မြန်မာEnglish
မူလစာမျက်နှာ

subscribeမြန်မာ့သတင်းများအား နေ့စဉ် အီးမေးလ်ဖြင့် ရယူလိုပါက မိမိ၏အီးမေးလ်အား Heal Burma သို့ ပေးပို့ရယူနိုင်ပါတယ်။


22
Jul
2011
မြန်မာ့သတင်း - ဇူလိုင်လ ၂၂ ရက်၊ ၂၀၁၁
ပျက်ကျသွား​တဲ့​ ထိုင်း​ရဟတ်ယာဉ် ပြန်​တွေ့​ပြီ

ပျက်ကျသွား​တဲ့​ ထိုင်း​ရဟတ်ယာဉ် ပြန်​တွေ့​ပြီ

by မန်းစိုင်းမွန်

ဇူလိုင် ၁၉ ရက်​နေ့​က ပျက်ကျသွား​တဲ့​ ထိုင်း​ကြည်း​တပ်ပိုင် ဘလက်​ဟော့​ ရဟတ်ယာဉ်ကို ဒီက​နေ့​ နံနက် ၁၁ နာရီမှာ​တွေ့​ရှိပြီလို့​ ထိုင်း​ရုပ်သံသတင်း​တွေမှာ ​ကြေညာသွား​ပါတယ်။

ဘလက်​ဟော့​ ရဟတ်ယာဉ်ဟာ ထိုင်း​နယ်စပ်နဲ့​ မီတာ ၃၀၀ အကွာ မြိတ်ခရိုင်အတွင်း​မှာ ပျက်ကျတာဖြစ်ပြီး​ စ​နေ​နေ့​က ထိုင်း​ပိုင်နက်ထဲမှာ ပထမတစီး​ပျက်ကျတဲ့​နေရာနဲ့​ မီတာ ၅၀၀ ​လောက်သာ ​ဝေး​ပါတယ်။

ရဟတ်ယာဉ်နဲ့​ပါသွား​သူ ၉ ဦး​ရဲ့​ ခန္ဓာအစိတ်အပိုင်း​တွေကို ရဟတ်ယာဉ် အစိတ်အပိုင်း​တွေကြား​မှာ ​တွေ့​ရပြီး​ ခန္ဓာကိုယ်အစိတ်အပိုင်း​ ပြည့်​ပြည့်​စုံစုံမရှိဘူး​လို့​ ဆိုပါတယ်။

လေယာဉ်ပျက်ကျ​နေတဲ့​နေရာဟာ မီတာ ၁၁၀၀ ​လောက်နက်တဲ့​ ​တောင်ကမ်း​ပါး​ဆန်ဆန် ဆင်​ခြေ​လျောဖြစ်တာ​ကြောင့်​ ကယ်ဆယ်​ရေး​တပ်ဖွဲ့​တွေက ရုပ်အ​လောင်း​တွေကို သယ်တင်လာဖို့​ ခက်ခက်ခဲခဲ ကြိုး​စား​နေတုန်း​ဖြစ်တယ်လို့​ ဆိုပါတယ်။

ရဟတ်ယာဉ်ကို ​တွေ့​ရှိတာနဲ့​ပတ်သက်ပြီး​ အမှတ် ၁ စစ်တိုင်း​ တပ်မမှူး​ ဗိုလ်ချုပ်ကြီး​ အူဒုန်း​ဒေ စီတဘွတ်က ဒီက​နေ့​ မွန်း​လွဲ ၂ နာရီမှာ မီဒီယာ​တွေကို တရား​ဝင် ​ပြောကြား​ခဲ့​ပါတယ်။

“ရာသီဥတုအ​ခြေအ​နေက မနက်က​နေ ခုချိန်အထိ သိပ်မ​ကောင်း​သေး​ဘူး​။ ​လေ​ကြောင်း​က​နေ သွား​လို့​မရ​သေး​ဘူး​ဗျ။ မနက်က ထွက်သွား​တဲ့​ ​လေတပ်က ကယ်ဆယ်​ရေး​ ရဟတ်ယာဉ်​တွေလည်း​ ရာသီဥတုကို မတိုး​နိုင်လို့​ပြန်ဆုတ်လာရတယ်။ ​လေ​ကြောင်း​ဘက်က အဲဒီကိုမ​ရောက်​သေး​သလို ဟိုဘက်က ကျ​နော်တို့​ရဲ့​ ကယ်ဆယ်​ရေး​အဖွဲ့​တွေကလည်း​ ရဟတ်ယာဉ်ပျက်ကျရာ​နေရာကို အ​ရောက်ဆင်း​သွား​ဖို့​၁ နာရီခွဲ​လောက် အချိန်ယူရမယ်။ ပြီး​ရင် ရုပ်ကလာပ်​တွေနဲ့​ အပိုင်း​အစ​တွေကို သယ်ပြီး​ မီတာ ၁၁၀၀ အမြင့်​ ​တောင်​ပေါ်ကို ​ရောက်လာ​အောင် သယ်လာကြရဦး​မယ်။”

မိုး​လေဝသအ​ခြေအ​နေ ဆိုး​နေ​သေး​တာ​ကြောင့်​ ကယ်ဆယ်​ရေး​ ရဟတ်ယာဉ်​တွေ မပျံသန်း​နိုင်​သေး​ချိန်မှာ ​လော​လောဆယ် ရဟတ်ယာဉ်ဆင်း​ဖို့​ ယာယီကွင်း​တွေကို လိုအပ်တဲ့​နေရာ​တွေမှာ ​ဆောက်လုပ် ​နေတယ်လို့​လည်း​ ​ပြောသွား​ပါတယ်။

ဒါ့​အပြင် ထိုင်း​ရဟတ်ယာဉ်ကို ကူညီရှာ​ဖွေ​ပေး​နေတဲ့​ မြန်မာတပ်ဖွဲ့​တွေ ​တောတွင်း​မှာ ရိက္ခာပြတ်​နေလို့​၂၁ ရက်​နေ့​ည​နေ ၄ နာရီက ကြိုး​မဲ့​စကား​ပြောစက်နဲ့​ထိုင်း​ကယ်ဆယ်​ရေး​စခန်း​ကို လှမ်း​ပြီး​ အကူအညီ ​တောင်း​ခဲ့​တယ်လို့​ ထိုင်း​သတင်း​မှာ ​ဖော်ပြထား​ပါတယ်။ အဲဒီ မြန်မာတပ်ဖွဲ့​တွေနဲ့​ ဆက်သွယ်လို့​ ရမရကို မသိရ​သေး​ပါဘူး​။

နယ်စပ်တွင် ပျက်ကျသည့် ရဟတ်ယာဉ်တွင်ပါသွားသူ အားလုံးသေဆုံး

နယ်စပ်တွင် ပျက်ကျသည့် ရဟတ်ယာဉ်တွင်ပါသွားသူ အားလုံးသေဆုံး

by သန်းထိုက်ဦး

မြန်မာနိုင်ငံ ဘက်ခြမ်းတွင် မကြာခင် ရက်ပိုင်းက ပျက်ကျခဲ့သော ထိုင်း စစ်တပ်ပိုင် ဘလက်ဟော့ခ် ရဟတ်ယာဉ်ကို ယနေ့ ရှာဖွေတွေ့ရှိခဲ့ရာ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ၉ ဦးစလုံး သေဆုံးသွားကြောင်း ထိုင်း သတင်းများအရ သိရသည်။

ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်များသည် မြန်မာစစ်တပ်၏ အကူအညီဖြင့် ဘလက်ဟော့ခ် ပျက်ကျသည့် နေရာသို့ ယခုလ ၂၀ ရက် နေ့က စတင်၍ သွားရောက်ခဲ့ရာ ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဖက်ချဘူရီ ခရိုင်ရှိ ကန်ကရာချန် အမျိုးသား ဥယျာဉ်တွင် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်နှင့် မီတာ ၅၀၀ အကွာအဝေးတွင် ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းများက ဆိုသည်။

ဘလက်ဟော့ခ် ရဟတ်ယာဉ်သည် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် ပျက်ကျခဲ့သော်လည်း မြန်မာ အစိုးရတပ်များက ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်း ထိုင်းစစ်တပ် လုံခြုံရေး သတင်းရပ်ကွက်က ပြောသည်။

ရဟတ်ယာဉ် ပျက်ကျခဲ့သည့် ယင်း နေရာသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များနှင့် အစိုးရတပ်များ လှုပ်ရှားရာ ဒေသဖြစ်သည်။

ဘလက်ဟော့ခ် ပျက်ကျသည့် အချိန်တွင် မိုးသည်းထန်ကာ လေပြင်းများ တိုက်လျှက်ရှိရာ ထိုင်း စစ်တပ်သတင်းများက ရာသီဥတုကြောင့် ပျက်ကျခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုထားသည်။

သေဆုံးသူ ၉ ဦး၏ ရုပ်အလောင်းများကို မကြာခင် ရက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်သို့ အရောက်သယ်ယူနိုင်မည် ဖြစ်ကြောင်း၊ ကျန်ရစ်သူ မိသားစုဝင်များလည်း နယ်စပ်တွင် ရောက်ရှိနေကြောင်း သိရသည်။

ယင်း သေဆုံးသူများထဲတွင် ထိုင်းနိုင်ငံ ရုပ်သံ အမှတ် ၅ မှ TV သတင်းထောက် တဦးလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၁၆ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျခဲ့သဖြင့် သေဆုံးသွားသူ ၅ ဦး၏ ရုပ်အလောင်းကို သယ်ယူရန် အသွားတွင် အဆိုပါ ဘလက်ဟော့ခ် ရဟတ်ယာဉ် ထပ်မံ ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ပထမ ပျက်ကျသော ရဟတ်ယာဉ်သည် နယ်စပ်အနီး သစ်ခိုးခုတ်မှု သတင်းကြောင့် သွားရောက် စစ်ဆေးစဉ် ပျက်ကျခြင်းဖြစ် ပြီး ထိုစစ်ရဟတ်ယဉ်နှင့် လိုက်ပါသွားသော စစ်အရာရှိ ၅ ဦး၏ ရုပ်အလောင်းကို ယခု ပြန်လည် သယ်ဆောင်ခဲ့ပြီးဖြစ်သည်။

၁၉၉၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ထိုင်းစစ်တပ်မှ ဂျက် ရိန်းဂျား ရဟတ်ယာဉ်တစီး ထိုင်း-မြန်မာ နယ်စပ်တွင် ပျက်ကျခဲ့ ဖူးပြီး သတင်းဌာနများနှင့် မြန်မာအတိုက်အခံများက မြန်မာစစ်တပ်က ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြသည်။

ထိုင်းစစ်တပ်ကမူ ရာသီဥတု အခြေအနေဆိုးသောကြောင့် ဖြစ်သည်ဟု ပြောခဲ့သည်။ ထိုစဉ်က ရဟတ်ယာဉ် မောင်းသူ ၂ ဦး အပါအဝင် ထိုင်းစစ်သား ၄ ဦး သေဆုံးခဲ့သည်။

လိုင်ဇာအဝင်အထွက် နယ်စပ်ဖြတ်​ကျော်စာအုပ်ထုတ်​ပေး​မှု ရပ်ဆိုင်း

လိုင်ဇာအဝင်အထွက် နယ်စပ်ဖြတ်​ကျော်စာအုပ်ထုတ်​ပေး​မှု ရပ်ဆိုင်း

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (ကေအိုင်အို) ဗဟိုဌာနချုပ် လိုင်ဇာနဲ့​ ကပ်လျက်ရှိတဲ့​ လဂျား​ယန်နယ်စပ်စစ်​ဆေး​ရေး​ဂိတ်က နယ်စပ်ဖြတ်သန်း​သွား​လာခွင့်​ စာအုပ်ထုတ်​ပေး​မှုကို ဒီက​နေ့​ ရပ်ဆိုင်း​လိုက်တယ်လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

နယ်စပ်ဖြတ်​ကျော်စာအုပ်ထုတ်​ပေး​နေတဲ့​ လူဝင်မှုကြီး​ကြပ်​ရေး​ (လဝက) စခန်း​ကို အရင်က လဂျား​ယန်နယ်စပ်စစ်​ဆေး​ရေး​ဂိတ်မှာ ပူး​တွဲဖွင့်​လှစ်ပြီး​ နယ်စပ်ဖြတ် ​ကျော်ခရီး​သွား​တဦး​ကို ကျပ် ၆ဝဝဝ နှုန်း​နဲ့​ လုပ်​ပေး​နေရာက ဇွန်လ ၉ ရက်​နေ့​ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရစစ်တပ်​တွေအကြား​ တိုက်ပွဲဖြစ်လာချိန်ကစလို့​ လဂျား​ယန်ရွာအတွင်း​ပိုင်း​က စစ်​ဘေး​ ​ရှောင်တိမ်း​သွား​တဲ့​ လူ​နေအိမ်တလုံး​မှာ ယာယီစခန်း​ချ ပြုလုပ်​နေတာလည်း​ ဖြစ်ပါတယ်။

အခုအခါမှာ​တော့​ လဂျား​ယန်ရွာမှာ ရှိ​နေတဲ့​ လဝကစခန်း​ကို ဒီက​နေ့​ ရုပ်သိမ်း​တော့​မယ်လို့​ စာအုပ်ကိုယ်တိုင်သွား​လုပ်ခဲ့​သူတဦး​ရဲ့​ ​ပြောကြား​ချက်ကို ကိုး​ကား​ပြီး​ လိုင်ဇာ​ဒေသခံတဦး​က ​ပြောပါတယ်။။

“နယ်စပ်​ဒေသကို ဖြတ်​ကျော်တဲ့​ စာအုပ်အနီလို့​ ​ခေါ်တာ​ပေါ့​နော်။ အဲဒီစာအုပ်ကို ဒီ​နေ့​လုပ်တာ ​နောက်ဆုံး​ပဲဆိုပြီး​ သွား​လုပ်တဲ့​သူက ​နောက်ဆုံး​လုပ်တဲ့​သူ​လေ။ အဲဒီလူ လုပ်​နေရင်း​ တန်း​လန်း​ ဖုန်း​ဝင်လာတယ်တဲ့​။ ဖုန်း​ဝင်လာ​တော့​ ဆရာ ​နောက်ဆုံး​ပဲ၊​ ဒီစာအုပ်က ​နောက်ဆုံး​ပဲ။ ဒါပြီး​ရင် သိမ်း​မယ်၊​ ကျ​နော်တို့​ စခန်း​သိမ်း​တော့​မယ် ​ပြောတယ်တဲ့​။ ​မေး​ကြည့်​တော့​ လုပ်လို့​မရ​တော့​ဘူး​၊​ စာအုပ်လည်း​ ကုန်ပြီ၊​ ငါတို့​လည်း​ ပြန်​တော့​မယ်လို့​ ​ပြောတယ်တဲ့​။

လိုင်ဇာမြို့​နဲ့​ တမိုင်​ကျော်အကွာမှာရှိ ကွန်ဘာယန်​ကျေး​ရွာနဲ့​ ​ကေအိုင်​အေ တပ်ရင်း​ ၂၄ အနီး​နား​ကို မ​နေ့​က ည (၈) နာရီခွဲမှ ည ၁၁ နာရီဝန်း​ကျင်အထိ မိုး​မောက်မြို့​နယ်၊​ တုံဖုန်း​ယန်မြို့​မှာ တပ်စွဲထား​တဲ့​ အ​မြောက်တပ်က လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်တာ​တွေ လုပ်ခဲ့​တာ​ကြောင့်​ လိုင်ဇာလူထုမှာ စိုး​ရိမ်ထိတ်လန့်​မှု​တွေ ရှိ​နေခဲ့​ပါတယ်။

အဲဒါ​ကြောင့်​ စစ်ဖြစ်လာရင် တဖက် တရုတ်ပြည်ထဲ ဝင်​ရောက်ထွက်​ပြေး​ တိမ်း​ရှောင်နိုင်ဖို့​အတွက် နယ်စပ်ဖြတ်​ကျော်စာအုပ်​တွေ မလုပ်ထား​ရ​သေး​တဲ့​ ​ဒေသခံ လူထု​တွေက စာအုပ် အ​ရေး​တကြီး​လိုအပ်လာချိန်မှာ အခုလို လဝက စခန်း​ကို ရုပ်သိမ်း​ခဲ့​လို့​ လူထု​တွေ ပိုပြီး​ အခက်ကြုံ​တွေ့​ရတယ်လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

လိုင်ဇာကို လက်နက်ကြီး​များ​ဖြင့်​ လှမ်း​ပစ်

လိုင်ဇာကို လက်နက်ကြီး​များ​ဖြင့်​ လှမ်း​ပစ်

မနေ့​ ည ၈ နာရီ ၂ဝ မိနစ်အချိန်မှ စတင်ပြီး ကချင်ပြည်လွတ်လပ်​ရေး​ တပ်မ​တော် ​ကေအိုင်​အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့​ကို ကာကွယ်ထား​တဲ့​ ​ကေအိုင်​အေ တပ်ရင်း​ ၂၄ ရှိရာ ​တောင်ကုန်း​ကို မြန်မာစစ်တပ်က အ​မြောက်လက်နက်ကြီး​တွေနဲ့​ စတင် ပစ်ခတ်​နေပါတယ်။

ည ၈ နာရီခွဲချိန်အထိ အလုံး​ ၂ဝ ​လောက် ကျ​ရောက်​ပေါက်ကွဲခဲ့​ပါတယ်။ အ​မြောက်ဆန် ကျ​ရောက်​ပေါက်ကွဲတဲ့​နေရာဟာ လိုင်ဇာမြို့​နဲ့​ ၁ မိုင်​လောက်သာ ​ဝေး​ပါတယ်။

လိုင်ဇာတဖက်ကမ်း​ တရုတ်ပြည်ဘက်ခြမ်း​မှာ တရုတ်အာဏာပိုင်​တွေက သူ့​လူထုကို တဖက်မြန်မာပြည်နယ်စပ်မှာ ​လေယာဉ်ပျံနဲ့​ ဗုံး​ကြဲတိုက်ခိုက်မယ်၊​ ဗုံး​ခိုကျင်း​တွေ ပြင်ထား​ဖို့​ သတိ​ပေး​ပြောဆိုမှု​တွေ ဒီက​နေ့​ ည​နေပိုင်း​က ​ပြောဆိုခဲ့​လို့​ လိုင်ဇာ​ဒေသခံလူထု​တွေ ထိတ်လန့်​နေချိန်မှာပဲ အ​မြောက်သံ​တွေ ကြား​လာရတယ်လို့​ လိုင်ဇာမှာရှိ​နေတဲ့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“​လော​လောဆယ်ပစ်​နေတဲ့​ အ​မြောက်သံ​တွေ လက်နက်ကြီး​တွေက ကွန်ဘာရန်ရွာကို ပစ်တာ။ ကွန်ဘာရန် ရွာနား​မှာ ​ကေအိုင်​အေ ရင်း​ ၂၄ ရှိတယ်တဲ့​။ အဲဒီ​နေရာကို တုံဖုန်းယန်က​နေ ၁၂၀ နဲ့​ ပစ်တယ်တဲ့​။ လွန်ခဲ့​တဲ့​ သုံး​လေး​ရက်က တက်လာတဲ့​ အ​မြောက်တပ်ရင်း​တွေ၊​ လက်နက်ကြီး​တပ်ရင်း​ ​ရောက်လာတယ်​ပြောတယ်။ ၁၂၀ ​တွေ ပါ​တော့​ အဲဒီလက်နက်ကြီး​တွေနဲ့​ ထု​နေတာ။ မုံး​လွဲ​ချောင်း​ ​ရေအား​လျှပ်စစ် အ​ရှေ့​ဘက်ခြမ်း​ပေါ့​။ တမိုင်ဝန်း​ကျင်​လောက်​ဝေး​တယ်။ တချို့​တွေက ​ပြေး​နေကြပြီ။ ပစ္စည်း​သိမ်း​တဲ့​လူက သိမ်း​၊​ အိမ်တံခါး​ပိတ်တဲ့​လူကပိတ်နဲ့​ အမျိုး​မျိုး​ပေါ့​။ မြို့​ထဲကို အ​မြောက်ကျလာမယ်ဆိုရင် ​ပြေး​သင့်​လည်း​ ​ပြေး​ရမှာ​ပေါ့။”

ဗန်း​မော်-လိုင်ဇာလမ်း​ပေါ် တိုက်ပွဲဖြစ်ပြီး​ တံတား​မိုင်း​ခွဲဖျက်ဆီး

ဗန်း​မော်-လိုင်ဇာလမ်း​ပေါ် တိုက်ပွဲဖြစ်ပြီး​ တံတား​မိုင်း​ခွဲဖျက်ဆီး

ကချင်ပြည်နယ်၊​ မိုး​မောက်မြို့​နယ်၊​ တုံဖုန်း​ယန်မြို့​နယ်ခွဲအတွင်း​ ဗန်း​မော်-လိုင်ဇာ ကား​လမ်း​ပေါ်ရှိ ခါလား​ယန်​ကျေး​ရွာအနီး​က ကွန်ကရစ်တံတား​မှာ ဇူလိုင် ၂၁ ရက် ညပိုင်း​က ကချင်ပြည်လွတ်လပ်​ရေး​ တပ်မ​တော် (​ကေအိုင်​အေ) နဲ့​ တံတား​စောင့်​ မြန်မာစစ်သား​တွေအကြား​ တိုက်ပွဲဖြစ်ပြီး​ ​ကေအိုင်​အေ အဖွဲ့​က အဆိုပါ တံတား​ကို မိုင်း​ခွဲဖျက်ဆီး​ လိုက်ပါတယ်။

ယမန်​နေ့​ည ၈ နာရီဝန်း​ကျင်အချိန်က အရှည်​ပေ ၁ဝဝ ဝန်း​ကျင်ရှိ ခါလား​ယန် ကွန်ကရစ်တံတား​ကို လုံခြုံ​ရေး​ယူ​နေတဲ့​ မြန်မာစစ်သား​တွေနဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​အကြား​ တိုက်ပွဲဖြစ်ပြီး​ အဆိုပါတံတား​ကို ​ကေအိုင်တပ်ဖွဲ့​က ဝင်​ရောက်စီနင်း​ကာ မိုင်း​ခွဲဖျက်ဆီး​လိုက်တာ​ကြောင့်​ တံတား​ လုံး​ဝ ပျက်စီး​သွား​တယ်လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

အဲဒီတံတား​ မိုင်း​ခွဲဖျက်ဆီး​ခံလိုက်ရတာ​ကြောင့်​ တုံဖုန်း​ယန်မှာ ​ရောက်ရှိတပ်စွဲ​နေတဲ့​ တပ်ရင်း​တွေက မိုင်း​ခွဲသွား​တဲ့​ ​ကေအိုင်​အေအဖွဲ့​ ဆုတ်ခွာရာလမ်း​ကြောင်း​ကို ​မော်တာ စိန်​ပြောင်း​တွေနဲ့​ ပစ်ခတ်ခဲ့​ပါတယ်။

အဲဒီ​နောက်မှာ​တော့​ ည ၈ နာရီခွဲခန့်​မှ ည ၁၁ နာရီအထိ ၁၂ဝ (မမ) လက်နက်ကြီး​တွေနဲ့​ ပစ်​နေခဲ့​ရာ လိုင်ဇာမြို့​တောင်ဘက် ၁ မိုင်​ကျော်အကွာရှိ ကွန်ဘာယန် ​ကျေး​ရွာနဲ့​ တပ်ရင်း​ ၂၄ တည်ရှိရာ ​တောင်ကုန်း​တွေဘက်မှာ အ​မြောက်ဆန် အလုံး​ ၃ဝ ခန့်​ ကြိုး​ကြား​ကြိုး​ကြား​ ​ပေါက်ကွဲခဲ့​ပါတယ်။

ဇူလိုင်လ ၂ဝ ရက်​နေ့​ ညသန်း​ခေါင်အချိန်ကလည်း​ မြစ်ကြီး​နား​-လိုင်ဇာလမ်း​ပေါ်ရှိ ဝိုင်း​မော်မြို့​နယ် အ​ရှေ့​ဘက် ဂါး​ဒါယန်​ကျေး​ရွာထိပ်က ကွန်ကရစ်တံတား​ကို မိုင်း​ခွဲဖျက်ဆီး​လိုက်တာ​ကြောင့်​ တံတား​လုံး​ဝပျက်စီး​ကာ လမ်း​ကြောင်း​ ပြတ်​တောက်သွား​ပါတယ်။

အခုအခါ ဗန်း​မော်ကလည်း​ကောင်း​၊​ မြစ်ကြီး​နား​ကလည်း​ကောင်း​ လိုင်ဇာကို လာနိုင်တဲ့​ လမ်း​ကြောင်း​ပေါ်က အ​ရေး​ပါတဲ့​ တံတား​ ၂ စင်း​ ဆက်တိုက် ဖျက်ဆီး​ ခံလိုက်ရတာလည်း​ ဖြစ်ပါတယ်။

အခုလို ​ဒေသအတွင်း​ တံတား​တွေ မိုင်း​ခွဲကာ တိုက်ပွဲ​တွေလည်း​ ဖြစ်​နေတာ​ကြောင့်​ အနီး​နား​ကျေး​ရွာ​တွေက ပြည်သူလူထုမှာ မြစ်ကြီး​နား​၊​ ဝိုင်း​မော်ဘက်ကို ထွက်​ပြေး​နေသလို လိုင်ဇာဘက်ကို ဒီက​နေ့​အထိ စစ်​ပြေး​ဒုက္ခသည်​တွေ ဝင်​ရောက်​နေတယ်လို့​ လိုင်ဇာက လာတဲ့​သတင်း​တွေအရ သိရ ပါတယ်။

ကချင်ဒေသတွင် စစ်ရေး အရှိန်မြှင့်

ကချင်ဒေသတွင် စစ်ရေး အရှိန်မြှင့်

by သန်းထိုက်ဦး

အစိုးရတပ်များ စစ်အင်အား တိုးချဲ့နေစဉ်တွင် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အတွင်းရှိ ပူမွေခ ချောင်းကူး တံတားကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက ဇူလိုင် ၂၀ ရက်နေ့တွင် ဗုံးခွဲဖျက်ဆီးလိုက်သည်။

ဝိုင်းမော်မြို့နယ် အတွင်းရှိ ဂါးယာယန် ကျေးရွာနှင့် ကဇူး ကျေးရွာကြား ဆက်သွယ်ထားသည့် ပေ ၆၀ ခန့် အရှည်ရှိသော သံကူကွန်ကရစ် တံတားကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာဒေသသို့ အစိုးရတပ်များ ရောက်မလာနိုင်အောင် ရည်ရွယ်ဖောက်ခွဲခြင်း ဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့နှင့် တခြားသော မြို့များတွင် အစိုးရတပ်များက စစ်ရေးလှုပ်ရှားမှုများ ပိုလုပ်လာကြောင်း KIO တွဲဖက်အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

အစိုးရတပ်များသည် စစ်အကူအဖြစ် စစ်သင်္ဘော သုံးစင်းခန့် ဗန်းမော်မြို့သို့ ရောက်ရှိလာကြောင်း၊ သံချပ်ကာ ကားများ မိုးမောက်မြို့နယ်ဘက်သို့ ဦးတည်သွားနေကြောင်း ၎င်းက ပြောသည်။

တခြားဒေသများတွင် KIA ၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ ဦးလနန်က “ကျန်တဲ့ နေရာတွေမှာလည်း အသေးဖွဲလေးတွေ လုပ်တယ်လို့ ကြားတယ်။ ဒါပေမယ့် ဘယ်နေရာမှာဆိုတာ အတိအကျမသိ ရသေးဘူး။ တံတား တစင်း နှစ်စင်းတော့ ဖြစ်ပါလိမ့်မယ်” ဟု ဆက်ပြောသည်။

ဇွန် ၉ ရက်နေ့မှစတင်၍ မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နှင့် အစိုးရတပ်များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ တံတား အစင်းပေါင်း ခန့်မှန်ခြေ ၃၀ နီးပါးခန့် KIA က ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေက မြန်မာအစိုးရ ခြေလျင်တပ်ရင်း (၁၄၂) တပ်ဖွဲ့ဝင်များက လိုင်ဇာဒေသရှိ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) ကို ၈၁ မမ လက်နက် အမျိုးအစားနှင့် အလုံး ၂၀ ခန့် လှမ်းပစ်ခဲ့ကြောင်း သိရှိရသည်။

စစ်အစိုးရသည် မိုးမောက်မြို့နယ်အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး KIA ဘက်ကလည်း ကချင်ဒေသတွင်းရှိ အစိုးရတပ်များအား ထွက်ခွာရန် ပြန်လည်တောင်းဆိုကြရာမှ မပြေလည်ဘဲ တင်းမာမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် လိုင်ဇာမြို့၊ မိုးမောက်မြို့ စသည့် ဒေသများတွင် စစ်ပြေးဒုက္ခသည် ၁၆၀၀၀ ခန့် ရှိနေပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ဒုက္ခသည်များကို KIA အပါအ၀င် ဒေသခံ ဘုရားကျောင်းတချို့နှင့် အဖွဲ့အစည်းတချို့တို့က ကူညီနေသော်လည်း လုံလောက်မှု မရှိဟု ဆိုသည်။

ကချင်စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ အာဏာပိုင်တချို့ကလည်း ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာအား ကိုးကား၍ ကချင်သတင်းဌာန (KNG) အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ KIA ထိန်းချုပ်သည့် ဒေသများတွင် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

ကချင် ဒုက္ခသည်များအတွက် တရုတ်က ဆေးဝါးပစ္စည်း ထောက်ပံ့

ကချင် ဒုက္ခသည်များအတွက် တရုတ်က ဆေးဝါးပစ္စည်း ထောက်ပံ့

တရုတ်နိုင်ငံ အနောက်တောင် နယ်စပ် တစ်လျှောက် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဒေသရှိ ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက် ပထမဆုံး အကြိမ် အဖြစ် တရုတ် အစိုးရက ယွမ်ငွေ တစ်သိန်းခန့် တန်ဖိုးရှိ ဆေးဝါးများကို ဇူလိုင် ၂၁ ရက်နေ့က ထောက်ပံ့ ပေးပို့ လိုက်တယ်လို့ ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။

KIO ထိန်းချုပ်ရာ ဒေသများမှာ ကချင် နဲ့ တခြား တိုင်းရင်းသား ဒုက္ခသည်ပေါင်း ၁၆၀၀၀ ကျော် အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ဂျန်းခရိုင် အာဏာပိုင်တွေက အခုလို ကူညီလိုက်တာ ဖြစ်ပါတယ်။

တလောကလည်း အဲဒီ ယင်ဂျန်း ခရိုင်ရှိ ဂျင်းဖော ကချင် လူမှု အဖွဲ့အစည်းက လိုင်ဇာရှိ ဒုက္ခသည်များ အတွက် ဆန်အိတ် ၁၀၀ နှင့် သွပ်ပြားများ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လဆန်းက စတင်ခဲ့တဲ့ မြန်မာစစ်တပ်နှင့် KIO ကြား တိုက်ပွဲတွေ အရှိန် တိုးမြှင့်လာတဲ့ အတွက် KIO ထိန်းချုပ်ရာ ဒေသများသို့ နောက်ထပ် ဒုက္ခသည် အများအပြား ထပ်မံ ရောက်ရှိလာနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

အစိုးရတပ်က KIO ဌာနချုပ်ဖက်ကို လက်နက်ကြီးနဲ့ပစ်

အစိုးရတပ်က KIO ဌာနချုပ်ဖက်ကို လက်နက်ကြီးနဲ့ပစ်

KIO ကချင်လွတ်လပ်ရေး အဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ၁၀ မိုင်အကွာက နေရာကို မြန်မာ အစိုးရတပ်တွေက မနေ့ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း KIO အဖွဲ့ ပြောခွင့်ရသူ ဦးလာနန်းက RFA ကိုပြောပါတယ်။

မနေ့က ၂ နာရီခွဲက နေပြီးတော့ ည ၁၀ နာရီ လောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ခလရ ၁၄၁ ဖြစ်လိမ့်မယ်။ အားလုံးက အလုံး ၂၀ ကျော်လောက် ဖြစ်မယ်။ ကျနော်တို့ရဲ့ တပ်ရင်း ၂၄ ရှိတယ်။ အဲဒီဖက်ကို ချိန်ရွယ်ပြီး ပစ်တယ် ထင်တာဘဲ။ အတိုင်းသား ကြားနေရတယ်။

မြန်မာ အစိုးရတပ်တွေ စခန်းချထားတဲ့ အနီးတ၀ိုက်က တံတားကို KIA တပ်တွေက ဗုံးခွဲ ဖျက်ဆီးရာက အခုလို လက်နက်ကြီးတွေနဲ့ ပစ်တာ ဖြစ်နိုင်ကြောင်း KIA အရာရှိ တချို့က သုံးသပ်ပါတယ်။

ဒီအတောအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခလရ (၂၁) တပ်ဝင်း အတွင်း မနေ့က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ အခုလို တပ်တွင်း ဗုံးကွဲတာဟာ ဘယ်သူ့လက်ချက် ဆိုတာကိုတော့ အစိုးရဖက်က ထုတ်မပြောသေးပေမဲ့ စစ်ရေး လေ့လာသူတွေ ကတော့ KIA ရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း ပြောဆိုကြပါတယ်။

အစိုးရတပ်က ကချင်ဘက် လက်နက်ကြီး ပစ်ခတ်

အစိုးရတပ်က ကချင်ဘက် လက်နက်ကြီး ပစ်ခတ်

by ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။ ။ မည်သည့်ဘက်သို့ ရည်ရွယ်ပစ်ခတ်မှန်း မသိရသေးသော လက်နက်ကြီး အလုံး ၂ဝ ကျော် ပစ်ခတ်မှုကို ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အခြေစိုက် အစိုးရအမြောက်တပ်က ကြာသပတေးနေ့ ညပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြောသည်။

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ၂၅ မိုင်အကွာရှိ အဆိုပါ အမြောက်တပ်က မည်သည့်အရပ်သို့ ချိန်ရွယ်ပစ်ခတ်သည်ကို မသိရသော်လည်း ည ၉ နာရီမှ ၁၁ နာရီအတွင်း လက်နက်ကြီး ပေါက်ကွဲသံများ လိုင်ဇာမြို့မှ အတိုင်းသား ကြားခဲ့ရသည်။

“ကျနော်တို့ဘက်ကို ပစ်တယ်ထင်တယ်။ ကျနော်တို့ တပ်ရင်း ၂၄ ကို ပစ်တာလား၊ ဘယ်မှာ ထိခိုက်တာရှိမရှိ မသိသေးတော့ ပြောလို့ မရသေးဘူး။ ၈၁ နဲ့ ၇၆ မမ လက်နက်တွေ ဖြစ်မယ်ထင်တယ်။ ဘယ်နေရာမှာ ကျတယ်ဆိုတာ အခုထိ စုံစမ်းနေပါတယ်။ အလုံး ၂ဝ ကျော်လောက်” ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က မဇ္ဈိမကို ပြောသည်။ KIO ကို ခြိမ်းခြောက်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၄ မှာ ဒေါ့ဖုန်းယန်အရှေ့ဘက်၌ တည်ရှိသည်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ဒေါ့ဖုန်းယန်မြို့နယ် ခလားနှင့် နွမ်လန်းရွာကြား ပျဉ်နှင့် သံဘောင်ဖြင့် လုပ်ထားသော တံတား ၂ စင်းကို KIO တပ်ဖွဲ့များက ကြာသတေးနေ့တွင် မိုင်းခွဲခဲ့အပြီး လက်နက်ကြီး ပစ်ခတ်မှု ဖြစ်လာခဲ့သည်ဟု လိုင်ဇာမှ အရာရှိတဦးကလည်း မဇ္စျိမကို ပြောသည်။

“ဒေါဖုန်းယန်ရဲ့ ခလားနဲ့ နွမ်လန်းရွာ အောက်ဘက်က တံတားရယ်၊ အထက်က တံတားရယ် ဖောက်ခွဲလိုက်တယ်။ ည ၈ နာရီ ကျော်ကျော်လောက်မှာ တံတားမိုင်းခွဲတာကို အစိုးရဘက်က ဘယ်လိုထင်သလဲ မသိဘူး၊ လက်နက်ကြီးနဲ့ ပစ်တယ်။ ၂ စင်းတော့ မိုင်းခွဲတယ်။ တစင်းက မိုင်းမကွဲဘူးလို့ ပြောတယ်” ဟု သူက ဆိုသည်။

ဗုဒ္ဓဟူးနေ့ ညတွင်လည်း မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ဝိုင်းမော်မြို့နယ် ဂါးရားယန်နှင့် ကဇူးရွာအကြား ပမွေမြစ်ပေါ် ဆောက်လုပ်ထားသော ပေ ၃ဝ ခန့်အရှည် ကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားနှင့် ဗန်းမော်ဘက်မှ အစိုးရ စစ်ယာဉ်တန်းများနှင့် စစ်အင်အား တိုးချဲ့လာသဖြင့် တံတားများ ဖျက်ဆီးပစ်ရသည်ဟု ဦးလနန်က ဆိုသည်။

“အစိုးရတပ်ရဲ့ လှုပ်ရှားမှုကြောင့် ကျနော်တို့ဘက်က ကြိုတင်စီမံပြီး လုပ်ရတာပဲ။ စစ်ယာဉ်တန်းတွေလည်း ကျနော်တို့ လိုင်ဇာဘက်ကို တက်လာတယ်လို့ သတင်းအတိအကျ ရလာတယ်။ အဲဒါကြောင့် ကျနော်တို့ လုပ်သင့်လို့ လုပ်တယ်လို့ သတ်မှတ်တယ်” ဟု သူက ပြောသည်။

ဖားကန့်မြို့နယ် နမ်တိန်ရွာအနီး တောင်ကုန်းတခုပေါ်ရှိ ကားလမ်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ လက်အောက်ခံ တပ်ရင်း ၂၉၈ မှ တပ်ဖွဲ့များနှင့် KIO စစ်ယူနီဖောင်းဝတ် အစိုးရ တပ်ဖွဲ့များအကြား ဇူလိုင် ၂ဝ ရက် ညနေပိုင်းတွင် မှားယွင်းပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းနှင့် တနာရီခန့်ကြာ တိုက်ပွဲအတွင်း ဒုဗိုလ်တဦး၊ တပ်ကြပ်တဦးနှင့် တပ်သားတဦး သေဆုံးကာ၊ ၇ ဦး ဒဏ်ရာရရှိကြောင်း KIO သတင်းရပ်ကွက် အဆိုအရ သိရသည်။

ဒဏ်ရာပြင်းဒဏ်သူ ၃ ဦးကို မိုးကောင်း ဆေးရုံသို့ ပို့လိုက်ပြီး၊ ကျန် ၄ ဦးမှာ ကာမိုင်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

“အစိုးရတပ်တွေ မကောင်းတာ လုပ်တာတွေကို KIO တပ်သားတွေ လုပ်တယ် ထင်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ သူတို့က ရိုးသားတဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ဒီလိုစစ်ပွဲကာလတွေမှာ တခြား ကိုယ့်ရဲ့ ရန်သူရဲ့ ယူနီဖောင်း ဝတ်တယ်ဆိုတာက မသမာနည်းပါ၊ ကောက်ကျစ်တဲ့ စဉ်းလဲတဲ့ ကျင့်ကြံမှု တခုပဲ။ ရိုးသားမှု မရှိဘူး။ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပါ” ဟု ဦးလနန်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းတွင်လည်း ဗန်းမော်ကားလမ်းပေါ်၌ KIO ယူနီဖောင်းဝတ် အစိုးရတပ်ဖွဲ့ ခရီးသည်များကို စစ်ဆေးမေးမြန်းမှု၊ ရိုက်နှက်မှု ပြုလုပ်ခဲ့ကာ၊ လက်ရှိ ဖားကန့်လမ်းပေါ် တိုက်ပွဲအပြင် အခြားနေရာများ၌လည်းယခုလို လှည့်စားမှုများလည်း ရှိနိုင်သည်ဟု သူက ဆိုသည်။

ဇွန်လ ၉ ရက်တွင် စတင်ခဲ့သည့် အစိုးရတပ်နှင့် KIO အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့သည့် ကချင်ဒုက္ခသည် ၁၆ဝဝဝ ကျော်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရင်ကျန်းခရိုင်ရှိ ကြက်ခြေနီအဖွဲ့က တရုတ်ယွမ်ငွေ ၈ သောင်းခန့် တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ ပထမဆုံးအကြိမ် ထောက်ပံ့ခဲ့ကြောင်း KIO ကျန်းမာရေးဌာန အရာရှိတဦး ပြောဆိုချက်အရ သိရသည်။

“ကူးစက်ရောဂါတွေနဲ့ပတ်သက်တဲ့ ကာကွယ်ဆေးဖြစ်တဲ့ ငှက်ဖျားဆေး၊ တုပ်ကွေးရောဂါတွေကို ပုံမှန် ကူညီနေတယ်။ ကျနော်တို့ ကျန်းမာရေးဌာနကို ပုံမှန်ကူညီနေတဲ့ အဖွဲ့က စစ်ပြေးဒုက္ခသည်တွေ အတွက်ပါ သောက်ဆေးတွေ ကူညီတာပါ” ဟု သူက ပြောသည်။ လိမ်းဆေး၊ သောက်ဆေးနှင့် ပိုးသတ်ဆေးများသာ ပါဝင်သဖြင့် ထိုးဆေးများ လိုအပ်သေးသည်ဟု ဆိုသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များသည် ဝမ်းကိုက်၊ နှာစေး၊ ချောင်းဆိုး၊ မျက်စိနာ၊ အရေပြား ယားယံခြင်း စသည့်ရောဂါများ ဖြစ်ပွားနေသဖြင့် ပဋိဇီဝ ထိုးဆေးများ လိုအပ်နေသည်။

နှစ်ဖက် အပစ်ရပ်စဲရန် ကြားဝင်စေ့စပ်ပေးသော ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေး ကိုယ်စားလှယ်များနှင့် KIOက ပြီးခဲ့သည့် ဇွန် ၃ဝ ရက် တွေ့ဆုံမှုနောက်ပိုင်း ဇူလိုင် ၇ ရက်တွင် ကိုယ်စားလှယ် တဦးမှတဆင့် အပြန်အလှန် စာပေးပို့ခဲ့ကာ ယနေ့ထိ ပြန်လည် တွေ့ဆုံဆွေးနွေးမှု မရှိသေးပေ။

ကချင်စစ်ပွဲကြောင့် ဧရာဝတီသင်္ဘောများ ဝင်ငွေ ၃ ဆကျော် ထိုးကျ

ကချင်စစ်ပွဲကြောင့် ဧရာဝတီသင်္ဘောများ ဝင်ငွေ ၃ ဆကျော် ထိုးကျ

ကချင်ပြည်နယ်အတွင်း KIA နှင့် မြန်မာစစ်တပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဧရာဝတီမြစ် ကြောင်းတစ်လျှောက် ဗန်းမော်နှင့် မန္တလေး လှိုင်းဆွဲ နေသည့် သင်္ဘောကြီးများ ၀င်ငွေ ၃ ဆကျော်ထိုးကျ သွားကြောင်း သိရသည် ။

ယခင်က ဗန်းမော်မှ မန္တလေး ခရီးစဉ်တွင် သင်္ဘောတစ်စီး ကုန်တင်ခ ကျပ်သိန်း ၉၀ ၀န်းကျင်ရရှိသော်လည်း ယခု ကျပ် သိန်း ၂၀ မျှသာရတော့ကြောင်း အဆိုပါ သဘောင်္လှိုင်းဝန်ထမ်း အသိုင်းအဝိုင်းကသျှမ်းသံတော်ဆင့် သို့ ပြောသည်။

နှစ်ဘက်စစ်ပွဲအတွင်း ဗန်းမော်မြို့နှင့် တရုတ်နယ်စပ် အကြား သွားလာရေးခက်ခဲနေပြီး ဗန်းမော်သို့ တရုတ်ကုန် အဝင် နည်းသွားကြောင်း ဗန်းမော်မှ မန္တလေး အစုန်ခရီးတွင်သင်္ဘောများ ကုန်မပါပဲအလွတ်ပြန်နေရ ကြောင်း သူက ဆိုသည်။

“မန္တလေး - ဗန်းမော်ခရီးကတော့ သိပ်မထူးခြားဘူး ၊ ဗန်းမော်ကနေ အပြန်ဆိုရင်တော့ ခါလီပဲ ၊ ဗန်းမော်ကုန်က တရုတ် ပစ္စည်းအဓိကပေါ့ တရုတ်ပစ္စည်းမတင်တော့ အရင် သင်္ဘောတစ်ပတ်ကို သိန်း ၉၀ လောက်ရတာ အခု သိန်း ၂၀ လောက်ပဲ ရတယ် ” ဟု ဆိုသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ဗန်းမော်သို့ တရုတ်ကုန်အဝင်နည်းသွားသည့် အပြင် လမ်းကြောင်းတစ်လျှောက် တရုတ် ပစ္စည်း အဖမ်း အဆီးများ၍ ဖြစ်ကြောင်း ဗန်းမော်မြို့ခံ ကုန်သည်တစ်ဦးက ဆိုသည်။

“တရုတ်ပစ္စည်းအဝင်နည်းတယ် ဈေးလည်းနည်းနည်းစီတက်လာတယ် အခုသင်္ဘောတွေ ခါလီဖြစ်နေတာက အဝင်နည်း တာရယ် လမ်းမှာအဖမ်းအဆီးများတော့ မတင်တော့တာလည်း ပါတယ် ” ဟု ဆိုသည်။

ယခုအခါ တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် ဗန်းမော် - လွယ်ဂျယ်လမ်းတွင် ကားလမ်း ပြတ်တောက်နေသဖြင့် ဆိုင်ကယ်ဖြင့်သာ ကုန်သွယ်နေကြောင်း သိရသည်။

လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း ၉ မိုင်ကျော်ခန့်သာ ကွာဝေးသည့် ဗန်းမော်မြို့နှင့် မံစီမြို့ အကြားကားအသွား အလာများ ကို အာဏာပိုင်များက ယာယီပိတ်ခဲ့သေးကြောင်း သိရသည်။

မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုတွင် ၃ ဦးသေ၊ ၇ ဦးဒဏ်ရာရ

မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုတွင် ၃ ဦးသေ၊ ၇ ဦးဒဏ်ရာရ

ဇူလိုင် ၂၀ ရက်က ကချင်ပြည် အနောက်ဘက် မြစ်ကြီးနား-ဖားကန့်သွားလမ်းတွင် မြန်မာစစ်ကြောင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသည်ဟု ဒေသခံများပြောသည်။

ည ၆ နာရီခွဲတွင် လီဒိုလမ်းမ ဒွမ်ဘန် နယ်မြေခံ ခလရ ၂၉၈ မြန်မာစစ်သားများနှင့် ၎င်းတပ်ရင်းမှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဝတ်စုံ ၀တ်ဆင်ထားသူများ နမ်တင် (Namting) တောင်ကုန်းတွင် ဆုံတွေ့ကာ အချင်းချင်းပစ်ခတ်ကြခြင်းဖြစ်သည်။

ဒဏ်ရာ မ ပြင်းထန်သည့် ဒုတပ်ကြပ် ၁ ဦး နှင့် တပ်သား ၂ ဦးမှာ ကားမိုင်းဆေးရုံတွင် ဆေးဝါးကုသခံယူနေပြီး ကျန်မြန်မာစစ်သားများကို မိုးကောင်းဆေးရုံသို့ ပို့လိုက်ကြောင်း မျက်မြင်သက်သေများပြောပြပါသည်။

ယခု အဖြစ်အပျက်မှန်ကန်ကြောင်း ဖားကန့် KIA တပ်ရင်း ၆ မှ အရာရှိများ ကချင်သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ရှမ်း​တပ်ကို ဗုံး​ကြဲရန် အစိုး​ရပြင်ဆင်

ရှမ်း​တပ်ကို ဗုံး​ကြဲရန် အစိုး​ရပြင်ဆင်

by ​အေး​နိုင်

ရှမ်း​ပြည်တပ်မ​တော် (အက်စ်အက်စ်ပီပီ) ဝမ်ဟိုင်း​ဌာနချုပ်ကို ဗုံး​ကြဲတိုက်ခိုက်ဖို့​ ဒီက​နေ့​ ​နေပြည်​တော်က​နေ တိုက်​လေယာဉ် (၇) စီး​ဟာ ရှမ်း​ပြည် နမ့်​စမ်​လေဆိပ်မှာ ဆီဖြည့်​ရပ်နား​တယ်လို့​ ရှမ်း​တပ်မ​တော်က ​ပြောခွင့်​ရသူ ဗိုလ်မှူး​စိုင်း​လက ​ပြောပါတယ်။

ဒီအ​ခြေအ​နေ​တွေနဲ့​ပတ်သက်လို့​ ဗိုလ်မှူး​စိုင်း​လ ကို ​မေး​မြန်း​ထား​ပါတယ်။

ရှမ်း​ပြည်တပ်မ​တော်ရဲ့​ခွင်ထဲမှာ ဘာ​တွေများ​ ထူး​ခြား​တာ ဖြစ်​နေလဲ။

“ညက ဆက်သွယ်လာတဲ့​ အတင်း​အရ​ပေါ့​။ ဒီ​နေ့​ ​နေပြည်​တော်က​နေ တိုက်​လေယာဉ် ၇ စီး​ အဲဒီမှာ ထွက်လာပြီး​တော့​ နမ့်​စမ် ​လေယာဉ်ကွင်း​မှာ ဆီလာဖြည့်​တယ်။ ဆီဖြည့်​ပြီး​ ဝမ်ဟိုင်း​ကို ဗုံး​ကြဲဖို့​ အဲဒီလို သတင်း​ရထား​တယ်ခင်ဗျ။ အဲဒါ ဝမ့်​ဟိုင်း​ဘက်မှာ မိုး​တအား​ရွာတယ်ဆို​တော့​ ဒီည သူတို့​ ကြဲဖြစ်ချင်မှ ကြဲဖြစ်မယ်​လေ။”

အဲဒါ ဘယ်အချိန်​လောက်က သတင်း​ရတာလဲ ဗိုလ်မှူး​။

“အခု ည​နေပိုင်း​လောက်မှာခင်ဗျ။”

အဲဒီ​တော့​ ဒီ ​ရှေ့​တန်း​နယ်​မြေ​တွေက​ရော ဘာ​တွေ ထူး​ခြား​လဲ။ တပ်​တွေရဲ့​ လှုပ်ရှား​မှုက​ရော ဘယ်လို ရှိပါသလဲ။

“ကျ​နော်တို့​ ဝမ့်​ဟိုင်း​အပြင်ဘက်မှာ​တော့​ ​နေရာတကာ တိုက်ပွဲ ဖြစ်​နေပါတယ်။”

ဝမ့်​ဟိုင်း​ဌာနချုပ်က ဗိုလ်မှူး​တို့​အတွက် ဘယ်​လောက် အ​ရေး​ပါ ပါသလဲ။ ဘာအတွက် အ​ရေး​ပါတာပါလဲ။

“ကျ​နော်တို့​ ဝမ့်​ဟိုင်း​ဌာနချုပ်က ငြိမ်း​ချမ်း​ရေး​ယူခါစတုန်း​က ကျ​နော်တို့​ တည်​ဆောက်ခဲ့​တယ်​လေ။ အဲဒီမှာ ကျ​နော်တို့​နယ်​မြေ စိုး​မိုး​ရေး​အတွက်​ရော တခြား​ ကွပ်ကဲမှု​ရော အလည်ဗဟိုကျတဲ့​ ​နေရာ​လေ။”

ဒီ လွှမ်း​ခြုံတဲ့​ ​နေရာတခုကို ဗိုလ်မှူး​တို့​ ဘယ်လိုမျိုး​ ကာကွယ်မလဲ ဘယ်​လောက်အထိ​အောင် ပြင်ဆင်ထား​ပါသလဲ။

“ကျ​နော်တို့​က​တော့​ တတ်နိုင်သ​လောက်​တော့​ ခုခံသွား​မှာပဲ။ ဒါ​ပေမယ့်​ လက်လွှတ်ရလည်း​ အဲဒါအတွက် ကျ​နော်တို့​မှာ ဘာကျန်ခဲ့​မလဲဆိုရင် အ​ဆောက်အဦ​တွေပဲ ကျန်မှာပါ။ အဲဒီမှာ ဘာအ​ဆောက်အဦ ရှိလဲဆို​တော့​ အဲဒီ ခန်း​မတို့​၊​ အိမ်ရာတို့​၊​ ပြီး​တော့​ ခ​နောက်စိမ်း​ စက်ရုံတို့​၊​ ​ရေအား​လျှပ်စစ်တို့​ ဒီ​လောက်ပဲ ကျန်မှာပါ။ အခုက သူတို့​ မရမချင်း​ တိုက်တာက အဲဒီ ကျ​နော်တို့​ ဌာနချုပ် ကျသွား​လည်း​ ကျ​နော်တို့​က ပြိုကွဲသွား​တာ မဟုတ်ဘူး​လေ။ ဌာနချုပ်ကို လွှတ်​ပေး​ရမယ်​လေ။ ဒါ​ပေမယ့်​ ကျ​နော့်​အမြင်နဲ့​ ​ပြောရမယ် ဆိုရင်​တော့​ သူတို့​ ဌာနချုပ်ရရင် ကိုး​ကန့်​ကို တိုက်တုန်း​ကလို သူတို့​က အပြစ်ဖို့​စရာ​တွေ သူတို့​က ကြံစည်မှာ​ပေါ့​။ ဥပမာ မူး​ယစ်​ဆေး​ဝါး​ချက်တဲ့​ စက်ရုံရှိတယ်။ အဲဒီမှာ ပစ္စည်း​တွေ ရတယ်။ ​နောက် ဘိန်း​တွေလာချထား​မယ်၊​ ဘိန်း​ဖြူတို့၊​ ဘိန်း​မဲတို့​ အဲဒီ စိတ်ကြွ​ဆေး​တို့​၊​ အဲဒါ တခုခု​တော့​ သူတို့​ လုပ်မယ်လို့​ ကျ​နော် ထင်ပါတယ်။”

မြန်မာဘက်ပို့မည့် လက်နက်များ မဲဆောက်တွင်မိ

မြန်မာဘက်ပို့မည့် လက်နက်များ မဲဆောက်တွင်မိ

မြန်မာပြည်ဘက်သို့ သွားရောက်ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲများက ယမန်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၌ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးရမိသည့် လက်နက်များမှာ M 16 အမျိုးအစား သေနတ်တလက်၊ မောင်းပြန် ရိုင်ဖယ် ၅ လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ယင်း လက်နက်များကို ဖိဆန်နုလွတ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံသား နိုင်နလုလုံး ဘူဆလာခန်က သယ်ယူလာစဉ် မဲဆောက်အနီးရှိ ဟွေ့ယာအု စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်သည်။

ဘူဆလာခန်က “ဒီပစ္စည်းတွေက မဲဆောက်-မြ၀တီနယ်စပ်က လူတွေဆီ သွားပို့ပေးဖို့ အခကြေးငွေ ဘတ် ၂ ထောင်နဲ့ ဒီပစ္စည်းတွေကို သယ်လာတာပါ” ဟု ထိုင်းရဲထံတွင် ထွက်ဆိုခဲ့သည်။

သတင်းထောက်များ၏ အသေးစိပ် မေးမြန်ချက်များကိုမူ ဘူဆလာခန်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။

၎င်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ အမှုကွင်းဆက်များ အသေးစိပ်ရရှိရန် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားရမည်ဟု မဲဆောက်ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံ က ဒေသခံသတင်းထောက်များကို ပြောသည်။

၎င်းက “ဒီလက်နက်တွေက မြန်မာဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ သွားပို့ကြတာများတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ထုတ် စစ်ဆေးသွားမှာဖြစ်တယ်။ အခုဖမ်းမိတဲ့ လက်နက်တွေက ထိုင်းစစ်တပ်နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေက ပျောက်ဆုံးသွားတဲ့ လက်နက်တွေ ဟုတ်မဟုတ်လည်း စစ်ဆေးသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် မြ၀တီအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက “မြ၀တီနယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရှိတယ်။ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ဟိုဘက်ကမ်း (ထိုင်း) ကပဲ ၀ယ်ရတယ်။ ကျနော်တို့အဖွဲ့လည်း ဒီလိုပါပဲ။ အခုလို အဖမ်းခံရတဲ့ ပြဿနာအများစုက သူတို့အချင်းချင်း ပြန်ပြီး အတို့အထောင်လုပ်လို့ ဖြစ်တာများတယ်” ဟု ဆိုသည်။

မြန်မာဘက်သို့ လက်နက်ပွဲစားများ လာရောက်ပို့ဆောင်သည့် လက်နက်ခဲယမ်းများမှာ အသုံးပြုပြီးသား တပတ်ရစ်များ ဖြစ်သော်လည်း လိုအပ်ချက်အရ တန်ဖိုးငွေ အဆမတန်ပေး၍ ၀ယ်ယူ အသုံးပြုနေရသည်ဟုလည်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ပွဲစားတဦးက “မြ၀တီအပါအ၀င် မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခွဲတွေကများတော့ ၀ယ်အားနဲ့ ရောင်းအားမှာ ၀ယ်အားက များတယ်” ဟု ပြောသည်။

M 16 သေနတ် တပတ်ရစ်၊ အရည်အသွေး ၅၀ ရာခိုင်နှုန်းကောင်းသေးလျှင် တလက် ထိုင်းဘတ် ၂ သောင်းကျော် (ကျပ် ၅ သိန်းကျော်)၊ ယင်းကျည်ဆန် တတောင့်လျှင် ၁၃ ဘတ် (၃၃၀ ကျပ်ခန့်)၊ AK 47 သေနတ် အရည်အသွေး ၅၀ ရာခိုင်နှုန်း ကောင်းသေးလျှင်လည်း ဘတ် ၂ သောင်းကျော်နှင့် ယင်းကျည်ဆန် တတောင့်လျှင် ၁၅ ဘတ် (၃၈၀ ကျပ်ခန့်)၊ M 79 ကျည်မှာ တလုံးကို ဘတ် ၁ ထောင်ကျော် (ကျပ် ၂ သောင်းခွဲကျော်) ဈေးပေါက်ကြောင်း အဆိုပါ လက်နက်ပွဲစားက ရှင်းပြသည်။

၎င်းက ဆက်လက်၍ ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်သည် သာမန်လူများ လုပ်ကိုင်၍ရသည့် လုပ်ငန်းမဟုတ်ကြောင်းလည်း ပြောကြားသည်။

အစိုးရတပ်တွေ SSA/SSPP ဌာနချုပ်နဲ့ အနီးဆုံးကို ရောက်လာပြီ

အစိုးရတပ်တွေ SSA/SSPP ဌာနချုပ်နဲ့ အနီးဆုံးကို ရောက်လာပြီ

By နိုင်ကွန်းအိန်

ရှမ်းပြည်တိုးတက်ရေးပါတီကိုထိုးစစ်ဆင်နေတဲ့ မြန်မာစစ်တပ်ဟာ ရှမ်ပြည်တောင်ပိုင်းမှာရှိတဲ့ ၀မ့်ဟိုင်း ဌာနချုပ်နဲ့ တစ်ဖာလုံသာသာလောက်ဆီအထိ နီးကပ်လာနေပြီလို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ အဲဒီလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို ၀မ့်ဟိုင်းဒေသနဲ့ အနီးဝန်းကျင်က ဒေသခံတွေဟာ အိုးအိမ်တွေကိုစွန့်ခွာပြီး စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ လည်း ဆိုကြပါတယ်။ အခုလို SSA မြောက်ပိုင်း တပ်အပေါ် ထိုးစစ်နေတဲ့အပေါ် SSA တောင်ပိုင်းတပ်ဖွဲ့ တွေက စစ်ရေးအကူပေးဖို့ ဆိုတာကတော့ မူအရ ဆောင်ရွက်စရာကိစ္စရပ်တွေ အများကြီး ကျန်သေးတယ်လို့ ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။ ဒီသတင်းအပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကို ထိုးစစ်ဆင်နေတဲ့ မြန်မာတပ်တွေဟာ နောက်ဆုံးရရှိတဲ့သတင်းအရ ဌာနချုပ်ရဲ့ တစ်ဖာလုံအကွာမှာ ရောက်ရှိနေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ၀မ့်ဟိုင်းဌာနချုပ်နဲ့ အနီးကပ်ဆုံးနေရာကို ရောက်ရှိလာတဲ့ အနေအထားကို ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက အခုလို ပြောပါတယ်။

“ဘာမှမဝေးတော့ဘူး။ အရှေ့ဘက်မှာ တစ်ဖာလုံ ကျော်ကျော်လောက်ပဲ။ ဒါပေမဲ့ အဲဒီဘက်ကနေ ပိတ်နေတာပဲလေ။ အနီးကပ်ဆုံးကတော့ အရှေ့ဘက် ပါခီးလမ်းခွဲပေါ့။ အဲဒီလမ်းခွဲဆိုတာက ၀မ့်ဟိုင်းအရှေ့ဘက် ပါခီးလမ်းခွဲဘက်မှာ သူတို့ရှိတဲ့နေရာကို ကျနော်တို့ဘက်က ပြောက်ကျား သွားပစ်သေးတယ်။ သူတို့က အော်ပြောတာတောင် ကြားရတယ်။ ကျနော်တို့ ၀မ့်ဟိုင်းအ၀င်ဂိတ်ပေါ့။”

မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ဟာ မနေ့က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲတွေရဲ့ ထိခိုက်ကျဆုံးမှုကိုတော့ အတည်ပြု ပြောကြားခြင်းမရှိပါဘူး။ ၀မ့်ဟိုင်းဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ပွဲတွေကြောင့် ၀မ့်ဟိုင်းဒေသနဲ့ အနီးဝန်းကျင်ရွာက ဒေသခံတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

“၀မ့်ဟိုင်းဒေသခံတွေဆိုရင် ကျနော်တို့ဌာနချုပ်ထဲကိုတင် ထွက်ပြေးလာကြတဲ့သူ ကျောင်းသူကျောင်းသား အပါအ၀င်ဆိုရင် တစ်ထောင်ကျော်နေပြီ။ အားလုံး ရှောင်ထွက်ကြရပြီလေ။ အဲဒီမှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေတာ စိုးရိမ်ရလို့ အားလုံးထွက်ပြေးကုန်ကြပြီ။ အိမ်တံခါးတွေကိုပိတ်ပြီးတော့ အိမ်ယာတွေကိုစွန့်ပြီးတော့ ထွက်သွားကြတာပေါ့။ ဒီပတ်ဝန်းကျင် တိုက်ပွဲနဲ့နီးတဲ့ရွာဆိုရင် ရွာပေါင်း ၂၀ လောက် ရှိမယ်ခင်ဗျ။”

အခုလို မြောက်ပိုင်း SSA တပ်ဖွဲ့အပေါ် မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်နေချိန်မှာ တခြား မဟာမိတ် တပ်တွေအနေနဲ့ စစ်ရေးအရ ကူညီတာတွေ မတွေ့ရသေးဘူးလို့လည်း ရှမ်းပြည်တိုးတက်ရေးပါတီ တပ်မှူးတစ်ဦးက ပြောပါတယ်။ အထူးသဖြင့် ရှမ်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းတပ်တွေ ပေါင်းစည်းလိုက်ပြီလို့ SSA တောင်ပိုင်းတပ် ခေါင်းဆောင် ဗိုလ်ချုပ်ရွက်ဆစ်ကနေ တရားဝင်ပြောဆိုမှုတွေ လည်း ရှိနေပါတယ်။ အခု လက်ရှိအခြေအနေအရ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်အတွက် အနီးကပ်ဆုံး အရေးကြီးတဲ့အချိန်မှာ SSA တောင်ပိုင်းတပ်တွေ ဘာကြောင့် စစ်ရေးအကူအညီ မပေးတာလဲဆိုတဲ့ မေးခွန်းအပေါ်မှာ SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်က အခုလို ပြောပါတယ်။

