ (မွန်ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင်)

“မွန်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြောရရင်တော့ လုံးဝငြိမ်းချမ်းရေးကို မြန်မြန်အကောင်အထည်ဖော်ပြီးတော့ အေးအေးချမ်းချမ်းနေဖို့ အထူးအာသီသရှိပါတယ်။ စစ်မှန်တဲ့ပြည်ထောင်စုရရှိဖို့အတွက် မျှော်မှန်းပြီးတော့ မွန်အမျိုးသားများကိုယ်စား မွန်အမျိုးသားတွေရဲ့အသံကို လူတိုင်းသိဖို့ မျှော်မှန်းဆောင်ရွက်နေပါတယ်။ မွန်အမျိုးသားတွေရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးရဖို့ရယ်၊ မွန်အမျိုးုသားတွေ တန်းတူညီမျှဖြစ်ဖို့ အာသီသအများဆုံးရှိပါတယ်။”

ပြည်ထောင်စုကြီး တည်တံ့ဖို့ အားလုံးတာဝန် ရှိကြောင်း ၁၀ ပါတီ ပြောကြား

ပြည်ထောင်စုကြီး တည်တံ့ဖို့ အားလုံးတာဝန် ရှိကြောင်း ၁၀ ပါတီ ပြောကြား

ဒီမိုကရေစီမိတ်ဆွေပါတီတွေ ပူးပေါင်းပြီး ဒီကနေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဘိုကလေးဈေး လမ်းမပေါ်မှာရှိတဲ့ YWCA ခန်းမ မှာ ဖေဖေါ်ဝါရီလ ၁၂ ရက် ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။

news image

လက်ရှိနိုင်ငံတော်အာဏာကို ရယူထားတဲ့ ခေါင်းဆောင်တွေအပါအဝင် တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီရဲ့ ပူးတွဲကြေညာချက်ထဲမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေပြီးဆုံးပြီး နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တက်ရောက်နိုင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတစ်ရပ်ကို အစိုးရအနေနဲ့ ဦးဆောင်ကျင်းပပေးဖို့အတွက် တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဒီကနေ့အခမ်းအနားမှာ နိုင်ငံရေးပါတီတွေနဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ပြည်ထောင်စုနေ့ အထိမ်းအမှတ် သ၀ဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

ဒီအခမ်းအနားကို ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ တခြားနိုင်ငံရေးပါတီတွေ၊ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။

သမ္မတနဲ့ တိုင်းရင်းသားဝန်ကြီးတွေ တွေ့ဆုံ

သမ္မတနဲ့ တိုင်းရင်းသားဝန်ကြီးတွေ တွေ့ဆုံ

ပြည်ထောင်စုနေ့ က သမ္မတဦးသိန်းစိန် က ပြည်နယ်တိုင်းတွေက တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး ပြည်တွင်း ငြိမ်းချမ်းရေး ကို မဖြစ်မနေ ရအောင် ကြိုးပမ်း ဆောင်ရွက်မယ့် အကြောင်း နဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေ အနေနဲ့လည်း တတ်နိုင် သလောက် ကူဖို့ ဆွေးနွေး မှာကြားပါတယ်။

news image

တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ အနေနဲ့ ငြိမ်းချမ်းရေး အပိုင်း ဆွေးနွေးရာမှာ ကချင် စစ်ပွဲကိစ္စကို လည်း ပြောဖြစ်တဲ့ အကြောင်း၊ သမ္မတဦးသိန်းစိန်နဲ့ ဦးအောင်မင်း တို့ က ဝင်ရောက်ပြောရာမှာ တိုင်းပြည် ငြိမ်းချမ်းရေး မရလို့ မဖြစ် ဆိုတဲ့ အချက် ပါဝင်ပုံ ကို ရှမ်းပြည်နယ် က ကချင်(ဂျိန်းဖော) တိုင်းရင်းသားရေးရာ ဝန်ကြီး ဒူးဝါး ဇုတ်ဒေါင် က ဘီဘီစီ ကို ပြောပါတယ်။

ငြိမ်းချမ်းရေး ရယူရာမှာ လည်း နှစ်ဘက် တူညီတဲ့ အချက်တွေ အရင် ဖေါ်ဆောင် ပြီး မတူညီတဲ့ အချက်တွေ ကို နောက်မှ လုပ်မယ် လို့ ပြောကြပြီး တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေ လည်း ပါဝင်ကြဖို့ ဆွေးနွေး ဖြစ်ကြပါတယ်။

သမ္မတကြီး နဲ့ ၂ နာရီကြာ တွေ့ခွင့်ရတဲ့ အခါမှာ အားရမှု ရှိပေမယ့် တကယ် ဖြစ်ပျက်နေတာ က တမျိုး၊ ပြည်နယ်တွေ မှာ အဆင်မပြေတာ တွေ ရှိနေပုံ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ အနေနဲ့ မျက်နှာငယ်ရတဲ့ အပိုင်းတွေ ရှိနေတဲ့ အကြောင်း ရှမ်းပြည်နယ် က ကချင်(ဂျိန်းဖော) တိုင်းရင်းသားရေးရာ ဝန်ကြီး ဒူးဝါး ဇုတ်ဒေါင် က ဘီဘီစီ ကို ပြောပါတယ်။

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

by နန်းမြနဒီ

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှုကယ်ဆယ်ရေးဌာနက ပြောပါတယ်။

news image

ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် (အဲန်း) လို့ ခေါ်တဲ့ မိန်းကလေးကို ကူညီသူတွေက သူတို့ရဲ့ လူမှုကယ်ဆယ်ရေးဌာနကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့တာလို့ ကမ်ဖိုင်ဖစ်မြို့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

အလုပ်ရှင် အမျိုးသမီးဖြစ်သူက ဒီမိန်းကလေးကို ခွေးလှောင်အိမ်ထဲ ထည့်ပြီး ယောက်ျားဖြစ်သူက ရေနွေးပူနဲ့ လောင်းကာ နှိပ်စက်ခဲ့ပြီး ဆေးရုံကို မပို့ဘဲ အနာကို ဆားရည်နဲ့ ဆေးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီ မိန်းကလေးဟာ အသက် ၇ နှစ်လောက်က မိဘဖြစ်သူတွေက ဆိုင်းငမ်းရွာက ကြံခင်းထဲမှာ အလုပ်လုပ်နေစဉ် ထိုင်းလင်မယား ၂ ဦးက ကားနဲ့ ဖြားယောင်းခေါ်ဆောင်သွားပြီး အိမ်ကနေ ဘယ်မှပေးမသွားဘဲ ခိုင်းစေနေခဲ့တာပါ။ အလုပ်ရှင်အိမ်မှာ အမြဲတမ်း နှိပ်စက်ခံရတဲ့အတွက် ၅ နှစ် လောက်အကြာမှာ ထွက်ပြေးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နှိမ်စက်ခံရတဲ့အတွက် အလုပ်ရှင် အိမ်ကနေ တခါ ထွက်ပြေးခဲ့ဖူးပြီး ထိုင်းရဲက ဒီအိမ်ကို ပြန်ပို့ခဲ့ပါတယ်။ ထိုစဉ်က ထွက်ပြေးတာကို ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးနဲ့ အဖြတ်ခံရဖူးပါတယ်။

ကလေးရဲ့ မိဘတွေကတော့ ကလေးခေါ်သွားတာ သိနေပေမယ့် အလုပ်ရှင်ရဲ့ ဩဇာကြီးမားမှုကို ကြောက်ပြီး သမီးဖြစ်သူကို တွေ့ဖို့ မတောင်းဆိုရဲဘဲ အခုလို ကယ်ဆယ်ရေးဂေဟာရောက်မှ ကလေးကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လာတွေ့ပြီး မိဘဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကလေးရဲ့ဖခင်ဖြစ်သူက နိုင်းအောင်၊ မိခင်က နန်းဒိုင်း လို့ ခေါ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနကို ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးဌာနက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တာဝန်ကျ ရဲအဖွဲ့က ကမ်ဖိုင်ဖစ်မြို့ မဟာချိုင်ရပ်ကွက် အမှတ် ၁၉၃ မှာ နေထိုင်သူ နန်းရတ်နာ့ကန် အသက် ၃၃ နှစ်နဲ့ ခင်ပွန်းဖြစ်သူ နိုင်းယွန်းထိဒိုင်းအွန် အသက် ၃၅ ကို ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းလင်မယား ၂ ဦးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး တရားရုံးကျမှ အမှုရင်ဆိုင်ဖို့ရှိပြီး ခုလောလောဆယ် အာမခံငွေ ဘတ် ၇ သိန်းနဲ့ လွှတ်ပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်းက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က အဆိုပါ လင်မယား ၂ ဦးကို အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ်ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့အချက်တွေနဲ့ ပြစ်မှု ၇ မှု စွဲချက်တင်ထားပါတယ်။ ဒါဟာ သူတို့ရဲစခန်းမှာ အကြီးမားဆုံး ပြစ်မှုတခုဖြစ်တယ်လို့ ထိုင်းသတင်းဌာနကို ပြောကြား သွားပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၆ နှစ်အတွင်း လုပ်ပြနိုင်ကြောင်း SSA ပြော

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၆ နှစ်အတွင်း လုပ်ပြနိုင်ကြောင်း SSA ပြော

by ကျော်ခ

တစ်ချိန်က မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် ပတ်သက်မှုရှိကြောင်း စွပ်စွဲခံခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း က ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မြန်မာအစိုးရနှင့် ပူးတွဲလုပ်ဆောင်ခွင့် ရရှိပါက ၆ နှစ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်ပြနိုင်ကြောင်း ပြောဆိုလိုက်သည်။

news image

SSA တောင်ပိုင်း၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို ၂၀၁၃ မှ ၂၀၁၉ အတွင်း တိုက်ဖျက်ရေး၊ အစားထိုးသီးနှံ စိုက်ပျိုးရေးနှင့် ပြုစုပျိုးထောင်ရေး လုပ်ငန်းတို့ကို မူဝါဒ ချမှတ်ထားပြီး ဖြစ်သော်လည်း ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်ရန် အစိုးရဘက်က အဟန့်အတားများ ရှိနေသည့်အတွက် အခက်တွေ့နေရကြောင်း ဧရာဝတီနှင့် တွေ့ဆုံရာတွင် SSA ခေါင်းဆောင်များက ပြောသည်။

RCSS ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က “ကျနော်တို့ ဆွဲထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းကတော့ ၆ နှစ် သတ်မှတ်ထားပါတယ်။ အကယ်၍ အစိုးရနဲ့ ပူးပေါင်းပြီး လုပ်နိုင်ရင် ၆ နှစ်အတွင်း အကောင်အထည် ဖော်ပြနိုင်ပါတယ်။

အစိုးရက ကျနော်တို့နဲ့ လက်တွဲပြီးတော့ ပူးပေါင်းလုပ်ဆောင်မှု မရှိရင်တော့ ၆ နှစ်လည်း အကောင်အထည် ဖော်နိုင်မှုရှိမှာ မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

RCSS/SSA အနေဖြင့် ပြည်ထောင်စုအတွင်း၌ ဖြစ်ပွားနေသော မူးယစ်ဆေးဝါး ပြဿနာများကို သိရှိကြောင်း၊ ယခုအချိန်အခါတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူများသည် ပြည်သူများသာမက၊ အစိုးရ စစ်တပ်နှင့် ရဲတပ်ရင်းများထဲအထိ ပြန့်နှံ့နေကြောင်း၊ အစိုးရအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒချမှတ် လုပ်ဆောင်နေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အောင်မြင်မှု မရရှိခဲ့ခြင်းမှာ လက်တွဲလုပ်ဆောင်မှု မရှိခြင်းကြောင့်ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