“တောင်ပိုင်းနဲ့မြောက်ပိုင်းတပ်ကတော့ မူအရကျနော်တို့ ပေါင်းစည်းဖို့အတွက် ကျနော်တို့နှစ်ဘက်က လူကြီးတွေက အမြင်ခြင်း တူနေကြတယ်။ သဘောခြင်းလည်း တူနေကြတယ်။ ဒါပေမဲ့ လက်တွေ့ တကယ့်တကယ် ပေါင်းစည်းနိုင်ဖို့က မူအရသဘောတူညီမှု ရရှိတာထက်ပိုပြီးတော့ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ အများကြီး ကျန်ပါသေးတယ်။ ဆိုတော့ အခု ရှမ်းမြောက်ပိုင်းတပ်တွေကို အစိုးရတပ်တွေက စစ်အင်အားနဲ့ အလုံးအရင်း တိုက်ခိုက်လာတာကို ကျနော်တို့ကလည်း တတ်နိုင်တဲ့နည်းလမ်းကနေ မြောက်ပိုင်းတပ်တွေကို အကူအညီတွေ အပြန်အလှန် ပေးပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ကနေစပြီး မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ဟာ ၀မ့်ဟိုင်း ဒေသတွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုတိုက်ပွဲတွေကြောင့် စစ်ဘေးရန်ကို ကြောက်လို့ ထွက်ပြေးလာတဲ့ရွာသားတွေဟာ တောတောင်တွေထဲ၊ ခြံဝန်းတွေထဲမှာ၊ တောင်ယာတွေထဲမှာ ရှောင်တိမ်းနေကြရသလို ငွေကြေးတတ်နိုင်သူတွေကတော့ မိုင်းရှူး မိုင်းယန်မြို့ဘက်ကို တိမ်းရှောင်သွားတာ ရှိနေတယ်လို့လည်း ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။ တောတောင်ထဲမှာတိမ်းရှောင်နေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေအတွက် ကူညီစောင့်ရှောက်မှုတွေ ကင်းမဲ့နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ဘေးလွတ်ရာ နယ်စပ်ဒေသဘက်ကို စစ်ပြေးဒုက္ခသည်အဖြစ် တိမ်းရှောင်လာတာ များပြားလာနေတယ်လို့ ဒုက္ခသည်အကူညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကေအိုင်အို ခေါ် ကချင်လွတ်လပ်ရေးအဖွဲ့ ဒေသဘက်မှာဆိုရင် စစ်ပြေးဒုက္ခသည်ပေါင်း ၁၇,၀၀၀ ရှိတယ်လို့ ကေအိုင်အိုဘက်က စစ်တမ်းကောက်ယူထားသလို ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် နယ်စပ်ဘက်ကိုရောက်နေတဲ့ ကရင်ပြည်နယ်ဘက်က ဒုက္ခသည်ပေါင်းဟာ ၈,၀၀၀ နဲ့ ၁၀,၀၀၀ ဒုက္ခသည်အကူညီပေးရေး အဖွဲ့တွေကနေ စစ်တမ်းကောက်ယူထားပါတယ်။

SSA မြောက်ပိုင်းဌာချုပ် ၀မ်ဟိုင်းကို ၀ိုင်းထားစဲ

SSA မြောက်ပိုင်းဌာချုပ် ၀မ်ဟိုင်းကို ၀ိုင်းထားစဲ

SSA (မြောက်ပိုင်း) တပ်ရဲ့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ၀မ့်ဟိုင်းဌာနချုပ်နဲ့ (၅) မိုင်အကွာမှာ မြန်မာအစိုးရတပ်က တပ်ရင်း(၁၄) ရင်း စစ်အင်အား (၁) ထောင်နီးပါးနဲ့ အနီးကပ် ၀ိုင်းထားပြီး ၀မ့်ဟိုင်းဌာနချုပ် လေးဘက်လေးတန်မှာ စုစုပေါင်း တပ်ရင်း(၄၀)လောက် ချထားတယ်လို့ SSA (မြောက်ပိုင်း) တပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်လက RFAကို ပြောပါတယ်။

လောလောဆယ်မှာ SSA (မြောက်ပိုင်း) တပ်တွေကို ဖြတ်လေးဖြတ်နည်းနဲ့ ပိတ်ပင်ထားပြီး ဂျူလိုင် (၂၀) (၂၁) ရက် တွေမှာ အစိုးရတပ်ဘက်က ထိုးစစ်တွေ လုံးဝရပ်ထားပြီး SSA (မြောက်ပိုင်း) တပ်ဘက်တော့ ပြောက်ကျား အလစ်သုတ် တိုက်ခိုက်မှု တချို့ ရှိနေပါတယ်။

SSA (မြောက်ပိုင်း) တပ်ဘက်ကတော့ ၀မ့်ဟိုင်းဌာနချုပ် မကျအောင် ခုံခံသွားမယ် လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော်အား အတုမခိုးရန် ကေဒါတပ်သားများအား ဗိုလ်ချုပ်ပန်ဖှ တားမြစ်မိန့်ထုတ်

မြန်မာ့တပ်မတော်အား အတုမခိုးရန် ကေဒါတပ်သားများအား ဗိုလ်ချုပ်ပန်ဖှ တားမြစ်မိန့်ထုတ်

သျှမ်းပြည်တပ်မတော် ဗဟိုဌာနချုပ်အားသိမ်းပိုက်ရန် မြန်မာအစိုးရတပ်မှ အပြင်းအထန်ထိုးစစ်ဆင်တိုက် ခိုက်မှုတွင် လူသတ်မှု၊ မုဒိန်းကျင့်မှု၊ ပစ္စည်းလုယက်မှု ခိုးယူမှုများကျူးလွန်နေသောကြောင့် သျှမ်း ကေဒါ တပ်သားထု တရပ်လုံး ထိုကဲ့သို့မလုပ်ရန် - SSPP/ SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှ မှ ယခုကဲ့သို့အမိန့် ထုတ် ပြန် တားမြစ်ခဲ့ခြင်းဖြစ်သည်။

ယခုလ ၁၉ ရက်နေ့ ရက်စွဲပါထုတ်ပြန်သော အဆိုပါစစ်ရေးအမိန့်ပြန်တမ်းကို အထွေထွေအတွင်း ရေးမှူး ချုပ်ရုံး ၊ သျှမ်းပြည်တိုးတက်ရေးပါတီမှ ထုတ်ပြန်ခြင်းဖြစ်ပြီး ပါတီအထွေထွေအတွင်းရေးမှူးအနေဖြင့်ဗိုလ်ချုပ် ပန်ဖှ ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည်။

စစ်ပွဲဖြစ်သော နေရာများတွင် ယောက်ကျားတွေ့လျှင်ပစ်သတ်၊ မိန်းမတွေ့လျှင် မုဒိန်းကျင့်ခွင့်ပေးထားသည့် မြန်မာစစ်တပ်အကြီးအကဲများ၏ ခွင့်ပြုချက်ကို ရှုပ်ချထားပြီး မိမိတပ်သား ကေဒါများအားလုံး လူမျိုးခွဲခြား ရေးမူဝါဒနှင့်စိတ်ဓါတ်များလုံးဝမရှိစေရဟုလည်း ထုတ်ပြန်ထားသည်။

“ သျှမ်းပြည်တိုင်းချုပ် ဗိုလ်ချုပ်အောင်သန်းထွဋ်က လားရှိုးစစ်တိုင်းရုံးမှာ ဗျူဟာမှူး၊ စကခ မှူးတွေကို ပြော တယ်။ စစ်ပွဲဖြစ်တဲ့နေရာမှာ ယောကျာ်းတွေ့ရင် သတ်ပစ်၊ မိန်းမတွေ့ရင် လုပ်ချင်တာလုပ်တဲ့။ တဆင့်စကား တဆင့်နားနဲ့ လူထုက ပြန်ကြားတော့ ရွာထဲမှာ ဘယ်သူမှမနေချင်ကြဘူး။ တောတောင်တွေထဲ ထွက်ပြေး ပုန်းရှောင်နေကြတယ်။ ဗမာစစ်သားတွေကို မတွေ့ချင်ကြလို့လေ” ဟု SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က ပြောသည်။

သျှမ်းပြည်တပ်မတော်သားများအားလုံး - မည်သည့်လူမျိုးကိုမဆို မသတ်ဖြတ်ရ၊ လူ့အခွင့်အရေးများ မချိုး ဖောက်ရ၊ ပြည်သူပိုင်ပစ္စည်းများ အခမဲ့ လုံးဝ မယူရ ၊ လူထုအားဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်အလုပ် လုံးဝမလုပ် ရဟု အဓိက အချက် ၄ ချက်ဖြင့် တားမြစ်ထားပြီး အဆိုပါ စည်းကမ်းချက်အား ကျူးလွန်ချိုးဖောက်ပါကစစ်ရေး ဥပဒေအရ အရေးယူခြင်းခံရမည်ဟုလည်း ညွှန်ကြားထားသည်။

တိုးချဲ့မြို့နယ်ခွဲသစ်ကင်းစခန်းအား အမည်မသိ လက်နက်ကိုင်အဖွဲ့ပစ်ခတ် ပုလိပ်တဦးသေ

တိုးချဲ့မြို့နယ်ခွဲသစ်ကင်းစခန်းအား အမည်မသိ လက်နက်ကိုင်အဖွဲ့ပစ်ခတ် ပုလိပ်တဦးသေ

သျှမ်းပြည်တောင်ပိုင်း ကာလိမြို့နယ်ခွဲ မြို့တွင်း ဈေး အနီး ယနေ့မနက်ပိုင်း၌ ပစ်ခတ်မှုတခု ဖြစ်ပွားရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲသားတဦးသေဆုံးသွားကြောင်း သိရပါသည်။

“ဈေးအနားမှာဘဲ ဒီမနက်လာပစ်တာ၊ ပုလိပ်တယောက်သေသွားတယ်။ ဒေသခံမဟုတ်ဘူး။ ရဲကင်းကိုဘဲ လာချောင်းပစ်ပြီး ပြန်ထွက်သွားတယ်။ ဘယ်နှစ်ယောက်လာလဲ ဘယ်တပ်ဖွဲ့လဲဆိုတာမသိဘူး။ ရဲ အသိုင်း အဝိုင်းကတော့ ယွက်စစ်အဖွဲ့လို့ဘဲပြောတာ” - ကာလိဈေး အနီးနေထိုင်သူ လူလတ်ပိုင်းအမျိုးသမီးတဦးက ပြောပါသည်။

ဂျူလိုင် ၂၂ ရက် ယနေ့မနက် ၀၆:၀၀ နာရီက အမည်မသိလက်နက်ကိုင် အဖွဲ့တဖွဲ့ ကာလိမြို့နယ်ခွဲဈေးကြီး အနီး ရဲကင်းအား ဝင်ရောက်ပစ်ခတ်ရာ ရဲသား တဦးသေဆုံး ကြောင်း ကာလိဒေသခံများက ပြောပါသည်။

“ကျနော်တို့ ကာလိက အရင်ကလို နေလို့မကောင်းတော့ဘူးဗျာ့၊ မြို့နယ်ခွဲအဆင့် တိုးချဲ့ပြီး ဆောက်လုပ်ရေး စီမံကိန်းနဲ့တကွ အစိုးရဌာနတခိျု့ လာရောက်ရုံးစိုက်တဲ့နောက်ပိုင်း မှောင်ရိပ်ခိုမှုတွေ သူခိုး ဓါးပြတွေ အရမ်း ပေါ လာတယ်။ လုံခြုံမှု လုံးဝ မရှိဘူး” - ဟု ရပ်မိရပ်ဖ တဦးက ပြောပါသည်။

၂၀၁၀ နှစ်နှောင်းပိုင်းမှ ယနေ့ထိ ကာလိမြို့နယ်ခွဲတွင် သူခိုးများ၊ ဖေါက်ထွင်းရေးသမားများ အထူးပေါ များ သောကြောင့် ရပ်ကွက်၊ ကျေးရွာ ဆိုင်ရာများပင် အခြားလုံခြုံရေးတပ်ဖွဲ့များ ညအိပ်ဧည့်စာရင်းစစ်ရန်ပြော လာပါက မည်သူမျှ လက်ခံပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း၊ မိမိအိမ်ဝန်း လုံခြုံရေးအတွက် စိုးရိမ်ရ သည်သာမကသူခိုးဓါးပြနှင့်ပတ်သက်ဆက်နွယ်သူဟု အထင်မခံနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောပါသည်။

ကာလိကျေးရွာအုပ်စုသည် သျှမ်းပြည်တပ်မတော်(ယခင်မြောက်ပိုင်းအပစ်ရပ်)တပ်မဟာ ၇ မှ ခေါင်းဆောင် စဝ်ကိုင်ဖနှင့်အတူ ပြည်သူ့စစ်အသွင်ပြောင်းပြီး လပိုင်းအကြာတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာန ချုပ် ယာယီ တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်ထွန်းဦးက ကာလိကျေးရွာအုပ်စုအား၂၀၁၀ နှစ်နှောင်းပိုင်းက မြို့နယ်ခွဲ အဆင့်တိုးမြှင့်သတ်မှတ်လိုက်သည့်နောက်ပိုင်း ယခုကဲ့သို့ မှောင်ရိပ်ခိုမှုများတနေ့တခြား ပိုမိုများလာခဲ့သည်။

ပြီးခဲ့သည့် ဧပြီလကလည်း ကာလိမြို့နယ်ခွဲ ခလရ ၁၅၁ (တိုးချဲ့တပ်ရင်း ) တပ်ရင်းမှူး ဗိုလ်မှူးလှဝင်း လက် အောက် တပ်ခွဲမှူး သက်နိုင်လင်းက သျှမ်းရိုးရာရှင်ပြုပွဲ ပွဲခင်းအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် လူ ၅ ဦးထက်မနည်းသေဆုံးခဲ့၏။ ကိုရင်တပါးလည်း ဒဏ်ရာအပြင်းအထန်ရကာ လွယ်လင်ဆေးရုံသို့ ပို့ ဆောင် ကုသရသည်ဟု ဒေသခံများက ပြောကြား၏။ သို့သော် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာကမူ သျှမ်းပြည် တပ်မတော် ယွက်စစ်တပ်ဖွဲ့၏ လက်ချက်ဟု ရေးသားထုတ်ဝေခဲ့သည်။

ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နှင့်​အစိုး​ရပူး​ပေါင်း​တပ် လက်နက်ကြီး​ဖြင့်​ပစ်

ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နှင့်​အစိုး​ရပူး​ပေါင်း​တပ် လက်နက်ကြီး​ဖြင့်​ပစ်

by နော်နိုရင်း

ကရင်ပြည်နယ် လှိုင်း​ဘွဲမြို့​နယ်မြိုင်ကြီး​ငူ​ဒေသနဲ့​ ၄-၅ မိုင်အကွာမှာ အ​ခြေစိုက်တဲ့​ ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နဲ့​အစိုး​ရ ပူး​ပေါင်း​တပ်​တွေက လက်နက်ကြီး​တွေနဲ့​ ဆက်လက်ပစ်ခတ်​နေပါတယ်။

ပြီး​ခဲ့​ ဇူလိုင် ၂၀ ရက်ကစပြီး​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​ဘက် ၅ မိုင်အကွာ ဝါကလယ်​တောင်မှာရှိတဲ့​ ဒီ​ကေဘီ​အေတပ်စခန်း​ကို ဗိုလ်ချုပ်ဖား​နွံဦး​ဆောင်နဲ့​ နယ်ခြား​စောင့်​နဲ့​အစိုး​ရ ပူး​ပေါင်း​တပ်​တွေက စတင် ထိုး​စစ်ဆင်တာဖြစ်ပါတယ်။

မ​နေ့​ကလည်း​ တိုက်ခိုက်​နေပြီး​ ဒီ​နေ့​မှာလည်း​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​တောင်ဘက် ၄ မိုင်​လောက်အကွာမှာရှိတဲ့​ ထီး​လာနဲ ရွာကို အဆိုပါ ပူး​ပေါင်း​တပ် ​တွေက လက်နက်ကြီး​နဲ့​ လှမ်ပစ်​နေတယ်လို့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ဘား​အံခရိုင် ဥက္ကဋ္ဌ ပဒို​စော​အောင်​မောင်​အေး​က ​ပြောပါတယ်။

“ဒီ​နေ့​က​တော့​ မြိုင်ကြီး​ငူနား​မှာ ရှိတဲ့​ ထီး​လာနဲရွာကို ဘီဒီအက်ဖ် တပ်ရင်း​ ဗိုလ်ချုပ်ဖား​နွံဦး​ဆောင် ဦး​ဆောင်တဲ့​အဖွဲ့​နဲ့​ လိုက်သိန်း​အဖွဲ့​တွေက လက်နက်ကြီး​တွေနဲ့​ ​တောကြို​တောင်ကြား​ထဲမှာ လိုက်ပြီး​တော့​ လှမ်း​ထုတာ ရှိတယ်​နော်။ ကန်ညီ​နောင်ဘက်မှာ ရှိတဲ့​ ဒီ​ကေဘီ​အေ​တွေကို လှမ်း​ပစ်တာ။ သူတို့​က နီး​နီး​ကပ်ကပ် မပစ်ရဲ​တော့​ သံသယရှိတဲ့​ ​နေရာ​တွေကို လက်နက်ကြီး​နဲ့​ လှမ်း​လှမ်း​ပြီး​ထုတာ စခန်း​အထိ​တော့​ မကျဘူး​။”

ပူး​ပေါင်း​တပ်​တွေက ဒီ​ကေဘီ​အေတပ်စခန်း​ရှိရာကို လက်နက်ကြီး​တွေနဲ့​ ခန့်​မှန်း​ပစ်ခတ်​နေပြီး​ ဒီ​ကေဘီ​အေတပ်ဘက်က​တော့​ ​ပြောက်ကျား​စနစ်နဲ့​ ပြန်လည်တိုက်ခိုက်မှု​တွေ လုပ်​နေတယ်လို့​ ပဒို​စော​အောင်​မောင်​အေး​က ​ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့​ ဒီ​ကေဘီ​အေတပ်ဖွဲ့​ဝင်​တွေဟာ ပြီး​ခဲ့​တဲ့​ ဇွန်လတုန်း​ကမှ နယ်ခြား​စောင့်​တပ်က​နေ ခွဲထွက်ပြီး​ ဒီ​ကေဘီ​အေတံဆပ် ပြန်လည်တပ်ဆင်တဲ့​ ဒု ဗိုလ်မှူး​ကြီး​ ဗိုလ်ဘိဦး​ဆောင်တဲ့​ တပ်ဖွဲ့​ဝင်​တွေဖြစ်ပါတယ်။

အစိုး​ရနဲ့​ နယ်ခြား​စောင့်​ ပူး​ပေါင်း​တပ်​တွေ သုံး​ရက်ဆက်တိုက် လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်မှု​ကြောင့်​ အဲဒီ​ဒေသတဝိုက်မှာရှိတဲ့​ ရွာသား​တချို့​ မြိုင်ကြီး​ငူ​ဒေသကို ​ရွှေ့​ပြောင်း​လာကြတယ်လို့​ မြိုင်ကြီး​ငူ​ဒေသခံတဦး​က ​ပြောပါတယ်။

“မ​နေ့​ည ၄ နာရီ​ကျော်​ကျော်​လောက်က​နေ စပြီး​တော့​ ပစ်တယ်။ တညလုံး​ရယ်​တော့​ မဟုတ်ဘူး​ပေါ့​။ ကြာကြာတခါ ကြာကြာတခါ အဲဒီလိုပဲ ပစ်တယ်။ ရွာသား​တွေက​တော့​ ​လော​လောဆယ် မြိုင်ကြီး​ငူဘက် ​ပြောင်း​ရွှေ့​ကြတာ​ပေါ့​။”

ဒီပစ်ခတ်မှုအတွင်း​ နှစ်ဘက် ထိခိုက်ကျဆုံး​မှု ရှိမရှိကို​တော့​ အတိအကျမသိရ​သေး​ပါဘူး​။

ပြီး​ခဲ့​တဲ့​ ဇူလိုင် ၂၀ ရက်​နေ့​အ​စောပိုင်း​ကလည်း​ ကရင်ပြည်နယ် ပိုင်ကျုံမြို့​နယ်အတွင်း​ရှိ ထီး​ပယ်ရွာအနီး​မှာ နယ်ခြား​စောင့်​တပ်နဲ့​ ကရင်အမျိုး​သား​ လွတ်​မြောက်​ရေး​တပ်မ​တော်တို့​ တိုက်ပွဲဖြစ်ပွား​ပြီး​ နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၁ ဦး​ ကျဆုံး​သွား​တယ်လို့​ ပဒို​အောင်​မောင်​အေး​က ​ပြောပါတယ်။

DKBA အချင်းချင်း တိုက်ပွဲဖြစ်

DKBA အချင်းချင်း တိုက်ပွဲဖြစ်

by သန်းထိုက်ဦး

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ထီးလာနဲရွာတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်တပ်မှ ခွဲထွက်သွားသည့် DKBA တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) ၏ တပ်ဖွဲ့ဝင်များအား DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ (ဗိုလ်ချစ်သူ) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

အစိုးရကို သစ္စာခံထားသော နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) တပ်ရင်းမှူး စောလိုက်သိန့် ဦးဆောင်သော တပ်ဖွဲ့ဝင်များ အပါအ၀င် ဗိုလ်ဖားနွီးတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ချစ်သူတပ်တို့ ပူးပေါင်း၍ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲတွင် နှစ်ဖက် စစ်သည်အင်အား ၄၀၀ ခန့် ရှိကြောင်း၊ သေဆုံး ထိခိုက် ဒဏ်ရာ ရသူများ၏ အခြေအနေများကို စုံစမ်းဆဲဖြစ်ကြောင်း စောအောင်မော်အေးက ဆက်ပြောသည်။

KNU တပ်မဟာ (၇) မှ ဗိုလ်မှူးချုပ် စောဂျော်နီက ယင်း တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဆက်လက်ဖြစ်ပွား လာနိုင်ကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် မေလတွင် ခွဲထွက်သွားသော ဗိုလ်ဘိ ဦးဆောင်သည့် ကရင် နယ်ခြားစောင့် တပ်ရင်း ၄ ရင်းကို ပြည်လည်စည်းရုံးရန် ဗိုလ်ချစ်သူက ဇူလိုင်လဆန်းပိုင်းတွင် ကြိုးပမ်းပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာ၍ မြိုင်ကြီးငူဒေသ အပြင်ဘက်တွင် နေရာယူထားခဲ့ကြ ခြင်းဖြစ်သည်။

လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲတွင် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း KNU တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ ယင်း တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး ၆၀ မမ လက်နက် အမျိုးအစား တလက်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း စောအောင်မော်အေးက ပြောသည်။

ဇွန်လကုန်တွင် ဗိုလ်ဘိ၏ အဖွဲ့က မြိုင်ကြီးငူဒေသရှိ တခွက်ဖိုးရွာအနီး အခြေစိုက်သည့် နယ်ခြားစောင့်တပ် အမှတ် (၁၀၁၁) ကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးခဲ့သည်။

ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲ၊ မငြိမ်မသက်မှုများနှင့် ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယမန်နှစ် သြဂုတ်လတွင် နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေးဒေသတို့တွင် စစ်အစိုးရက ဦးဆောင်၍ ကျင်းပခဲ့သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အားကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

မြန်မာအစိုး​ရကို စစ်လက်နက်ပစ္စည်း​ ​ထောက်ပံ့​နေသည့်​ အိန္ဒိယအစိုး​ရကို ကန့်​ကွက်ဆန္ဒပြ

မြန်မာအစိုး​ရကို စစ်လက်နက်ပစ္စည်း​ ​ထောက်ပံ့​နေသည့်​ အိန္ဒိယအစိုး​ရကို ကန့်​ကွက်ဆန္ဒပြ

by ခင်​မောင်လတ်

အိန္ဒိယအစိုး​ရအ​နေနဲ့​မြန်မာစစ်အစိုး​ရကို စစ်လက်နက်​တွေကူညီ​နေမှုကို မြန်မာ့​ဒီမိုက​ရေစီအင်အား​စု​တွေက နယူး​ဒေလီမြို့​လယ်ရှိ ဂျန်တား​မန်တား​လမ်း​မမှာ ကန့်​ကွက်ဆန္ဒပြခဲ့​ကြပါတယ်။

ဒီက​နေ့​ဆန္ဒပြပွဲကို ဘား​မား​စင်တာ ​ဒေလီက စီစဉ်ပြုလုပ်ခဲ့​တာဖြစ်ပြီး​ ကချင်၊​ ကရင်နဲ့​ရခိုင်အဖွဲ့​အစည်း​တွေအပါအဝင် မြန်မာ့​ဒီမိုက​ရေစီအင်အား​စု ၁၀၀ ခန့်​ပါဝင်ဆန္ဒပြခဲ့​ကြပါတယ်။

ဆန္ဒပြရတဲ့​အ​ကြောင်း​ရင်း​ကို ဘား​မား​စင်တာ​ဒေလီက ကိုကင်မ်က “မြန်မာပြည်မှာ အုပ်ချုပ်​နေတဲ့​ နအဖစစ်အစိုး​ကို လက်နက်​ပေး​တာဟာ အခု နယ်စပ်​ဒေသ​တွေမှာ ကချင်ပြည်နယ်မှာ​ရော ရှမ်း​ပြည်မှာပါ တိုက်ပွဲဖြစ်​နေတာကို အား​ပေး​အား​မြှောက်ပြုတာဖြစ်တယ်။ အဲဒီ လက်နက်​တွေနဲ့​ပဲ ကျ​နော်တို့​ မြန်မာနိုင်ငံသား​တွေကို ပြန်ပြီး​တော့​ သတ်မှာဖြစ်တယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​ အိန္ဒိယအစိုး​ရဆီကို ​တောင်း​ဆိုတဲ့​အ​နေနဲ့​ ဆန္ဒပြတာ ဖြစ်ပါတယ်” လို့​ ​ပြေပါတယ်။

အမျိုး​သမီး​များ​အဖွဲ့​ချုပ် မြန်မာနိုင်ငံက မသင်း​သင်း​အောင်ကလည်း​ “ကျမတို့​ ဆန္ဒပြခြင်း​အား​ဖြင့်​ တကယ်ပဲ အကျိုး​မယုတ်ဘူး​။ ဘာလို့​လဲဆိုရင် ကျမတို့​ရဲ့​အသံ ကျမတို့​ရဲ့​ ဆန္ဒအမှန်ကို အိန္ဒိယအစိုး​ရက​နေပြီး​တော့​ သိတယ်။ အိန္ဒိယနိုင်ငံ ပြည်သူ​တွေက ကြား​သိတဲ့​အခါမှာ သူတို့​တွေနဲ့​ သူတို့​ရဲ့​လုပ်ရပ်ဟာ တကယ်ပဲ မမှန်ကန်ဘူး​၊​ ဒီလိုမျိုး​လက်နက်​တွေကို ပို့​နေတာဟာ ကျမတို့​ မြန်မာနိုင်ငံ ပြည်သူ​တွေက လုံး​ဝမကြိုက်ဘူး​၊​ မလိုလား​ဘူး​ ကန့်​ကွက်တယ် ဆိုတာကို သူတို့​ သိဖို့​အတွက် ကျမတို့​ မှန်ကန်တဲ့​ လုပ်ရပ်တခု ဖြစ်တယ်” လို့​ ​ပြောပါတယ်။

မြန်မာနိုင်ငံလုံး​ဆိုင်ရာ​ကျောင်း​သား​များ​ဒီမိုကရက်တစ်ရဲ့​ နိုင်ငံခြား​ရေး​တာဝန်ခံ ကိုဇင်နိုင်ကလည်း​ “အိမ်နီး​ချင်း​နိုင်ငံ​တွေ အား​လုံး​ကို ကြည့်​ပါ။ တရုတ်၊​ လာအို၊​ ထိုင်း​၊​ ဘင်္ဂလား​ဒေ့​ရှ်၊​ အိန္ဒိယ ဘယ်နိုင်ငံနဲ့​မှ စစ်ဖြစ်ဖို့​ အလား​အလာ မရှိပါဘူး​။ ဒါဆိုရင် အခု ဗမာပြည်အစိုး​ရကို လက်နက်​တွေ ​ထောက်ပံ့​နေတာ ဗမာပြည်အစိုး​ရက လက်နက်​တွေ အကူအညီ​တောင်း​နေတာ ယူ​နေတာ ဘာလုပ်ဖို့​လဲ။ လက်နက်နဲ့​ မတရာအာဏာသိမ်း​ပြီး​ ပြည်သူလူထုကို ဖိနှိပ်ညှဉ်း​ပန်း​နှိပ်စက် ဆန့်​ကျင်တာ၊​ ပြည်သူလူထုရဲ့​ ဆန္ဒမပါဘဲနဲ့​ တက်အုပ်ချုပ်​နေတဲ့​ အစိုး​ရမျိုး​ကို ​ထောက်ခံတာဟာ ဗမာပြည်သူလူထုကို ​စော်ကား​တာပါ” လို့​ ​ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်း​မှာ ဖြစ်ပွား​နေတဲ့​ တိုင်း​ရင်း​သား​ အင်အား​စု​တွေအ​ပေါ် စစ်​ရေး​အရ ထိုး​စစ်ဆင်မှု​တွေပြုလုပ်​နေစဉ် အိန္ဒိယနိုင်ငံအ​နေနဲ့​ မြန်မာစစ်အစိုး​ရကို စစ်လက်နက်​တွေကူညီ ​နေတာဟာ လူသား​မဆန်တဲ့​ လုပ်ရပ်ဖြစ်တယ်လို့​ဒီက​နေ့​ဆန္ဒပြပွဲက အိန္ဒိယအစိုး​ရကို ကန့်​ကွက်​ပြောဆိုပြီး​ သက်ဆိုင်ရာ အိန္ဒိယဝန်ကြီး​ချုပ်ရုံး​နဲ့​သတင်း​နဲ့​စာနယ်ဇင်း​တွေသိရှိဖို့​ထုတ်ပြန် ​ကြေညာချက်​တွေ ​ပေး​ပို့​သွား​ခဲ့​ကြပါတယ်။

စစ်လက်နက်အထောက်အပံ့ ရပ်ဆိုင်းရေး အိန္ဒိယ အစိုးရကို ဆန္ဒပြ

စစ်လက်နက်အထောက်အပံ့ ရပ်ဆိုင်းရေး အိန္ဒိယ အစိုးရကို ဆန္ဒပြ

မြန်မာအစိုးရကို စစ်လက်နက် ပစ္စည်း ထောက်ပံ့နေတာတွေ ရပ်တန့်ပေးဖို့ အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက အိန္ဒိယ အစိုးရကို ဒီကနေ့ မနက်ပိုင်းက နယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံအနီးမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြ ပါတယ်။

မြန်မာ့ ဒီမိုကရေစီရေး အဖွဲ့အစည်းများ စုပေါင်း ပါဝင်တဲ့ လူငါးဆယ်ကျော်ခန့်က ဆန္ဒပြခဲ့တာ ဖြစ်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် မသင်းသင်းအောင်က ပြောပါတယ်။

“အိန္ဒိယနိုင်ငံက ကျမတို့ တိုင်းပြည်က ပြည်သူပြည်သားတွေ တိုင်းရင်းသား လူမျိုးတွေကို အခု လက်ရှိမှာပဲ ကျမတို့ ကြားနေရတဲ့ သတင်းတွေအရ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စသဖြင့်ပေါ့။ တိုင်းရင်းသား ဒေသတွေမှာ ဖိနှိပ် နှိပ်စက်ပြီးတော့မှ တိုက်ခိုက် သတ်ဖြတ်နေတဲ့ ဒီလိုတိုက်ပွဲတွေ ဖြစ်နေပြီးတော့မှ ဒီစစ်အစိုးရရဲ့ လက်ထဲကို လက်နက်တွေကို ထည့်ပေးလို့ သူတို့ လက်နက်တွေကို ပံ့ပိုးတဲ့ အတွက်ကြောင့်မိုလို့ လာပြီးတော့ စုရုံး ကန့်ကွက် ဆန္ဒပြခြင်း ဖြစ်ပါတယ်။”

နယူးဒေလီကို အမေရိကန် သမ္မတ အိုဗားမား လာရောက်ခဲ့စဉ်ကလည်း မြန်မာ့အရေးကို ပိုမို လုပ်ဆောင်အောင် အိန္ဒိယ အစိုးရကို တိုက်တွန်းခဲ့သလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယနိုင်ငံ ချင်နိုင်မြို့မှာ မြန်မာပြည် ဒီမိုကရေစီ အရေးကို ကူညီ ထောက်ခံပေးဖို့ ပြောကြား ခဲ့ပါတယ်။ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံရဲ့ မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်လို့လည်း မသင်းသင်းအောင်က အခုလို ပြောပါတယ်။

“အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့က partner တွေ ဖြစ်တယ်။ နှစ်နိုင်ငံလုံးက ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်နေတဲ့အခါ ကျတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ထွန်းကားဖို့ အရေးမှာ အမေရိကန် အစိုးရဟာ တကယ်ပဲ တစိုက်မတ်မတ် ထောက်ခံအားပေးနေတဲ့ အစိုးရတခု ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ သူရဲ့ ပါတနာ သူရဲ့ မိတ်ဆွေ အိန္ဒိယနိုင်ငံရဲ့ ပံ့ပိုးမှုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားဖို့ အရမ်း အရေးကြီးတယ် ဆိုတာ နားလည် သဘောပေါက်တဲ့ အတွက်ကြောင့်မိုလို့ သူတို့နဲ့ အတူတူပဲ ကမ္ဘာ့ အသိုင်းအဝိုင်းနဲ့ အတူတူပဲ အိန္ဒိယနိုင်ငံက ပူးပေါင်း ဆောင်ရွက်မှုကို ပေးစေချင်တယ်။ ဒါကြောင့်မို့ လည်း အမြဲတမ်း တိုက်တွန်းတာလို့ ကျမထင်ပါတယ်။”

အိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ် အခြေစိုက် ခေါနုသုန်သတင်းဌာနရဲ့ ဒီလ (၁၁) ရက်နေ့ သတင်းအရ အိန္ဒိယ အစိုးရဘက်ကနေ စစ်ကုန်တင်ကား ၅၂ စင်းနဲ့ စစ်လက်နက်တွေကို မြန်မာ အစိုးရဘက်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

ဒီဆန္ဒပြပွဲ ပြုလုပ်နေစဉ်မှာပဲ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနတွေကို လိပ်မူပြီး သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

စစ်လက်နက် မကူရန် အိန္ဒိယကို တောင်းဆို

စစ်လက်နက် မကူရန် အိန္ဒိယကို တောင်းဆို

by ထွန်းထွန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာအစိုးရသစ်က ကချင်နှင့် တိုင်းပြည်အရှေ့ပိုင်း တိုင်းရင်းသားဒေသများ၌ ထိုးစစ် ဆင်နေသဖြင့် အိန္ဒိယအစိုးရအနေနှင့် စစ်လက်နက် မကူညီရန် အိန္ဒိယရှိ လူမှုအဖွဲ့အစည်းများနှင့် မြန်မာ့အရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

မြို့တော်နယူးဒေလီရှိ ဂျန်တားမန်တားအရပ်၌ သောကြာနေ့ နေ့လယ်ပိုင်းတွင် ဆန္ဒပြတောင်းဆိုရာ အိန္ဒိယ လူမှုအဖွဲ့အစည်း ၄၆ ဖွဲ့၊ တသီးပုဂ္ဂလ ၄၉ ဦးနှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ၂၄ ဖွဲ့ အပါအဝင် လူဦးရေ ၁ဝဝ ကျော် ပါဝင်ခဲ့သည်။

“အိန္ဒိယ အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့တာကို ကျမတို့ မလိုချင်ဘူး။ ဘာ့လို့လဲဆိုတော့ ဒါက အပြစ်မဲ့တဲ့သူတွေကို သတ်နေတာ။ ဒါကြောင့် မလိုချင်တာ။ ဒါကလည်း ကျမတို့ အိန္ဒိယအစိုးရကို ပေးချင်တဲ့ သတင်းစကားပါပဲ” ဟု ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သည့် Burma Centre (Delhi) မှ ဆက်သွယ် ညှိနှိုင်းရေးမှူး မစ္စစ် Alana Golmei က မဇ္ဈိမကို ပြောသည်။

အိန္ဒိယအစိုးရက စစ်လက်နက် ထောက်ပံ့ခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် မြန်မာတိုင်းရင်းသား ဒေသများတွင် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အားပေးအားမြှောက် ဖြစ်နေသည်ကို မလိုလားကြောင်း စုပေါင်းကြေညာချက်တွင် ရေးသားထားသည်။

ထို့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။

“သူတို့ (အိန္ဒိယ) အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးနဲ့ ရရှိရေးအတွက် အုပ်ချုပ်နေတဲ့ သူတွေနဲ့ ဆက်ပြီးတော့ လိုချင်တာတွေ ပေး၊ ဝယ်ချင်တာတွေ ရောင်းမယ့် အနေအထား။ နောက်တခါ ဆိုးတာကတော့ နိုင်ငံတကာ စင်မြင့်မှာ မြန်မာအုပ်ချုပ်သူများ အလွန်လိုချင်နေတဲ့ နိုင်ငံရေးအရ ကာကွယ်မှု၊ သံတမန်ရေးအရ ကာကွယ်မှု တွေကို အိန္ဒိယအစိုးရက တောက်လျှောက် လုပ်လာတော့ ဒါလည်းပဲ ဆက်လုပ်နေမယ်လို့ ကျနော်က ထင်တယ်”ဟု NCGUB ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောဆိုသည်။

အိန္ဒိယဘက်မှ စစ်လက်နက်များ တင်ဆောင်ထားသည့် မြန်မာစစ်ကား ၅၂ စီး ဇူလိုင် ၇ ရက်တွင် မြန်မာပြည်တွင်း ဝင်ရောက်ခဲ့သည့်အပေါ် ယနေ့ဆန္ဒပြပွဲက ကန့်ကွက်ခဲ့သေးသည်။ မဏိပူရပြည်နယ် မိုးရေးမြို့မှ စစ်ကိုင်းတိုင်း တမူးမြို့မှတဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျမတို့အနေနဲ့ အိန္ဒိယဘက်ကနေ မြန်မာဘက်ကို စစ်ကား ၅၂ စီး ပို့ခဲ့တယ်ဆိုတာကိုပဲ သိရတယ်။ အသေးစိတ် မသိရသေးဘူး။ ကျမတို့ ဒီသတင်းတွေကို နယ်စပ်မှာရှိတဲ့ သတင်းအေဂျင်စီတွေကနေ ရတာပါ။ အခုကိစ္စကတော့ ကျမတို့ ဆန္ဒပြတဲ့ထဲမှာပါတဲ့ ကိစ္စရပ်တခုပါ။ ဒါက အိန္ဒိယက မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့နေတဲ့အထဲက အစိတ်အပိုင်းတခုပါ” ဟု မစ္စစ် Alana Golmei က ပြောသည်။

အဆိုပါ စစ်ကား ၅၂ စီးကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အိန္ဒိယက ဒီလိုအချိန်မျိုးမှာပေါ့လေ။ လက်နက်ပစ္စည်းတွေ မြန်မာပြည်ပို့တယ်ဆိုတဲ့ သတင်းက မှန်ခဲ့လို့ရှိရင်တော့ ဒီဟာဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အချိန်ရွေးမှုလည်း အင်မတန်မှ လွဲမှားတယ်။ ဘာကြောင့်လဲဆိုတော့ သိတဲ့အတိုင်း မြန်မာပြည်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေက အနည်းဆုံး ပြည်နယ် ၃ ခုမှာတောင် ဖြစ်နေတဲ့ အချိန်မှာ လက်နက်တွေ ပေးတယ်ဆိုတော့ ဒါဟာ မှားယွင်းတဲ့ အချိန်ရွေးချယ်မှု” ဟု ဒေါက်တာတင့်ဆွေက ဆိုသည်။

အိန္ဒိယအနေဖြင့် ၎င်းတို့အကျိုးစီးပွားအတွက် လက်နက်နှင့် ချဉ်းကပ်ခြင်းမှာ မှားယွင်းကြောင်းနှင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနှင့် အကြမ်းမဖက်မှု ကိုင်စွဲခဲ့ခြင်း၊ ဗုဒ္ဓဘာသာ ထွန်းကားရာ ဒေသဖြစ်သည့်အတွက် နဂိုရှိရင်းစွဲ အရည်အချင်းများနှင့်သာ ချဉ်းကပ်သင့်သည်ဟု သူက ဆက်ပြောသည်။

“လက်နက်ရောင်းတာကတော့ ဘယ်နေရာရောင်းရောင်း ရတယ်။ ခုနပြောတဲ့ အကြမ်းဖက်မှုနဲ့ ဘာသာရေး အဆုံးအမတွေကို တခြားနိုင်ငံတွေ လုပ်မရဘူး။ ဆိုလိုချင်တာက အိန္ဒိယဟာ သူ့ရဲ့ ကိုယ်ပိုင် အရည်အသွေးတွေကို သုံးပြီးတော့ နိုင်ငံတကာ ဆက်ဆံရေး၊ သူ့အကျိုးစီးပွား ဖြည့်ဆည်းအောင် လုပ်သင့်တယ်လို့ ယူဆပါတယ်” ဟု သူက ဆိုသည်။

မြန်မာ့မြေပေါ်တွင် အခြေချ လှုပ်ရှားနေသည့် အိန္ဒိယအရှေ့မြောက်ပြည်နယ် ခွဲထွက်ရေး သူပုန်များအား နှိမ်နင်းရန် အတွက် အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို လက်နက်များ ဈေးပေါပေါနှင့် ယခင်က ထုတ်ရောင်းခဲ့စဉ် ကလည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ကန့်ကွက်ခဲ့ကြသေးသည်။ သို့သော် ၂ဝဝ၈ ခုနှစ် မတ်လထဲတွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ပရာနတ်ဘ် မူကာဂျီးက ၎င်းတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံကို လက်နက်ထောက်ပံ့ခဲ့သည်မှာ မဟုတ်မှန်ကြောင်း အမေရိကန် ဝါရှင်မြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုခဲ့သည်။

ဆွီဒင်နိုင်ငံ Stockholm အပြည်ပြည်ဆိုင်ရာဌာန - SIPRI မှ သုတေသနပညာရှင် Siemon Wezeman အဆိုအရ ၂ဝဝ၆ အောက်တိုဘာလထဲတွင် ၇၅ နှင့် ၁ဝ၅ မီလီမီတာသေနတ်များ တင်ပို့ခဲ့ပြီး T-55 တင့်ကားများ၊ သံချပ်ကာကားများ၊ မော်တော်ကားများနှင့် ရဟတ်ယာဉ်များလည်း ပို့ဆောင်ခဲ့ကြောင်း ဝီကီလိခ်ကြေးနန်း များတွင် ဖော်ပြပါရှိသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပေ။

ယင်းအပြင် ၂ဝ၁ဝ နှစ်ကုန်ပိုင်းက အိန္ဒိယ-မြန်မာ သဘောတူညီချက်တွင် ရိုင်ဖယ်သေနတ်များ၊ သံချပ်ကာ ကားများနှင့် ကင်းလှည့်လေယာဉ်များ ထောက်ပံ့ရန် လက်မှတ်ရေးထိုးခဲ့ကြေင်း မစ္စတာ Wezeman က ဝီကီလိခ်တွင် ပြောကြားထားသည်။

ယနေ့ဆန္ဒပြပွဲအပြီးတွင် အိန္ဒိယအဖွဲ့များနှင့် မြန်မာ့အရေး လှုပ်ရှားသူများက လက်မှတ်ရေးထိုး ကန့်ကွက်လွှာ ၂ စောင်အား ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းထံ ပေးပို့ခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဟီလာရီ ကလင်တန် တောင်းဆို

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဟီလာရီ ကလင်တန် တောင်းဆို

မြန်မာနိုင်ငံတွင် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းမရှိလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှု ဆုံးရှုံးနေမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောကြားလိုက်သည်။

“ကျမတို့ အလေးအနက်ထားတာက အကျဉ်းထောင်တွေထဲမှာ ဆိုးဆိုးရွားရွား ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိ အစိုးရက လွှတ်ပေးဖို့ပဲ” ဟု ဟီလာရီ ကလင်တန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လူနည်းစု တိုင်းရင်းသားများ၊ နိုင်ငံရေးအတိုက်အခံများနှင့် အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို အကောင်အထည် ဖော်သင့်ကြောင်းလည်း ဟီလာရီ ကလင်တန်က ပြောသည်။

ဟီလာရီ ကလင်တန်က စစ်လက်နက် ထိမ်းချုပ်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှု မြင့်မားလာကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ယမန်နှစ်က ဒုံးကျည်ထိပ်ဖူးများ၊ စစ်လက်နက်ခဲယမ်းများ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုးရီးယား သင်္ဘော မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းလာသည်ကို တားဆီးခဲ့သည်ဟု အမေရိကန် အရာရှိများက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံက အနုမြူလက်နက် ပိုင်ဆိုင်လိုသည့် ရည်ရွယ်ချက်ရှိသည်ဟု စိုးရိမ်ဖွယ်များ တိုးလာစေခဲ့သည်။

နျူကလီးယား မပြန့်ပွားရေးနှင့်ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ခြင်းခံနေရသည့် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာရန် ဟီလာရီ ကလင်တန်က သတိပေးသည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကို သူတို့လှမ်းမလား၊ တလျှောက်လုံး သွားနေတဲ့ လမ်းဟောင်းပဲ ဆက်လျှောက်မလား၊ ရွေးချယ်စရာက ရှင်းပါတယ်” ဟု ဟီလာရီ ကလင်တန်က ပြောသည်။

ယမန်နှစ်က ရွေးကောက်ပွဲကျင်းပခဲ့ပြီး စစ်အုပ်ချုပ်ရေးမှ အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ခြင်းများ ရှိသော်လည်း ဟန်ပြပြောင်းလဲခြင်းသာ ဖြစ်ပြီး စစ်တပ်မှ အာဏာကို တဖက်လှည့်နှင့် ထိမ်းချုပ်ထားဆဲဟု အများက ယုံကြည်နေကြသည်။

ယခုဆွေးနွေးနေဆဲဖြစ်သည့် မြန်မာကို ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးပေးရေး မဖြစ်သင့်ကြောင်းကိုလည်း ဟီလာရီ ကလင်တန်က အရိပ်အမြွက် ထည့်သွင်းပြောဆိုခဲ့သည်။

“အာဆီယံအဖွဲ့ဝင်တွေဟာ ဒေသတွင်းမှာ ဦးဆောင်နိုင်တဲ့ နိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မူရှိတဲ့၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ ဥက္ကဋ္ဌ နိုင်ငံကို ရွေးချယ်နိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

အမေရိကန် သမ္မတ အိုဘားမား အစိုးရသည် မြန်မာနိုင်ငံတွင် အခြေအနေ တိုးတက်လာစေရန် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ခဲ့သော်လည်း သိသာမြင်သာသည့် တိုးတက်ပြောင်းလဲခြင်း မရှိပေ။

ဘာလီကျွန်း ဆွေးနွေးပွဲ မတိုင်မီ ဇူလိုင်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ကလေးစစ်သားကိစ္စ၊ အဓမ္မ အလုပ်ခိုင်းစေမှု၊ မတရား ဖမ်းဆီးနှိပ်စက် ထောင်ချခြင်းများ၊ စစ်တပ်က လက်နက်တခုသဖွယ် အမျိုးသမီးများအား မုဒိန်းပြုကျင့်သည့်ကိစ္စများ အပါအ၀င် ပြည်သူများ၏ အခွင့်အရေးများကို ကျူးလွန် ချိုးဖောက်နေခြင်းများအတွက် အမေရိကန် အောက်လွှတ်တော်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ်တိုးခဲ့သည်။

ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရကို ၀န်ကြီးကလင်တန် တိုက်တွန်း

ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရကို ၀န်ကြီးကလင်တန် တိုက်တွန်း

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရေး မှာလည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ဖို့ တောင်းဆိုကြောင်းနဲ့ နျူကလီးယား မပြန့်ပွားရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နျူကလီးယား ပြဿနာအတွက် စိုးရိမ်ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။ အဖွဲ့ဝင် ၁၀ နိုင်ငံပါရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ (ASEAN) ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ စိန်ခေါ်မှုတခုနဲ့ ရင်ဆိုင်နေရပြီး ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေး Regional Security Forum ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ၀န်ကြီး ကလင်တန်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

တဆက်ထဲမှာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ တာဝန်ပေးအပ်ဖို့အတွက် ဘယ်လို အတွေးအခေါ်နဲ့ လက်ခံခွင့်ပြုမှာလဲ ဆိုတဲ့မေးခွန်းနဲ့အတူ အဲဒီလိုမြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌ တာဝန်ပေးအပ်မယ်ဆိုရင် အာဆီယံအသင်းရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ဂုဏ်သိက္ခာ ပိုပြီးတိုးတက်လာမယ့် အခြေအနေရှိသလားဆိုတဲ့ မေးခွန်းတွေကို မေးမြန်းသွားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကို ရည်ညွှန်းပြောဆိုရာမှာ ၀န်ကြီးကလင်တန်က “ရွေးချယ်ရမယ့် နည်းလမ်းက ရှင်းပါတယ်၊ လိုအပ်တဲ့ လုပ်ငန်းအဆင့်တွေကို ဆောင်ရွက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုကိုယူမလား၊ ဒါမှမဟုတ် အခုလက်ရှိအတိုင်းပဲ ဆက်သွားမလား ဆိုတာပါပဲ” - လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုမရှိဘဲ နိုင်ငံရေးအရ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ ကိစ္စတွေဟာ အာဆီယံအဖွဲ့ကြီးရဲ့ စည်းလုံးညီညွတ်မှုနဲ့ အနာဂါတ်ရေးတွေကို စိန်ခေါ်နေကြောင်း၊ အလုပ်မပါတဲ့ အပြောသက်သက်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်မခံနိုင်ကြောင်း ၀န်ကြီး ကလင်တန်က ပြောဆိုပါတယ်။

၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌတာဝန်နဲ့ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ တုံ့ပြန်ချက်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “မြန်မာနိုင်ငံမှာ စစ်မှန်တဲ့အပြောင်းအလဲတွေ လုပ်ဖို့လိုကြောင်း၊ အဓိကလိုအပ်ချက်က တွေ့ဆုံဆွေးနွေးရေး ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး စစ်မှန်တဲ့ပါတီစုံစနစ် ထွန်းကားတဲ့နိုင်ငံဖြစ်လာရင် အားလုံးကလက်ခံကြမယ်လို့ ထင်မြင်ကြောင်း ပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ဦးခင်မောင်ဆွေကတော့ မြန်မာနိုင်ငံဟာ အပြောင်းအလဲတခုဆီကို သွားတဲ့နေရာမှာ ဘယ်လောင်လျင်လျင်မြန်မြန်နဲ့ အားလုံးမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်လေ့လာရဦးမယ့် အနေအထားမှာ ရှိနေဆဲပါပဲလို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေပြီး စစ်အစိုးရကနေ အရပ်သားအစိုးရအသွင် ကူးပြောင်းခဲ့တယ်ဆိုပေမဲ့ အဲဒီအသွင်ပြောင်းမှုဆိုတာ အပေါ်ယံပဲ ဖြစ်ပြီး လက်တွေ့မှာ စစ်တပ်ကအာဏာကို ချုပ်ကိုင်ထားဆဲပဲဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အာစီယံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

အာစီယံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေးကို ငြင်းဆန်နေမယ် ဆိုရင် အာစီယံရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဒီကနေ့ ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်နေတဲ့ အာစီယံ ဒေသဆိုင်ရာ လုံခြုံရေးညီလာခံ မိန့်ခွန်းပြောရာမှာ မစ္စက်ကလင်တန်က အခုလို ပြောလိုက်တာပါ။ ဒါ့ပြင် မြန်မာကို အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးမယ်ဆိုရင် အဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာနဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ကျဆင်း မသွားအောင် တာဝန်ယူနိုင် မယူနိုင်ဆိုတာကို အာစီယံအနေနဲ့ ထည့်သွင်း စဉ်းစားသင့်တယ် လို့လည်း ပြောပါတယ်။

မြန်မာ့အရေးဟာ အာစီယံအတွက် အဓိက ကိုင်တွယ် ဖြေရှင်းရမယ့် စိမ်ခေါ်မှုတခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ပြည်သူတွေရဲ့ ယုံကြည် ကိုးစားမှုနဲ့ နိုင်ငံတကာ အဝန်းအဝိုင်းရဲ့ လက်ခံ ယုံကြည်မှုကို ပြန်ရအောင် လုပ်မလား၊ ဒါမှမဟုတ် လက်ရှိ သွားနေတဲ့ ကျရှုံးမှု လမ်းကြောင်းကို ဆက်လိုက်မလား ဆိုတဲ့ ၂ ခုထဲက တခုကို ရွေးချယ်ဖို့သာ ရှိတော့ကြောင်းလည်း မစ္စက် ကလင်တန်က ပြောပါတယ်။

ဆက်လက်ပြီး မြန်မာအစိုးရရဲ့ ထွက်ပေါက် မရှိ ချောင်ပိတ်မိနေတဲ့ အနေအထားဟာ အာစီယံရဲ့ အနာဂတ်ကို ထိခိုက် လာစေနိုင်ကြောင်း၊ နိုင်ငံတကာ အဝန်းအဝိုင်းက လိုလား တောင်းဆိုနေတဲ့ အတိုင်း မြန်မာ အစိုးရ ဆောင်ရွက်လာရေး အတွက် စည်းရုံး ဆွဲဆောင်ရာမှာ အာစီယံ အဖွဲ့ရဲ့ အကူအညီ လိုအပ်ကြောင်း မစ္စက် ကလင်တန်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စက်ကလင်တန်ဟာ အာစီယံအစည်းအဝေးအတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဖို့မရှိဘဲ၊ အာရှ-ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကသာ အခုသီတင်းပတ်စောစောပိုင်းမှာ ဦးဝဏ္ဏမောင်လွင်ကို တွေ့ဆုံခဲ့ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

ကြောင်နတိုးဆည်ရေ ဖေါက်လို့ သီးနှံပျက်စီး

ကြောင်နတိုးဆည်ရေ ဖေါက်လို့ သီးနှံပျက်စီး

မကွေးတိုင်း ငဖဲမြို့နယ် အတွင်း အခု ရက်ပိုင်းမှာ မိုးအဆက်မပြတ် ရွာပြီး ရေများလာတာကြောင့် ကြောင်နတိုးဆည်က ဆည်ရေ ဖေါက်ချလိုက်တဲ့ အတွက် စကုမြို့နယ် အတွင်းရှိ ကျေးရွာ ၄၀ လောက်က စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးခဲ့ပါတယ်။

ဒေသခံတစ်ဦး။ ။ "စကုမြို့ရဲ့အထက်မှာက ရွှေစက်တော် ငဖဲ မြို့နယ် ကြောင်နတိုးဆည် ဆိုတာ ရှိတယ်။ အဲဒီဆည်က မိုးရာသီမှာ မိုးများလာလို့ရှိရင် ဆည်မှာ ရေဖွင့်ချလိုက်တာက အောက်ဖက်မှာ ရှိတဲ့ ကိုင်းတွေ ယာတွေထဲမှာ ရှိတဲ့ အသီးအနှံတွေကတော့ တောက်လျှောက် ပျက်စီးတာပဲဗျ။ နှမ်းဆိုရင် နှမ်းတောင်တွေက ပုံထားတာတွေ ပျက်စီးတာတွေရှိတယ်။ ပြောင်းဆိုရင် ရေ၀င်သွားတယ် ဆိုရင် ရောင်းလို့ မရတော့ဘူး။ တိုင်တောင်ပဲတွေ တခြား ကိုင်းသီးနှံတွေ မုံလာဥခင်းတို့ အားလုံး ပျက်စီးကုန်တယ်။ အခုဆို တောက်လျှောက်ရေက မကျသေးဘူး။ စကုမြို့ပေါ် မန်းကင်းရပ်ကွက်ပေါ့။ အိမ်သာတွေ ရေတုံကင်တွေ အားလုံးမြုပ်သွားတယ်။"

တကယ်တော့ အဲဒီဆည်ကနေ ရေဖေါက်ချလို့ အခုလို ရေနစ်နေရတာ နှစ်စဉ်နှစ်တိုင်းလို ဖြစ်နေပေမဲ့ အာဏာပိုင်တွေက အခုအချိန် အထိ ကြိုတင် ကာကွယ်နိုင်အောင် လုပ်မပေးခဲ့ကြောင်း သူက ပြောပါတယ်။

ဒီဆည်မှာ မိုးများလာလို့ထိမ်းမထားနိုင်ဘူးဆိုရင် ကြိုပြီးတော့ ရေလွှတ်တာတို့ မလုပ်ပဲနဲ့ သူတို့က ဆည်မထိမ်းနိုင်တော့ဘူးဆိုမှ ရေဖွင့်ဖွင့်ချတဲ့အခါကျတော့ အခု မန်းချောင်း ၀ဲယာမှာ ရှိတဲ့ ရွာတွေပျက်စီးတာက နှစ်စဉ်နှစ်တိုင်းလို ဖြစ်နေတယ်။ သဘာဝ ပတ်ဝန်းကျင် ထိလို့ ပျက်စီး ဆုံးရှုံးသွားတယ်ဆိုတာ တမျိုးပေါ့ဗျ။ ဒါတွေက အာဏာပိုင်တွေက စီမံခန့်ခွဲမှု အစီအမံကောင်းမယ်ဆိုရင် ကာကွယ်တားဆီးနိုင်ပါလျက်နဲ့ သူတို့ သေသေချာချာ အလုပ်မလုပ်တဲ့ အတွက်ကြောင့် ပျက်စီး ဆုံးရှုံးရတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်း ဖြစ်နေတဲ့အတွက် ဒေသခံတွေ အများကြီးနှစ်နာတယ်။ မဖြစ်သင့်ဘူးလို့ ပြောချင်တယ်ဗျ။

ပျက်စီးဆုံးရှုံးသွားတဲ့ စိုက်ပျိုးသီးနှံ ဧက အနည်းဆုံး ရာဂဏန်း ရှိတယ်လို့ လည်း သူက ပြောပါတယ်။

ကြောင်နတိုးဆည်ဟာ ဧက ၅သောင်းလောက်ကို ရေပေးဝေနေတာ ဖြစ်ပြီး မိုးရာသီမှာ ရေဖေါက်ချရတဲ့ အဆင့်အထိ ဖြစ်နေပေမဲ့ နွေရာသီ နွေစပါး စိုက်ပျိုးချိန်မှာ ရေကို လုံလောက်အောင်မပေးနိုင်ဘူးလို့လည်း သိရပါတယ်။

စံချိန်တင်မိုးကြောင့် ရခိုင်မြို့နယ် ၇ နယ်တွင် ရေကြီး

စံချိန်တင်မိုးကြောင့် ရခိုင်မြို့နယ် ၇ နယ်တွင် ရေကြီး

by ကျော်ခ

ချင်းမိုင် (မဇ္ဈိမ)။ ။ စံချိန်တင် မိုးကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၇ ခုအတွင်း လယ်ယာမြေများ ရေမြုပ်ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ရှိခဲ့သည့်အပြင် စာသင်ကျောင်းများနှင့် ဈေးများလည်း ပိတ်လိုက်ရသည်။

ဇူလိုင် ၁၈ ရက်မှစ၍ အဆက်မပြတ် မိုးရွာသွန်းခဲ့သဖြင့် မြောက်ဦး၊ ကျောက်တော်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များနှင့် အနီးတ၀ိုက် ”ရေပင်လယ်ကြီး” ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

မြောက်ဦးတွင် အဆိုးဆုံးဖြစ်ကာ အထက်တန်းကျောင်းသားတဦး ရေနစ်သေဆုံးခဲ့သည်။ မြို့ပေါ်ရှိရပ်ကွက်များတွင် ရေအမြင့် ၄ ပေထိ တက်ခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ သွားရောက်ခိုလှုံရသူများ ရှိလာသည်ဟု မြို့ခံများက ပြောသည်။

“မိုးက ၄ ရက်လောက်ရှိပြီ၊ ဆက်တိုက်ရွာနေတော့ ရေက အခု ရင်ဆို့လောက်ရှိတယ်။ မြို့ထဲမှာ ဘယ်မှ သွားလို့ မရဘူး။ လှေနဲ့သွားရင်တော့ ရရဲ့။ တခြားမြို့ရွာတွေနဲ့တော့ အဆက်အသွယ်ပြတ်သွားပြီ။ ဘယ်မှ သွားလို့ မရတော့ဘူး။ ပင်လယ်ပြင်ကြီးထဲမှာလိုပဲ” ဟု မြို့ခံ အထက်တန်းကျောင်း ဆရာတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ကျောင်းတွေ ရေမြုပ်နေလို့ ပိတ်ထားတယ်။ စာသင်လို့ မရဘူး၊ မြို့ထဲတောင် သွားလို့လာလို့ မရဘူး ဖြစ်နေတယ်” ဟု ဆိုသည်။

ဇူလိုင် ၁၉ ရက်တွင် တိုင်းထွာခဲ့သည့် မိုးရေချိန်အရ မြောက်ဦးမြို့၌ ယခင်စံချိန်ဟောင်း ၈ ဒဿမ ၉၀ လက်မကို ၉ ဒဿမ ၃၇ လက်မဖြင့် ၃၃ နှစ်ကြာ စံချိန်ကို ချိုးခဲ့ကြောင်း နေပြည်တော် မိုးလေဝသ ဇလဗေဒဌာနကို ကိုးကား၍ ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ပြီး တောင်ကုတ်၌လည်း နှစ်ပေါင်း ၁၅ နှစ်ကြာခဲ့ပြီဖြစ်သည့် စံချိန်ဟောင်း ၁၃ ဒဿမ ၀၇ လက်မကို ၂၉ ဒဿမ ၁၀ လက်မဖြင့် စံချိန်ချိုးခဲ့ကြောင်း ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

စိုက်ပျိုးလယ်မြေ ဧကပေါင်း သောင်းချီ ရေနစ်မြုပ်နေသလို ရေကြီးသဖြင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ ထားရန်နေရာနှင့် အစားအစာ အခက်ကြုံနေကြသည်မှာ တနင်္လာနေ့ကတည်းကပင် ဖြစ်သည်ဟု သိရသည်။

ကျောက်တော်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ဗူးသီးတောင်နှင့် မောင်တောမြို့ပေါ်ရပ်ကွက်များနှင့် နယ်များတွင်လည်း ရေကြီးမှုဒဏ်ကို ကြုံတွေ့နေရသည်။ တောင်ကုတ်မြို့တွင် အင်္ဂါနေ့မှစ၍ ရေတက်နေသဖြင့် ကျောင်းများ ပိတ်ထားရသလို အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဆားများ ဝယ်ယူရန်ပင် အခက်တွေ့နေကြသည်။

“ရေက မကျသေးဘူး။ လယ်ကွင်းဆိုတာ မြင်တောင်မမြင်ရတော့ဘူး။ ရွာတွေတောင် ကျွန်းတွေလိုပဲ မြင်ရတယ်။ ဟိုတစု ဒီတစု တပြင်လုံး ရေချည်းပဲ” ဟု တောင်ကုတ်မြို့သူ တဦးက မဇ္ဈိမကို ပြောသည်။ ရေများဖုံးလွမ်းနေသဖြင့် သံတွဲနှင့် တောင်ကုတ် ကူးသန်းသွားလာနေသည့် ကားလမ်းမကြီးတွင် ကားများ ဖြတ်သန်းသွားလားခြင်း မရှိတော့ပေ။

ကျောက်တော်မြို့ခံတဦးကလည်း “မိုးကတော့ ဆက်တိုက်ရွာတုန်းပါပဲ။ ဆက်ရွာရင် အန္တရာယ်ရှိနိုင်တယ်။ အငတ်ဘေးပြဿနာလိုပေါ့။ အခုလည်း ဈေးထဲမှာ စားသောက်ကုန်တွေက နည်းနည်း ရှားလာတယ်။ စားသောက်ကုန်တွေက လမ်းတွေ ခက်ခဲတော့ ရှားလာတာ။ ရေမြုပ်နေတော့ သွားလာရခက်ခဲလို့ ဈေးရောင်းစားတဲ့ သူတွေလည်း သိပ်မလာကြတော့ဘူး” ဟု ဆိုသည်။

၁၇ မိုင် ရှည်လျားသည့် ဘူးသီးတောင်နှင့် မောင်းတော ကူးသန်းသွားလာနေသည့် အဓိကဆက်သွယ်ရေး လမ်းမကြီးသည်လည်း ဘူးသီးတောင်မြို့မှ အသွား ၈ မိုင်အကွာတွင် တောင်ကျရေ တိုက်စားမှုကြောင့် အပျက်အစီး ကြီးမားသည်ဟု ဘူးသီးတောင် မြို့ခံများက ပြောသည်။

ဘူးသီးတောင်မြို့ပေါ်ရှိ မြို့စည်ပင်ဈေးကြီး ၅ ပေခန့် ရေနစ်မြုပ်နေသလို၊ ဈေးအနီးရှိ တောင်ပူဇာဆိပ်ကမ်းနှင့် မြို့ပေါ်ရပ်ကွက် ၄ ခု ခန့်တွင် ရေကြီးနေသည်။ အနည်းဆုံး အနီးပတ်ဝန်းကျင် ရွာပေါင်း ၂၀ ကျော်မှာ ရေကြီးမှုနှင့် ကြုံတွေ့နေရသည်ဟု မြို့ခံများက ပြောသည်။