၎င်းက ဆက်လက်၍ “အကယ်၍ ပူးပေါင်းပြီးမှ မလုပ်ဘူး၊ သူတို့ကလည်း တဖက်လုပ်နေမယ်၊ ကျနော်တို့ကလည်း တဖက်လုပ်နေမယ် ဆိုရင်လည်း ဆန့်ကျင်ဘက် သဘောမျိုး ဖြစ်တတ်တယ်။ တိုက်ဆိုင်မှုသဘောမျိုး သွားဖြစ်ပြီးတော့ ပြန်လည်ပြီးတော့ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်။ ကျနော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးထဲမှာ ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေနဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားဖို့ ရှိတယ်။ အင်အားသုံးပြီးတော့ သွားပြီး တိုက်ဖျက်တဲ့ပုံစံ လုပ်မှာ မဟုတ်ဘူး” ဟု ပြောသည်။

အစိုးရက ၎င်းတို့ တိုက်ဖျက်ခဲ့သည့် နေရာများတွင် ဘိန်းစိုက်ပျိုးမှု လျော့ကျသွားကြောင်း ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့အခြေအနေတွင် လျော့ကျသွားခြင်းမရှိဘဲ ဘိန်းစိုက်ပျိုးမှု ပိုမို များပြားလာပြီး သုံးစွဲသူများ ပိုများလာသည်ကို တွေ့ရှိရကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

RCSS မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး စိုင်းဆိုင်ဝမ်းက RCSS/SSA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ ကွင်းဆင်းလုပ်ဆောင်နိုင်ရန် အစိုးရဘက်က လုံခြုံရေး အာမခံချက် ပေးသင့်ကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်မှုသည် ယှဉ်ပြိုင် လုပ်ဆောင်ခြင်းမဟုတ်ဘဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒခြင်း တူညီသည့် အစိုးရကို အထောက်အကူပြု ပံ့ပိုးခြင်းသာဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့က တကယ်လုပ်ဆောင်ဖို့ ပိုင်းဖြတ်ထားပေမယ့် ဘိန်းစိုက်ပျိုးတဲ့ နေရာတွေကို အစားထိုး သီးနှံစိုက်ပျိုးနိုင်ရေး၊ ဘိန်းအန္တရာယ် ပညာပေး လုပ်ဆောင်ရေးတွေအတွက် ကျနော်တို့အတွက် လုံခြုံမှုမရှိရင် ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ အစိုးရက ကျနော်တို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်” ဟု စိုင်းဆိုင်ဝမ်းက ပြောသည်။

RCSS/SSA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ဘိန်းတမျိုးတည်းသာ မကဘဲ ရွေ့ရှားစနစ်ဖြင့် ကားများပေါ်တွင်ပင် စက်ကိရိယာများ တင်ဆောင်ကာ ထုတ်လုပ်နေသည့် ဓာတုဗေဒ ဆေးများဖြင့် ပြုလုပ်သော ရာမ ခေါ် မြင်းဆေးကိုလည်း တပါတည်း တိုက်ဖျက်ရန် ရည်ရွယ်ချက်ရှိကြောင်း သူက ဆက်ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် RCSS/SSA နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှု အခြေအနေများကို သိရှိနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနထံ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။

၂၀၁၁ နှစ်ကုန်ပိုင်းက RCSS/SSA တပ်ဖွဲ့များသည် အစိုးရလက်အောက်ခံ ဝမ့်ပန် ပြည်သူ့စစ်တပ်ဖွဲ့၏ မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စခန်းတခုကို ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးခဲ့ပြီး ထိုစခန်းတွင် မူးယစ်ဆေးဝါး ချက်လုပ်ရေးဆိုင်ရာ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်များနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ပြီး အစိုးရထံ အပ်နှံခဲ့သည်ဟု သိရသည်။

ဝမ့်ပန် ပြည်သူ့စစ်တပ်ဖွဲ့သည် RCSS/SSA မှ ၂၀၀၆ ခုနှစ်တွင် ခွဲထွက်ပြီး အစိုးရလက်အောက်ခံ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ၂၀၁၂ သြဂုတ်လဆန်းပိုင်းက ၎င်းတို့နှင့် စစ်မြေပြင် နယ်နမိတ်ချင်း ထိစပ်နေသည့် ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ကိုလည်း မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး လုပ်ဆောင်ရန် ကမ်းလှမ်းခဲ့သေးသည်။

UWSA သည်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ ကူးသန်းမှုဖြင့် ကျော်ကြားသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး အမေရိကန် အစိုးရက ၂၀၀၅ ခုနှစ်တွင် UWSA အကြီးအကဲ ဝေရှောက်ခမ်နှင့် ခေါင်းဆောင်အချို့ကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ဝေရှောက်ခမ်ကိုမူ ၁၉၉၈ ခုနှစ်ကတည်းက အမေရိကန် ဒေါ်လာ ၂ သန်းဖြင့် ဖမ်းမိန့် ထုတ်ခဲ့ဖူးသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (UNODC) ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံများထဲတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမည်ဟု ကြေညာထားသည်။

ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းမှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မောင်တောမြို့နယ်နဲ့ ထိစပ်နေတဲ့ ဘူးသီးတောင်မြို့နယ်တစ်ခုလုံး မှာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကစပြီး ည ၈ နာရီ ကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

ဘူးသီးတောင်မြို့ခံ တစ်ဦးက RFA ကို အခုလို ပြောပါတယ်။

“၉ နာရီလောက်က ကြေညာတာပါ၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဒီ ၁၄၄ ကို ထုတ်ပြန်ရတာဖြစ်တယ်လို့ သူတို့ကြေညာသွားတာ ကျနော်တို့ ကြားလိုက်ရပါတယ်၊ ကားပေါ်ကနေ သူတို့ရွတ်ဖတ်ပြီး ကြေညာသွားတာပါ”

မောင်တောမြို့နယ်၊ ငခူရကျေးရွာအုပ်စု ယောင်ဘွေကျေးရွာကို လက်နက်ကိုင် အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်တွေမြို့ကနေ ယောင်ဘွေကျေးရွာကို အလည်အပတ်ရောက်ရှိနေတဲ့ ဦးမောင်အေး သေဆုံးခဲ့ပြီး ရွာခံသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီအထဲကတစ်ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် မောင်တောဆေးရုံကနေ စစ်တွေဆေးရုံကြီးကို မနေ့က ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားခဲ့ရာ ငခူရဒေသမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားသလို၊ လက်နက်ကိုင် အကြမ်းဖက်သမားတွေကို လိုက်လံရှာဖွေနေပြီး သံသယရှိသူတစ်ချို့ကို ထိန်းသိမ်းထားကြောင်း မောင်တောအခြေစိုက်၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးမှုကွပ်ကဲရေး ဌာနချုပ်၊ ဒုတိယ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထူးလှိုင်က RFA ကို ဖြေကြားခဲ့ပါတယ်။

မောင်တောက ပုဒ်မ ၁၄၄ သက်တမ်းတိုး

မောင်တောက ပုဒ်မ ၁၄၄ သက်တမ်းတိုး

ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ အခြေ အနေတွေ တည်ငြိမ်မှု မရှိ သေးတဲ့ အတွက် ပုဒ်မ ၁၄၄ ည မထွက်ရ အမိန့်ကို သက်တမ်း ၂ လ ထပ် တိုးလိုက် ပါတယ်။

news image

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းကလည်း မောင်တော မြို့နယ် ငါးခူရ ကျေးရွာမှာ ဓါးပြ တိုက်မှု ဖြစ်ခဲ့တဲ့ အတွက် လူတဦး သေဆုံးပြီး၊ အမျိုး သမီးကြီး တဦး အိမ်မှာ လည်း ကလေး ၄ ယောက် အသတ် ခံရတာ ရှိခဲ့ပါတယ်။

ဒီလို အခြေ အနေတွေနဲ့ မတည် မငြိမ် ဖြစ်နေတာ ကြောင့် မောင်တော မြို့နယ်မှာ ည ၁ဝ နာရီ ကနေ မနက် ၅ နာရီ အထိ ည မထွက်ရ အမိန့် ကို ၂ လ သက်တမ်း တိုး လိုက်တာ ဖြစ်တယ်လို့ အာဏာပိုင် တွေက ပြောတဲ့ အကြောင်း မောင်တော ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မောင်တော မြို့နယ် မြောက်ဘက် အစွန် အဖျား ရွာတွေမှာ မကြာ ခဏ ဆိုသလို ဓါးပြ တိုက်တာမျိုး၊ ပစ်သတ်တာ မျိုးတွေ ဖြစ်ပွား နေပါတယ်။

ဘယ်သူ တွေက အခုလို ကျူးလွန် နေကြတယ် ဆိုတာ ကိုတော့ အာဏာပိုင်တွေ ဖေါ်ထုတ် နိုင်တာ အလွန် နည်းတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ကင်တားနားကို ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်များ တင်ပြ

ကင်တားနားကို ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်များ တင်ပြ

by ​အေး​နိုင်

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တားနားဟာ အချက်အလက်ရှာဖွေရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေရာမှာ ဒီနေ့ ရခိုင်ပြည်နယ်ထဲ စစ်တွေနဲ့ မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပါတယ်။

news image

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ရှောင်တိမ်း ခိုလှုံနေကြသူတွေထဲက မွတ်စလင် ၄ ထောင်လောက် ခိုလှုံနေတဲ့ မြေပုံဒုက္ခသည်စခန်းကို ဒီနေ့သွားရောက် မေးမြန်းပါတယ်။

မွတ်စလင်ဒုက္ခသည်တွေက ပဋိပက္ခအတွင်း အကြမ်းဖက်သမားတွေရဲ့ ရန်ကို ခါးစီးခံခဲ့ရပုံ ရှင်းပြခဲ့သလို ဒီစခန်းမှာ မနေရဲတော့လောက်အောင် ကြောက်ရွံ့နေတယ်ဆိုတာတွေကို တင်ပြခဲ့ကြပြီး ဒီနေရာကနေ ပြောင်းရွှေ့ပေးဖို့ တင်ပြခဲ့ကြတယ်လို့ ဒီတွေ့ဆုံပွဲ တက်ရောက်ခဲ့သူတဦးက ပြောပါတယ်။

“ဒီနေရာမှာ မနေရဲတော့ပါ။ ပြဿနာထပ်ဖြစ်လာရင် ပြေးစရာနေရာလည်း မရှိတော့ပါ။ ကျနော်တို့ရဲ့ အသက်လုံခြုံရေးအတွက် ကျနော်တို့ကို စစ်တွေ သို့မဟုတ် မြန်မာပြည် ပြည်မတနေရာကိုပို့ပေးဖို့ လက်မှတ်ထိုးထားတာ ရှိပါတယ်။ အိုးအိမ်တိုက်တာ အဆောက်အအုံတွေလည်း ဆုံးရှုံးပြီးပြီ။ နှစ်ခါရှုံးဖြစ်တာချင်းအတူတူ အသက်လုံခြုံမှုပိုရှိတဲ့နေရာကို လိုချင်တယ်ဆိုတာကို ရွာသားတွေအကုန်လုံးက တင်ပြပါတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာက အာဏာပိုင်တွေက ဒီရွာမှာ ဆက်လက်နေထိုင်လိုစိတ်ရှိ၊ မရှိ မေးမြန်းခဲ့တုန်းကလည်း စခန်းလုံးကျွတ်က ဒီရွာမှာ မနေရဲတော့ပါဘူးဆိုတာကို လက်မှတ်ထိုး တင်ပြခဲ့ကြတာကိုလည်း တင်ပြလိုက်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူတို့ဟာ ရိုဟင်ဂျာလူမျိုး ဖြစ်တယ်ဆိုတာကို ပြောလိုက်ကြတယ်လို့ ဆိုပါတယ်။

လက်ရှိကာလမှာ သူတို့အတွက် အခြေခံစားဝတ်နေရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေး လိုအပ်ချက်တွေကို တင်ပြလိုက်ကြတယ်လို့ ပြောပါတယ်။

“အခုထိ ကျနော်တို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ပေးတဲ့ ဆန်၊ ဆီ၊ ဆား အဲဒါလောက်နဲ့ စခန်းသွားနေရတယ်။ ကျန်းမာရေးမှာလည်း အရမ်းကို အခက်အခဲ ရှိပါတယ်။ အခုထက်ထိ လုံခြုံတဲ့အနေအထားမှာ မရှိသေးဘူး။ ထောင်ကျနေသလိုပဲ ဒီမှာ ကျနော်တို့ ချောင်ပိတ်မိနေပါတယ်။”

မစ္စတာကင်တားနားအဖွဲ့နဲ့အတူ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့ ဥပဒေချုပ် ဦးလှသိန်းလည်း လိုက်ပါလာပေမယ့် မစ္စတာကင်တားနားတို့ လွတ်လပ်စွာ မေးမြန်းဖြေဆိုခွင့်ရအောင် ဒုက္ခသည်တွေနဲ့ မေးမြန်းပွဲကို မတက်ဘူးလို့ ဆိုပါတယ်။

မစ္စတာကင်တားနားနဲ့ အဖွဲ့ဟာ မြေပုံဒုက္ခသည်စခန်းကနေ အပြန်မှာ စစ်တွေက ဒုက္ခသည်စခန်းတခုကို သွားရောက်ကြပါတယ်။

သူတို့အဖွဲ့ စစ်တွေမရောက်ခင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ လာရောက်လေ့ရှိတဲ့အခါ ကူညီရှင်းလင်းပြတဲ့ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က အစ္စလာမ်ဘာသာဝင် ဦးမောင်ဝင်းဆိုသူကို စစ်တွေရဲစခန်းက ဒီနေ့ ခေါ်ယူထိန်းသိမ်းခဲ့ပါတယ်။ ဒီကိစ္စကို ရဲစခန်းကို မသူတော်တွေရဲ့ ဘေးအန္တရာယ်က ကင်းလွတ်အောင် ခဏထိန်းသိမ်းခဲ့တာသာဖြစ်ပြီး ပြန်လည် လွှတ်ပေးလိုက်ပါပြီလို့ ညနေစောင်းမှာ စစ်တွေရဲစခန်းက ဖြေပါတယ်။

မစ္စတာကင်တားနားဟာ ဒီနေ့ စစ်တွေထောင်မှာ ရခိုင်ပြည်နယ်အရေးအခင်းကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ ယူအန်မှ ဒေါက်တာထွန်းအောင်ကို သွားရောက်တွေ့ခဲ့ပြီးတော့ ညနေပိုင်းမှာ ရန်ကုန်ကို ပြန်လည်ထွက်ခွာပါတယ်။

မစ္စတာကင်တားနားဟာ မနက်ဖြန်မှာ အင်းစိန်ထောင်ကို သွားရောက်လေ့လာဖို့ရှိပြီး ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ ကုလသမဂ္ဂအမှုထမ်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

နောက်တနေ့မှာတော့ နေပြည်တော်မှာ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ လွှတ်တော်အကြီးအကဲတွေအပြင် ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကိုလည်း သွားရောက်လေ့လာပြီးရင် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ု

မြန်မာခရီးစဉ်အပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ၂၀၁၃ မတ်လမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အစီရင်ခံ တင်ပြရမှာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် ဒေသခံတွေနဲ့ ဆွေးနွေး

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် ဒေသခံတွေနဲ့ ဆွေးနွေး

မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam တို့ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ရခိုင်တိုင်းရင်းသားနဲ့ မူဆလင်ရိုဟင်ဂျာ နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေနဲ့ စစ်တွေဟိုတယ်မှာ ၁ နာရီကြာ သီးသန့်ဆွေးနွေးခဲ့ပါတယ်။

news image

အဲဒီ ဆွေးနွေးပွဲကို ရိုဟင်ဂျာမူဆလင် ကိုယ်စားလှယ်အဖြစ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှာနေထိုင်တဲ့ ဗလီဆရာ ဦးဇေဂျာဘိုမောက် အပါအဝင် အောင်မင်္ဂလာ၊ သက်ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း စတဲ့ကျေးရွာတွေက ရပ်မိရပ်ဖကိုယ်စားလှယ် ၁၀ ဦး၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ဦးသန်းထွန်း၊ ဦးသာပွင့် တို့ပါဝင်တဲ့ စစ်တွေမြို့က ရပ်မိရပ်ဖကိုယ်စားလှယ် ၁၀ ဦးစီတက်ရောက်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့က မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က RFA ကို အခုလို ပြောပါတယ်။

ဘယ်လိုသင့်မြတ်ပြီး နေထိုင်ကြမလဲဆိုတာ စဉ်းစားကြပါ၊ ပြီးတော့ ဒီမှာဖြစ်တဲ့ပြဿနာကို ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတို့ကလည်း ခင်ဗျားတို့လူမျိုးတွေကို သင့်မြတ်အောင် လုပ်မပေးနိုင်ဘူးပေါ့။ ခင်ဗျားတို့အချင်းချင်းပဲ သင့်မြတ်အောင်နေနိုင်မယ့် နည်းလမ်းကိုရှာကြပါ။ အဓိကအချက်ကဒါပါပဲ

အဲဒီလိုသီးသန့်တွေ့ဆုံဆွေးနွေးရာမှာ မစ္စတာကင်တားနားက လူ့အဖွဲ့အစည်း ၂ ခုကြား ရှေ့ဆက်ဘယ်လိုခရီးဆက်မလဲဆိုတာနဲ့ ပတ်သက်ပြီး နှစ်ဘက်အမြင်တွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မစ္စတာကင်တားနားနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး စစ်တွေအကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ရခိုင်ပြည်နယ် ကုလသမဂ္ဂဝန်ထမ်းဟောင်း ဒေါက်တာထွန်းအောင် အပါအဝင် အခြားအကျဉ်းသား ၂ ဦးကို ဒီကနေ့ မနက်ပိုင်းက စစ်တွေအကျဉ်းထောင်ထဲမှာ ၃ နာရီကြာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

နယ်သာလန်နွား မြန်မာနိုင်ငံတွင် မွေးမြူရန် စမ်းသပ်မည်

နယ်သာလန်နွား မြန်မာနိုင်ငံတွင် မွေးမြူရန် စမ်းသပ်မည်

by ရွှေအောင်

နယ်သာလန်နို့စားနွားမျိုးနဲ့ နွားအကောင်လိုက်မွေးမြူရေးလုပ်ငန်းကို မြန်မာပြည်မှာ စမ်းသပ် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ မွေးမြူရေးနဲ့ ဆေးကုသရေးဦးစီးဌာနက ပြောပါတယ်။

နယ်သာလန်နိုင်ငံက Royal Friesland ကုမ္ပဏီနဲ့ မြန်မာနိုင်ငံ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးနေကြတာဖြစ်ပြီး လုပ်ဆောင်ဖို့ရှိတဲ့ နို့စားနွား မွေးမြူရေး လုပ်ငန်းအစီအစဉ်တွေနဲ့ ပတ်သက်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ခုလို ပြောပါတယ်။

“နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တစ်အချက် မျိုးရိုးကောင်းဖို့လိုတယ်။ မျိုးရိုးကောင်းဖို့ဆိုတာ လက်ရှိ ရှိပြီးသား မျိုးရိုးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ ဒီလိုလုပ်ရာမှာ ဟော်လန်ကနေ မျိုးရေချောင်းတွေ ယူလာမယ်။ သားစပ်မယ်။ သားစပ်ခြင်းအားဖြင့် ကျနော်တို့ဆီက နွားမျိုးတွေမြှင့်တင်မယ်။ နောက်တခါ သူတို့ဆီက နွားအကောင်လိုက်လည်း တိုက်ရိုက် ယူလာမယ်။ ယူလာတဲ့အကောင်တွေကျတော့ ဒီက ရာသီဥတုနဲ့ ခံနိုင်ရည်ရှိအောင်တော့ လုပ်ရမယ်။ အဲလိုနဲ့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။”

သူပြောတဲ့ထဲပါတဲ့ မျိုးရေချောင်းဆိုတာဟာ နယ်သာလန်နွားသိုးတွေထဲက မျိုးကောင်းတဲ့ နွားသိုးတွေရဲ့ သုတ်ရေတွေကို အေးခဲထားတဲ့ အချောင်းကို ပြောတာပါ။

ဒါ့အပြင် နို့နဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်မှုပိုင်းတွေကိုလည်း နယ်သာလန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ဆောင်ရာမှာ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ မန္တလေးနဲ့ မိတ္ထီလာစတဲ့ မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ စီမံချက်ချ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

နယ်သာလန်ကုမ္ပဏီနဲ့ မွေးမြူရေးနဲ့ ကုသရေးဌာနတို့ အသေးစိတ်အချက်တွေ ဆက်လက် ဆွေးနွေးနေပြီး ဒီနှစ်ထဲ အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကျန် ဂျပန်စစ်သားအရိုးစုများ ယူအန်အက်ဖ်စီနှင့် ပူးပေါင်းဖော်ထုတ်မည်

ဒုတိယကမ္ဘာစစ်ကျန် ဂျပန်စစ်သားအရိုးစုများ ယူအန်အက်ဖ်စီနှင့် ပူးပေါင်းဖော်ထုတ်မည်

by နန်းမြနဒီ

ဒုတိယကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံမှာ ကျန်ရှိခဲ့တဲ့ ဂျပန်စစ်သားအရိုးစုတွေ ပြန်လည် ဖော်ထုတ်မှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပါဝင်ကူညီမှာ ဖြစ်ပါတယ်။

news image

ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းက ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပြီး ဒီလုပ်ငန်းမှာ ပါဝင်ကူညီဖို့ သဘောတူခဲ့တာလို့ ယူအန်အက်ဖ်စီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“အရိုးကောက်ဖို့လုပ်ငန်းက ယူအန်အက်ဖ်စီနဲ့ ဂျပန်ဘုန်းကြီးအဖွဲ့ ပူးတွဲလုပ်မှာပေါ့။ ယူအန်အက်ဖ်စီက ကိုယ်စားလှယ်တဦး လွှတ်ပေးပါ၊ ဇန်န၀ါရီ ၃၁ ရက်နေ့က တိုကျိုမှာ ဒီကိစ္စ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေရဲ့ အရိုးကို နှစ်ပေါင်း ၇၀ ကျမှ အမိနိုင်ငံကို ပြန်ရောက်ရေးပေါ့။ သူတို့ campaign နာမည်က အဲလိုခေါ်တယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုတွေလုပ်နေတော့ ကျနော်တို့အဖွဲ့နဲ့ ပူးတွဲလုပ်မယ်ဆိုတာ မှန်တဲ့အကြောင်း သွားပြီးတော့ သက်သေခံတာပါ။”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ဂျပန်စစ်တပ်တွေ မြန်မာပြည်မှာ ရောက်ရှိခဲ့ပြီး သူတို့နိုင်ငံနဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ ဂျပန်စစ်သားတွေ ၁ သိန်းကျော်ရှိတယ်။