“လူတွေဘယ်မှ သွားလို့ မရကြတော့ဘူး။ ပင်လယ်ပြင်ကြီးလို ဖြစ်နေတယ်။ ဦးဇင်းတို့တောင် အရုဏ်ဆွမ်း အခက်အခဲနဲ့ ကြုံနေရတယ်။ ကိုယ်တိုင်ချက်ပြီး ဘုန်းပေးနေရတယ်” ဟု ဘူးသီးတောင်မှ သံဃာတပါးက မဇ္ဈိမကို မိန့်ကြားသည်။

သံတွဲမြို့တွင်လည်း အမှတ် ၁၊ အမှတ် ၄ ရပ်ကွက်များ အပါအဝင် နယ်ရွာ ၉ ရွာတွင် ရေကြီးနေသည်ဟု သိရသည်။

ထို့အပြင် စံချိန်တင်မိုးကြီးမှုကြောင့် ရခိုင်ပြည်နယ်ရှိ ကားလမ်းများ ပျက်စီးနေသဖြင့် ပြည်နယ်ထဲသို့ ရန်ကုန်မှတဆင့် ကုန်စည်များ ပို့ဆောင်နေသည့် ကုန်ကားများ ရပ်ဆိုင်းခဲ့ရသည်မှာ ၂ ရက်ရှိခဲ့ပြီဟု ရန်ကုန်အခြေစိုက် ရဲမာန်အောင် ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

ရခိုင်ပြည်နယ် ရေကြီးနေစဉ် ပဲခူးတိုင်း ကဝမြို့နယ်ထဲရှိ ကျေးရွာ ၂၀ ခန့်တွင် ရေတက်ခဲ့သလို စိုက်ပျိုးထားသည့် မျိုးစပါးများပါ ရေမြုပ်ကုန်သည်။ အလားတူ ဧရာဝတီတိုင်း ဟင်္သာတမြို့ပေါ် ရေကြီးရေလျှံဖြစ်သဖြင့် ရပ်ကွက်တခု အပါအဝင် ဈေးနှင့် ကျောင်းတကျောင်း ပိတ်ခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။

နေပြည်တော် မိုးလေ၀သဌာနက ရခိုင်တွင် ဒေသအလိုက်၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်၊ ပဲခူးနှင့် တနင်္သာရီတိုင်းတွင် ဆက်လက်မိုးကြီးနိုင်ကြောင်း ဇူလိုင် ၂၂ ရက် မနက် ၇ နာရီ တိုင်းထွာချက်အရ သိရကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်တွင်လည်း မိုးသက်လေပြင်းကျ၍ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် တနာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ ပြင်းထန်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တောင်ကုတ်မြို့ရေကြီး ရပ်ကွက်တချို့ရေမြုပ် လုနီးပါးဖြစ်နေ

ရခိုင်ပြည်နယ်တောင်ကုတ်မြို့ရေကြီး ရပ်ကွက်တချို့ရေမြုပ် လုနီးပါးဖြစ်နေ

by ခိုင်သဇင်

ရခိုင်ပြည်နယ်တောင်ကုတ်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးပြီး ရပ်ကွက်တချို့ ရေမြုပ် လုနီးပါး ဖြစ်နေကြောင်း ဒေသခံများပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကိုင်းရှည်ရပ်ကွက်၊ ဂူတာရပ်ကွက် ၊ ဆေးရုံကွက်သစ် ၊ ရဲစခန်းအနီး အနား ရပ်ကွက်တချို့တွင် ရေလွှမ်းမှုခံနေရသည်ဟုလည်း ဒေသခံ တစ်ဦးမှ ပြောသည်။

တောင်ကုတ်မြို့ခံတစ်ဦးက "ဟုတ်ပါတယ် မိုးကနေ့စဉ်လိုလိုရွာနေတယ်။ ဒီနေ့ဆို ပိုဆိုးတယ် ညဦးပိုင်း လောက်တည်းက မိုးတော်တော်လည်းကို ရွာတယ်။ အခုဆိုရင် ရပ်ကွက်တစ်ချို့ရေမြုပ် နေပြီး ရက်ကွက်တစ်ခုနဲ့ တစ်ခု ကူးသွားလို့တောင်မရဘူး ဖြစ်နေတယ။် မြေနိမ့်ပိုင်းက ဒေသခံတွေကတော့ ဘုန်းကြီး ကျောင်းတစ်ချို့ နဲ့ စာသင်ကျောင်းတွေမှာ နေရတယ်။ ကားလမ်း အဆက်အသွယ်တွေလည်း လုံးဝ မရတော့ဘူးပေါ့ " ဟုပြောသည်။

ထို့အပြင်ရခိုင်ပြည်နယ်မှ တောင်ကုတ် ၊ မအီ ၊ ရမ်းဗြဲ၊ အမ်း၊ ကျောက်ဖြူမှ တဆင့် ရန်ကုန်သို့ ဆက် သွယ်သွားလာနေရသော ကိုင်းရှည် တံတားသည်လည်း ယခုအခါရေမြုပ် လုနီးပါးဖြစ်နေသည်ဟု တောင်ကုတ် မြို့ခံတစ်ဦးမှ ပြောသည်။

ဒီကိုင်းရှည်တံတားရေမြုပ်ရင် တောင်ကုတ်တစ်မြို့လုံး မြုပ်သွားနိင်ပါတယ် ဟု အဆိုပါဒေသခံမှပြောသည်။

တောငိကုတ်မြို့နယ်အတွင်း နှစ်စဉ် ရေကြီးသော်လည်း ယခုနှစ်လောက် ရေမကြီးဟုလည်းဆိုသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်မြို့ ငါး၊ပုဇွန်မွေးမြူရေးသမားများအတွက် လုပ်ငန်း ပျက်စီးမှု ရှိခဲ့သည်ဟု ငါးပုဇွန်မွေးမြူရေးသမားတစ်ဦးမှယခုလိုပြောပါသည်။

ငါး ၊ ပုဇွန် ကန်တွေဆိုရင်လည်း ရေကြီးလို့ ပုဇွန်တွေ ပြန်လွတ်သွားပေါ့၊ ရေကန်တွေ ဆိုလည်း အကုန်လုံး ရေငန်တွေ ၀င်ကုန်တယ်လေ။ ပျက်စီးမှု တော်တော်များတယ်ခင်ဗျ။ ဟု ပြောသည်။

ရခိုင်ပြည်နယ်တောင်ကုတ်မြို့သည် ငါးပုဇွန်မွေးမြူရေးလုပ်ငန်း တွင်ကျယ်စွာလုပ်ကိုင်နေသောဒေသ တစ်ခုဖြစ်သည်။

ယခုလိုမိုးကြီးရေလျှံသည့် အတွက် ရေတွင်းရေကန်များ အတွင်းသို့ မသန့်ရှင်းသောရေများ ၀င်ရောက်မှုကြောင့် သောက်သုံးရေ ပြသနာရှိနိုင်ပြီး ၀မ်းလျှော ၊ ၀မ်းပျက် ရောဂါတွေ ဖြစ် လာနိင်သည်ဟု ကျန်းမာရေး ၀န်ထမ်းတစ်ဦးမှပြောသည် ။

အလားတူ ရခိုင်ပြည်နယ်မှ သံတွဲ ၊ ဂွ၊ မြေပုံ၊ ကျောက်တော် ၊ မြောက်ဦး မြို့နယ်များတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေကြောင်း ဒေသခံများမှပြောပါသည်။

တောင်ကုတ်မြို့နယ်အတွင်း ရေကြီး

တောင်ကုတ်မြို့နယ်အတွင်း ရေကြီး

by ဘုန်းခိုင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းမှာ မိုးအဆက်မပြတ်ရွာပြီး ဒီရေပါတက်ခဲ့သည့်အတွက် တောင်ကုတ်မြို့ပေါ်မှာ ဒီကနေ့ ရေကြီးပြီး တောင်ကုတ်မြို့မ ဈေးကြီးအပါအ၀င် စာသင်ကျောင်းနှင့် အစိုးရရုံးဌာနများ ပိတ်လိုက်ရသည်။

တောင်ကုတ်မြို့နယ်အတွင်း မိုးရွာပြီး ရုတ်တရက်ဒီရေတက်ခဲ့သည့်အတွက် မြို့ပေါ်တခွင်လုံး ရေလွှမ်းမိုး ခံရခြင်းဖြစ်သည်။

တောင်ကုတ်မြို့ပေါ် ရေကြီးနေရသည့်အခြေအနေကို တောင်ကုတ်မြို့ခံက “ဒီကနေ့ မနက် တစ်နာရီထိုးလောက်ကနေ မိုးရေတက်တာရော ဒီရေတက်တာကော ရောပြီးတက်သွားတော့ မြို့ထဲကို လျှံဝင်လာတာ ခင်ဗျ။ ကျောင်းတွေရော ရုံးတွေရော ပိတ်ထားလိုက်ရတယ်။ မြို့ရဲ့အမြင့်ဆုံးနေရာဆို သမိုင်းဝင်ဖောင်တော်ဦးဘုရားလေ သုံးပေကျော်ကျော်လောက် တက်သွားတယ်။ မြှုပ်သွားတာကတော့ တမိုင်တိုးချဲ့ကွက်သစ်ရယ် ဆေးရုံကွက်သစ်ရယ် နောက်က အထက်တန်းကျောင်းကြီးရှေ့က ကွက်သစ်ရယ် တောင်ကုတ်မြို့မဈေး ဈေးကြီးကတော့ ချောင်းနားနီးတော့ ညတစ်နာရီထိုးလောက်ကတည်းက ရေ၀င်တယ် ခင်ဗျ။ အဲဒီမှာတော့ အပျက်အစီး အဆုံးအရှုံးများတယ်ပေါ့။ အထည်ဆိုင်တို့ အလှကုန်ပစ္စည်းဆိုင်တွေ ပါသွားတယ်” ဟု ပြောသည်။

အလားတူ တောင်ကုတ်မြို့နယ်အတွင်းက ကင်ဒေါင်ကျေးရွာနှင့်လားမူးမော် ကျေးရွာများတွင်လည်း ရေကြီးနေပြီး ကဒေါင်ကျေးရွာက လယ်ဧက (၁၀၀)နီးပါးနှင့် လားမူးမော်ကျေးရွာက လယ်ဧက (၅၀) ကျော် ရေနစ်မြှုပ်နေပြီး ကျေးရွာသားများ သွားရေးလာရေး အခက်တွေ့နေရကြောင်းနှင့် ပတောင်း-တောင်ကုတ်ကားလမ်း ၀ဲဘက်ခြမ်းက နေရာတော်တော်များများမှာလည်း ရေကြီးနေကြောင်း ဒေသခံများက ပြောသည်။

တောင်ကုတ်မြို့နယ်အတွင်း အခုလိုရေကြီးရေလွှမ်းမိုးမှု ဖြစ်ပေါ်လာနိုင်သည့်အခြေအနေကို အများပြည်သူ သိရှိနိုင်အောင် တာဝန်ရှိအာဏာပိုင်များဘက်က ကြိုတင်သတင်းထုတ်ပြန်ခြင်းမရှိသလို ရေနစ်မြှုပ်သွားသည့် ရပ်ကွက်များအတွက် ကယ်ဆယ်ကူညီပေးခြင်းလည်းမရှိတဲ့ အခြေအနေကိုလည်း ဒေသခံနောက်တဦးက “အာဏာပိုင်တွေက ကြိုတင်ကြေညာထားခြင်းလည်း မရှိဘူး။ နောက်ပြီးတော့ ကယ်ဆယ်ရေးတွေလည်း မရှိဘူး။ အဲလိုပဲ ကိုယ့်အချင်းချင်းပေါ့ နီးစပ်ရာစက်လှေဆွဲငှား တင် တချို့အိမ်တွေလည်း အပေါ်ထပ်ထိ မြှုပ်သွားတာတွေရှိတယ် ခင်ဗျ။ အိမ်ခြေ ၁၀၀ လောက်က လူနေလို့ကို မရတော့တာ ဒါကြောင့် နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ဘိုးဖွားရိပ်သားတို့မှာ ပြောင်းနေကြတယ်။ ကားတွေ စက်ပစ္စည်းတွေလည်း မြင့်တဲ့တောင်ကုန်းမှာ ပြောင်းထားရတာပေါ့” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်အတွင်း (၄) နှစ်ကြာကာလအတွင်းမှာ အခုလို ရုတ်တရက် ရေကြီးသွားခဲ့ခြင်းကြောင့် မြို့မဈေးကြီးတွင်းက အထည်ဆိုင်၊ အလှကုန်ဆိုင်နှင့် ကုန်ခြောက်ဆိုင်များရှိ ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသလို ဒေသတွင်း စပါးကုန်သည်များ လောင်ထားသည့် စပါးများ၊ စိုက်ပျိုးပြီးစ မိုးစပါးလယ်မြေများပါ ရေနစ်မြှုပ် ပျက်စီးခဲ့တာကြောင့် ကာလတန်ဖိုး သိန်းထောင်ချီ ဆုံးရှုံးနစ်နာခဲ့ရကြောင်း ဒေသခံစီးပွားရေးသမာများက ပြောသည်။

မြန်မာငွေတန်ဖိုးမြင့်တက်မှုကြောင့် ပုစွန်တင်ပို့နှုန်း ကျဆင်း

မြန်မာငွေတန်ဖိုးမြင့်တက်မှုကြောင့် ပုစွန်တင်ပို့နှုန်း ကျဆင်း

by သူရိန်စိုး

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ကတဆင့် တရားမဝင်တင်ပို့နေတဲ့ ပုစွန်ကျားဟာ အခုနှစ်မှာ အရင်နှစ်တွေနဲ့မတူ အဝင်နည်းနေပါတယ်။

ပုစွန်ကျားဈေးဟာ အတက်အကျမရှိပေမယ့် မြန်မာငွေတန်ဖိုးတက်နေတဲ့အတွက် အခုလို တင်ပို့နိုင်တဲ့နှုန်း ကျသွားရတာလို့ မောင်တောမြို့ ပုစွန်ကုန်သည်တဦးက ပြောပါတယ်။

“ဒီနှစ်က ကျနော်တို့ဘက်က ပုစွန်ဈေးကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဘင်္ဂလားဘက်ကို တင်သွင်းရတဲ့ အခါမှာ ငွေလဲနှုန်းကျတာကြောင့် ပုစွန်လုပ်ငန်းက ကျနော်တို့မှာ အထိနာနေပါတယ်။ အရှုံးပေါ်နေပါတယ်။ အဲ့ဒီအတွက် ပုစွန်တင်ပို့တာ လျှော့သွားတာဖြစ်ပါတယ်။”

ဘင်္ဂလားဘက်မှာ ပုစွန်ကျားအကောင် ၂၀ ပါ တကီလိုဆိုရင် တာကာငွေ ၇၀၀ ပေါက်ဈေးရှိပြီး အဲ့ဒီလို မြန်မာဘက်မှာတော့ တကီလို ကျပ်ငွေ ၇၀၀၀ ထောင် ပေါက်ဈေးရှိတာကြောင့် ငွေလဲနှုန်းနဲ့ ပြန်တွက်လိုက်ရင် အရှုံးပေါ်ရတဲ့ အခြေအနေကို ရောက်နေရတာလို့ ဆိုပါတယ်။

ငွေလဲနှုန်းကတော့ ဘင်္ဂလားငွေ တတာကာကို မြန်မာငွေ ၁၀ ကျပ် ပြား ၄၀ ဈေးပေါက်ပါတယ်။

အရင်နှစ်တွေက ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေက စီးပွားရေးသမားတွေဟာ ငါးဖမ်းသမားတွေဆီက ပုစွန်တွေကို ၀ယ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်း တင်းသွင်းနေတာလို့ မောင်တောက ပုစွန်ကုန်သည်က ပြောပါတယ်။

“အခုက ဘင်္ဂလားဘက်ကို မြန်မာဘက်က ပုစွန်အ၀ယ်ဒိုင်တွေဆီကနေလာတာ မရှိသလောက် ဖြစ်သွားတယ်။ မောင်တောနယ်ထဲက ကိုယ်ပိုင် မွေးမြူရေးကန်တွေနဲ့ လုပ်နေတဲ့ မွေးမြူရေး ပိုင်ရှင်တွေလောက်ပဲ ဘင်္ဂလားဘက်မှာ သွားသွင်းတော့တယ်။”

မြန်မာဘက်က တရားမ၀င်တင်ပို့တဲ့ ပုစွန်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာနဲ့ ကော့စ်ဘာဇာတို့က တဆင့် စစ်တကောင်းမြို့တွေကို တင်ပို့နေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့​ပတ်ရထား​လုပ်ငန်း​ စိတ်ဝင်စား​သူများ​ကို ဖိတ်​ခေါ်

ရန်ကုန်မြို့​ပတ်ရထား​လုပ်ငန်း​ စိတ်ဝင်စား​သူများ​ကို ဖိတ်​ခေါ်

by ရွှေအောင်

ရန်ကုန်မြို့​ပတ်ရထား​ လုပ်ငန်း​ကို စိတ်ဝင်စား​ပြီး​ လုပ်ကိုင်လိုတဲ့​ ပြည်တွင်း​လုပ်ငန်း​ရှင်​တွေ လာမယ့်​ ဇူလိုင် ၂၆ ရက်​နေ့​မှာ ​နေပြည်​တော်က ရထား​ဝန်ကြီး​ဌာနရုံး​ကို လာ​ရောက်ကြဖို့​ မြန်မာ့​မီး​ရထား​က သတင်း​စာက​နေ ဖိတ်​ခေါ်လိုက်ပါတယ်။

ရန်ကုန်မြို့​ပတ် ရထား​ ​ပြေး​ဆွဲတဲ့​နေရာမှာ ရထား​ခ အင်မတန်သက်သာ​ပေမယ့်​ ရထား​တွေအချိန်မမှန်တာ၊​ ​ပြေး​ဆွဲတဲ့​ရထား​ ​ခေါက်​ရေနဲ့​ ခရီး​သည်အ​ရေအတွက်မမျှတတာ၊​ ရထား​တွဲ​တွေသန့်​ရှင်း​မှုမရှိတာ စတဲ့​အား​နည်း​ချက်​တွေ ရှိ​နေပါတယ်။

ဒီလိုဖြစ်​နေတာ​တွေဟာ မြန်မာ့​မီး​ရထား​မှာ နည်း​ပညာအား​နည်း​ချက်​တွေ ရှိ​နေတာ​ကြောင့်​ဖြစ်ပြီး​ ပုဂ္ဂလိက​ပေး​လိုက်ရင် လက်ရှိအ​ခြေအ​နေထက် ပိုပြီး​အဆင်​ပြေလာနိုင်တယ်လို့​ သုံး​သပ်သူ​တွေရှိသလို၊​ ရထား​ခ​တွေ အဆမတန် တိုး​လာမှာကို စိုး​ရိမ်​နေသူ​တွေလည်း​ ရှိပါတယ်။

ဒါ​ပေမယ့်​ မြို့​ပတ်ရထား​ကို ပုဂ္ဂလိက အပြီး​ပေး​မှာလား​၊​ တစိတ်တပိုင်း​ပဲ လက်တွဲလုပ်ဖို့​ စီစဉ်မှာလား​ဆိုတာ​တော့​ သဲသဲကွဲကွဲ မသိရ​သေး​ပါဘူး​။

ဒီသတင်း​နဲ့​ပတ်သက်ပြီး​ မီး​ရထား​ကိုဆက်သွယ်​ပေမယ့်​ လက်ခံ​ဖြေကြား​မယ့်​ သူမရှိပါဘူး။

မီး​ရထား​နဲ့​နီး​စပ်တဲ့​ ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်က​တော့​ ပုဂ္ဂလိက​ပေး​လိုက်ရင် ရလာနိုင်တဲ့​အကျိုး​တခုကို အခုလို ​ပြောပြပါတယ်။

“မီး​ရထား​မှာ ကျ​နော့်​ မိတ်​ဆွေ​တွေလည်း​ ရှိပါတယ်၊​ အဆက်အသွယ်လည်း​ ရှိပါတယ်။ အဓိကက​တော့​ မီး​ရထား​ ပျက်တာ​တွေက နည်း​ပညာပိုင်း​ဆိုင်ရာ အား​နည်း​ချက် ရှိတယ်။ ​နောက် ပစ္စည်း​ မပြည့်​စုံတာ​တွေ ရှိပါတယ်။ အဲဒီလိုမျိုး​ နည်း​ပညာ​တွေ၊​ ပစ္စည်း​ပစ္စယ မပြည့်​စုံတဲ့​အတွက် ဒီလို ရထား​ပြုတ်တာ​တွေ ပျက်တာ​တွေ ဖြစ်တာပါ။ ကျ​နော်တို့​ ပုဂ္ဂလိကပိုင်း​ကျလို့​ရှိရင် ဥပမာ ဒီ နည်း​ပညာနဲ့​ ပစ္စည်း​ပစ္စယပိုင်း​က​တော့​ သူက​တော့​ ကြံရည်ဖန်ရည်နဲ့​ လုပ်ရ​တော့​မှာ​ပေါ့​နော်။ အစိုး​ရပိုင်း​ကျ​တော့​ အဲဒီ​လောက်ကြီး​လုပ်လို့​ မရဘူး​ခင်ဗျ။ အဲဒါလည်း​ ကွာတာ​ပေါ့​။”

လက်ရှိမှာ ရန်ကုန်မြို့​ပတ်ရထား​ခက မြို့​တပတ် အစအဆုံး​စီး​ရင် ​ငွေကျပ်နှစ်ဆယ်ပဲ ကျသင့်​ပါတယ်။ ​နေ့​စဉ် ရထား​ခေါက်​ရေ နှစ်ရာ​လောက် ​ပြေး​ဆွဲ​ပေး​နေပြီး​ ရထား​စီး​ခရီး​သည် တသိန်း​သုံး​သောင်း​ကျော်ရှိ ​နေပါတယ်။

မန္တ​လေး​ မူး​ယစ်ရဲအုပ်က ​ငွေ​ပေး​ပြီး​ လူသတ်ခိုင်း

မန္တ​လေး​ မူး​ယစ်ရဲအုပ်က ​ငွေ​ပေး​ပြီး​ လူသတ်ခိုင်း

by ရွှေအောင်

မန္တ​လေး​မြို့​၊​ ၈၈ လမ်း​၊​ ၂၃ လမ်း​နဲ့​ ၂၄ လမ်း​ကြား​၊​ သီရိမာလာ ရပ်ကွက်ရုံး​ရှေ့​မှာ ဇူလိုင် ၁၉ ရက်​နေ့​ ည ၆ နာရီခွဲ​လောက်က အမျိုး​သမီး​တဦး​ကို အမျိုး​သား​တဦး​က ဓား​နဲ့​ထိုး​သတ်ခဲ့​ပါတယ်။

အမျိုး​သမီး​ရဲ့​အော်သံ​ကြောင့်​ ရပ်ကွက်က ဝိုင်း​ဝန်း​ဖမ်း​မ်း​မိခဲ့​ပြီး​ အဲ့​ဒီလူရဲ့​ ထွက်ဆိုချက်အရ မန္တ​လေး​မြို့​ ​မြောက်ပိုင်း​ခရိုင် မူး​ယစ်အထူး​ရဲတပ်ဖွဲ့​က ရဲအုပ်သန်း​စိုး​က ​ငွေဆယ်သိန်း​ပေး​ သတ်ခိုင်း​တာ ဖြစ်​ကြောင်း​ ​ဖြောင့်​ချက်​ပေး​တယ်လို့​ မျက်မြင်တဦး​က ​ပြောပြပါတယ်။

အသတ်ခံရတဲ့​ အမျိုး​သမီး​ဟာ ရဲအုပ်သန်း​စိုး​ရဲ့​ မယား​ပြိုင်ဖြစ်ပြီး​ မန္တ​လေး​မှာ ကွာရှင်း​စရိတ် လာ​တောင်း​တုန်း​ အခုလိုအသတ်ခံရတာ ဖြစ်​ကြောင်း​ မျက်မြင်က ​ပြောပါတယ်။

“သူ့​က​လေး​နဲ့​ အဲဒီ​ကောင်မ​လေး​ကို ပိုက်ဆံမ​ထောက်လို့​ အဲဒီ​ကောင်မ​လေး​က ဗန်း​မော်က​နေ မန္တ​လေး​ကို လာပြီး​ အဲဒီ မူး​ယစ်အရာရှိ စိုး​သန်း​ဆီမှာ ပိုက်ဆံ​တောင်း​တဲ့​အခါမှာ စိုး​သန်း​က မ​ပေး​ဘဲနဲ့​ ​ကျောက်သပိတ်ဘက်က လူသတ်သမား​ကို ငှား​ပြီး​ သတ်လိုက်တယ်။ အဲဒီ ​ကောင်မ​လေး​လည်း​ ဓား​နဲ့​ ထိုး​သတ်တာ ​သေသွား​တယ်။ ထိုး​သတ်လိုက်တဲ့​ တရား​ခံကို မိပြီး​ စစ်လိုက်​တော့​ မန္တ​လေး​ ​မြောက်ပိုင်း​ခရိုင် အထူး​မူး​ယစ် ရဲအုပ် စိုး​သန်း​က ၁၀ သိန်း​ပေး​ပြီး​ သတ်ခိုင်း​တယ်လို့​ အစစ်ခံတယ်။ တရား​သူကြီး​တွေ ဘာ​တွေနဲ့​ ​ဖြောင့်​ချက် ယူတဲ့​အခါမှာ အဲဒီအတိုင်း​ ​ပြောတဲ့​အတွက် အမှတ် ၅ ရဲစခန်း​မှာ အဲဒီ စိုး​သန်း​ကို ဖမ်း​ထား​တယ်။”

ဒီကိစ္စနဲ့​ပတ်သက်ပြီး​ တာဝန်ရှိသူ အမှတ် ၅ ရဲစခန်း​ကို ဆက်သွယ်​မေး​ကြည့်​တော့​ တာဝန်မှူး​က စစ်​ဆေး​ဖော်ထုတ်ဆဲဖြစ်တာကိုသာ ​ဖြေဆိုပြီး​ အ​သေး​စိတ်မ​ဖြေပါဘူး​။

“ကျ​နော်တို့​က အခုက ဘာမှန်း​မသိ​သေး​ဘူး​။ စစ်​ဆေး​တုန်း​ပဲ ရှိ​သေး​တဲ့​ အတွက် ကျ​နော်တို့​က အတည်ပြုလို့​ မရ​သေး​ဘူး​ခင်ဗျ။”

သူ့​ကို ဘာနဲ့​ဖမ်း​ထား​တယ် ဆိုတာ​ရော ​ပြောလို့​ မရဘူး​လား​ ဆရာ။

“အဲဒါ​တော့​ တိုင်း​ကိုလှမ်း​ပြောလိုက်​နော် တိုင်း​လှမ်း​မေး​လိုက်။”

ရဲနဲ့​ နီး​စပ်သူ​တွေအဆိုအရ အသတ်ခံရသူအမျိုး​သမီး​ဟာ အရင်က ရဲ​မေတဦး​ ဖြစ်ပြီး​ ရဲအုပ်သန်း​စိုး​နဲ့​ ကိုယ်ဝန်ရှိတာ​ကြောင့်​ ရဲတပ်ဖွဲ့​က ထုတ်ပယ်ခံထား​ရတာလို့​လည်း​ ​ပြောပါတယ်။

ရဲအုပ်သန်း​စိုး​ဟာ ဘား​အံ မူး​ယစ်တပ်ဖွဲ့​က​နေ မန္တ​လေး​မှာ တာဝန်ကျတာ သုံး​နှစ်​လောက်ရှိပြီဖြစ်ပြီး​ ဒီအမျိုး​သမီး​နဲ့​ မန္တ​လေး​မှာပဲ ​တွေ့​ခဲ့​ကြတာလို့​ ဆိုပါတယ်။

ကွာ​ရှင်း​စရိတ်အဖြစ် အမျိုး​သမီး​က သိန်း​၂၀၀ ​တောင်း​ပြီး​ ရဲအုပ်သန်း​စိုး​က သိန်း​ ၅၀ ​ပေး​ဖို့​ ညှိရာမှာ အဆင်မ​ပြေဖြစ်လို့​ အခုလို လူငှား​သတ်ခိုင်း​လိုက်တာလို့​လည်း​ ဆိုပါတယ်။

ဒီအချက်အလက်​တွေကို အတည်ပြုနိုင်ဖို့​ မန္တ​လေး​တိုင်း​ ရဲတပ်ဖွဲ့​ကို ဆက်သွယ်​မေး​မြန်း​ဖို့​ ကြိုး​စား​ပေမယ့်​ မရပါဘူး​။

သေဒဏ်ချမှတ်ခံထား​သည့် က​လေး​စစ်သား​ကို ပြန်လွှတ်ရန် ​တောင်း​ဆို

သေဒဏ်ချမှတ်ခံထား​သည့် က​လေး​စစ်သား​ကို ပြန်လွှတ်ရန် ​တောင်း​ဆို

by မင်းလွင်

တပ်မ​တော်အရာရှိတဦး​ကို ပစ်သတ်ခဲ့​တဲ့​အတွက် က​လေး​မြို့​ အကျဉ်း​ထောင်မှာ ​သေဒဏ်ကျခံ​နေရတဲ့​ က​လေး​စစ်သား​ ​မောင်ဖြိုး​စည်သူကို ​သေဒဏ်ပြစ်ဒဏ်မှတဆင့်​ ကလေး​ဥပ​ဒေပုဒ်မ ၄၆ အရ ပြစ်ဒဏ် ​လျှော့​ပေါ့​ပေး​ဖို့​ မိသား​စုဝင်​တွေက ​တောင်း​ဆိုလိုက်ပါတယ်။

မောင်ဖြိုး​စည်သူဟာ အသက် ၁၄ နှစ်အရွယ်မှာ စစ်တပ်ထဲကို အဓမ္မ စု​ဆောင်း​ခံရပြီး​နောက် စစ်ကိုင်း​တိုင်း​ဒေသကြီး​ အရာ​တော်မြို့​နယ်မှာရှိတဲ့​ အမှတ် ၁၀ တပ်မ​တော်​လေ့​ကျင့်​ရေး​ကျောင်း​မှာ အ​ခြေခံစစ်သင်တန်း​ တက်​ရောက်ခဲ့​ပြီး​တဲ့​နောက်မှာ ချင်း​ပြည်နယ်အတွင်း​ စစ်ဆင်​ရေး​မှာ မိမိအထက်အရာရှိကို ပစ်ခဲ့​တဲ့​အတွက် က​လေး​မြို့​မှာရှိတဲ့​ အမှတ် ၉၄၃ ​ထောက်ပံ့​ရေး​တပ် စစ်တရား​ရုံး​က​နေ ​သေဒဏ်ချမှတ်ခဲ့​တာလို့​ မိခင်ဖြစ်သူ ​ဒေါ်သန်း​သန်း​ရီက ​ပြောပြပါတယ်။

မောင်ဖြိုး​စည်သူ ​သေဒဏ်ချမှတ်ခံခဲ့​ရတဲ့​ အချိန်တုန်း​က အသက် ၁၅ နှစ်ပဲရှိ​သေး​ပါတယ်။

ဒါ​ကြောင့်​ ၁၉၉၃ က​လေး​ သူငယ်ဥပ​ဒေပုဒ်မ ၄၆ အရ ​သေဒဏ် (သို့​မဟုတ်) တသက်တကျွန်း​ချမှတ်နိုင်တဲ့​ ပြစ်မှုကို ကျူး​လွန်ရင်​တောင်မှ အများ​ဆုံး​ ​ထောင်ဒဏ် ၇ နှစ်အထိပဲ ချမှတ်နိုင်တယ်လို့​ ပါရှိတဲ့​အတွက် က​လေး​စစ်သား​ ​မောင်ဖြိုး​စည်သူကို ပြစ်ဒဏ်​လျော့​ပေါ့​ပေး​ဖို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။

“ကျမတို့​မှာလည်း​ က​လေး​အ​ဖေကလည်း​ ကျန်း​မာ​ရေး​က မ​ကောင်း​၊​ ကျမကလည်း​ ကျန်း​မာ​ရေး​က ချို့​တဲ့​နေ​တော့​ ဒီသား​လေး​ကို အသက် ၁၆ နှစ် မပြည့်​သေး​တုန်း​က သူတို့​အ​နေနဲ့​ က​လေး​သူငယ် ​စောင့်​ရှောက်​ရေး​က ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေနဲ့​ ကျမတို့​ကို ညှိနှိုင်း​ပေး​ပါလို့​ ကျမက အနူး​အညွတ် ​တောင်ပန်ချင်ပါတယ်ရှင့်​။ နိုင်ငံ​တော် သမ္မတကြီး​ကိုလည်း​ ကျမ ဦး​ညွှတ်ပြီး​တော့​ ​တောင်း​ပန်ပါရ​စေဆိုပြီး​တော့​၊​ ကျမသား​လေး​ကို ကျမတို့​ ရင်ခွင်ထဲကို ပြန်ပြီး​တော့​ ပြန်​ရောက်​စေချင်တဲ့​ ဆန္ဒနဲ့​ ကျမ ​တောင်း​ပန်ပါတယ်ရှင်။”