အဲဒီထဲက ၅ သောင်းကျော် တူးဖော်ခဲ့ပြီး နောက်ထပ်တူးဖော်ဖို့ ကျန်ရှိနေသေးတဲ့ ၄ သောင်းကျော်ကို တိုင်းရင်းသားဒေသ ၁၁ ခုမှာ တူးဖော်သွားမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ကျန်ရှိတဲ့ ဂျပန်အရိုးစုတွေဟာ ယူအန်အက်ဖ်စီအဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာရှိပြီး အရင်က နယ်မြေမတည်ငြိမ်တဲ့အတွက် တူးဖော်လို့မရခဲ့ကြောင်း၊ အခုလို လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ အပစ်အခတ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေး လာတဲ့ အခါမှ ပြန်တူးဖော်ရတာလို့ ဆိုပါတယ်။

ဒီလုပ်ငန်းစဉ်အတွက် အခု ဖေဖော်ဝါရီကနေ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မိမိသက်ဆိုင်ရာ နယ်မြေမှာ ဒေသခံရွာသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကြားဖူးနားဝရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေဆီကနေ ခြေရာကောက်ပြီး အချက်အလက်တွေ စုဆောင်းပြင်ဆင်မယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်ထဲမှာတော့ မြန်မာအစိုးရနဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းပြီး အရိုး တူးဖော်ရေး လုပ်ငန်းကို တရားဝင် ဆောင်ရွက်မယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒီလုပ်ငန်းဆောင်ရွက်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပြည်သူတွေနဲ့ ပိုမိုနီးစပ်ပြီး၊ မိမိတိုင်းပြည်အတွက် အသက်ပေးသူကို မမေ့မလျော့ဘဲ လိုက်လံရှာဖွေဂုဏ်ပြုတဲ့ ဒီလုပ်ရပ်ကို လေးစားသောအားဖြင့်လည်း ကူညီဆောင်ရွက်ရတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အမေရိကန်စစ်ရေးလေ့ကျင့်မှု မြန်မာ ပထမဆုံး ပါဝင်ခွင့်ရ

အမေရိကန်စစ်ရေးလေ့ကျင့်မှု မြန်မာ ပထမဆုံး ပါဝင်ခွင့်ရ

by ကျော်သိင်္ခ

အမေရိကန်စစ်တပ် ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံတွင်းမှာ နှစ်စဉ် ပြုလုပ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ ကစပြီး ပြုလုပ်ခဲ့တာမှာ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပထမဆုံးအနေနဲ့ ပါဝင်လာပါတယ်။ Cobra Gold စစ်ရေးလေ့ကျင့် မှုဟာ အာရှဒေသတွင်းမှာ နိုင်ငံပေါင်းစုံပါဝင်တဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။

news image

ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံ ပါဝင်လာတာဟာ စွမ်းရည်ပိုင်း ဆိုင်ရာ နိမ့်ကျနေတဲ့ မြန်မာစစ်တပ်ကို ပိုပြီးတော့ စနစ်ကျလာစေ လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားတာပါ။ ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် Daniel Schearf ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။

အမေရိကန် ဦးဆောင်တဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ အာရှဒေသတွင်းက နိုင်ငံပေါင်း ၇ နိုင်ငံစလုံးဟာ စစ်ရေးဆိုင်ရာ နည်းပညာတွေနဲ့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးတွေမှာ ပိုပြီး အားကောင်းလာစေပါတယ်။ ဒီ Cobra Gold စစ်ရေး လေ့ကျင့်မှုမှာတော့ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူနဲ့ ကိုရီးယားနိုင်ငံတို့က စစ်တပ်တွေ အပြည့်အ၀ ပါဝင်ပြီး လေ့ကျင့်ကြပါတယ်။

တခြားနိုင်ငံတွေကတော့ ကိုယ်စားလှယ်တွေလောက်ပဲ စေလွှတ်ပြီး ကြည့်ရှုလေ့လာတဲ့ သဘောအနေနဲ့သာ ပါဝင်ကြတာပါ။ အဲ့ဒီအထဲမှာ ဒီနှစ်မှာ ပထမဆုံးအနေနဲ့ ပါဝင်လာတဲ့ မြန်မာဘက်က စစ်တပ်အရာရှိ နှစ်ဦးလည်း ပါဝင်ပါတယ်။ အခုနှစ်အတွင်း စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်ခွင့်ရဖို့ ထိုင်းနိုင်ငံဘက် လက်ခံပြီး ဖိတ်ကြားခဲ့တာ လည်း ဖြစ်ပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုအပိုင်းကို ရေပြင်နဲ့ မြေပြင် နှစ်ခုစလုံးမှာ လေ့ကျင့်တာဖြစ်ပြီး၊ ဒီလေ့ကျင့်မှုမှာ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ သင်္ဘောတွေအပြင် ကယ်ဆယ်ရေး၊ တောတွင်းတိုက်ခိုက်ရေးနဲ့ လက်နက်မျိုးစုံ တပ်ဆင်ရေး လေ့ကျင့်တာတွေလည်း ပါဝင်ပါတယ်။

၁၀ ရက်တာ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံကို အကန့်အသတ်နဲ့သာ ပါဝင်ခွင့်ပြုထားတာဖြစ်ပြီး၊ အခုလို မြန်မာနိုင်ငံအနေနဲ့ သိသိသာသာ ပါဝင်လာတာကိုတော့ အမေရိကန်ပြည်ထောင်စုအနေ နဲ့ ထောက်ခံကြောင်း အမေရိကန်သံရုံး ပြောခွင့်ရ ခရစ်စတင်း နီဒလာ (Kristin Kneedler) က ပြောပါတယ်။

“ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံအနေနဲ့ တပ်အင်အား စီမံခန့်ခွဲတာ နဲ့ ဆေးဝါးပြုစု ကုသရေးအပိုင်းတွေကို လေ့လာမှာပါ။ သိကြတဲ့အတိုင်းပါပဲ၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဒီထက်ပိုပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာအစိုးရကို တွန်းအားပေးနေတာပါ။ ဒီအထဲမှာ တစိတ်တပိုင်းအနေနဲ့ မြန်မာစစ်တပ် လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ စစ်တပ်ပါဝင်လာဖို့ ကျမတို့က တွန်းအားပေးနေတာ ဖြစ်ပါတယ်ရှင်။”

စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းပြီး စီးပွားရေး ချွတ်ခြုံကျခဲ့ရသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆိုးဆိုးရွားရွားကို ဖြစ်နေ ခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၀ မှာတော့ စစ်အစိုးရဟာ သူတို့ ရေးဆွဲခဲ့တဲ့ လမ်းပြမြေပုံထဲကအတိုင်း အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်ခွင့်မရဘဲ စစ်အစိုးရ ကျောထောက်နောက်ခံပေး ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ နိုင်ငံတော်အာဏာကို ရခဲ့တာပါ။ ဒါပေမဲ့လည်း သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့နောက် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေသူတွေအပေါ် အံ့အားသင့်သွားစေခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံ တော်တော်များများကလည်း မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု အတော်များများကို ဖြေလျှော့ပေးခဲ့ပြီး၊ မြန်မာ အစိုးရနဲ့ ခေါင်းဆောင်ပိုင်း ဆွေးနွေးမှုတွေလည်း လုပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကတော့ မြန်မာပြည်ကို အလည်လာတဲ့ ပထမဆုံး အမေရိကန်သမ္မတ အဖြစ် သမ္မတ အိုဘားမား မြန်မာပြည်ကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အခုလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနေပေမဲ့လည်း မြန်မာနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုအပိုင်း မှာတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သတိထားနေရတုန်းပဲလို့ မစ္စစ် နီဒလာ က ပြောပါတယ်။

ဒါပေမဲ့ အခုလို အမေရိကန်ပြည်ထောင်စု ဦးဆောင်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဒီအထဲမှာ ပါဝင်တဲ့ နိုင်ငံတွေအပေါ်ကိုတော့ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေတယ် လို့လည်း သူက ပြောခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံတဲ့နေရာမှာ သတိထားပြီး အထောက် အပံ့ ပေးတာမျိုးရှိသလို၊ စစ်တပ်ရဲ့ စံချိန်စံညွှန်းကိုလည်း ချိန်ထိုးကြည့်ပါတယ်။ Cobra Gold လို စစ်ရေးလေ့ကျင့်မှုမျိုးက လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြည်တွင်းမှာ တည်ငြိမ်ဖို့၊ တာဝန်ယူတတ်ဖို့နဲ့ လူ့အခွင့်အရေးကို ကာကွယ်တတ်လာဖို့အတွက် တကယ့်ကို အားပေးပါတယ်ရှင်”

ထိုင်းနိုင်ငံမှာ ခုတကြိမ် ကျင်းပတဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ၃၂ ကြိမ်မြောက် ကျင်းပတာလည်းဖြစ်ပါတယ်။ ဒီနေ့ စစ်ရေးလေ့ကျင့်မှုမှာတော့ ပါဝင်တဲ့နိုင်ငံအားလုံးဟာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေမှာ လူသားချင်း စာနာမှု အကူအညီတွေ ပေးတဲ့ အပိုင်းကို အဓိကထားပြီး လေ့ကျင့်ကြမှာဖြစ်တယ်လို့ နီဒလာ က ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ - လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်တပ်အင်အား အလွန်အကျွံ သုံးစွဲမှုတွေအပေါ် မြန်မာစစ်တပ်ကို ဝေဖန်နေကြတာပါ။ ဒီဇင်ဘာလထဲက မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက် က လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။

အခုလို တိုက်ပွဲတွေ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် ဒုက္ခသည်ပေါင်း ၈ သောင်းကျော် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရပါတယ်။ ဒီကြားထဲမှာပဲ နိုင်ငံတကာက နှစ်ဘက် အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုတွေနဲ့ တရုတ်အစိုးရရဲ့ ကြားဝင်ပေးမှုကြောင့် မြန်မာအစိုးရနဲ့ KIO အကြား ဒီလထဲမှာပဲ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲတွေ ရှိလာပြီဆိုပေမဲ့ စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းမှာ စစ်တပ်က ပါဝင်ခွင့် ရနေတုန်းပဲ ဖြစ် ပါတယ်။

တမူး တံတားဖောက်ခွဲမှု ကသည်းအဖွဲ့ UNLF တုံ့ပြန်

တမူး တံတားဖောက်ခွဲမှု ကသည်းအဖွဲ့ UNLF တုံ့ပြန်

by နေမျိုး

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင် နန့်သလက်ချောင်း တံတားအား ဖေဖော်ဝါရီလ ၇ ရက် နေ့ နံနက် ၁ နာရီခန့်က မိုင်းခွဲ ဖျက်ဆီးမှုသည် မြန်မာအစိုးရသတင်းစာမှ စွပ်စွဲထားသလို ကသည်း(မဏိပူရ) သူပုန်အဖွဲ့မှ မဟုတ်ကြောင်းနှင့် အိန္ဒိယအစိုးရ အာသံတပ်များက ပုံမှားရိုက် တန့်ပြန် စစ်ဆင်ရေးသာ ဖြစ်ကြောင်း အဆိုပါ မဏိပူရသူပုန်အဖွဲ့ UNLF က သတင်းထုတ်ပြန် တုန့်ပြန် လိုက်သည်။

“နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတရပ်ဖြစ်သလို ဖြစ်ပွားရခြင်း အကြောင်းအရင်းက ရှင်းလင်းပါတယ်။ UNLF ကို အပြစ်တင်ဖို့ အိန္ဒိယ ဗဟိုအစိုးရ လုံခြုံရေးတပ်များက ပိုစတာများပေါ်တွင် ‘UNLF အဓွန့် ရှည်ပါစေ၊ ကဘော်ချိုမ့်ဝှမ်းဒေသသည် မဏိပူရီများနှင့်သာ ဆိုင်သည်’ စသည့် ရိုင်းစိုင်းသော အဓိပ္ပါယ်ပါ စာသားများရေးသားကာ ကြိုးစားခဲ့တယ်” ဟု ထိုအဖွဲ့၏ ထုတ်ပြန်ချက်အား ကိုးကား၍ ပြည်နယ်တွင်းထုတ် Imphal Free Press သတင်းစာတွင် ရေးသားထားသည်။

“အိန္ဒိယစစ်တပ်ရဲ့ ပုံမှားရိုက် အဖျက်လုပ်ငန်း တန်ပြန်စစ်ဆင်ရေးဟာ မြန်မာပြည်သူများနှင့် မဏိပူရ ပြည်သူများ အကြား သပ်လျှိုဖြိုခွဲဖို့ လုပ်တာပါ” ဟု ထုတ်ပြန်ချက်က ဖြည့်စွက် ဖော်ပြထားကြောင်း သတင်းစာက ရေးသားထားသည်။

၎င်းတို့၏ စွပ်စွဲချက်တွင် ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက် ညက၊ မိုးရေးမြို့တွင် တပ်ချထားသည့် အိန္ဒိယ အာသံတပ် အမှတ် ၄၄ နှင့် အမှတ် ၂၄ တပ်များ ပူးပေါင်းကာ နယ်စပ်ဖြတ်ကျော်၍ မြန်မာပိုင်နက် နယ်မြေအတွင်းသို့ ၀င်ရောက်ခဲ့ပြီး တမူးမြို့၏ မြောက်ဘက် မိုင် ၂၀ အကွာရှိ တမူး-မင်းသာ လမ်းမကြီးပေါ်ရှိ တံတားအား ဖောက်ခွဲ ရေး အစီအမံရေးဆွဲကာ ဖျက်ဆီးခဲ့ကြောင်း ဆိုထားသည်။

မြန်မာ့ နိုင်ငံပိုင် သတင်းစာများအဆိုအရ ဖောက်ခွဲ ဖျက်ဆီးခံရသည့် တံတားမှာ ၂၄ဝ ပေအရှည် အကျယ် ၁၂ ပေ ရှိ သံဘောင်ဘေလီ၊ နှစ်လွှာ တထပ် အမျိုးအစား တံတား တစင်းဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် သောင်းကျန်းသူအဖွဲ့ တချို့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကျပ် သိန်း ၃၀၀ ဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ ဖောက်ခွဲဖျက်ဆီးသွားသည့် သောင်းကျန်းသူအဖွဲ့မှာ မဏိပူရပြည်နယ် မှ ကသည်းလက်နက်ကိုင် အဖွဲ့ ဖြစ်ကြောင်း ‘တမူးမြို့ စန္ဒာကူး ၃ ရပ်ကွက်တွင် ဖမ်းဆီးမိသည့် လက်နက်မျိုးစုံ ၉၆ လက်နှင့် ခဲယမ်းများမှာ ကသည်းသောင်းကျန်းသူ United National Lebration Front UNLF “ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေး တပ်ဦးအဖွဲ့” ပိုင် ဖြစ်၍ ယင်းအဖွဲ့က မကျေနပ်သဖြင့် တံတားကို ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်း သိရှိရသည်’ ဟု တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့သည်။

UNLF မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ဦးတွန်ဘ နှင့် ဗိုလ်အဆင့်ရှိသူ ကိုမြင့်အောင် တို့မှ အဆိုပါ လက်နက်သေတ္တာ များအား အပ်နှံထားခဲ့ခြင်းဖြစ်သည်ကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စာမျက်နှာတွင်ဖော်ပြ ခဲ့သည်။

PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF, UNLF, MNRF, KLO of Assam စသည်တို့ အပါအဝင် မြန်မာ ပိုင်နက်ထဲတွင် အိန္ဒိယလက်နက်ကိုင်သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံလျက်ရှိကြောင်း အိန္ဒိယသတင်းစာများ တွင် ရေးသားလေ့ရှိကြပြီး အိန္ဒိယဘက်မှ ၎င်းသူပုန်များအား ပြန်လည်လွှဲပြောင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုလေ့ရှိသည်။

အိန္ဒိယ အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ အဆိုအရ “UPPK နှင့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာမှ ဆွေးနွေးခဲ့မှုများလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကေဒါ ၄၅ ဦး လက်နက်အမျိုးမျိုးနှင့်အတူ တိုင်းပြည်တွင်းပြန်လည်ဝင်ရောက်လာ ခြင်းဖြင့် အဆုံးသတ်လိုက်ပြီဖြစ်သည်” ဟု ဆိုသည်။

တလအတွင်း ပဲမျိုးစုံ ဒေါ်လာ ၆၃ သန်းဖိုး ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့

တလအတွင်း ပဲမျိုးစုံ ဒေါ်လာ ၆၃ သန်းဖိုး ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့

by ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံက စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံကို ပင်လယ် ရေကြောင်းမှ တင်ပို့လျက်ရှိရာ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း အမေရိကန်ဒေါ်လာ ၆၃ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဇန်နဝါရီလထဲမှာ ပြည်ပကို အများဆုံးတင်ပို့ခဲ့တဲ့ ပဲတွေက မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနဲ့ ကုလားပဲတို့ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ပဲ-နှမ်း ကုန်သည်အသင်းမှ ဥက္ကဋ္ဌ ဦးထွန်းလွင် က မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ထို့အပြင် မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲလွန်းဖြူ စသည့် ပဲများကိုလည်း တင်ပို့လျက်ရှိသည်။

“မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲတွေကို အိန္ဒိယက ၈၀ ရာခိုင်နှုန်းဝယ်ယူပြီး စင်္ကာပူက တဆင့်ခံ တင်ပို့မှုနဲ့ သွားနေ သလို တရုတ်နဲ့ အာဆီယံနိုင်ငံအချို့တို့က အဓိက ဝယ်ယူလျက် ရှိနေပါတယ်” ဟု ဦးထွန်းလွင် က ဆက်လက်ပြော ကြားသည်။

တရုတ်နိုင်ငံအနေဖြင့် ပဲတီစိမ်းကို အဓိက ဝယ်ယူသည်ဟုလည်း ဆိုသည်။

ဇန်နဝါရီ လဆန်းက ပဲတီစိမ်း ၁ တန်လျှင် ၆၈၅,၈၇၇ ကျပ် ရှိခဲ့ပြီး ဖေဖေါ်ဝါရီ လဆန်းတွင် ပဲတီစိမ်း ၁ တန်လျှင် ၇၄၀,၃၈၀ ကျပ်အထိ ဖြစ်လာခဲ့သည်။ ပဲစိမ်းငုံသည်လည်း ဇန်နဝါရီ လဆန်းရက်က ၁ တန်လျှင် ၅၂၅,၄၃၁ ကျပ်ရှိ ခဲ့ရာမှ ဖေဖေါ်ဝါရီ လဆန်းတွင် ၅၃၀,၉၄၂ ကျပ်အထိ ဖြစ်လာခဲ့သည်။

“ရန်ကုန် FOB ဈေးနှုန်းအနေနဲ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ပဲတီစိမ်း ၁ တန်လျှင် ၉၃၀ ဒေါ်လာ၊ မတ်ပဲ ၁ တန်လျှင် ၅၃၅ ဒေါ်လာ၊ ပဲစင်းငုံ ၁ တန်လျှင် ၆၆၅ ဒေါ်လာနှင့် ကုလားပဲဖြူလုံးမှာ ၆၈၀ ဒေါ်လာတို့ ရှိနေပါတယ်” ဟု ပြည်ပသို့ ပဲတင်ပို့နေသူ ဦးကြည်စိုး က ပြောသည်။

ယခုအခါ မြန်မာပဲမျိုးစုံကို အာရှဈေးကွက်အပြင် အာဖရိကနှင့် ဥရောပ နိုင်ငံများသို့ပါ တင်ပို့ ရောင်းချနေ၍ ပဲတောင်သူများထံမှ ဝယ်ယူတင်ပို့ရောင်းချမှုများ တိုးတက်လာနိုင်ကြောင်း ပဲကုန်သည် အများစုက သုံးသပ် ပြောကြားကြသည်။

အာရုံကြောဖွံ့ဖြိုးမှု ချွတ်ယွင်းခြင်း ရောဂါဆိုင်ရာ ကွန်ဖရင့်သို့ မြန်မာ တက်ရောက်ခဲ့

အာရုံကြောဖွံ့ဖြိုးမှု ချွတ်ယွင်းခြင်း ရောဂါဆိုင်ရာ ကွန်ဖရင့်သို့ မြန်မာ တက်ရောက်ခဲ့

မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ နှင့် အရှေ့တီမော နိုင်ငံများ အပါအဝင် အာရှနိုင်ငံ များမှ အစိုးရ ကိုယ်စားလှယ်များက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နယူးဒေလီမြို့တွင် ပြုလုပ်သော အာရုံကြာ ဖွံ့ဖြိုးမှု ချွတ်ယွင်းခြင်း ရောဂါဆိုင်ရာ တောင်အာရှ ကွန်ယက် (SAAN) ၏ ကွန်ယက်တည်ထောင်ခြင်း အစည်းအဝေးကို တက်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း Frontier India သတင်းတရပ်က ဆိုသည်။

တောင်အာရှဒေသ တခွင်လုံး ပါဝင်သည့် အာရုံကြောဖွံ့ဖြိုးမှု ချွတ်ယွင်းခြင်းရောဂါ [Autism] ဆိုင်ရာ ကွန်ယက်တခု ကို ပထမဆုံးအကြိမ် ဖွဲ့စည်းနိုင်ခြင်း ဖြစ်ကာ အာရုံကြောဖွံ့ဖြိုးမှု ကစဥ့်ကလျားဖြစ်ခြင်းရောဂါနှင့် ပတ်သတ်သည့် ပြဿနာများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အိန္ဒိယ နိုင်ငံတွင် ခန့်မှန်းခြေ လူဦးရေ ၈ သန်းခန့်မှာ Autism ရောဂါကို ခံစားနေရပြီး ကမ္ဘာတဝှမ်းလုံးတွင်မူ ထိုရောဂါ ခံစားနေရသူ သန်းပေါင်းများစွာ ရှိနေသည်။ အိန္ဒိယ အာဏာပိုင်များ အနေဖြင့် အိန္ဒိယ နိုင်ငံ၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန် ဆေးပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများထဲတွင် Autism ရောဂါအကြောင်းကို ထည့်သွင်း သင်ကြားပေးရန် အိန္ဒိယဆေးကောင်စီ [MCI] အား တောင်းဆိုသွားမည်ဟု ကတိကဝတ် ပြုခဲ့သည်။

ယခုလုပ်ဆောင်မှုကြောင့် Autism ရောဂါဆိုင်ရာ တောင်အာရှ ကွန်ယက် [SAAN] အဖွဲ့ဝင်များသည်၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံက Autism ရောဂါ ပြဿနာ ဖြေရှင်းရေးအတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် တညီတညွတ်တည်း ဆုံးဖြတ် အတည်ပြုခဲ့သည့် အရေးပေါ် လုပ်ဆောင်ရေး ဆုံးဖြတ်ချက်အား ပထမဆုံး အကောင်အထည် ဖော်သူများ ဖြစ်လာခဲ့သည်။

အချိန်တိုအတွင်း ငွေကြေးသက်သာစွာဖြင့် ယာယီပတ်စပို့ လုပ်နိုင်တော့မည်

အချိန်တိုအတွင်း ငွေကြေးသက်သာစွာဖြင့် ယာယီပတ်စပို့ လုပ်နိုင်တော့မည်

မင်းလုံး – ထိုင်းနိုင်ငံ၌ မြန်မာယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (၁၁) ရုံးထားရှိမည်ဖြစ်ပြီး လာမည့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှ စတင်ဆောင်ရွက်ပေးမည့် ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ ထုတ်ပေးရေးအစီအစဉ်သစ်များကို ၃လ အတွင်းအပြီးဆောင်ရွက်မည်ဟု သိရသည်။

news image

“အရင်ကလုပ်ပြီးသွားတဲ့သူတွေက အစိုးရနဲ့ မှတ်ပုံတင်ထားပြီးတော့ ပုံစံ ၃၈ တင်ထားပြီးတဲ့သူ တဲ့သူတွေဖြစ်တယ်၊ အခုအစီအစဉ်သစ်နဲ့လုပ်မယ့် ပတ်စပို့ဟာ အလုပ်လုပ်ခွင့်ပါမစ်ရော ပက်စပို့စာအုပ်ပါ တပြိုင်တည်းရမှာ ဖြစ်တယ်၊ ကလေးတွေကိုလည်း တရားဝင်နေထိုင်ခွင့် သတ်မှတ်ပေးမယ်”ဟု ပတ်စပို့ဝန်ဆောင်လုပ်ငန်းလုပ်ကိုင်နေသူ ကိုသီဟက ပြောသည်။

ယခုအခါ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန်အတွက် ဘတ်ငွေ ၅၅၀ ကောက်ခံရန် မြန်မာအစိုးရဘက်က စီစဉ်ထားပြီး ထိုင်းဘက်ကလည်း ဗီဇာကြေး၊ ဆေးဝါးခ၊ စာရွက်စာတမ်းကြေး၊ စသည်တို့ကိုလျှော့ချ ပေးရန် မြန်မာအလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းထားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသားအလုပ်သမား ၁၀ သိန်းကျော်ရှိနေသည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများ ခန့်မှန်းနေကြပြီး အလုပ်သမားများအားလုံး ယာယီပတ်စပို့ပြုလုပ်၍ တရားဝင်နေထိုင်ရန် ကြိုးပမ်းမှုတရပ်ဟု သိရသည်။

အနယ်နယ်ရပ်ရပ်မှာရှိသော တိုင်းရင်သားအလုပ်သမားများ ပတ်စပိုစ်မရှိသေးသောလူများ ယခုအခွင့်အရေးကိုလက်မလွတ်မစေကြောင်း၊ ငွေကြေးအနေအထားနှင့်တွက်ချက်ကြည့်ပါက ဘတ်တစ်သောင်းအထက် မရှိပါကြောင်း၊ ထိုင်းနိုင်ငံသို့တရားမဝင်လမ်းကြောင်းမှ ခိုးဝင်လာသူများ ထိုင်းဘတ်ငွေ ၁၃၀ဝ၀ ခန့်ပေးဆောင်နေရသည်ဟုလည်း ကိုသီဟက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို ၂၀ဝ၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ် နှစ်ကုန်အထိ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ထုတ်ပေးပြီး ဦးရေ ၁၂၃၁၄၂၆ ဦး ရှိသည်ဟု သတင်းမှတ်တမ်းများတွင် ရေးသားဖေါ်ပြကြသည်။

မြန်မာအလုပ်သမားများယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ပွဲစားခမတန်တဆ ကြီးမြင့်နေကြောင်းနှင့် ပွဲစားမပါ တိုက်ရိုက်ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်နေသည်ဟု မြန်မာ အလုပ်သမားညွန်ကြားရေး ဦးစီးဌာနညွန်ကြားရေးမှူးချူပ် ဦးမျိုးအောင်က သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

အထောက်အထားမဲ့ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကဲ့သို့ တရားဝင်အထောက်အ ထားများ ကိုင်ဆောင်ထားနိုင်မှသာ ၄င်းတို့၏ရပိုင်ခွင့်များအား ခံစားနိင်မှာဖြစ်ပြီး အလုပ်ရှင်များ၏ ခေါင်းပုံဖြတ် အသုံးချမှုမှ လွတ်ကင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးများကို ချင်းမိုင်၊ ချင်းယိုင်၊ ပထုန်ဌာနီ၊ စမူ ပရာကန်၊ မဟာချိုင်၊ လယောင်၊ ခွန်ခန်၊ စူရဌာနီ၊ ရနောင်း၊ မဲဆောက်နှင့် ကန်ချနဘူရီတို့ ဖြစ်သည်။

ကလေးတွေရဲ့ စူးစမ်းလိုစိတ် အားပေးတတ်ဖို့ ဒေါ်စု တိုက်တွန်း

ကလေးတွေရဲ့ စူးစမ်းလိုစိတ် အားပေးတတ်ဖို့ ဒေါ်စု တိုက်တွန်း

by ဒေါ်လှလှသန်း

ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ဖြစ်သလို မြန်မာနိုင်ငံရဲ့ ကလေးများနေ့လည်း ဖြစ်ပါတယ်။ ဒီနေ့ ကလေးများနေ့အတွက် ရည်စူးပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗွီဒီယို မိန့်ခွန်းသ၀ဏ်လွှာ ထုတ်ပြန်ခဲ့တာမှာတော့ မြန်မာကလေးတွေ အနေနဲ့ ကိုယ့်ဘာသာကိုယ် စဉ်းစားတတ်ကြဖို့နဲ့ လူကြီးတွေအနေနဲ့ကလည်း ကလေးတွေရဲ့ စူးစမ်းလိုစိတ်၊ သိလိုစိတ်တွေကို အားပေးတတ်ကြဖို့ တိုက်တွန်းသွားပါတယ်။

news image

ကလေးများနေ့မှာ မြန်မာကလေးငယ်တွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာတွေ ကိုတော့ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

ဖခင် ရှေ့နေ ဦးဖာ၊ မိခင် ဒေါ်စုကနေ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၁၅ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နတ်မောက်မြို့ မကွေးတိုင်းမှာ မွေးဖွားခဲ့တာမို့ ဗိုလ်ချုပ်သာ ၁၉၄၇ ခု ဂျူလိုင်လ ၁၉ ရက်နေ့က လုပ်ကြံမခံခဲ့ရဘူးဆိုရင် ဒီနေ့ဆို အသက် ၉၈ နှစ် ပြည့်မှာပါ။

ဗိုလ်ချုပ်ရဲ့ မွေးနေ့ကို ကလေးများနေ့လို့ သတ်မှတ်ရာမှာ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူ့ဖခင်ရဲ့ မွေးနေ့ကို ကလေးများနေ့အဖြစ် ဆင်နွှဲရတဲ့ အနှစ်သာရကို အခုလို ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

“ကလေးတွေအနေနဲ့က အဓိက အရေးကြီးတာက ဖေဖေ့ကို ဘာဖြစ်လို့ ပြည်သူပြည်သားတွေ က၊ နိုင်ငံသူ နိုင်ငံသားတွေက အခုထိ ချစ်ကြသလဲ၊ မြတ်နိုးကြသလဲ၊ လေးစားကြသလဲ အဲ့ဒါကို စဉ်းစားရမယ်။ ဘာလို့လဲဆိုတော့ ဖေဖေ ဆုံးသွားတာလည်း ကြာပြီ၊ ဖေဖေနေခဲ့တဲ့ အသက်နဲ့စာလို့ရှိရင် ဖေဖေမရှိတော့တဲ့ အချိန်က အများကြီး ပိုများတယ်။ ၃၃ နှစ်မတိုင်ခင်က ဆုံးသွားခဲ့တယ်။ အခုထိသာ သက်ရှိ ထင်ရှားရှိမယ်ဆိုရင် ၉၈ နှစ်၊ ပြီးတော့ ဒီဟာတောင်မှ ကျမတို့ နိုင်ငံမှာ ဖေဖေ့ကို မမေ့နိုင်တဲ့ အခြေအနေမှာရှိပါတယ်။ အဲ့ဒါ ဘာကြောင့်လဲဆိုတာကို ကလေးတွေကို စဉ်းစားစေချင်ပါတယ်။ ကိုယ်လည်း ဒီလို ကိုယ်မရှိတဲ့ အချိန်မှာတောင် ဆက်ပြီးတော့ ကိုယ့်နိုင်ငံကို အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်တွေ ဖြစ်နိုင်အောင်လို့ ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားကြပါ။”

ဒါ့အပြင် ကလေးများကို ပြုစုပျိုးထောင်ရာမှာ ကလေးများရဲ့ သိချင် တတ်ချင်ကြတဲ့ စိတ်ဓာတ် ကိုလည်း လူကြီးတွေအနေနဲ့ ပြုစုပျိုးထောင်ပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း သွားပါတယ်။

“ကလေးတွေကို ဒီလို စဉ်းစားရမယ်၊ ဟိုလို စဉ်းစားရမယ် မပြောချင်ဘူး။ ကိုယ့်ဘာသာကိုယ် စဉ်းစားတတ်အောင်လို့ ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ လူတွေကလည်း ကလေးတွေ စဉ်းစားတတ်အောင် ၀ိုင်းဝန်းပြီးတော့ ကူညီကြပါ။ ကလေးတွေ သိချင်တဲ့ စိတ်တွေကို အားပေးကြပါ။ စိတ်မရှည်ဘဲနဲ့ ဒါတွေ မမေးနဲ့၊ ဟိုဟာတွေ မမေးနဲ့၊ သိပ်ပြီးတော့ မေးခွန်း မထူနဲ့ ဆိုတဲ့ ပုံစံနဲ့ ကလေးတွေကို မဆက်ဆံပါနဲ့။ ကလေးများ သိချင်တဲ့စိတ်ရှိမှ၊ တတ်ချင်တဲ့စိတ်ရှိမှ၊ စူးစမ်းလေ့လာချင်တဲ့ စိတ်ရှိမှ ကျမတို့ နိုင်ငံအတွက် စိတ်ချရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကလေးများနေ့မှာ လူကြီးတွေကလည်း သင်ယူစရာရှိတာကို သင်ယူပြီးတော့ ကလေးတွေနဲ့အတူတူ ကျမတို့နိုင်ငံရဲ့ အနာဂတ် ရွှင်လန်းဖို့အတွက်၊ ချမ်းမြေ့ဖို့အတွက်၊ တောက်ပဖို့အတွက် ၀ိုင်းပြီးတော့ ကြိုးစားကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကို မြန်မာကလေးများနေ့အဖြစ် အရင် စစ်အစိုးရလက်ထက်က ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲလေ့ မရှိပေမဲ့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံတကာမှာရှိတဲ့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ စာစီစာကုံး ပြိုင်ပွဲတွေ၊ ကဗျာရွတ်ပြိုင်ပွဲတွေနဲ့ ဆင်နွှဲခဲ့ကြတာ တွေ့ရပါတယ်။