မောင်ဖြိုး​စည်သူဟာ က​လေး​အကျဉ်း​ထောင်မှာ ၇ နှစ်​ကျော် အကျဉ်း​ကျခံ​နေရတဲ့​အတွက် ကျန်း​မာ​ရေး​ ဆိုး​ရွား​စွာခံစား​နေရတယ်လို့​လည်း​ ​မောင်ဖြိုး​စည်သူနဲ့​ အကျဉ်း​ထောင်ထဲမှာ အတူ​နေခဲ့​ဖူး​တဲ့​ အကျဉ်း​သား​ဟောင်း​တဦး​က ​ပြောပါတယ်။

“သူ့​မှာ မိဘ​တွေကလည်း​ ဆင်း​ရဲတယ်၊​ ​ထောင်ဝင်စာလည်း​ မလာနိုင်ဘူး​။ ​ထောင်က​ပေး​တဲ့​ ရိက္ခာ​လေး​နဲ့​ပဲ ဖြစ်သလို စား​နေရတဲ့​အခါကျ​တော့​ ကျန်း​မာ​ရေး​လည်း​ ချို့​တဲ့​လာတယ်။ မျက်လုံး​မှာလည်း​ပဲ အတွင်း​တိမ်ဖြစ်​နေ​တော့​ မျက်လုံး​လည်း​ ​ကောင်း​ကောင်း​ မမြင်​တော့​ဘူး​။ ဒါ​ပေမယ့်​ သူ့​ကို ​သေဒဏ်ချထား​တယ် ဆိုပြီး​တော့​ ပြင်ပကိုလည်း​ ထုတ်ပြီး​ မျက်စိ ခွဲစိတ်ကု​ပေး​မှုလည်း​ မရှိဘူး​။”

အသက်မပြည့်​သေး​ဘဲ စစ်တပ်ထဲကို အတင်း​အဓမ္မ အသွင်း​ခံလိုက်ပြီး​ အသက် ၁၅ နှစ်မှာ ​သေဒဏ်ချခံထား​ရတဲ့​ ​မောင်ဖြိုး​စည်သူဟာ တရား​ဥပ​ဒေအရ နစ်နာမှုရှိ​နေတဲ့​အတွက် အမြန်ပြန်လွှတ်သင့်​တယ်လို့​ အဆိုပါ အကျဉ်း​သား​ဟောင်း​က အခုလို ​ပြောပါတယ်။

“က​လေး​သူငယ် ဥပ​ဒေပုဒ်မ ၄၆ အရဆိုရင် ​ထောင်က ၇ နှစ်ပဲ ချရမယ်။ အဲဒီ​တော့​ ၇ နှစ်ချရမယ့်​ဟာကို ​သေဒဏ်ချထား​တယ်။ အဲဒီ​တော့​ ​သေဒဏ်ကို မဖျက်တဲ့​အတွက် ၇ နှစ်က မ​ရောက်ဘူး​။ မ​ရောက်ပဲနဲ့​ အခု​တော့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အမိန့်​ထွက်လိုက်တဲ့​အခါကျ​တော့​ သူက အနှစ် ၂၀ ကို ​ပြောင်း​သွား​တယ်။ အမှန်မှာက ၇ နှစ်ကို ​ပြောင်း​ပြီး​တော့​ လွှတ်ရမယ့်​အစား​ မလွှတ်ဘဲနဲ့​ ​နောက်ထပ် ၁၃ နှစ်ပိုချလိုက်သလို ဖြစ်သွား​တယ်။ အ​တော်​လေး​ကို တရား​ဥပ​ဒေအရ နစ်နာမှု ရှိတယ်ဗျ။ အခု ပြည်သူ​တွေ အစိုး​ရပါလို့​ အမည်ခံထား​တဲ့​ နိုင်ငံ​တော် သမ္မတကြီး​ ဦး​သိန်း​စိန်အ​နေနဲ့​ ဒါကို ထိထိမိမိ ကာကွယ်ပြီး​တော့​ က​လေး​ကို ပြန်လွှတ်​ပေး​သင့်​တယ်။”

တပတ်အတွင်း​ စီး​ပွား​ရေး​သတင်း

တပတ်အတွင်း​ စီး​ပွား​ရေး​သတင်း

by သူရိန်စိုး

စား​အုန်း​ဆီ​ဈေး​ကျဆင်း

စား​အုန်ဆီတင်သွင်း​ခွင့်​ကို အစိုး​ရက အရင်က စီး​ပွား​ရေး​လုပ်ငန်း​ရှင်တဦး​တည်း​ကို နိုင်ငံခြား​က တင်သွင်း​ခွင့်​ပြုခဲ့​တာဖြစ်ပြီး​ အခု လုပ်ငန်း​ရှင် ၁၀ ဦး​လောက်ကို တင်သွင်း​ခွင့်​ ပြုလိုက်လို့​ စား​အုန်း​ဆီ​ဈေး​ ကျ​နေတယ်လို့​ မန္တ​လေး​ကုန်စည်ဒိုင်က ​ပြောပါတယ်။

ဈေး​ကျလာတဲ့​ စား​အုန်း​ဆီကို လူသုံး​များ​လာလို့​ တခြား​ဆီ​တွေပါ အ​ရောင်း​မထိုင်း​အောင် ​ဈေး​ချ​ရောင်း​နေကြတယ်လို့​ ဆိုပါတယ်။

အ​ရောလို့​ခေါ်တဲ့​ ပဲဆီနဲ့​ စား​အုန်ဆီအ​ရော​ဈေး​ဟာ တပိဿာ ကျပ် ၃၃၀၀ က​နေ ၃၀၀၀ အထိ ​ဈေး​ကျသွား​ပြီး​ ပဲဆီအသန့်​က​တော့​ ကျပ် ၄၁၀၀ – ၄၀၀၀ ​ရောင်း​နေရာက အခု ၃၈၀၀ ​လောက်နဲ့​သာ ​ရောင်း​တော့​တယ်လို့​ မန္တ​လေး​ ကုန်စည်ဒိုင်က ဆိုပါတယ်။

တခြား​စား​သောက်ကုန်​တွေထဲမှာ​တော့​ ကြက်သွန်နဲ့​ အာလူး​ အ​ရောင်း​အဝယ်ဖြစ်ပြီး​ ကျန်ကုန်​တွေက​တော့​ အ​ရောင်း​ထိုင်း​ပါတယ်။

သင်္ကန်း​ပရိက္ခရာဆိုင်များ​ အလုပ်ဖြစ်​နေ

ဝါမဝင်ခင်ကာလနဲ့​ ဝါဝင်ပြီး​ ကာလ​တွေမှာ သင်္ကန်း​ပရိက္ခရာဆိုင်​တွေ အလုပ်ဖြစ်​နေကြပြီး​ အဲဒီသင်္ကန်းတွေဟာ ​ကျောင်း​ပြန်သင်္ကန်း​တွေ ဖြစ်​နေတယ်လို့​ မန္တ​လေး​သား​တဦး​က ​ပြောပါတယ်။

အလှူရှင် လှူလိုက်တဲ့​သင်္ကန်း​ကို မူရင်း​သင်္ကန်း​တိုက်မှာပဲ ​အောက်​ဈေး​နဲ့​ ပြန်​ရောင်း​တဲ့​ ​ကျောင်း​ပြန်သင်္ကန်း​လို့​ ဆိုပါတယ်။

ဓာတ်ဆီ​ဈေး

ဓာတ်ဆီက​တော့​ တဂါလန် ၄၆၀၀ ​လောက်​ဈေး​ရှိပြီး​ ၉၀ လို့​ခေါ်တဲ့​ တရုတ်ဓာတ်ဆီဟာ ၄၄၀၀၊​ ၄၂၀၀ ​လောက်အထိ မန္တ​လေး​မှာ ​ဈေး​ကျသွား​ပါတယ်။ တဂါလန် ၂၅၀၀ ကျပ်နဲ့​ ဆိုင်​တွေမှာ ​ရောင်း​ပေး​နေတဲ့​ မြန်မာနိုင်ငံထုတ်ဆီက​တော့​ ​မှောင်ခို​ဈေး​ ၃၈၀၀၊​ ၃၉၀၀ ကျပ် ​ဈေး​လောက် ​ပေါက်ပါတယ်။

စား​သောက်ကုန်များ​ မြန်မာဘက်မတင်ပို့​ရန် ဘင်္ဂလား​ဒေ့​ရှ်အာဏာပိုင်များ​ အမိန့်​ထုတ်

ဘင်္ဂလား​ဒေရှ့်​ – မြန်မာ နယ်စပ် တက္ကနာဆိပ်ကမ်း​မှာ​တော့​ ကြက်သွန်နီ၊​ အာလူး​ အစရှိတဲ့​ စား​သောက်ကုန်​တွေ မြန်မာဘက်ကို မတင်ပို့​ဖို့​ အမိန့်​ထုတ်ထား​ပြီး​ ဖမ်း​ဆီး​မှု​တွေလည်း​ ရှိ​နေတယ်လို့​ ကုန်သည်တဦး​က ​ပြောပါတယ်။

မွတ်စလင်ဘာသာ​ရေး​ပွဲ ဥပုသ်လရာသီ နီး​လာတာ​ကြောင့်​ ဘင်္ဂလား​နယ်စပ်မှာ စား​သောက်ကုန် ပြတ်လပ်မှာကို စိုး​ရိပ်လို့​ ဘင်္ဂလား​ဒေရှ့်​ အာဏာပိုင်​တွေက မြန်မာဘက်ကိုမတင်ပို့​ဖို့​ ဒီလ ၁၄ ရက်​နေ့​က အမိန့်​ ထုတ်ပြန်ထား​တာလို့​ ဆိုပါတယ်။

မိုး​ရာသီ လမ်း​ပမ်း​ဆက်သွယ်​ရေး​ လမ်း​ကြောင်း​ ပြတ်​တောက်မှု​ကြောင့်​ စား​သောက်ကုန် ရှား​ပါး​မှု​ကြောင့်​ ဘင်္ဂလာ​ဒေ့​ခ်ျနိုင်ငံက စား​သောက်ကုန်တချို့​ကို ရခိုင်ပြည်နယ် ​မောင်​တောနဲ့​ ဘူး​သီး​တောင်မြို့​တွေက အား​ထား​နေရတာပါ။

ဒီက​နေ့​ ဘင်္ဂလား​ဒေရှ့်​-မြန်မာ ​ငွေလဲနှုန်း​က​တော့​ တတာကာကို ၁၀ ကျပ် ၃၅ ပြား​ ​ဈေး​ပေါက်ပါတယ်

အစိုး​ရသစ်လက်ထက် လူ့​အခွင့်​အ​ရေး​ တိုး​တက်မှုမရှိဟု အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​ ​ပြော

အစိုး​ရသစ်လက်ထက် လူ့​အခွင့်​အ​ရေး​ တိုး​တက်မှုမရှိဟု အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​ ​ပြော

by ​အေး​နိုင်

သမ္မတဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရသစ်လက်ထက်မှာ အရင်တပ်မ​တော် အစိုး​ရ ကာလကလိုပဲ လူ့​အခွင့်​အ​ရေး​ တိုး​တက်လာခြင်း​မရှိဘူး​လို့​ အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​က ​ပြောပါတယ်။

အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​ ​ပြောခွင့်​ရသူ ဦး​မင်း​လွင်ဦး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

ဦး​သိန်း​စိန်အစိုး​ရသစ်ကာလနဲ့​ တပ်မ​တော်အစိုး​ရ လက်ထပ်တုန်း​ကနဲ့​ပေါ့​နော် လူ့​အခွင့်​အ​ရေး​အ​ခြေအ​နေကို နှိုင်း​ယှဉ်ပြပါလား​။ တိုး​တက်လာတာ ​တွေ့​ရလား​။

“ဒီ အစိုး​ရသစ် တက်လာပြီး​တဲ့​ ​နောက်ပိုင်း​မှာ မြန်မာနိုင်ငံရဲ့​ လူ့​အခွင့်​အ​ရေး​ အ​ခြေအ​နေက တိုး​တက်လာသလား​လို့​ ​မေး​ရင်​တော့​ မတိုး​တက်လာဘူး​ အရင်အတိုင်း​ပဲ ဖြစ်ပျက်​နေတဲ့​ ဥစ္စာ​တွေ ရှိ​နေတယ်။ ပိုပြီး​တော့​ ​ကောင်း​လာ​အောင် ​ဆောင်ရွက်မှု မရှိ​သေး​ဘူး​လို့​ပဲ ​ပြောချင်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ဥပမာအား​ဖြင့်​ က​လေး​သူငယ်​တွေရဲ့​ အခွင့်​အ​ရေး​တွေနဲ့​ ဆိုင်တဲ့​ ကိစ္စရပ်​တွေ ရှိ​နေတယ်။ အဓမ္မ က​လေး​စစ်သား​အဖြစ် စု​ဆောင်း​ခြင်း​ ခံ​နေရတဲ့​ ကိစ္စရပ်​တွေ ရှိ​နေတယ်။ အဓမ္မလုပ်အား​ပေး​ခံ​နေရတဲ့​ ကိစ္စရပ်​တွေ ရှိ​နေတယ်။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ​ပေါ်တာဆွဲတာ​တွေ၊​ ရွာသူရွာသား​တွေကို နှိပ်စက်ညှဉ်း​ပန်း​တာ​တွေ အစ ရှိသဖြင့်​ ​နေ့​စဉ် ​နေ့​တိုင်း​ ကျ​နော်တို့​ ကြား​သိ​နေရတာ ဖြစ်တယ်။ ဒါ​တွေကို ထိ​ရောက်စွာ အ​ရေး​ယူ ​ဆောင်ရွက်​ပေး​နိုင်ခြင်း​ မရှိ​သေး​ဘူး​ ဆိုတာလည်း​ ကျ​နော်တို့​ ​တွေ့​ရတယ်။ ဥပမာအား​ဖြင့်​ က​လေး​စစ်သား​တွေနဲ့​ ပတ်သက်လို့​ အိုင်အယ်လ်အိုကို တိုင်တန်း​တဲ့​ အမှု​တွေ ပိုမိုများ​ပြား​လာတယ်။ အိုင်အယ်လ်အိုက​နေပြီး​တော့​ လိုက်လံပြီး​တော့​ ​ဆောင်ရွက်​ပေး​လို့​ ပြန်​ရောက်လာတဲ့​ က​လေး​တွေ တချို့​လည်း​ ပြန်လည် အဖမ်း​ခံရတယ် ဆိုတာ​တွေကို ကျ​နော်တို့​ ကြား​သိ​နေရတယ်။ ဒါ​ကြောင့်​ တိုး​တက်မှု မရှိဘူး​လို့​ ကျ​နော်တို့​က ဆိုလိုခြင်း​ ဖြစ်ပါတယ်ခင်ဗျ။”

အိုင်စီအာစီလိုအဖွဲ့​ကို လွန်ခဲ့​တဲ့​ ၂၀၀၅ ခုနှစ်​လောက်က ပိတ်ပင်ထား​တာ အခု အစပျိုး​ပြီး​တော့​ အစိုး​ရသစ်က​နေပြီး​တော့​ လက်ခံတာ ​တွေ့​ရတယ်။ အဲဒါက​ရော တိုး​တက်မှု မဟုတ်ဘူး​လား​။

“အိုင်စီအာစီက အခု အကျဉ်း​ထောင်​တွေအတွင်း​ကို ဝင်​ရောက်နိုင်တယ် ဆိုတာက ​သောက်​ရေသန့်​ ရဖို့​ ကိစ္စ၊​ စား​ဖို​ဆောင်ဝင်​ရောက် စစ်​ဆေး​စီရင်တဲ့​ ကိစ္စ ဒီ​လောက်အထိပဲ သူတို့​ လုပ်နိုင်ပါ​သေး​တယ်။ တကယ့်​ အကျဉ်း​သား​တွေ ရင်ဆိုင် ကြုံ​တွေ့​နေရတဲ့​ ​ဆေး​ဝါး​ကုသမှုနဲ့​ဆိုင်တဲ့​ လိုအပ်မှု​တွေ၊​ ​နောက်ပြီး​တော့​ အကျဉ်း​ထောင်အတွင်း​မှာ တကယ် ဆရာဝန်နဲ့​ အကျဉ်း​သား​တွေနဲ့​ မျှမျှတတ ရှိမှု မရှိမှု စတဲ့​ အ​ခြေခံအချက်အလက်​တွေ စစ်​ဆေး​နိုင်ဖို့​အထိ​တောင်မှ သူတို့​ အ​နေနဲ့​ မ​ဆောင်ရွက်နိုင်​သေး​ဘူး​ဆိုတာ ကျ​နော်တို့​ ​တွေ့​ရတယ်။ ဒါ​ပေမယ့်​လည်း​ ကျ​နော်တို့​ အိုင်စီအာစီနဲ့​ အခုလိုမျိုး​ အစပျိုး​ဝင်​ရောက်နိုင်တယ်ဆိုတာကို​တော့​ ကျ​နော်က ​ကောင်း​တယ်လို့​တော့​ ​ပြောချင်ပါတယ်။”

အကျဉ်း​သား​တွေရဲ့​ ​နေ​ရေး​ထိုင်​ရေး​ စား​ရေး​သောက်​ရေး​တွေ အခွင့်​အလမ်း​တွေ က​ရော ဘယ်လိုမျိုး​ မြင်ပါသလဲ။

“ကျ​နော်တို့​ အကျဉ်း​ထောင်​တွေအတွင်း​မှာ ဒီ အစိုး​ရက​နေပြီး​တော့​ သတ်မှတ် ပြဋ္ဌာန်း​ထား​တဲ့​ အကျဉ်း​သား​တွေအတွက် လိုအပ်တဲ့​ ရိက္ခာကို အပြည့်​အဝ မရဘူး​ ဆိုတာကို ကျ​နော်တို့​ သိရတယ်။ ​နောက်ပြီး​တော့​ ဒီအကျဉ်း​သား​တွေကို ​စောင့်​ရှောက်​ကျွေး​မွေး​ဖို့​အတွက်ကို ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနက​နေပြီး​တော့​ ​ငွေ​ကြေး​သတ်မှတ်ပြီး​တော့​ ချ​ပေး​တဲ့​ အခါမှာလည်း​ လုံ​လောက်မှု မရှိဘူး​ ဆိုတာ​တွေက ပြီး​ခဲ့​တဲ့​ လ​တွေအတွင်း​က အကျဉ်း​ထောင်​တွေ အတွင်း​မှာ အစာငတ်ခံ ဆန္ဒပြတဲ့​ အဖြစ်အပျက်​တွေက​နေပြီး​တော့​ သက်​သေခံ​နေတယ်။ ဒါ​ကြောင့်​ အကျဉ်း​ထောင်​တွေရဲ့​ လက်ရှိအ​ခြေအ​နေက ​ကောင်း​မလာဘဲနဲ့​ ဆိုး​သည်ထက် ဆိုး​နေတယ်လို့​တော့​ ကျ​နော်တို့​ ​ပြောချင်ပါတယ်။”

ပြီး​ခဲ့​တဲ့​ သီတင်း​ တပတ်နှစ်ပတ်အတွင်း​မှာ ချင်း​ပြည်နယ်လွှတ်​တော်က​နေပြီး​ ပြည်ပမီဒီယာ ​ရေဒီယို​တွေနဲ့​ မ​ပြောဖို့​ ဆိုပြီး​တော့​ ပိတ်ပင်ကန့်​သတ်တာ ​တွေ့​ရတယ်။ အခု ရက်ပိုင်း​မှာ​တော့​ ကရင်ပြည်နယ်ထဲမှာ အလား​တူ ကန့်​သတ်တာမျိုး​တွေ ရှိတယ်။ အဲဒီ​တော့​ ဒီဖြစ်စဉ်နဲ့​ ပတ်သက်ပြီး​တော့​ မြန်မာရဲ့​ နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ လွတ်လပ်ခွင့်​က​ရော ဘယ်​လောက် အတိုင်း​အတာအထိ မြင်ရလဲ။

“ကျ​နော်တို့​ ဒီ ၂၀၀၈ ခုနှစ် အ​ခြေခံဥပ​ဒေပါ အချက်အလက်​တွေအတိုင်း​ ဖွဲ့​စည်း​ထား​တဲ့​ အစိုး​ရက ကျ​နော်တို့​ ပထမဦး​ဆုံး​တုန်း​က​တော့​ ဒီမိုက​ရေစီနည်း​ကျ ​ရွေး​ချယ်တင်​မြှောက်တဲ့​ သဏ္ဌာန်​ဆောင်တယ်လို့​တော့​ ဟန်ပြ ​ပြောလို့​ ရတာ​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ အစိုး​ရသစ်​ရွေး​ချယ်ပြီး​တဲ့​နောက်ပိုင်း​မှာ ​အောက်​ခြေ အဖွဲ့​အစည်း​တွေကို ပြန်လည်ဖွဲ့​စည်း​တဲ့​အခါကျ​တော့​ ကျ​နော်တို့​ အရင် တပါတီ အာဏာရှင်စနစ်ကအတိုင်း​ပဲ ဒီကြံ့​ဖွံ့​ပါတီ အနိုင်ရဖို့​ရယ်၊​ အဲဒီလူ​တွေနဲ့​ အ​ခြေခံ ဖွဲ့​စည်း​တာ​တွေရယ် ကျ​နော်တို့​ ​တွေ့​လာတယ်။ ​နောက်ပြီး​တော့​ ဒီ ဗဟိုက​နေပြီး​တော့​ ချုပ်ကိုင်မှု အာဏာအဆင့်​ဆင့်​ကလည်း​ ပြည်နယ်​တွေကို ခွဲ​ဝေ​ပေး​ထား​တာ မရှိဘဲနဲ့​ ပြည်နယ်​တွေရဲ့​ လုပ်ကိုင်​ဆောင်ရွက်ခွင့်​တွေကိုပါ ကန့်​သတ်​ဆောင်ရွက်လာတယ် ဆိုတာ ကျ​နော်တို့​ ​တွေ့​ရတယ်။ ဒါ​တွေက​တော့​ ကျ​နော်တို့​ ဖွဲ့​စည်း​ပုံအ​ခြေခံ ဥပ​ဒေမှာ ထည့်​ရေး​ထား​တာ​တွေနဲ့​ ဒီ အစိုး​ရကိုယ်တိုင် လိုက်နာကျင့်​သုံး​တာ​တွေနဲ့​က တလွဲ​တွေ ဖြစ်​နေတယ် ဆိုတာကို ကျ​နော်တို့​ မြင်တယ်။ အဲဒီ​တော့​ ပြည်နယ် အစိုး​ရအဖွဲ့​ဝင် လူ​တွေကို နိုင်ငံခြား​မီဒီယာ​တွေနဲ့​ အင်တာဗျူး​မလုပ်ဖို့​အတွက် တား​မြစ်​နေတယ် ဆိုတာက​တော့​ လွတ်လပ်စွာ​ပြောဆိုပိုင်ခွင့်​ကို အတိအလင်း​ တား​မြစ်ပိတ်ပင်တယ်လို့​ပဲ ကျ​နော့်​အ​နေနဲ့​ ​ပြောချင်ပါတယ်ခင်ဗျ။”

အစိုး​ရသစ်လက်ထပ်မှာ အရင်တပ်မ​တော်အစိုး​လက်ထပ်တုန်း​က အာဆီယံမှာ ဝင်​ရောက်သ​ဘောတူညီခဲ့​တဲ့​ အာဆီယံ charter က​ရော ဒီ မြန်မာအစိုး​ရကို လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ​ဘောင်ကျဉ်း​သထက် ကျဉ်း​သွား​အောင် ​ဆောင်ကျဉ်း​ပေး​နိုင်မယ် မဟုတ်ဘူး​လား​။

“အာဆီယံ လူ့​အခွင့်​အ​ရေး​ charter မှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို အ​ရေး​ယူ​ဆောင်ရွက်ဖို့​အတွက် ဘယ်လိုလုပ်​ဆောင်မယ်ဆိုတဲ့​ တိကျတဲ့​ ပြဋ္ဌာန်း​ချက်​တွေ ကျ​နော်တို့​ ပါဝင်ထား​တာ မ​တွေ့​ရ​သေး​ပါဘူး​။ လူ့​အခွင့်​အ​ရေး​အဖွဲ့​ကို ဖွဲ့​စည်း​မယ်ဆိုတာ တခုနဲ့​တင် လုံ​လောက်တယ်လို့​တော့​ ကျ​နော်တို့​ ​ပြောလို့​ မရဘူး​။ အာဆီယံလူ့​အခွင့်​အ​ရေး​ ​ကော်မရှင်အဖွဲ့​ ဖွဲ့​ပြီး​လို့​ရှိရင် ​ဒေသတွင်း​မှာ ရှိတဲ့​ နိုင်ငံ​တွေရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှုကို ဘယ်လို စုံစမ်း​မယ် အ​ရေး​ယူမယ်၊​ ​နောက်ပြီး​တော့​ ဘယ်လို ပြင်း​ထန်စွာသတိ​ပေး​မယ်ဆိုတာ​တွေ ပါမှသာ ကျ​နော်တို့​က အာဆီယံ လူ့​အခွင့်​အ​ရေး​ charter ကို အာရှနိုင်ငံ​တွေအတွက် အကျိုး​ပြုတဲ့​ charter တခု ဖြစ်တယ်လို့​ ကျ​နော်တို့​ ​ပြောနိုင်မှာဖြစ်တယ်။ လက်ရှိအ​ခြေအ​နေမှာက​တော့​ ဘာမှ ထိ​ရောက်စွာ​ဆောင်ရွက်နိုင်တဲ့​ ကိစ္စရပ်တခု မဟုတ်ဘူး​ဆိုတာကိုပဲ ကျ​နော်တို့​ မြင်ပါတယ်ခင်ဗျ။”

မီး​လောင်​သေဆုံး​သည့်​ အဖွား​အိုကိစ္စ မ​ဖြေရှင်း​ပေး​သည့်​အတွက် ရွာသား​များ​ မ​ကျေနပ်

မီး​လောင်​သေဆုံး​သည့်​ အဖွား​အိုကိစ္စ မ​ဖြေရှင်း​ပေး​သည့်​အတွက် ရွာသား​များ​ မ​ကျေနပ်

by ​အေး​နိုင်

စစ်ကိုင်း​တိုင်း​ဒေသကြီး​ ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့​နယ်ထဲက သီလုံး​စံပြ​ကျေး​ရွာမှာ အသက် ၈၃ နှစ်အရွယ်အဖွား​အို ​ဒေါ်သိန်း​ရီဟာ ဒီလဆန်း​ (၃) ရက်​နေ့​က အိမ်မှာ မီး​လောင်ဒဏ်ရာနဲ့​ ​သေဆုံး​ခဲ့​ပါတယ်။

ဒီ​သေဆုံး​မှုဟာ အဖွား​ရဲ့​မြေး​က ဓာတ်ဆီ​လောင်း​မီး​ရှို့​တာလို့​ ရွာသား​တွေက ယူဆပြီး​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​နဲ့​ ရဲကအ​ရေး​မယူတဲ့​အ​ပေါ် မ​ကျေမနပ် ဖြစ်​နေကြပါတယ်။

ဒီလ ၃ ရက်​နေ့​ ည ခုနှစ်နာရီခန့်​ မီး​လောင်မှုကို ​ဘေး​အိမ်​တွေက သိလို့​ ငြိမ်း​သတ်နိုင်​ပေမယ့်​ နာရီပိုင်း​လောက်အကြာမှာ မီး​လောင်ဒဏ်ရာ​တွေရတဲ့​ အဖွား​ဟာ ​နောက်​နေ့​ မနက် ၂ နာရီ​လောက်မှာ ကွယ်လွန်ခဲ့​ပါတယ်။

သူ့​မြေး​ ကိုလှိုင်ဝင်း​က သူ့​ကို​ခေါင်း​က​နေ ဓာတ်ဆီ​လောင်း​ချ မီး​ရှို့​လိုက်တာလို့​ အဖွား​က မ​သေခင်မှာ ရွာသား​တွေကို ​ပြောခဲ့​သလို ကိုလှိုင်ဝင်း​ကို ရဲကဖမ်း​သွား​ပြီဆိုမှ အသက်ထွက်သွား​တယ်လို့​ ရွာခံ အမျိုး​သမီး​တဦး​က ​ပြောပါတယ်။

အ​လောင်း​ကို ၁၁ နာရီ​လောက်မှာ သင်္ဂြီုဟ်ပြီး​မှ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က ဒီအဖွား​ဟာ အနာကြီး​ရောဂါရှိလို့​ ဓာတ်ဆီနဲ့​အရက်ပျံ​ရောပြီး​ လိမ်း​ရာက ​ဆေး​လိပ်ဖွာလိုက်လို့​ မီး​ကူး​စက်​လောင်သွား​တာလို့​ ​ဖြေဆိုပြီး​တဲ့​နောက် ကိုလှိုင်ဝင်း​ ပြန်လွတ်လာပါတယ်လို့​ ဆိုပါတယ်။

ရွာသူအမျိုး​သမီး​တဦး​က “အဖွား​ကြီး​ကို ဓာတ်ဆီနဲ့​ ​ခေါင်း​က​နေ ​လောင်း​ချပြီး​တော့​ ​အောက်က​နေ ဂတ်စ်မီး​ချစ်နဲ့​ တင်ရှို့​လိုက်တာ​ပေါ့​။ အဲဒီလို တင်ရှို့​တော့​ အဖွား​ကြီး​က ​လောင်သွား​တာ။ တိုင်မှာ တိုင်မှာနဲ့​ ဆိုပြီး​တော့​ ​ဘေး​ကလူ​တွေ ဝိုင်း​ငြှိမ်း​ကြတာ​ပေါ့​ဗျာ။ ​စောင်နဲ့​ ​ရေစွတ် အုပ်လိုက်​တော့​မှ ငြိမ်း​သွား​တာ။ ဝိုင်း​ပြီး​ လုပ်ရာကိုင်ရာက​နေပြီး​တော့​ အဖွား​ကြီး​က မနက် ၂ နာရီထိုး​လောက် ​ရောက်​တော့​ လှိုင်ဝင်း​ကို ဖမ်း​သွား​ပြီဆိုမှ အဖွား​ကြီး​က အသက်ထွက်သွား​တာ သူက။ အဲဒီကျမှ လူ​တွေက အ​လောင်း​ကို တခါတည်း​ ပြင်ဆင်ပြီး​တော့​ သူတို့​ ​နေ့​ ၁၁ နာရီ ထိုး​လောက်ကို မီး​သင်္ဂြီုဟ်လိုက်တယ်။ ဘယ်ရဲမှလည်း​ လာမကြည့်​ရဘူး​” လို့​ ​ပြောပါတယ်။

ဆေး​လိမ်း​တဲ့​ ဓာတ်ဆီဟာ ဒီ​လောက်မီး​လောင်စရာ အ​ကြောင်း​မရှိဘူး​လို့​ ရွာသား​တွေက အခိုင်အမာ တွက်ချက်​နေကြပြီး​ အဖွား​ကို ​ခေါင်း​က​နေ ဓာတ်ဆီ​လောင်း​ပြီး​မီး​ရှို့​ခဲ့​တာလို့​ ဆိုပါတယ်။

ဒါ့​အပြင် ဒီမီး​လောင်မှုကို ရဲက လာ​ရောက်မစစ်​ဆေး​တဲ့​အ​ပေါ် ရွာသား​တွေက အပြစ်ဖို့​ ​နေကြပါတယ်။

မီး​ငြိမ်း​သတ်တဲ့​ ​ဒေသခံ​တွေက ကိုလှိုင်ဝင်း​ရဲ့​ အရင်က အဖွား​အိုကို မီး​ရှို့​မယ်လို့​ ​ပြောဆိုကြိမ်း​မောင်​ပြောဆိုမှု​တွေနဲ့​ တကယ်ဖြစ်ပွား​ခဲ့​တဲ့​ ဖြစ်ရပ်ကို ​ထောက်ပြပြီး​ ဒီဖြစ်ရပ်ဟာ လူ​သေမှု၊​ လူသတ်မှု​တွေနဲ့​ ကိုလှိုင်ဝင်း​ကို စွဲဆိုစစ်​ဆေး​အ​ရေး​ယူ​စေချင်ကြပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုသန်းတင် ကျန်းမာရေးစိုးရိမ်ရ

နိုင်ငံရေးအကျဉ်းသား ကိုသန်းတင် ကျန်းမာရေးစိုးရိမ်ရ

by လင်းသန့်

ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျော် ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသား ကိုသန်းတင် (ခေါ်) ကြီးသန်းသည် အစာအိမ်သွေးကြောပေါက် ဝေဒနာခံစားရ၍ ဆေးရုံတင် ထားရကြောင်း စုံစမ်းသိရှိရသည်။

“အခု ဆေးရုံမှာ သွေး ၅ ပုလင်း သွင်းထားရတယ်လို့ သိရတယ်။ ဒီမနက်ပဲ လေယာဉ်နဲ့ စစ်တွေကို လိုက်သွားတယ်” ဟု ကိုသန်းတင်၏ မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။

နိုင်ငံရေးအကျဉ်းသား ကိုသန်းတင်၏ ညီမဖြစ်သူ မသန်းသန်းဌေးသည် အစ်ကို၏ ကျန်းမာရေး အခြေအနေကို ကြားသိရပြီး ယမန်နေ့က လေယာဉ်ဖြင့် အရေးပေါ်သွားရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားနေသဖြင့် ခရီးစဉ်ကို ဖျက်ခဲ့ရသည်ဟုဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPP) ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က “စစ်တွေထောင်က ကိုသန်းတင်ကို အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ သိရတယ်။ ကျနော်တို့ အရမ်း စိုးရိမ်တယ်။ မိသားစု လိုက်ရတာကလည်း အရမ်းဝေးတယ်” ဟု ပြောသည်။

ယခုအချိန်အထိ ဆရာဝန်၊ ဆေးမှူး မရှိသော အကျဉ်းထောင်များ ကျန်ရှိနေသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသား များကို မိသားစုနှင့် ဝေးလံပြီး လမ်းခရီး ခက်ခဲသည့် အကျဉ်းထောင်များသို့ ပို့ထားခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု တမျိုးဖြစ်ကြောင်း AAPP က ဆိုထားသည်။

ထို့အပြင် အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုအားနည်းခြင်း၊ အာဟာရ ပြည့်မီသည့် အစားအသောက်များကို အကျဉ်းထောင်များတွင် မကျွေးမွေးနိုင်ခြင်း၊ အရေးပေါ် ကျန်းမာရေး အခြေအနေ ဆိုးရွားလာမှုများ ရှိသည့်အခါ အချိန်မီ ကုသပေးနိုင်မှု အားနည်းခြင်းများ ယခုအစိုးရသစ် လက်ထက်တွင် ရှိနေဆဲဖြစ်သည်ဟုလည်း AAPP က ထောက်ပြသည်။

ထို့သို့သော အခြေအနေများကြောင့် အကျဉ်းထောင်များအတွင်းသို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကို ပြန်လည် ၀င်ရောက် တွေ့ဆုံကူညီခွင့် ပေးရန်လိုသည်ဟု ဆိုသည်။

“ဟိုတလောက ICRC ကို ထောင်တချို့ရဲ့ ရေနဲ့ မိလ္လာ ကောင်းဖို့ ၀င်ခွင့်ပေးလိုက်တာကလည်း နိုင်ငံတကာ ဖိအားတွေ ရှိနေတော့ နိုင်ငံရေးအရ အသုံးချတဲ့အနေနဲ့ စတိ သဘော ၀င်ခွင့်ပေးလိုက်တာ။ တကယ်ထိရောက်တဲ့ အရင်ကလို အခြေအနေမျိုးထိ ပြန်ခွင့်ပြုသင့်တယ်” ဟု ကိုတိတ်နိုင်က ပြောသည်။

AAPP ၏ ဇူလိုင်လ ၂ ရက်နေ့ထုတ် စာရင်းအရ အကျဉ်းထောင်များရှိ ကျန်းမာရေး မကောင်းသည့် နိုင်ငံရေး အကျဉ်းသား စုစုပေါင်းမှာ ကိုသန်းတင်အပြင် ၁၅၅ ဦးရှိသည်ဟု သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုသန်းတင် (ကြီးသန်း) သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု မတိုင်မီ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ စသည့် တခြား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များနှင့်အတူ ငြိမ်းချမ်းစွာ လမ်းလျှောက်ပြီး လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြ ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ် သြဂုတ်လ တွင် ဖမ်းဆီးခံခဲ့ရကာ အီလက်ထရွန်းနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၆၅ နှစ် ၆ လ ချမှတ်ခံထားရသူဖြစ်သည်။

ခါးရိုးအက်သဖြင့် ကိုနေမျိုးဇင် တရားရုံး မထုတ်နိုင်

ခါးရိုးအက်သဖြင့် ကိုနေမျိုးဇင် တရားရုံး မထုတ်နိုင်

by သဲသဲ

နယူးဒေလီ (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်ထဲ၌ အမှုဆိုင်နေရသည့် သွေးလှူဒါန်းရေးအဖွဲ့မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ ချော်လဲခဲ့ရာမှ ခါးဆစ်ရိုးအက်သည့် ဒဏ်ရာကြောင့် တရားရုံးထုတ်သို့ မလာရောက်နိုင်ကြောင်း ဇနီးသည်နှင့် ရှေ့နေ အဆိုအရ သိရသည်။

အင်းစိန် အထူးတရားရုံးတွင် ကြာသပတေးနေ့တိုင်း စစ်ဆေးနေစဉ် ခါးဆစ်ရိုး အက်သည့်နေရာ နာကျင်ကာ မရပ်နိုင်၊ မထိုင်နိုင် ဖြစ်နေသောကြောင့် ဇူလိုင် ၁၄ ရက် ရုံးချိန်းမှစ၍ တရားရုံးထုတ် မလာနိုင်တော့ခြင်း ဖြစ်သည်။

“နောက်ဆုံး တွေ့ခဲ့ရတာက ၇ ရက်နေ့ ရုံးချိန်းမှာပါ။ ထမင်းစားချိန် ထမင်းသွားကျွေးတော့ မထိုင်နိုင်လို့ ပက်လက်ကလေး နေနေတယ်။ ထောင်ဆေးရုံ တက်နေပေမယ့် သူ့ရောဂါက သက်သာ မလာဘူး။ သေချာမကုရင် အောက်ပိုင်းသေတဲ့အထိ ဖြစ်သွားနိုင်တယ် ဆိုတော့ အရမ်းစိုးရိမ်တယ်’’ ဟု ကိုနေမျိုးဇင်၏ ဇနီး မဇင်မျိုးမော်က မဇ္ဈိမကို ပြောသည်။ ထောင်ဝင်စာပါ ထွက်မတွေ့နိုင်တော့ဟု ဆိုသည်။

ထောင်ဆေးရုံတွင် ဓာတ်မှန်ရိုက်ခဲ့ရာ ခါးရိုးနံပါတ် ၅ အဆစ်အက်ကြောင်း သိရသော်လည်း အသေးစိတ်အတွက် CT scan ရိုက်ရန်နှင့် ကျွမ်းကျင်ဆရာဝန်ဖြင့် ကုသရန် လိုအပ်ကြောင်း ထောင်ဆရာဝန်က ပြောပြသည်ဟု ဇူလိုင် ၇ ရက်နေ့ ရုံးထုတ်စဉ် ကိုနေမျိုးဇင်ကဆိုသည်။

ရောဂါမသက်သာသဖြင့် ပြင်ပတွင် ဆေးကုသခွင့်ရရန် တရားရုံးသို့ အာမခံ လျှောက်ထားခဲ့ရာ ဇူလိုင် ၁၄ ရက်တွင် ပယ်ချခံခဲ့ရသည်။ လိုအပ်သည့် လူနာဆေးမှတ်တမ်းအား ထောင်ဆေးရုံက ထုတ်မပေး သဖြင့် အာမခံ မရခဲ့ကြောင်း ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

“နိုင်ငံရေးအမှု မဟုတ်သူတွေကိုတော့ ဆေးမှတ်တမ်း ထုတ်ပေးတာ ကျနော်တို့ တွေ့နေရတယ်။ ဆေးမှတ်တမ်း မရလို့ ထောင်ဆရာဝန်ကို ရုံးတော်မှာ သက်သေသွင်းဖို့ လျှောက်တာလည်း တရားရုံးက လက်မခံဘူး။ ဒါ ဥပဒေ ကြောင်းအရ ဘယ်လိုမှ မမျှတဘူး” ဟု သူက ဆိုသည်။

ပြင်ပတွင် ဆေးကုနိုင်ရန် လိုအပ်ကြောင်း အသနားခံစာအား ထောင်အတွင်း ပေးပို့နေသည့် ဆေးစာဖြင့် တွဲကာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးထံ ကြာသပတေးနေ့တွင် ပေးပို့ခဲ့သေးသည်။

ဧပြီ ၂ ရက်တွင် ကိုနေမျိုးဇင် ဖမ်းဆီးခံရကာ အမျိုးသား ပြန်လည် သင့်မြတ်စေလိုကြောင်း သူငယ်ချင်းထံ စာရေးခဲ့သည်ကို အကြောင်းပြု၍ အာမခံ မရသည့် အီလက်ထရောနစ် ပုဒ်မ ၃၃ ဖြင့် တရားစွဲထားသည်။

၃၅ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တပ်မတော်တွင် ၁ဝ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂ဝဝ၅ ခုနှစ်တွင် တပ်မှ ထွက်ခဲ့သည်။ ယင်းနောက် NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့် လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့သလို လေဘေးသင့် ကူညီရေးများနှင့် အခြား လူမှုကူညီရေးများ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

၆၅နှစ် ထောင်ဒဏ်ချမှတ်ခံထားရသူ နိုင်ငံရေး အကျဉ်းသား စစ်တွေ ဆေးရုံကြီးတွင် တင်ထားရ

၆၅နှစ် ထောင်ဒဏ်ချမှတ်ခံထားရသူ နိုင်ငံရေး အကျဉ်းသား စစ်တွေ ဆေးရုံကြီးတွင် တင်ထားရ

ရွှေဝါရောင်တော်လှန်ရေးတွင် ၆၅ နှစ် ထောင်ဒဏ် ချမှတ်ခံထားရသူ နိုင်ငံရေး အကျဉ်းသား ကိုကြည်သန်းကို အခုအခါ စစ်တွေဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တင်ထားရကြောင်း သတင်း ရရှိသည်။

သူ၏ လုပ်ဖေါ်ကိုင်ဘက် တစ်ဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

သူ့ကို ဒီလ ၁၇ ရက်နေ့က စစ်တွေဆေးရုံကို တင်ထားရပါတယ်။ သူက နမိုးနီးယား သွေးကြော ပေါက်တဲ့ရောဂါ ဖြစ်ပါတယ်။ အခု အချိန်ထိ သွေး (၅) ပုလင်းသွင်းထားရပြီ ဖြစ်ပါတယ်။

ကိုကြည်သန်းရဲ့ လက်ရှိရောဂါ အခြေအနေကိုလည်းသူက ယခုကဲ့သို့ ဆက်ပြောသည်။

သူကျန်းမာရေးက အခုဆေးရုံကို ရောက်နေတော့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် ရာသီ ဥတု ဆိုးရွားနေတဲ့အတွက် ထောင်ထဲကို ပြန်ပို့ရင်တော့ အခြေအနေ ပိုဆိုးရွားသွားနိုင်ပါတယ်။ အခုလည်း အခြေအနေဆိုးရွားလာပြီးမှ ဆေးရုံတက်ရောက် ကုသခွင့်ရတာဟာ ၀မ်းနည်းစရာ ဖြစ်ပါတယ် ဟု သူက ပြောသည်။

ကိုကြည်သန်းမှာမှာ ၈၈ ကျောင်သား ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး ရန်ကုန် သာကေတ ၁၀ ရပ်ကွက်မှ ဖြစ်ကြောင်း သိရသည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင် ပတ်သက်မူကြောင့် ထောင် ၆၅ နှစ် ချမှတ်ခံထားရသူ ဖြစ်သည်။

ကိုကြည်သန်း၏ ညီမ ဖြစ်သူမှာ ရန်ကုန်မှာ စစ်တွေသို့ လာရန် စီစဉ်နေသော်လည်း ရာသီဥတု ဆိုးရွားနေမူကြောင့် မလာရောက်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။ " သူညီမက ဒီနေ့ရောက်မယ်လို့ ကြားရပါတယ်။ သူလည်း မိသားစုတွေနဲ့ တွေ့ချင်နေပုံရပါတယ်။" ဟု ပြောသည်။

ကိုကြည်သန်း တက်ရောက် ဆေးကုသရာ စစ်တွေ ဆေးရုံကြီးတွင် ရဲသား အစောင့်အကြပ် အများအပြားလည်း ချထားကြောင်း သိရသည်။

မွန်ပြည်နယ်ရှိ ရာဘာခြံများ အစိုးရစစ်တပ် အဓမ္မသိမ်း

မွန်ပြည်နယ်ရှိ ရာဘာခြံများ အစိုးရစစ်တပ် အဓမ္မသိမ်း

by ခင်ဦးသာ

မွန်ပြည်နယ်အတွင်း ရေးမြို့နယ်အနီးရှိ ကျွဲသုံးညီမ ကျွန်းပေါ်မှ ရာဘာခြံ ဧက ၃၀၀၀ ကျော်အား အစိုးရ၏ ဒေသခံစစ်တပ်က လျော်ကြေး တစုံတရာမပေးဘဲ အဓ္ဓမသိမ်းယူ လိုက်ကြောင်း သိရသည်။

ကျွဲသုံးညီမ (အရှေ့၊ အနောက်)၊ မင်းသား စသည့် ကျေးရွာများရှိ ဒေသခံများ၏ ရာဘာခြံများအား နယ်မြေခံ ရေတပ်၏ တပ်ရင်း ၄၃ က သိမ်းပိုက်လိုက်၍ ဒေသခံများအတွက် အလုပ်အကိုင်ရှားပါး သွားခြင်းကြောင့် အိမ်ထောင်စု ၂၀ ကျော်သည် ထိုင်းနိုင်ငံဘက် အခြမ်းသို့ မကြာခင်က ပြောင်းရွှေ့ခဲ့ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက်၊ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း အဖွဲ့ တာဝန်ခံ ကိုနိုင်ဦးမွန်က ဧရာဝတီကို ပြောသည်။

“ကျွဲသုံးညီမ ကျွန်းပေါ်က ဧက ၃၀၀၀ ကျော်ကို ပြီးခဲ့တဲ့လတွေကပဲ အပြီး သိမ်းယူလိုက်ပါတယ်။ အလုပ်တွေ မရှိတော့တဲ့ အတွက် စိတ်ဓာတ်ကျပြီး နေရပ်စွန့်ခွာသူတွေ များလာတယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်ရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ရာဘာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ကြကြောင်း၊ ယခုအခါ ရာဘာ ခြံများအား အစိုးရ စစ်တပ်က ဆက်တိုက်သိမ်းယူ နေကြောင်း၊ ထိုဒေသများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး တခြား ဒေသမှ ဧည့်သည်များ ၀င်ထွက်သွားလာမှုကို စစ်တပ်က ထိန်းချုပ်ထား၍ ဒေသခံများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု ကိစ္စများအား သိရှိသူ နည်းပါးကြောင်းလည်း ၎င်းက ရှင်းပြသည်။

မော်လမြိုင်မြို့နယ် အပါအ၀င် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ရေး စသည့်မြို့နယ်များရှိ ရာဘာခြံများကို ၂၀၁၀ ပြည့်နှစ်မှ စတင်သိမ်းယူနေပြီး ယနေ့အထိ ဧကတသောင်းကျော် ရှိပြီဟု ဒေသခံများက ဆိုသည်။

မုဒုံမြို့နယ်မှ ရာဘာခြံ ပိုင်ရှင်တဦးကလည်း “ကျနော်တို့ ရာဘာခင်းပေါ်မှာ တပ်မြေ မကျူးကျော်ရလို့ ရေးထားတဲ့ တိုင်တွေ လာစိုက်တယ်။ အဲဒီလို စိုက်လိုက်တော့ ကိုယ်ပိုင်တဲ့ ရာဘာခင်းမှာ ရာဘာစေး သွားခြစ်ရင် ခြိမ်းခြောက်ခံရတယ်” ဟု ဆိုသည်။

ဒေသခံများ၏ ရာဘာခြံများ၌ ယခုအခါ စစ်တပ်နှင့်နီးစပ်သည့် အလုပ်သမားများကို ၀င်ရောက်လုပ်ပိုင်ခွင့် ပြုထားကြောင်း၊ စစ်တပ်၏ လုပ်ရပ်အား ရာဘာစိုက်သူများ စုပေါင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသခံ နိုင်ငံရေးပါတီကို တိုင်ကြား သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်၏ အဓ္ဓမ လုပ်ရပ်များအား ယခင်အစိုးရ လက်ထက်၌လည်း ကြုံခဲ့ရကြောင်း၊ ထိုကိစ္စများအား ယခင်က မတားဆီးနိုင်ခဲ့သော်လည်း ယခုအခါ အရပ်သား အစိုးရသစ်တရပ်နှင့် လွှတ်တော်တို့ ရှိနေခြင်းကြောင့် ဒေသခံများ၏ အခြေအနေများကို ပြောဆိုနိုင်မည်ဟု မျှော်လင့်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

၎င်းက “မော်လမြိုင်ကနေ ရေးမြို့အထိ ကားလမ်း ဟိုဘက် ဒီဘက် စိုက်ထားတဲ့ ရာဘာဧက ၁၃၀၀၀ ၀န်းကျင်လောက်ကို စစ်တပ်ပိုင် မြေဆိုပြီး ခြံစည်းရိုး ခတ်ထားတယ်။ စစ်တပ်အတွက် အဆောက်အအုံတွေ ဆောက်လုပ်ဖို့ သိမ်းတယ်လို့ သိရတယ်” ဟု ဆိုသည်။

မွန်ပြည်နယ်၌ အစိုးရစစ်တပ်၏ တပ်ရင်းအရေအတွက် များပြားလာပြီး နေရာဒေသ အနှံ့အပြားတွင် အခြေစိုက် လာနေကြောင်း၊ ထိုတပ်ရင်းများအတွက် လိုအပ်သော အဆောက်အုံများ၊ စစ်တန်းလျား၊ ၀န်ထမ်းအိမ်ရာ စသည်တို့ဆောက် လုပ်ရန်အတွက် ဟုဆိုကာ ဒေသခံများ၏ လယ်မြေများ၊ ရာဘာခြံများကို အဓ္ဓမ သိမ်းယူနေကြောင်း သူက ဆက်ပြောသည်။

“စစ်တပ် အခြေချဖို့ သိမ်းယူတာကို တားဆီးရင်လည်း ရနိုင်မထင်ပါဘူး။ ဒါပေမယ့် ဒေသခံတွေ တန်ရာတန်ကြေး တခုခု ရအောင်တော့ အစိုးရသစ် လက်ထက်မှာ လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။

မွန်ပြည်နယ်၌ မြို့နယ် ၁၀ ခုရှိပြီး ၈ မြို့နယ်သည် ရာဘာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြကြောင်း၊ ရာဘာခြံ သိမ်းယူမှုကိစ္စကို နယ်မြေခံ မြေစာရင်းဌာနနှင့် စစ်တပ်တို့ ပူးပေါင်းလုပ်ဆောင် ကြကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

ရာဘာခြံတခု၌ ရာဘာပင် အရေအတွက် ၂၀၀ နှင့်အထက် ရှိသည်ဟု သိရပြီး ရာဘာတပင်လျှင် အနည်းဆုံးကျပ် ၁ သောင်းမှ ကျပ် ၅ သောင်းအထိ တန်ကြေးရှိကြောင်း မွန်သတင်းအေဂျင်စီ၌ ရေးသားထားသည်။

အကျယ်ချုပ်ကျ ဦးခင်ညွန့်၏ နောက်ဆုံးအခြေအနေ

အကျယ်ချုပ်ကျ ဦးခင်ညွန့်၏ နောက်ဆုံးအခြေအနေ

ဆိုင်းငံ့ ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ကျနေသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က စားဝတ်နေရေး အခက်အခဲကြောင့် ဇနီးနှင့် သမီးအား စီးပွားလုပ်ကိုင်နိုင်ရေး လွတ်လပ်စွာ သွားလာခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

နိုင်ငံတော် အကြီးအကဲများအနေဖြင့် ၎င်းအား တချိန်က လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက် တယောက်အနေဖြင့် သဘောထားကာ လက်ရှိစားဝတ်နေရေး အခက်အခဲကို စဉ်းစားပေးစေလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ဦးခင်ညွန့်က မေတ္တာရပ်ခံခြင်း ဖြစ်သည်။

အသက် ၇၀ နှစ်ရှိပြီဖြစ်သော ဦးခင်ညွန့်သည် မိသားစု စားဝတ်နေရေးနှင့် မြေးများ၏ ပညာသင်စရိတ်အတွက် သစ်ခွပန်း တနိုင်တပိုင်စိုက်ပျိုးကာ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့သွင်းပြီး ဖြေရှင်းနေရကြောင်း၊ ထို့ကြောင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ နှင့် သမီးဖြစ်သူ မသင်းမြတ်မြတ်ဝင်းတို့အား လွတ်လပ်စွာ စီးပွားရှာခွင့်ပြုရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း သိရသည်။

ဦးခင်ညွန့်က မိမိမှာ ကျန်းမာရေးလည်း ချို့ယွင်းနေပြီး ဘာသာရေးလုပ်ရင်းနှင့် ဘ၀နေ၀င်ချိန်ကို ဖြတ်ကျော်နေရကြောင်း၊ ဇနီးဖြစ်သူမှာလည်း ကျောက်တန်းမြို့တွင် နေထိုင်သည့် ၎င်း၏ အသက် ၉၅ နှစ်အရွယ် မိခင်ကြီးကို ပြုစုစောင့်ရှောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

သားနှစ်ဦးဖြစ်သည့် ဒု ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ဒေါက်တာ ရဲနိုင်ဝင်းနှင့် သားမက်ဖြစ်သူ ဦးတင်ထွဋ်တို့မှာလည်း ယခုအချိန်အထိ ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီး ၎င်းတို့ သုံးဦးအတွက်ပါ သက်ညှာစွာ စဉ်းစားပေးရန်လည်း တင်ပြထားသည်။

ဦးခင်ညွန့် မိသားစု၏ လက်ရှိ ကျန်းမာရေး၊ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ယောက်ဖတော်စပ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာ သန်းငြိမ်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် နိုင်ငံရေးနယ်ပယ်တွင် ရောက်ရှိနေသည့်အတွက် မသိရှိကြောင်း၊ သို့သော် နှမဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေမှာ သစ်ခွပန်းစိုက်ပျိုးရာတွင် ၀ါသနာပါကြောင်း ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းကလည်း ဦးခင်ညွန့်နှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းတခု ထွက်ပေါ်လာရာ ထိုမှတ်တမ်းထဲ၌ ရဲချုပ်ဟောင်း ဦးခင်ရီက တခြားတနေရာသို့ ပြောင်းရွေ့ရန် ညအချိန်တွင် လာရောက်ခေါ်ခြင်းဖြစ်ပြီး၊ ဦးခင်ညွန့်က ပထမပိုင်းတွင် စိတ်ဆိုးဒေါသထွက်နေသည့် ပုံသဏ္ဍန်ရှိသော်လည်း နောက်ပိုင်းတွင် စိတ်ကိုလျှော့ကာ စကားလက်ခံပြောဆိုနေသည်ကိုလည်း မြင်တွေ့ရသည်။

ထိုဗီဒီယို မှတ်တမ်းတွင် ဦးခင်ညွန့်က စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရှိသဖြင့် ၀င်ငွေမရှိကြောင်း၊ မြေးများမှာ ကျောင်းနေရန်ပင် အခက်အခဲရှိကြောင်း၊ ပိုက်ဆံမရှိသဖြင့် အိမ်၏ ဧည်ခန်းမီး ပျက်နေသည်ကိုပင် မပြင်နိုင်သေးကြောင်း ပြောဆိုသည်ကိုလည်း တွေ့ရသည်။

ဦးခင်ညွန့်ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

မကြာသေးမီကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ထောင်ကျနေသည့် ထောက်လှမ်းရေး အဖွဲ့ဝင် အရာရှိကြီးတချို့ ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မင်္ဂလာမြန်မာ NGO အဖွဲ့မှ ဒေါက်တာ ဖုန်းဝင်းက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကြား ကြီးမားသော ပြဿနာ မရှိနိုင်ကြောင်း၊ ထောက်လှမ်းရေး အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းမှာလည်း တချို့သော စစ်တပ်ခေါင်းဆောင်များနှင့် ထောက်လှမ်းရေး အရာရှိများအကြား ဖြစ်ပွားခဲ့သည့် ပြဿနာသာဖြစ်၍ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်မှာ မကြာခင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း ပြောသည်။

နေပြည်တော် သတင်းရပ်ကွက်၏ အဆိုအရလည်း ဦးခင်ညွန့်နှင့် မိသားစုကို မကြာမီ လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးသိန်းစိန် အစိုးရ မတက်မီ မတ်လအတွင်းက ဦးခင်ညွန့်အား လွှတ်ပေးရန် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက အကြံပြုဆွေးနွေးခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပယ်ချခဲ့သည်ဟု သိရသည်။

မယ်တော်ဆေးခန်း ရန်ပုံငွေအတွက် မြန်မာစက်ဘီးသမား မိုင် ၂၈၀၀ ခရီးနှင်

မယ်တော်ဆေးခန်း ရန်ပုံငွေအတွက် မြန်မာစက်ဘီးသမား မိုင် ၂၈၀၀ ခရီးနှင်

ကနေဒါလူမျိုး တစ်ဦးနဲ့ မြန်မာလူမျိုး တစ်ဦးတို့ဟာ ကနေဒါနိင်ငံ အနောက်ဖက် Vancouver မြို့ကနေ မိုင်ပေါင်း ၂၈၀၀ ခန့်ရှိတဲ့ ကနေဒါအရှေ့ဖက်က Halifax မြို့အထိ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း အတွက် ရန်ပုံငွေရှာတဲ့ အနေနဲ့ နိင်ငံကို ဖြတ်ပြီး ခရီးရှည်ကြီးကို စက်ဘီးနဲ့ ခရီး နှင်ခဲ့တာ အခု Toronto မြို့ကို ဒီကနေ့ ၀င်လာလု နီးပြီလို့ Toronto မြို့က မြန်မာ့အရေး လှုပ်ရှားနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

စက်ဘီးသမား အလုပ်သမားရှေ့နေ Rod Germaine နဲ့ စက်ဘီးသမား ABSDF ရဲဘော်ဟောင်း ကိုစိုးနိင် တို့ကို Toronto မြို့ရှိ "အမေ့အိမ်" စားသောက်ဆိုင်မှာ ဂုဏ်ပြု ဧည့်ခံပြီး ဆိုင်မှာ ကောက်ခံရရှိတဲ့ ရန်ပုံငွေတွေအပြင် ဆိုင်ကရောင်းချလို့ ရရှိထားတဲ့ ငွေတွေရဲ့ ၁၀ ရာခိုင်နှုန်းကိုလည်း ပေးလှူကြဘို့ စီစဉ်ထားတယ်လို့လည်း ကိုစည်သူက ပြောပါတယ်။

မြန်မာပြည်သူတွေ နယ်စပ်ဖက်ကနေ ခဲရာခဲဆစ် မဲဆောက်ရှိ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်း ကို ဆေးကုသဖို့ လာရောက်ကြတာ ကို တွေ့ရှိရာမှာ ခံစားမိလို့ အခုလို ရန်ပုံငွေရှာဖို့ ဖြစ်လာရတယ် ဆိုတာကိုလည်း ကိုစည်သူက ပြောပါတယ်။

မြန်မာပြည်က ပြည်သူတွေက မဲဆောက် တံတားအောက်ကနေ ကားတာယာတွေနဲ့ ကူးပြီး ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းမှာ လာကုရတာ မြင်ရတော့ ကျနော် မျက်ရည်ကျခဲ့ရတဲ့ထိ ခံစားရပါတယ်။ ဒေါက်တာ စင်သီယာကို ကူညီ နိုင်ရင် ကျနော်တို့ ပြည်သူတွေ ကို ကူညီနိုင်တာနဲ့ အတူတူ ပါဘဲ။ Fund raising အောင်မြင်အောင် မရ ရအောင် ကျနော်တို့ ကြိုးစားနေတာပါ။

Torontoမြို့ကနေ ကိုစိုးနိင်နဲ့ Rod Germaine တို့ဟာ ဇွန်လက စတင် ခရီးနှင်ခဲ့တဲ့ စက်ဘီးခရီးရှည်ကို နောက်ထပ် မိုင် ၇၅၀ ခန့် စီးနင်းမောင်းနှင်ပြီး Halifax မြို့မှာ ရန်ပုံငွေရှာပွဲကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း အထိမ်းအမှတ် ကျင်းပမည်

သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း အထိမ်းအမှတ် ကျင်းပမည်

ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပဖို့ မိသားစုဝင်တွေ ပြင်ဆင်နေတယ်လို့ သတင်းရရှိ ပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတော ဓမ္မာရုံမှာ မနက်ဖြန် ဇူလိုင်လ (၂၃) ရက် မနက် ၇ နာရီ ကနေ စတင် ကျင်းပမှာ ဖြစ်ပါတယ်။ မိသားစုဝင်တဦးက RFA ကို အတည်ပြု ပြောဆိုခဲ့ပြီး ဖိတ်စာနဲ့ ဖိတ်ကြားမှာ မဟုတ်တဲ့အကြောင်း ပြောပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ်လည် အခမ်းအနားမှာ အရင်နှစ်က ကဗျာရွတ်ဆိုပွဲ ရှိခဲ့သလို ဒီနှစ်မှာလည်း ကဗျာရွတ်ပွဲရှိတဲ့ အကြောင်းနဲ့ လူငယ်တွေလည်း တက်ရောက်ကြမည့် အကြောင်း သိရပါတယ်။

ဆရာကြီးဟာ ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ မွေးဖွားပြီး၊ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။ ဆရာကြီးရဲ့ နယ်ချဲ့ ဆန့်ကျင်ရေးနဲ့အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု၊ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ ထင်ရှားသလို၊ စာပေ ကဝိပညာရှိကြီး တဦး အဖြစ် အများက လေးစား ကြည်ညိုကြပါတယ်။

ကျပ်သိန်းပေါင်း တသိန်း ရန်ကုန်မှာ ကြံ့ဖွံ့ထုတ်ချေး

ကျပ်သိန်းပေါင်း တသိန်း ရန်ကုန်မှာ ကြံ့ဖွံ့ထုတ်ချေး

မဇ္ဈိမသတင်းဌာန ။ ။ ချေးငွေယူလျှင် ပါတီဝင်ရသည့် ကျပ်သိန်းပေါင်း တသိန်းအား ရန်ကုန်တိုင်းအတွင်း ထုတ်ချေးခဲ့ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ပြောသည်။

ကြာသပတေးမနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်း ကြံ့ဖွံ့ရုံးချုပ်၌ ကျင်းပသော ၎င်းတို့ပါတီနှင့် အခြား ၅ ပါတီမှ လူငယ်များ ဂျပန်သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်း ရှင်းလင်းသည့် အခမ်းအနား၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အတိုးနှုန်း ၂ ကျပ် ယူသည့် အသေးစား ချေးငွေသိန်းပေါင်း ၇ သောင်းနှင့် လယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေ သိန်းပေါင်း ၃ သောင်း ထုတ်ချေးခဲ့ကာ၊ ရရှိလာမည့် အတိုးများကို လူထုကျန်းမာရေးအတွက် ဆောင်ရွက်မည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။ သူသည် လက်ရှိ တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် အမတ် ဖြစ်ပြီး၊ ရန်ကုန်မြို့တော်ဝန်ဟောင်းလည်း ဖြစ်သည်။

ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတဦးက ‘‘ မြို့နယ်ကို ဒီလောက် ငွေချေးပေးနေတာ၊ ပါတီကိုလည်း သိတတ်ရမှာပေါ့၊ ပြည်သူနဲ့ အပြန်အလှန်ပေါ့ ဆိုတာမျိုး ပြည်သူကို ပြောပြတယ်။ ပြီးတော့ သူတို့ကို ငွေချေးတယ်။ လူတွေကလည်း ပါတီ ဝင်ကြတယ်။ ငွေချေးလို့လေ’’ ဟု ဆိုသည်။

မြောက်ဥက္ကလာပ မြို့ခံတဦးကလည်း ‘‘ကျမတို့ကို တယောက်ကို ၃ သောင်း ချေးတယ်။ ကျမတို့အဖွဲ့မှာ ခေါင်းဆောင်တယောက် ပါတယ်။ ငွေချေးတာ အပေါင်တော့ မပေးရဘူး။ ဒါပေမဲ့ ပါတီတော့ ဝင်ရတယ်’’ ဟု ပြောသည်။