ကလေးများနေ့မှာ မြန်မာကလေးများ အခြေအနေက ဘယ်လိုရှိပါသလဲဆိုတာကို မေးပါရစေ။ မြန်မာနိုင်ငံရဲ့ သန်း ၆၀ ခန့်ရှိတဲ့ လူဦးရေအနက် ၂၅ ရာခိုင်နှုန်းဟာ အသက် ၁၄ နှစ်အောက် ကလေးတွေ ဖြစ်ကြပါတယ်။ ကုလသမဂ္ဂရဲ့ ယူနီဆက်ဖ် ကိန်းဂဏန်းတွေ အရတော့ ကလေးများ ကျန်းမာရေးနဲ့ပတ်သက်လို့ မွေးကင်းစ ကလေးများနဲ့ အသက် ၅ နှစ်အောက် ကလေးတွေ သေဆုံး မှုနှုန်းဟာ မြန်မာနိုင်ငံမှာ မြင့်မားဆဲဖြစ်ပြီး၊ ဒီလို သေဆုံးမှုတွေနဲ့ ၅၀ ရာခိုင်နှုန်းဟာ ကုသနိုင်၊ ကာကွယ်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။

ပညာရေးနဲ့ပတ်သက်လို့ မူလတန်းပညာဟာ မသင်မနေရ ဖြစ်ပေမဲ့လို့လည်း မူလတန်းကျောင်း တက်တဲ့ ကလေးတွေအနက် တ၀က်သာသာပဲ မူလတန်းကျောင်း ပြီးကြတယ် လို့ ယူနီဆက်ဖ် မှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် ကလေးတွေဟာ မိသားစု ချို့တဲ့ တဲ့အတွက်ကြောင့် ပညာသင်စရိတ် မတတ်နိုင်ကြတာ၊ မိသားစုဝင်ငွေအတွက် ၀ိုင်းရှာရတဲ့ ကလေးများအနေ နဲ့ ဈေးဆိုင်၊ စက်ရုံ၊ လက်ဖက်ရည်ဆိုင်၊ လယ်ယာ အစရှိသည်တို့မှာ လုပ်ကိုင်ကြရတဲ့ အတွက်ကြောင့်လည်း မြန်မာနိုင်ငံမှာ ကလေးလုပ်အား အသုံးပြုမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေ တာ တွေ့ရပါတယ်။

ဒါ့အပြင် ကလေးများနဲ့ပတ်သက်လို့ ကလေးလုပ်အား ခေါင်းပုံဖြတ်ခံရမှု၊ ကလေးများ လူကုန်ကူးခံရမှု ဟာလည်း ပြဿနာတရပ် ဖြစ်နေတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြ ပါတယ်ရှင်။

မြစ်ဆုံအဓွန့်ရှည်ရေး ၁၆ ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မ ပွဲတော်

မြစ်ဆုံအဓွန့်ရှည်ရေး ၁၆ ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မ ပွဲတော်

မြစ်ကြီးနား (မဇ္ဈိမ)။ ။ တိုင်းပြည်တဝှမ်း ငြိမ်းချမ်းကာ ကျမ်းမာပျော်ရွှင်သော နိုင်ငံ ဖြစ်ရန်အတွက် မြစ်ကြီးနား မြို့နယ်၊ တန်ဖရဲကျေးရွာ (ဧရာဝတီ မြစ်ဆုံဘေး)ရှိ မာရိယာ ကောင်းကင်ဘုံ သခင်မ ဘုရားကျောင်းဝင်းတွင် ၁၆ ကြိမ်မြောက် ပွဲတော်ကို တနင်္လာနေ့က ကျင်းပခဲ့ကြရာ ပရိသတ် ၂,၀၀၀ ကျော် တတ်ရောက်ခဲ့ကြသည်။

news image

“ပွဲတော်ကျင်းပခွင့်ကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသလုံခြုံရေး တပ်ရင်းနှင့် ရဲစခန်းသို အကြောင်းကြားကာ အသင်းတော် ခေါင်းဆောင်များ၊ အစိုးရဝန်ထမ်း အချို့ နှင့် လူမူရေးအသင်းအဖွဲ့များ၏ ကူညီမူဖြင့် အစီအစဉ်များကို ချောမွေ့စွာ ကျင်းပနိုင်ခဲ့တယ်။ အရင်ကဆိုရင် ဌာနဆိုင်ရာ ၁၀ ခုသို့ ကြိုတင်ခွင့်ပြုချက် ယူရတယ်” ဟု ပွဲတော် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်ဂျာခေါန် က ပြောသည်။

ဤပွဲတော်ကို ၁၉၉ရ ခုနှစ် ကတည်းက နှစ်စဉ်ကျင်းပလာခဲ့ပြီး ကချင်ပြည်နယ်ရှိ ကတ်သလစ် အသင်းသူအသင်းသား များသာမက ဘာသာအသီးသီး မှ ပါဝင်သော လုဒ်မယ်တော် သ္ခင်မ ထံ ဆုတောင်းသည့်ပွဲ ဖြစ်သည်။

“အရင်က လက်ခုတ်တီးတယ်ဆိုတာ ဆုရတဲ့ အခါ၊ ဆုပေးတဲ့ အခါမှသာ တီးလေ့ ရှိတယ်။ ဆုတောင်းပွဲတွေမှာ တီးလေ့သိပ်မရှိဘူး။ ဒါပေမယ့် ဒီနေ့ဆုတောင်းပွဲဟာ လက်ခုပ်တွေ အကြိမ်ကြိမ် တီးခဲ့ကြပါတယ်” ဟု ပွဲတော်လာ ဒေသခံ ဇော်လွမ် က ပြောသည်။

အဘယ့်ကြောင့်ဆိုသော် ဆုတောင်းပွဲ အစီစဉ်တွင် ဖါသာနော်ဒင့် အမိန့်တော်ရှိရာတွင် “လျှပ်စစ်ဓါတ်အား ရရှိရန် ပြည်သားများ မထိခိုက်တဲ့ နေရာမှာတည် ဆောက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ မြစ်ဆုံစီမံကိန်း ဆက်မလုပ်၍ တန်ဖရဲကျေးရွာသူ/သားများ မိမိ ဒေသတွင် ပြန်လာနေထိုင်ခွင့်ပြုမည် မျှော်လင့်ကြောင်း၊ သံယံဇာတများ တူးဖော် ခြင်းကြောင့် ပတ်ဝန်းကျင်လည်း ပျက်ဆီးကုန်၍ ရပ်ဆိုင်းပေးပါဟုလည်း တိုက်တွန်းလိုပါတယ်” စသဖြင့် မိန့်တော်ရှိ သွားခဲ့သည်။

ထို့ပြင် ဖာသာ က “မကြာခင်ကဖြစ်ပွားခဲ့တဲ့စစ်ပွဲဟာ ပြင်းထန်းပြီး၊ ကြောက်လန့်စရာကောင်းပြီး ယခု နှစ်ဘက် ဆွေးနွေးမှုကို ကြိုဆိုထောက်ခံပါကြောင်း၊ သို့သော် အပစ်အခတ်ရပ်ခြင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲရုံနှင့် ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ နိုင်ငံရေးဆွေးနွေးမှု၊ တန်းတူအခွင့် အရေးရရှိမှုရှိမှသာ မြန်မာနိုင်ငံဟာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိမည်ဖြစ်ကြောင်း” ဆက်လက်မိန့်ကြားသွားခဲ့၍ တက်ရောက်လာသော ပရိသတ်ကြီးက သြဘာပေး ကြခြင်းဖြစ်သည်ဟု ကိုဇော်လွန် က ပြောဆိုသွားသည်။

ကချင်ပြည်နယ် ကတ်သလစ် သာသနာကို တန်ဖရဲကျေးရွာ (မြစ်ဆုံ ဒေသ) တွင် သန္ဓေတည်ခဲ့ကြောင်းလည်း အ.မ.က(၂) အောင်မြင်သာ စံပြကျေးရွာ မိဘခန့် ကျောင်းဆရာမ အာမိုင် က ပြောဆိုသည်။

၁၅ နှစ်မြောက် ဗိုလ်ခိုင်ရာဇာနှင့် ခေါင်းဆောင်များ လုပ်ကြံခံရသည့် အောက်မေ့ဖွယ် အခမ်းအနား အမေရိကန်တွင် ကျင်းပ

၁၅ နှစ်မြောက် ဗိုလ်ခိုင်ရာဇာနှင့် ခေါင်းဆောင်များ လုပ်ကြံခံရသည့် အောက်မေ့ဖွယ် အခမ်းအနား အမေရိကန်တွင် ကျင်းပ

ရခိုင်ပြည်တပ်မတော်″(Arakan Army) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်ရာဇာ အပါအ၀င် ရခိုင်နှင့်ကရင် တော်လှန်ရေးခေါင်းဆောင် (၆) ဦး အိန္ဒိယအစိုးရထံတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲရသည့် (၁၅)နှစ်မြောက်နေ့ အထိမ်းအမှတ်၊အဖြစ် အောက်မေ့ဖွယ် အခမ်းအနားတရပ်ကို ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၃-ခုနေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့ တွင် Arakan Foundation မှ ပြုလုပ် ကျင်းပခဲ့ကြသည်။

news image

အခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်သူ Arakan Foundation Buffalo နာယက ဦးထွန်းဝင်းမှ “ ဗိုလ်ရာဇာ ကျဆုံးသွားတာဟာ ကျနော်တို့ ရခိုင်တမျိုးသားလုံး အတွက် ဆုံးရှုံးမှုတခုဖြစ်တယ်။ ဒါကြောင့် ဗိုလ်ရာဇာလိုခေါင်းဆောင်မျိုး နောက်ထပ် ပေါ်ထွန်းလာအောင်လို့ ဒီအခမ်းအနားကို ပြုလုပ်ရတာဖြစ်တယ်။ နောက်တခုက ပြည်တွင်း၊ ပြည်ပမှ ထူးချွှန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေကို သူရဲကောင်းဆု ချီးမြှင့်ဖို့ Arakan Foundation Buffalo က စီစဉ်နေပါတယ်” ဟုပြောသည်။

Arakan Foundation Buffalo အတွင်းရေးမှူး ကိုခိုင်မင်းဇံက လည်း “ ဗိုလ်ခိုင်ရာဇာဟာ ကျနော်တို့ ရခိုင်တော်လှန်ရေး သမိုင်းမှာ ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။ ဗိုလ်ရာဇာလို ပုဂ္ဂိုလ်မျိုးဟာ ၂၁ ရာစုမှာ နောက်ထပ် ထွန်းပေါ်လာဖို့ခက်ခဲပါတယ်။ ဒါကြောင့် ဗိုလ်ခိုင်ရာဇာလို ပုဂ္ဂိုလ်မျိုးကို ရခိုင်လူငယ်တွေက အတုယူလေးစား တန်ဖိုးထားပြီး ဗိုလ်ခိုင်ရာဇာကဲ့သို့ ခေါင်းဆောင်မျိုး ပေါ်ထွန်းလာအောင်လို့ ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း” ပြောသည်။

အခမ်းအနားကို စီစဉ်သူများထဲမှ ဦးဆောင်သူတဦးဖြစ်သည့် ကိုစိုးပိုင် မှလည်း “ဗိုလ်ရာဇာကဲ့သို့ ရခိုင်သူရဲကောင်းကြီးတွေ ရှိခဲ့တယ်ဆိုတာ နောင်လာနောက်သားတွေ သိရှိအောင်နှင့် ဗိုလ်ခိုင်ရာဇာ ကဲ့သို့စိတ်ဓါတ်မျိုး၊ ဗိုရာဇာလိုသတ္တိမျိုးနဲ့ ခေါင်းဆောင်တွေ ပေါ်ထွန်းလာအောင်လို့ ရည်ရွယ်ပြီး ဒီအခမ်းအနားကို ကျင်းပရတာဖြစ်ကြောင်း” ပြောကြားသည်။

ထိုနောက် တက်ရောက်လာသူများမှလည်း ဗိုလ်ရာဇာနှင့် ခေါင်းဆာင် (၆)ဦးတို့အား ဂုဏ်ပြု စကား ပြောကြားပြီး အခမ်းအနားမှာ ညနေ ၃ နာရီတွင် ပြီးဆုံးကြောင်း သိရှိရသည်။

မြွေတောင် ဖားတောင်းအရေး ချင်းလူမှုအဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးပွဲလုပ်

မြွေတောင် ဖားတောင်းအရေး ချင်းလူမှုအဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးပွဲလုပ်

ချင်းပြည်နယ်အထက်ပိုင်း တီးတိန်မြို့နယ်ရှိ မြွေတောင်၊ ဖားတောင်တွင် သတ္တုရိုင်းတူးဖော်ရေး စီမံကိန်းများ ပြုလုပ် လာပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးသက်ရောက်မှုများ လေ့လာ စမ်းစစ် သည့်တွေ့ဆုံဆွေးနွေးပွဲတရပ်ကို စစ်ကိုင်း တိုင်း ဒေသကြီး ကလေးမြို့နယ် စန်းမြို့ ရပ်ကွက်ရှိ Youth Center ခန်းမတွင် မနေ့က ကျင်းပခဲ့ကြသည်။

news image

ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဒေသအသီးသီး တွင် သယံဇာတ တူးဖော်မှုကြောင့်ဖြစ်ပေါ် လာသော အကျိုးဆက်များ ကို လေ့လာခဲ့ကျပြီး၊ ချင်းတောင်တွင် အဆိုပါကဲ့သို့ သယံဇာတ တူးဖော်မှုများပြု လုပ်လာပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးဆက်များကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု စီစဉ်ဆောင် ရွက်သူ အထက်ချင်း တွင်းလူငယ်များကွန်ယက်မှ ကိုဇမ်ထွမ်းကပြောသည်။

“ မြန်မာနိုင်ငံဒေသအသီးသီးမှာဖြစ်နေတဲ့ သယံဇာတဖော်ထုတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုး ကျိုးတွေ၊ ဖြစ်ပေါ်တဲ့ ပြသနာတွေကို ကျနော်တို့ ချင်းလူမှုအဖွဲ့အစည်းတွေပေါ်ချပြတယ်၊ ကျနော်တို့ ချင်းတောင်ဒေသမှာ ဒီလိုမျိုးစီမံကိန်း တွေ ၀င်လာတယ်ဆိုရင် ဘယ်လိုမျိုးဖြစ်ပေါ်လာနိုင်သလဲ ဆို တာကို ကျနော်တို့ဆွေးနွေးတာဖြစ်ပါတယ်၊ အဲဒီကတော့ မြွေတောင်၊ ဖားတောင်ကိစ္စမှာ ဘယ်လိုမျိုး ဆိုးကျိုး ကောင်းကျိုးတွေဖြစ်လာနိုင်သလဲဆိုတာကို ကျနော်တို့ဆွေးနွေး တာဖြစ်ပါတယ်’’ ဟု ကိုဇမ်ထွမ်း ကပြောသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူများ၏ပြောဆိုချက်အရ မြွေတောင်၊ ဖားတောင်တွင် စီမံကိန်းများ အကောင် ထည်ဖော်လာမည်ဆိုပါက ကလေး ကဘော် နှင့် ချင်းတောင်တွေမှာ အက်စစ်မိုးများ နှစ်တိုင်းပုံမှန် ရွာချမှုဖြစ်ပေါ်လာ နိုင်ခြေရှိနေပြီး ချင်းတွင်းမြစ်ကို မှီခိုအားထားနေ ရသော တောင်ယာ အမြောက်အများ ပျက်စီးနိုင်ခြေဖွယ်ရှိသည်ဟု လည်း ကိုဇမ်ထွမ်းက ပြောသည်။

“ ပညာတတ်တွေရဲ့ခန့်မှန်းချက်အရ ကလေးကဘော် နဲ့ ချင်းတောင်မှာ အက်စစ်မိုးတွေ နှစ်တိုင်းပုံမှန် ရွာချနိုင်တဲ့ ခြေအနေမှာရှိပါတယ်၊ စီမံကိန်းတွေ စတင်လာပြီဆိုရင် မီးခိုးလုံးတွေက ထွက်ပေါက်မရှိ ဘူးလေ ခံရမှာက ကလေး ကဘော် နဲ့ ချင်းတောင် ပေါ့၊ အက်စစ်တွေ စွန့်ပစ်မယ်ဆိုရင် ကလေး ကဘော်ချိုင့်ဝှမ်းရဲ့ ရေထွက်ပေါက်ကလည်း အများကြီးရှိတာမဟုတ်ဘူး၊ တခုထဲဘဲရှိတယ်လို့ပြော လို့ရပါ တယ်၊ ချင်းတွင်းမြစ်ပေါ့၊ ရေထွက်ပေါက်တခုထဲဘဲ ရှိတဲ့နေရာဆိုတော့ ရေထွက်ပေါက် ကို အမှီပြုတဲ့ တောင်ယာတွေ၊ လယ်တွေ အများကြီးပျက်ဆီးနိုင်စရာရှိပါတယ်’’ ဟု၎င်းကပြောသည်။

နီကယ် နှင့် ခရိုမီယံ သံ သတ္တုရိုင်းများထွက်ရှိသည်ဟု ယူရဆရသော မြွေတောင်၊ ဖားတောင် တွင် လွန်ခဲ့သော ၂၀၀၆ ခုနှစ်က တရုတ်ကုမ္ပဏီ ကင်ဘို က စမ်းသတ်တူးဖော်မှုများပြုလုပ်ခဲ့ပြီး နီကယ်သတ္တုရိုင်း ၁၁၀ ဒသမ ၇ သန်းတန် နှင့် ခရိုမီယ့ ၃ သောင်းတန်ကျော်ခန့် ထွက်ရှိနိုင်ကြောင်း ကင်ဘိုကုမ္ပဏီ၏ လေ့လာမှုစစ်တမ်းအရ သိရသည်။

ယခုလက်ရှိအခြေအနေတွင် မြွေတောင် ဖားတောင် စီမံကိန်းကို မည်သည့် ကုမ္ပဏီက တူးဖော်မည်ဆို သည်ကို အတိ အကျမသိရှိသေးသော်လည်း စီမံကိန်းအကောင်အထည်ဖော်မည်ဆိုပါက ဒေသခံပြည် သူများထံ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုး ကောင်းကျိုးများကို အရင်ချပြရန်လိုအပ်ကြောင်းလည်း ကိုဇမ်ထွမ်းက ပြောသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကစပြီး တရုတ်ကုမ္ပဏီ Asia Guiding Star Service ကုမ္ပဏီလီမီ တက်မှ တာ ၀န်ရှိ သူများက မြွေတောင် ဖားတောင်ကို လာရောက်လေ့လာမှုများပြုလုပ်ခဲ့ကြကြောင်း ယင်းကုမ္ပဏီက မကြာခင်တွင် စီမံကိန်းများစတင်နိုင် ဖွယ်ရှိသည်ဟုလည်း ဒေသခံများက ခန့်မှန်းကြ သည်။

မနေ့ကပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းများ၊ တသီး ပုဂ္ဂလ နှင့် ကျောင်း သားလူငယ် အယောက် ၃၀ ခန့်တက်ရောက်ခဲ့ကြသည်ဟုသိရသည်။

“ချင်းအမျိုးသားနေ့” တရားဝင် ကျင်းပနိုင်တော့မည်

“ချင်းအမျိုးသားနေ့” တရားဝင် ကျင်းပနိုင်တော့မည်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော် ကြာ ကျင်းပခွင့်မရရှိခဲ့တဲ့ ချင်းအမျိုးသားနေ့ကို ဒီနှစ်ကစပြီး တရားဝင် ပြန်လည်ကျင်းပနိုင်တော့ မယ်လို့ ချင်းတိုင်းရင်းသားခေါင်းဆောင်တွေက RFA ကို ပြောပါတယ်။

news image

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ကို “ပြည်နယ်နေ့” အနေနဲ့ မဟုတ်တော့ပဲ “အမျိုးသားနေ့” အဖြစ် ချင်းပြည်နယ်ရဲ့မြို့တော် ၀မ်းသူမောင် အားကစားကွင်းမှာ ကျင်းပကြမှာဖြစ်တယ်လို့ ချင်းပြည်နယ်ရဲ့ လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက RFA ကိုပြောပါတယ်။

အခုလို ချင်းအမျိုးသားနေ့အဖြစ် ပြန်လည်ကျင်းပခွင့်ရတာဟာ ချင်းအမျိုးသားတပ်ဦးနဲ့ ပြည်ထောင်စု အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ရလဒ်တခုဖြစ်တယ်လို့လည်း ချင်းအမျိုးသားတပ်ဦး CNF အထွေထွေအတွင်းရေးမှူး (၁)ပူးပေါလ်စီထားက ပြောပါတယ်။

ဗိုလ်ချုပ်နေ၀င်း ဦးဆောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် မဆလအစိုးရလက်ထက် ပြီးခဲ့တဲ့ ၁၉၇၄ ခုနှစ်မှာ ချင်းဝိသေသတိုင်းကနေ ချင်းပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီးတဲ့ နောက်ပိုင်းကစပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ကျင်းပခွင့်မပြုတော့ဘဲ ချင်းပြည်နယ်နေ့ အဖြစ်နဲ့သာ ကျင်းပခိုင်းခဲ့ပါတယ်။

ယခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ငြိမ်းချမ်းရေး ရယူပြီးနောက် နှစ်ဖက်သဘောတူညီချက်ထဲမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းပြည်နယ်နေ့ အနေနဲ့ မဟုတ်တော့ဘဲ ချင်းအမျိုးသားနေ့ အဖြစ် တရားဝင်ကျင်းပဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

၁၉၄၈ ခု ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖလမ်းမြိုမှာကျင်းပတဲ့ လူထုညီလာခံမှာ တက်ရောက်လာတဲ့ လူထု ၅ ထောင်ကျော်က မြေရှင်ပဒေသရာဇ် အုပ်ချူပ်မှုစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီအုပ်ချူပ်မှုစနစ်ကို စတင်ကျင့်သုံးဖို့ သဘောတူညီခဲ့ကြတဲ့နေ့ကို အစွဲပြုပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

end faq

 

Radio Programs

  • Radio Programs
  • Radio Programs
  • Radio Programs
  • Radio Programs
  • Radio Programs
  • Radio Programs