ဦးအောင်သိန်းလင်းက ရန်ကုန်၌ (ဖြိုးစေတနာ) အခမဲ့ဆေးခန်း ၃၅ ခု ဖွင့်လှစ်ခဲ့သလို သမိုင်းလမ်းဆုံတွင် ၆ ထပ် ဆေးရုံဖွင့်ကာ အခမဲ့ မျက်စိခွဲစိတ်ပေးနေပြီး၊ အင်းစိန် GTI ၌ အခမဲ့ ကျောက်ကပ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မကြာမီတွင် အခမဲ့ သားဖွားဆေးရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

ကော်မရှင် အဆင့်ဆင့်ကို ဥပဒေများ ပိုမိုရှင်းပြသင့်

ကော်မရှင် အဆင့်ဆင့်ကို ဥပဒေများ ပိုမိုရှင်းပြသင့်

by ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၃၇ ပါတီကိုသာမက ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ခဲ့သည့် မြို့နယ်နှင့် ရပ်ကွက် ကော်မရှင်အဆင့်ဆင့်အား ပိုမိုရှင်းပြသင့်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းမည်ဟု ၂ဝ၁၁ ရွေးကောက်ပွဲဝင် ၃၇ ပါတီအား ဇူလိုင် ၂၇ ရက်တွင် နေပြည်တော်သို့ လာရောက်ရန် ဖိတ်ကြားလိုက်ပြီးနောက် ဦးသုဝေက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

“ဖိတ်စာထဲမှာတော့ ဥပဒေတွေ၊ နည်းဥပဒေတွေ ရှင်းပြမယ် ပြောတာကိုး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်း ကတော့အဲဒီ ဥပဒေနဲ့ နည်းဥပဒေတွေကို ချိုးဖောက်တာက ရွေးကောက်ပွဲ ကော်မရှင်နဲ့ သူတို့အစိုးရ အရာရှိတွေ ဖြစ်နေတယ်ဗျ။ အမှန်အတိုင်း ပြောရရင် ဒီဥပဒေတွေ၊ နည်းဥပဒေတွေကို အဆင့်ဆင့် ကော်မရှင် တွေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေ၊ရပ်ကွက်တွေက အရာရှိတွေကို ရှင်းပြဖို့တောင် ပိုကောင်းတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဥပဒေနှင့် နည်းဥပဒေများကို ၂ဝ၁ဝ မတ်လဆန်းတွင် ထုတ်ပြန်ခဲ့ပြီး ယခုအခါ ပထမဆုံးအကြိမ် အဖြစ် နိုင်ငံရေးပါတီများအား ခေါ်ယူရှင်းလင်းခြင်း ဖြစ်သည်။ တပါတီလျှင် ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူး တက်ရောက်ရန် ဖိတ်ကြားသည်။

ကော်မရှင် ဖိတ်ကြားမှုအပြီး ဒီမိုကရေစီ မိတ်ဆွေပါတီ ၁ဝ ခုက ကြာသပတေးနေ့တွင် ရန်ကုန်၌ တွေ့ဆုံညှိနှိုင်းခဲ့ရာ၊ ၎င်းတို့ တင်ပြဆွေးနွေးမည့် ကိစ္စများနှင့် ပတ်သက်၍ ဦးသုဝေက “ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ချို့ယွင်းချက်တွေကို စုစည်းပြီး ပြန်တင်ပြမှာပေါ့။ အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒါတွေကို ပြုပြင်ထိန်းသိမ်းပေးပါ။ ဥပဒေအတိုင်း လုပ်ပါဆိုတာတွေ တင်ပြမှာပေါ့” ဟု ပြောသည်။

၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲများတွင် မတရားမှုများ များပြားလှသော်လည်း ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသည့် အမှုပေါင်းမှာ ၃ဝ သာ ရှိခဲ့သည်။ ၎င်းတို့အနက် အာဏာရ ကြံ့ဖွံ့ပါတီက တိုင်ကြားခဲ့သည့်အမှုမှာ ၂၇ မှု ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ‘ဒီမိုကရေစီမိတ်ဆွေများ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ကော်မတီ’အမည်ဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုများ NDF ၊ DPM ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသားပါတီ ၁ဝ ပါတီက စုဖွဲ့ထားကာ မဲဆန္ဒနယ် ၄ဝ တွင် ဝင်ပြိုင်ရန် ဇူလိုင် ၁၈ ရက်တွင် စာရင်းသွင်းခဲ့သည်။

ဇူလိုင် ၂၇ ရက် ကော်မရှင်နှင့် အစည်းအဝေးတွင် ၎င်းတို့ ပါတီများ၏ သဘောထားများ တင်ပြခွင့်ရမရ မသေချာသေးပေ။ အကယ်၍ ၁ဝ ပါတီကိုယ်စား ပြောခွင့်ရပါက ဦးသုဝေနှင့် NDF မှ တဦးဦး ဖြစ်နိုင်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးမှာ ၂ဝ၁၁ ဖေဖော်ဝါရီ ၁၇ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က အဆိုတင်သွင်းခဲ့ရာမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာသည်။

မကြာမီက အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် သင်္ကန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်မှာ မှတ်ပုံတင် မကျသေး၍ ဖိတ်ကြားခြင်း မခံရပေ။

ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးစန်းပွင့် ထောင်ထဲတွင်ပင်ရှိသေး

ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးစန်းပွင့် ထောင်ထဲတွင်ပင်ရှိသေး

by မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရက ၂ဝဝ၄ ခုနှစ်တွင် ဖမ်းဆီးထားခဲ့သော ထောက်လှမ်းရေး အရာရှိကြီးဟောင်း တဦးဖြစ်သူ ဗိုလ်မှူးကြီးစန်းပွင့်မှာ ထောင်ထဲတွင်ပင် ရှိနေသေးကြောင်း မိသားစုဝင်တဦးက ပြောသည်။

အသက် ၆ဝ ကျော်ခန့်ရှိ ဗိုလ်မှူးကြီးစန်းပွင့်သည် ယခုအခါ မကွေးတိုင်း သရက်ထောင်တွင် ပြစ်ဒဏ်များ ကျခံနေရပြီး တနင်္လာနေ့တွင် ထောင်ဝင်စာ သွားရောက် ပေးပို့ခဲ့သည်ဟုလည်း ဗိုလ်မှူးကြီးစန်းပွင့်၏ မိသားစုဝင်က ဆိုသည်။

ကြာသပတေးနေ့ထုတ် ဧရာဝတီ သတင်းတပုဒ်တွင်တော့ ဗိုလ်မှူးကြီးစန်းပွင့်မှာ ဇွန်လအတွင်းက လွတ်မြောက် လာခဲ့သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီးစန်းပွင့်မှာ ဆိုင်းငံ့ထောင်ဒဏ် ၄၄ နှစ်အပြစ်ပေးခံရပြီး ရန်ကုန်တွင် နေအိမ် အကျယ်ချုပ်ခံနေရပြီး တာဝန်မှ ဖယ်ရှားခံလိုက်ရသူ ဝန်ကြီးချုပ်ဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အားကိုးရသူ တဦးလည်း ဖြစ်သည်။

သို့သော် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ရုံး အုပ်ချုပ်ရေးဌာန အရာရှိ ဒုဗိုလ်မှူးကြီးဟောင်း သက်တင်စိန်ကတော့ သမ္မတဦးသိန်းစိန်၏ တနှစ်လျော့ ပြစ်ဒဏ်ဖြင့် မေလတွင် လွတ်မြောက်လာခဲ့သည်ဟု ထောက်လှမ်းရေးဟောင်း သတင်းရပ်ကွက်က ပြောသည်။

ဗိုလ်မှူးကြီးစန်းပွင့်နှင့် ဒုဗိုလ်မှူးကြီး သက်တင်စိန်တို့မှာ တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူများ ဖြစ်သည်ဟု ဆိုသည်။

အရာရှိ အများအပြား နှစ်ရှည်ထောင်ဒဏ် ကျခံရပြီး အများဆုံး ထောင်ဒဏ် နှစ် ၁၆ဝ ထိ ချမှတ်ခဲ့သည့် ၂ဝဝ၄ ခုနှစ် သြဂုတ်လအတွင်း နိုင်ငံတဝှမ်းလုံးရှိ စစ်ထောက်လှမ်းရေးကို ဖျက်သိမ်း အရေးယူမှု ပြုသည့်အထဲ ပါဝင်သွားခဲ့ကာ ဗိုလ်မှူးကြီးစန်းပွင့်ကို အဂတိ လိုက်စားမှု၊ အာဏာအလွဲသုံးစား လုပ်မှုတို့ဖြင့် ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့သည်။

ဗိုလ်မှူးကြီး စန်းပွင့်သည် အဖမ်းခံရချိန်အထိ ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံ အနီးရှိ စစ် ထောက်လှမ်းရေး ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ကာ တိုင်းရင်းသားရေးရာ ဒုတိယ တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။

စစ်အစိုးရ စည်းဝိုင်းအတွင်း အားပြိုင်မှု၊ တိုက်ခိုက်ရေး တပ်များနှင့် ထောက်လှမ်းရေး ယန္တရား၏ အားပြိုင်မှု အကျိုးဆက်မှသည် ထောက်လှမ်းရေး ဖျက်သိမ်းခံရခြင်း အထိ သက်ရောက်မှုများ ရှိခဲ့သည်ဟု လူအများက ယုံကြည်ကြသည်။

မိုင်းကုတ်ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်း ထိုင်းပညာရှင်များ ကန့်ကွက်

မိုင်းကုတ်ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်း ထိုင်းပညာရှင်များ ကန့်ကွက်

by မွေခေါဝ်

လူမှုအသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေမည့် မိုင်းကုတ်ကျောက်မီးသွေး တူးဖော် ရေးနှင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးကို ထိုင်းပညာရှင်များ ကန့်ကွက်ကြောင်း သိရှိရပါသည်။

“နေရောင်စွမ်းအင်၊ လေစွမ်းအင်၊ သတ္တဓာတ်ငွေ့(biogas)နဲ့ လျှပ်စစ်စွမ်းအင်ထုတ်ပြီး လက်တွေ့သုံးနိုင်တယ်။ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေမဲ့ မိုင်းကုတ်က ကျောက်မီးသွေးကို မလိုအပ်ပါဘူး” ဟု ဘန်ကောက် အခြေစိုက် Healthy Public Policy Foundation မှ စုဖကိတ်နန္ဒဝေါရဂန်း က ပြောပါသည်။

မိုင်းကုတ်ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကြီး အကောင်အထည်ဖော်နိုင်ပါက ဖုန်မှုန့် ၁၅၀၀ တန်၊ ပြဒါး ၁၀၂ ကီလိုဂရမ်၊ ဖန်လုံအိမ်ရှိဓာတ်ငွေ့ သန်းပေါင်း ၂၉ တန် ဒဏ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒေသခံများ နှစ်စဉ် ခံရပြီး ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်တို့၏ ဖျက်ဆီးမှုဒဏ်ကြောင့် သဘာဝပတ်ဝန်း ကျင်(အထူးသဖြင့် နမ့်ကုတ်ချောင်း)ကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု ၎င်းကဆက်လက်ပြောပါသည်။

နမ့်ကုတ်ချောင်းသည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းကုတ်(မိုင်းခုတ်)မြို့နယ်ခွဲအတွင်းမှ မြစ်ဖျား ခံ၍ သျှမ်းပြည်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ့်အိုင်းနှင့် ချင်းရိုင်းမြို့နယ်များအတွင်းသို့ ဆက် လက် စီး ဆင်းပြီး မဲခေါင်မြစ်ထဲသို့ စီးဝင်သည်။ မိုင်းကုတ် ကျောက်မီးသွေးတူးဖော်ရေးမှ အညစ် အကြေးများ နမ့်ကုတ် ချောင်းထဲသို့ စီးဝင်မည်ဖြစ်သည်။

“နမ့်ကုတ်ချောင်းက သတ္တုရည်ကိုသောက်ပြီး ချင်းရိုင်းမြို့ ထူထောင်ခဲ့တဲ့နှစ် ၇၅၀ ပြည့် အခမ်းအနားကိုတော့ မကျင်းပပါရစေနဲ့” ဟု ထိုင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် မွန်ထရီဂျန်းထဝုန်း က ပြောပါသည်။

မိုင်းကုတ်ကျောက်မီးသွေးတူးဖော်ရေးနှင့် ပတ်သက်၍ လူထုစုဝေးမှုတစ်ရပ် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ ကျိတ်ရွက် ဘုန်းကြီးကျောင်း၌ ယမန်နေ့က ပြုလုပ်ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ပညာရှင်များ၊ နိုင်ငံရေးပညာရှင်များနှင့် အခြား ပရိသတ် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

ထိုစီမံကိန်း အနီးတဝိုက်ရှိ လယ်ယာမြေ လျှော်ကြေးအဖြစ် တစ်ဧက ကျပ်နှစ်သောင်းပေးကာ မြန်မာအာဏာပိုင် များက ဒေသခံရွာသားများအား ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ လယ်သမားများ လယ်တစ်ကွက်အတွက် ၃ နှစ်ကြာ ပြုစုပျိုးထောင်ရကြောင်း၊ လျှပ်စစ်မီးကိုမူ ဒေသခံများ ရရှိမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာသူ ဒေသခံတစ်ဦးက ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ ထိုင်းနိုင်ငံ မယ့်ဖလုံခရိုင် မျက်နှာ ချင်းဆိုင်ရှိ မိုင်းကုတ်(ခေါ်) မိုင်းခုတ်ထွက်ကျောက်မီးသွေးကို ထိုင်းနိုင်ငံ ဆာရဘူရီကျောက်မီးသွေးကုမ္ပဏီက ၂၀၀၈ ဒီဇင်ဘာလနှောင်းပိုင်းကတည်းက တူးဖော်ထုတ်ယူခွင့် နှစ် ၃၀ ကန်ထရိုက် ရရှိထားသည်။

စီမံကိန်း ပြီးစီးပါက မိုင်းကုတ်လျှပ်စစ်စက်ရုံမှ ၃၆၉ မဂ္ဂါဝပ်ကို ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး အာဏာ ပိုင်အဖွဲ့ Electricity Generating Authority of Thailand (EGAT)သို့ ၂၀၁၆ ခုနှစ် အစောပိုင်းမှစ၍ ၂၅ နှစ် ကြာ ရောင်းချမည်ဟုဆို၏။

ဒေ၀ူးသို့ တိုင်းမှူးဟောင်း မောင်ဦး ရောင်းစားသော သမ၀ါယမပိုင် မြေကွက် ကျေးရွာသားများ အရေးဆိုမည်

ဒေ၀ူးသို့ တိုင်းမှူးဟောင်း မောင်ဦး ရောင်းစားသော သမ၀ါယမပိုင် မြေကွက် ကျေးရွာသားများ အရေးဆိုမည်

ယခုလက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရမှ ဆင်းရဲ နွမ်းပါးမူ လျှော့ကျရေး အတွက် လယ်ယာကုန်ထုတ် သမ၀ါယမ အသင်းများဖွဲ့စည်းနေရာ ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာသားများက ယခင် တိုင်းမှူးဟောင်း ဦးမောင်ဦးမှ ဇနီးနာမည် ဖေါက်ကာ ဒေ၀ူးကုမ္ပဏီသို့ ရောင်းစားထားသော သူတို့ ရွာသားများ ပိုင်ဆိုင်သော သမ၀ါယ မြေကွက်အား ပြန်လည်ရယူရန် အရေးဆိုသွားမည် ဟု သိရသည်။

တိုင်းမှူး မောင်ဦးက အဲဒီမြေကွက်ကို သူလိုချင်တယ်ဆိုပြီး သူတိုင်းမှူး တာဝန်ကျစဉ်မှာ ရယကတွေကို ကျပ် ၂၅ သိန်းပေးပြီး ကျေးရွာသားတွေ သဘောမတူဘဲ အတင်းယူသွားပါတယ်။ အဲဒီမြေကွက်ကို သူဇနီး ဒေါ်ညွန့်ညွန့်ဦး နာမည် ဖေါက်ပြီး မနှစ်က သိန်း ၄၅၀ နဲ့ ဒေ၀ူး ကုမ္ပဏီကို ရောင်းစားပါတယ်။ အခု ကျွန်တော်တို့ရွာမှာ သမ၀ါယမ ကုန်ထုတ် အသင်းဖွဲ့မယ်ဆိုတော့ ဒီမြေကို ကျွန်တော်တို့ရွာက ပြန်လိုချင်ပါတယ် ဟု အမည် မဖေါ်လိုသူ ရွာလူကြီး တစ်ဦးက ပြောသည်။

အဆိုပါ ရခိုင် တိုင်းမှူးဟောင်းလည်းဖြစ် ပြည်ထဲရေး ၀န်ကြီးဟောင်းလည်း ဖြစ်သော မောင်ဦးမှ ဇနီးအမည်နှင့် နာမည် ဖေါက်ကာ ဒေ၀ူးအား ရောင်းလိုက်သော မြေမှာ ကျောက်ဖြူမြို့မှ ၅ မိုင်အကွာ ဂုံးချိန်ကျေးရွာမှ ကျေးရွာ သမ၀ါယမ အသင်းပိုင် အုန်းခင်း တစ်ခု ဖြစ်သည်။

ကျောက်ဖြူ မြို့ပေါ်မှ ဒေသခံ တစ်ဦးကလည်း အဆိုပါ ငွေကို ယမန်နှစ်က ဒေ၀ူးမှ လျော်ကြေး အဖြစ် ပေးအပ်ခဲ့ကြောင်း ပြောဆိုသည်။

မနှစ်က တိုင်းမှူးဟောင်း မောင်ဦးနဲ့ ဇနီး ဒေါ်ညွန့်ညွှန့်ဦး တို့ ကျောက်ဖြူကို ကား ရှစ်စီး လာလည် ပါတယ်။ ကျောက်ဖြူ ရဲရိပ်သာမှာ တည်းခိုသွားခဲ့ပါတယ်။ အဲဒီ လာလည်တဲ့ အချိန်မှာ ဒေ၀ူးက အဲဒီ ငွေ သိန်း ၄၅၀ ကို ဦးမောင်ဦး ဇနီးကို ပေးလိုက်ပါတယ်။ ဒီကိစ္စကို ကျောက်ဖြူမှာ တော်တော်များများ သိကြပါတယ် ဟု ပြောသည်။

ယခုကဲ့သို့ တိုင်းမှူးဟောင်း မောင်ဦးမှ ကျေးရွာ သမ၀ါယမပိုင် မြေကွက်ကို အပိုင်သိမ်းပြီး မိမိကိုယ်ကျိုးအတွက် ရောင်းစားခြင်းကို ဒေသခံအများစုက မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

အခု ဒီမြေကို သိမ်းပြီး ရောင်းစားတာကို အရေးဆိုဖို့ ကျွန်တော်တို့ တိုင်ပင်နေပါတယ်။ အခုကတော့ သက်ဆိုင်ရာ ရှေ့နေတွေ၊ နိုင်ငံရေး ပါတီက လူကြီးတွေ၊ တခြား တက်ကြွတဲ့ ပညာတတ်လူငယ်တွေနဲ့ ညှိနိုင်းတိုင်ပင်နေပါတယ် ဟု ပြောသည်။

တိုင်းမှူးဟောင်း မောင်ဦးသည် အလားတူ ကျောက်ဖြူမြို့နယ် မင်းပြင် ကျေးရွာတွင်လည်း ပြည်သူများ ပိုင်ဆိုင်သော လယ်မြေများ၊ ဥယျာဉ်ခြံမြေများကို သိမ်းယူပြီး ဇနီးနာမည်ဖြင့် မြေစာရင်း ဦးစီးဌာနတွင် အမည်ဖေါက်ထားကြောင်း သိရသည်။

မင်းပြင်ကျေးရွာတွင် ပြည်သူများပိုင်ဆိုင်သော လယ်မြေများကို ဇနီးအမည်များဖြင့် နာမည် ဖေါက်ကာ သိမ်းယူထားရာတွင် တိုင်းမှူးဟောင်း မောင်ဦး သာမက ယခင်တိုင်းမှူးဟောင်း ၀င်းမြင့်၊ ဒုတိုင်းမှူးဟောင်း သီဟသူရ မောင်နီလည်း ပါဝင်သည်ဟု ကျေးရွာသားများက ပြောသည်။

သူတို့ သိမ်းယူထားသော မြေကွက်များကို ကျောက်ဖြူ အခြေစိုက် ခရလ ၃၄ မှ နှစ်စဉ် ခြံထိုးပြီး စောင့်ရှောက်ထားကြောင်း သိရသည်။

မွန်အမတ်တစ်ပါးလယ်မြေပျက်စာရင်းလိုက်လံကောက်ခံ

မွန်အမတ်တစ်ပါးလယ်မြေပျက်စာရင်းလိုက်လံကောက်ခံ

ဟောင်းဒိန်း - မွန်ပြည်နယ် မုဒုံမြို့နယ်တောင်ပိုင်းရှိ ဝင်ဖနုံဆည်ဧရိယာရှိ စိုက်ပျိုးမရသည့်လယ်မြေစာရင်းကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်အမတ် နိုင်ထွန်းအုံမှ လိုက်လံကောက်ခံနေသည်။

“အခု စိုက်ပျိုးလို့မရတဲ့လယ်မြေစာရင်းကို လိုက်ကောက်နေတုန်းပဲ။ လယ်ဘယ်နှစ်ဧကရှိလဲ၊ ပျက်တာ ဘယ်နှစ်ဧကလဲဆိုတာကို တိတိကျကျ လိုက်ကောက်နေတယ်” ဟု မုဒုံမြို့နယ် ကွမ်ကဗွီးလယ်သမားတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့မှ ၄င်းလယ်မြေစာရင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် နေပြည်တော်သို့ တင်ပြနိုင်ရန် ကွမ်ကဗွီးဇာတိဖြစ်သော မွန်လွှတ်တော်အမတ် နိုင်ထွန်းအုံက ကွင်းဆင်းကောက်ခံနေခြင်းဖြစ်သည်။

စိုက်ပျိုးရန်မရသည့်လယ်မြေစာရင်းကို နိုင်ထွန်းအုံမှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ထံ လွန်ခဲ့သည့်ရက်သတ္တပတ်တွင် တင်ပြခဲ့သော်လည်း ပြည်နယ်ဝန်ကြီးချုပ်မှ စာရင်းအတိအကျတင်ပြရန် နိုင်ထွန်းအုံးအား ပြောဆိုခဲ့သဖြင့် ယခုကဲ့သို့ကောက်ခံနေခြင်း ဖြစ်သည်ဟု သူနှင့်နီးစပ်သူများကပြောသည်။

မုဒုံမြို့နယ်တောင်ပိုင်း ဝင်ဖနုံဆည်ဧရိယာရှိ ကလော့သောကျေးရွာ၊ ကော့ပီထော၊ ဖယ်ဒို၊ တောင်ပ၊ ထုံမံ၊ ကွမ်ကဗွီး၊ ဒိုးမား၊ ဆက်သွယ်ကျေးရွာများမှ လယ်မြေဧက ၅၀၀၀ အနက် ၂၅၀၀ ခန့်မှာ စိုက်ပျိုးရန် အခက်အခဲရှိသည်ဟု နိုင်ထွန်းအုံမှ ဦးအုန်းမြင့်ထံ တင်ပြခဲ့သည်။

ယင်းကဲ့သို့ လယ်မြေများ စိုက်ပျိုးရန်အခက်အခဲဖြစ်ရခြင်းမှာ ဝင်ဖနုံဆည်ဆောက်လုပ်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ၄င်းဒေသရှိ လယ်သမား ၂၀ ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးရေးနှင့် မွေးမြုရေးဝန်ကြီးဌာနသို့ ဝင်ဖနုံဆည်မှ ရေနုတ်မြောင်း ဖောက်လုပ်ရန် ဧပြီလတွင် မေတ္တာရပ်ခံ တင်ပြခဲ့ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးမှ လာရောက်ကွင်းဆင်းပြီး ရေနုတ်မြောင်း အနည်းငယ်သာ ဖောက်လုပ်ပေးခဲ့သည်။

“အစိုးရသစ်အနေနဲ့လုပ်မပေးရင်လည်း သူ (နိုင်ထွန်းအုံး) က လုပ်ပေးမယ်” ဟု နိုင်ထွန်းအုံမှ ကွမ်ကဗွီးကျေးရွာသားများနှင့်တွေ့ဆုံခဲ့စဉ်တွင် ပြောကြားခဲ့သည်ဟု ကွမ်ကဗွီးလယ်သမားက ပြောသည်။

“အစိုးရက သေသေချာချာ လုပ်ပေးနိုင်မှာ မဟုတ်ဘူး၊ အမြဲတမ်း သူတို့ကို တင်ပြနေမှ သူတို့ လုပ်ပေးမယ်” ဟု နိုင်ထွန်းအုံးက အဆိုပါလယ်သများများအား ပြောကြားခဲ့သည်။

ဒေသခံများမှာ လယ်ယာမြေနှင့် ရာဘာခြံမှ ထွက်ကုန်များကို အဓိကအားကိုးနေကြရသည်။ လယ်ယာမြေများ ရေလွှမ်းမိုး၍လယ်လုပ်မရဖြစ်နေသောကြောင့် အခက်တွေ့နေကြရသည်။

လယ်မြေများဆည်ရေလွှမ်းမိုးမှုခံနေရခြင်းကြောင့် ရေနုတ်မြောင်းဖောက်လုပ်ရန် ပြီးခဲ့သည့်ဇွန်လအတွင်း လယ်သမားများထံမှ သက်ဆိုင်ရာကျေးရွာအာဏာပိုင်များ ငွေကောက်ခံခဲ့သည်ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

အဆင့်မြင့် နိုင်ငံရေးသိပ္ပံ သင်တန်း NLD စတင်

အဆင့်မြင့် နိုင်ငံရေးသိပ္ပံ သင်တန်း NLD စတင်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ဆောင်နေတဲ့ ပါတီဝင်များ အရည်အချင်း မြှင့်တင်ရေး အစီအစဉ် တခု အနေနဲ့ အဆင့်မြင့် နိုင်ငံရေးသိပ္ပံ သင်တန်းကို ဒီကနေ့ စတင်လိုက်ပြီး တောင်ကိုရီးယား နိုင်ငံ အီဝါ အမျိုးသမီး တက္ကသိုလ်က ပါမောက္ခ နှစ်ဦးက ပို့ချပေး ပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ကနေ ဇူလိုင်လ ၂၈ ရက်နေ့ အထိ ပါမောက္ခ ဒေါက်တာ ဘရန်ဒန် ဟိုဝဲလ် နဲ့ ဒေါက်တာ မက်သီရပ်စ် မားစ် တို့က ပိတ်ရက် မရှိ ပို့ချသွားမယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

သင်တန်းကို ပြည်နယ်နဲ့ တိုင်းတခုစီက သင်တန်းသား လေးယောက်စီ် တက်ရောက်ကြပြီး ဗေဒါ အခမဲ့ အဆင့်မြင့် ပညာသင်တန်းကျောင်းက သင်တန်းသား ၂၀ လည်း တက်ရောက်တဲ့ အပြင် တခြား မိတ်ဖက် ပါတီတွေက သင်တန်းသားတွေလည်း တက်ရောက် ပါတယ်။ စုစုပေါင်း သင်တန်းသား ၇၈ ဦး ရှိတယ်လို့ ဆိုပါတယ်။ မနက်နဲ့ ညနေ တနေ့ နှစ်ချိန် သင်တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါက်တာ ဘရန်ဒန် ဟိုဝဲလ်က မနက် ၉ နာရီကနေ ၁၂ နာရီ အထိ စပြီး ပို့ချပါတယ်။ Human Security and State Security ခေါ် လူသားမျိုးနွယ် လုံခြုံရေးနဲ့ နိုင်ငံတော် လုံခြုံရေး အဲဒီ ဘာသာရပ်တွေ၊ သူရဲ့ အလားအလာများကို ပို့ချပါတယ်။ ညနေပိုင်းမှာ ဒေါက်တာ မက်သီရပ်စ် မားစ်က Introdution to International Relation နိုင်ငံတကာ ဆက်ဆံရေး မိတ်ဆက် ဘာသာရပ်ကို ပို့ချပါတယ်။

ပို့ချသူကပဲ ဟောပြော သင်ကြားနေတာမျိုး မဟုတ်ဘဲ အပြန်အလှန် ဆွေးနွေးတဲ့ ပုံစံနဲ့ ပို့ချတာမို့ သင်တန်းသားတွေ စိတ်ပါဝင်စားကြပြီး အပြန်အလှန် မေးမြန်း ဆွေးနွေးကြ ပါတယ်။

လာမည့် အင်္ဂါနေ့မှာ ဒီကနေ့ မနက်ပို့ချတဲ့ လူသားနဲ့ နိုင်ငံတော် လုံခြုံရေးရဲ့ ဘာသာရပ်ခွဲ တခု အဖြစ် Art of Negotiation တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်း နည်းပညာ ပို့ချပါမယ်။ သင်တန်းသားတွေဟာ အုပ်စုငယ်လေးတွေ ခွဲပြီး သုံးသပ်ချက်တွေနဲ့ စာတမ်းတွေ ပြုစုကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ပို့ချတာမို့ သင်ကြားမှု ပိုမို အထောက်အကူ ဖြစ်အောင် မနက်ပိုင်းမှာ NLD ဗဟို အလုပ်အမှူဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ဘာသာပြန်ပေးပြီး ညနေပိုင်းမှာ ဗေဒါသင်တန်းကျောင်းက ကိုမျိုးရန်မောင်သိန်းက ဘာသာပြန်ပေးပါတယ်။

သင်တန်းမှူး အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဆောင်ရွက်တယ်လို့ သိရပါတယ်။

NLD နိုင်ငံရေးသိပ္ပံသင်တန်း စတင်

NLD နိုင်ငံရေးသိပ္ပံသင်တန်း စတင်

by ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရက်သတ္တတပတ်ကြာ နိုင်ငံရေးသိပ္ပံသင်တန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဗဟိုရုံးချုပ်၌ သောကြာနေ့တွင် စတင်လိုက်သည်။

လူသား ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေး Human Development and Human Security ဘာသာရပ်အား ကိုရီးယားနိုင်ငံ Ewha အမျိုးသမီးတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ Brendam Howe ၏ ပို့ချမှုဖြင့် ယနေ့မနက်တွင် စတင်လိုက်သည်။ သင်တန်းဆရာစာရင်းအား NLD က ထုတ်ဖော်ကြေညာခြင်း မရှိပေ။

“ဆရာ ၂ ယောက် ရောက်ပါပြီ။ သင်တန်းကို ထိခိုက်မှာစိုးလို့ သင်တန်းဆရာတွေနဲ့ ပတ်သက်ပြီး အကုန်သတင်း မထုတ်သေးဘူးလို့ ထင်ပါတယ်။ အတွေ့အကြုံက ၂ ခါ ရှိသွားပါပြီ။ ဆရာကျော်ရင်လှိုင်တို့တုန်းကလည်း တခါ၊ ဆရာဦးမြင့်တုန်းကလည်း ပျက်ဖူးတယ်ဆိုတော့ အတော်လေးကို ဂရုစိုက်ပြီး လုပ်ရပါတယ်” ဟု သင်တန်းသားတဦး ဖြစ်သူ ဗေဒါအင်စတီကျုမှ ကိုမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။

မနက် ၉ နာရီတွင် သင်တန်းဖွင့်ပွဲကို ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိလုပ်ကာ ဖွင့်လှစ်ပေးခဲ့သည်။ သင်တန်းကို ဇူလိုင် ၂၈ ရက်အထိ နားရက်မရှိ ပို့ချသွားရန် စီစဉ်ထားသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးမှ NLD ပါတီဝင်များအပြင် ဗေဒါအင်စတီကျုမှ ကျောင်းသား ၃၃ ဦးလည်း တက်ရောက်နေသည်။

“တရားဝင် စာရင်းပေးတက်တာ ၇ဝ ကျော်။ နာမည်စာရင်းမပေးဘဲ နားထောင်နေတဲ့ ပရိသတ်လည်း ရှိတယ်ဗျ။ အားလုံးပေါင်း ၁ဝဝ ကျော် ရှိတယ်။ ကျနော်ဆိုရင် နာမည်မပေးဘဲ တက်တဲ့သူထဲ ပါတာပေါ့” ဟု ကိုမျိုးရန်နောင်သိန်းက ဆိုသည်။

end faq

 

ရေဒီယို အစီအစဉ်

  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow