မြန်မာEnglish
မူလစာမျက်နှာ မြန်မာ့ သတင်း မြန်မာ့သတင်း - ဇွန်လ ၂၀ ရက်၊ ၂၀၁၂

subscribeမြန်မာ့သတင်းများအား နေ့စဉ် အီးမေးလ်ဖြင့် ရယူလိုပါက မိမိ၏အီးမေးလ်အား Heal Burma သို့ ပေးပို့ရယူနိုင်ပါတယ်။


20
Jun
2012
မြန်မာ့သတင်း - ဇွန်လ ၂၀ ရက်၊ ၂၀၁၂
ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ပြင်ဆင်

ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ပြင်ဆင်

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အရေးကြီးတဲ့ ခရီးသွားလုပ်ငန်း ဆိုင်ရာ ပင်မစီမံကိန်း (Master Plan)ကို နော်ဝေနိုင်ငံ အစိုးရနဲ့ အာရှဖွံ့ဖြိုးရေးဘဏ် တို့ရဲ့ ထောက်ပံ့မှုနဲ့ရေးဆွဲ နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဦးတင့်ဆန်းက ပြောပါတယ်။

news image

ဇွန် ၁၈ ရက်နေ့ နေပြည်တော်က ဧည့်ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံဟာ ဒီနှစ်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံးနိုင်ငံ တခု ဖြစ်လာနိုင်ပြီး အရင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း တိုးနိုင်တယ်လို့ ပစိဖိတ်အာရှ ခရီးသွားအဖွဲ့က သုံးသပ်ထားတာ ကိုလည်း ၀န်ကြီးက ထည့်ပြောပါတယ်။

မြန်မာပြည်မှာ မနှစ်ကစတင်တဲ့ ဧည့်ဝန်ဆောင်မှု သင်တန်းတွေမှာ သင်တန်းသား ၁၈၀ သင်တန်းဆင်းတဲ့ အနက် နေပြည်တော်က အများစုဖြစ်ပြီး အခုသင်တန်းမှာ ၅၅ ဦး တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ တောင်ကြီး ဒေသတွေမှာလည်း သင်တန်းနှစ်ကြိမ်စီ ဖွင့်ဖို့ စီစဉ်ထားပါတယ် လို့ ၀န်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဒေသဆိုင်ရာပွဲတွေကို လက်ခံကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ ဘင်း(မ်) စတက် ထိပ်သီး အစည်းအဝေး၊ လာမယ့်နှစ်မှာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း)၊ ၂၀၁၄ ခုနှစ်မှာ အာဆီယံထိပ်သီး အစည်းအဝေး၊ ၂၀၁၅ ခုနှစ်မှာ အာဆီယံဝန်ကြီးများအဆင့် ဆက်စပ် အစည်းအဝေးတွေနဲ့ အာဆီယံခရီးသွားလုပ်ငန်းပြပွဲတို့ကို အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်ကို မဏ္ဍိုင်ပြုပြီး လက်ခံ ကျင်းပသွားဖို့ ရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက ထုတ်ပြန်တဲ့ သတင်းမှာ ရေးပါတယ်။

ကျေးရွာမြေယာကော်မတီက ဇေကမ္ဘာကို စစ်ဆေး

ကျေးရွာမြေယာကော်မတီက ဇေကမ္ဘာကို စစ်ဆေး

by ​အေး​နိုင်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်နေတဲ့ ဇေကမ္ဘာ ကုမ္ပဏီနဲ့ ရွှေနံ့သာ လယ်သမားတွေရဲ့ မြေယာ အငြင်းပွားနဲ့ စပ်လျဉ်းပြီး ဇေကမ္ဘာ ကုမ္ပဏီကို ဒီနေ့စတင် စစ်ဆေးပါတယ်။

news image

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ကျေးရွာမြေယာ ကော်မတီက လယ်သမား ၈၅ ဦးကို စစ်ဆေးပြီးတဲ့နောက် ဇေကမ္ဘာကုမ္ပဏီကို စစ်ဆေးတာပါ။ ဇေကမ္ဘာကုမ္ပဏီကိုယ်စား အထွေထွေမ န်နေဂျာ ဦးမြင့်ဇော်ကို စစ်ဆေးပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရွှေနံ့သာကျေးရွာအုပ်စုတွင်းက လယ်မြေ ၈၁၅ ဧကကို ဇေကမ္ဘာ ကုမ္ပဏီကို သီးစားချပေးဖို့ ဆုံးဖြတ်ချက်အပေါ် လယ်သမားတွေက မကျေနပ်ဘဲ မြေယာကော်မတီမှာ တိုင်ကြားလို့ စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒီနေ့ မေးမြန်းရာမှာ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က ခုလို ပြောပါတယ်။

“ပိုင်တာက နိုင်ငံတော်ဘက်က မြေကို ပိုင်တယ်။ ကျနော်တို့က အိုးအိမ်ဦးစီးဌာနရဲ့ ခွင့်ပြုမိန့်နဲ့ စီမံကိန်းကို အကောင်အထည်ဖော်တယ်။ ကျနော်တို့ ကွန်ကရစ်လမ်းတွေ ဖောက်ရတယ်။ လမ်းတွေခင်းရတယ်။ ဓာတ်မီးတိုင်တွေ ဆောက်ရ တယ်။ အခြားသော အခြေခံ အဆောက်အဦတွေ လုပ်ရ တယ်။ နောက်ပြီးတော့ နိုင်ငံတော်ကို မြေကွက်ပြန်သွင်းရတယ်။ အဲ့ဒီရဲ့ ကုန်ကျစရိတ်တွေကြောင့်မို့လို့ ထွက်ပေါ်လာတဲ့ စက်မှုဇုန်မြေကွက်တွေကို ကျနော်တို့က ကာလပေါက်ဈေးနဲ့ ရောင်းတာဖြစ်ပါတယ်။ ရောင်းတဲ့အခါမှာ ၂၀၁၁ တုန်းကဆိုရင် သိန်း ၃၀၀ ကျော်၊ ၄၀၀ လောက်နဲ့ ရောင်းခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာတွေ ဖြစ်လာတဲ့အခါမှာ မြေကွက်တကွက်ကို သိန်း ၇၀၀၊ ၈၀၀နဲ့ ၀ယ်သူတွေကို ပြန်အမ်းခဲ့ပြီး ဖြစ်ပါတယ်။ စက်မှုဇုန် မြေကွက်တွေကို ရောင်းချခြင်းမရှိသေးပါဘူး။”

ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန် ၁၊ ၂၊ ၃ နဲ့ ၄ လုပ်ဖို့ အရင် အစိုးရလက်ထက်မှာ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ စက်မှုဇုန် ၁၊ ၂၊ ၃ ပြီးတဲ့အခါမှာလည်း စက်မှုဇုန် ၄ ကို ဆက်အကောင်အထည်ဖော်ဖို့ ဖျက်သိမ်းခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ဆက်လက်ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် အစိုးရသစ်ပေါ်ထွန်းလာတာနဲ့အတူ လယ်သမားတွေက သူတို့ရဲ့ နစ်နာချက်တွေကို ဖော်ထုတ်လာတာဖြစ်ပါတယ်။

ဒီနေ့စစ်ဆေးရာမှာ စက်မှုဇုန်တွေ ဖြစ်တည်လာပုံတွေ၊ စက်မှုဇုန်ထဲက မြေတချို့ကို ဇေကမ္ဘာ က ရောင်းချခဲ့တာတွေကို ပြောခဲ့သလို လယ်မြေမှာ ဆက်လက် ထွန်ယက်စိုက်ပျိုးမယ် ဆိုတာတွေကို ဖြေဆိုခဲ့တယ်လို့ ဦးမြင့်ဇော်က ပြောပြပါတယ်။

မြေယာကော်မတီရဲ့ မေးမြန်းချက်ကို တက်ရောက်နားထောင်ခဲ့တဲ့ လယ်သမားတွေကို ကူညီသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ က ဇေကမ္ဘာ ကုမ္ပဏီ တာဝန်ရှိသူရဲ့ ဖြေဆိုချက်ဟာ ရှေ့နောက် မညီဖြစ်နေတယ်လို့ ဝေဖန်ပြောဆိုပါတယ်။

“စက်မှုဇုန်အနေနဲ့ ရောင်းစားထားပြီးတော့မှ အခုမှ မြေယာမှုခင်းတွေ ဖွင့်တော့မှ လယ်သမားတွေက လယ်လုပ်ပိုင်ခွင့် ငြင်းတော့မှ ခါတော်မီ လယ်သမားကြီး ထလုပ်တာလား၊ မေးစရာရှိပါတယ်။”

ဒီမြေတွေကို ကုမ္ပဏီနဲ့လယ်သမားတွေ သီးစားအပြိုင်လျှောက်ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဇေကမ္ဘာကို ချပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လယ်သမားတွေက မကျေနပ်လို့ ကျေးရွာမြေယာကော်မတီ မှာ မြေယာမှုခင်းဖွင့်ခဲ့တာ ဖြစ်ပါတယ်။

မကြာခင်မှာ သီးစားပြန်ချဖို့ကိစ္စ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ ဦးနေမျိုးဝေက ရှင်းပြပါတယ်။ ဥပဒေအရဆိုရင် ဆင်းရဲသား လယ်လုပ်သူကို ဦးစားပေးရမယ့် အချက်တွေပါတယ်လို့ သူက ရှင်းပါတယ်။

ဒီလဆန်းပိုင်းမှာ ကျေးရွာမြေယာကော်မတီမှာ စစ်ဆေးနေချိန်မှာပဲ နှစ်ဘက်စလုံးက အဲဒီမြေတွေပေါ်မှာ စပါးအပြိုင် စိုက်နေကြပါတယ်။ လယ်သမားတွေရဲ့ အပြောအရ သူတို့ရဲ့ သက်ရင့်စပါးပျိုးခင်း လက်လေးသစ်လောက်တွင်းကို ကုမ္ပဏီဘက်က သက်နုစပါးပျိုးပင်တွေ ကြဲစိုက်နေတယ်လို့ ဆိုပါတယ်။

ရွှေနံ့သာကျေးရွာအုပ်စုမှာ လယ်မြေတွေကို အစိုးရသိမ်းမယ်လို့ ကောလာဟလ ထွက်ချိန်မှာ ဇေကမ္ဘာ ကုမ္ပဏီက ကြားဝင်ဂရုဏာကြေးပေးပြီး စက်မှုဇုန်တည်နေတာပါ။ ဒါပေမယ့် လယ်သမားတွေက နောက်ပိုင်းမှာ လှည့်ဖျားခံရတယ်လို့ ယူဆပြီး လယ်လုပ်ခွင့် ပြန်တောင်းနေ တာ ဖြစ်သလို ကုမ္ပဏီကလည်း လယ်ပဲစိုက်တော့မယ်လို့ ရပ်တည်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဇေကမ္ဘာကုမ္ပဏီကို အမျိုးသားလွှတ်တော်အမတ် သူဌေး ဦးခင်ရွှေ ပိုင်ဆိုင်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနနှင့် ဂျာနယ်အမှု အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်ခံယူရေး တရားရုံးပယ်ချ

သတ္တုတွင်းဝန်ကြီးဌာနနှင့် ဂျာနယ်အမှု အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်ခံယူရေး တရားရုံးပယ်ချ

by ကို​ထွေး

သတ္တုတွင်းဝန်ကြီးဌာနက စွဲဆိုထားတဲ့အမှုကို ရပ်ဆိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ အဆုံးအဖြတ်နာယူဖို့ The Voice Weekly ဂျာနယ်ရဲ့ လျှောက်လဲထားတဲ့အပေါ် ဒဂုံမြို့နယ်တရားရုံးက ပယ်ချလိုက်ပါတယ်။

news image

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ “၀န်ကြီးဌာနအချို့ ကျပ်သိန်း ထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်းနဲ့ ပတ်သက်ပြီးတော့ သတ္တုတွင်း ၀န်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားတာဖြစ်ပြီး ဒီအမှုကိုရပ်ဖို့ ဂျာနယ်ဘက်က ကြိုးပမ်းချက်ကို တရားရုံးက ပယ်ချလိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့နယ် တရားရုံးက ဒီနေ့ ပလပ်လိုက်တာလို့ The Voice Weekly ဂျာနယ်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးသိန်းညွန့်က ပြောပါတယ်။

အမှုကို ပလပ်လိုက်တဲ့အတွက် တရားရုံးအဆင့်ဆင့်ကို ပြင်ဆင်မှုတွေ ထပ်မံ တင်သွင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကျနော့်တင်ပြချက် အခြေခံဥပဒေ ခုံရုံးပို့ဖို့ကို တရားရုံးက လက်မခံဘူးပေါ့။ ပလပ်လိုက်တယ်။ ပလပ်လိုက်တော့ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေအတိုင်း ကျနော်က ပြင်ဆင်မှုတွေတတ်ရမှာပေါ့။ လောလောဆယ် ခရိုင်ကို တက်ရမှာပေါ့။ ခရိုင်မှာအရေးနိမ့်လို့ရှိရင် ရန်ကုန်တိုင်း တရားလွှတ်တော်ကို တက်ရမှာပေါ့။ အဆင့်မြင့်ဆုံး တရားရုံးချုပ်ထိ စီစဉ်ပြီးတက်လို့ရတဲ့ အခွင့်အရေး ကျနော့်မှာရှိတယ်။ အဲ့အခွင့်အရေးကို ကျနော်သုံးမှာပါ။ ဘာလို့လဲဆိုတော့ ဒါကို ကျနော်တင်ပြတဲ့ ရည်ရွယ်ချက်က ရှေ့မှာလည်း ၀န်ကြီးဌာနတွေက စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေကို ခုလိုတရားစွဲတဲ့အဖြစ်မျိုးကို တတ်နိုင်သမျှ မဖြစ်အောင်ပေါ့။ ဒီထက်အရေးကြီးတဲ့ အချက်က ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုအကာအကွယ်ပေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အာနိသင်ကို ပြည်တွင်းပြည်ပသိနိုင်ဖို့အတွက် ဖော်ပြချင်လို့ပါ။”

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဒါမှမဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မဆန့်ကျင်ပါက လွတ်လပ်စွာ ရေးသားထုတ်ဖော် ဖော်ပြခွင့် ပေးထားတဲ့အတွက် ၀န်ကြီးဌာန စွဲဆိုချက်ဟာ အဲဒီအချက်နဲ့ ကွဲလွဲနေတယ်လို့ ယူဆတဲ့အတွက် တရားရုံးကတဆင့် အခြေခံဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ် ခံယူဖို့ တင်သွင်းတာလို့ ပြောပါတယ်။

အခုလို ပလပ်လိုက်တဲ့အတွက် နဂိုစွဲဆိုချက်တွေအတိုင်း နောက်ထပ် ရုံးချိန်းကို ဇွန် ၂၈ ရက်နေ့ ထပ်မံချိန်းဆိုထားပြီး အမိန့်ရပါက ပြင်ဆင်ခွင့်ကို ရန်ကုန် ဘားလမ်းရှိ အနောက်ပိုင်းခရိုင်မှာ တင်သွင်းသွားမယ်လို့ ဆိုပါတယ်။

ဒဂုံမြို့နယ်တရားရုံးက ပယ်ချခဲ့ပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တိုက်ရိုက်မဟုတ်ပေမယ့် တနည်းနည်းနဲ့ ပြင်ဆင်ခွင့် ထပ်မံ တင်သွင်းမယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။

မတ် ၁၂ ရက်နေ့ထုတ် The Voice Weekly တွင် ၀န်ကြီးဌာနအချို့ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းနဲ့ ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနက The Voice Weekly ဂျာနယ်ကို အသရေဖျက်မှုနဲ့ သက်ဆိုင်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

The Voice အမှု အခြေခံဥပဒေခုံရုံး တင်ရန် ပယ်ချခံရ

The Voice အမှု အခြေခံဥပဒေခုံရုံး တင်ရန် ပယ်ချခံရ

by ဝေစန္ဒာ

ရန်ကုန် (မဇ္ဈိမ) ။ ။ The Voice Weekly ဂျာနယ်အား သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုထားသောအမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြမည် ဆိုသော်လည်း တရားသူကြီးအနေဖြင့် မသင့်တော်သောကြောင့် ပယ်ချလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေ က ပြောသည်။

အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် The Voice အား တရားစွဲဆိုထားခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ/မညီကို ခုံရုံးသို့ တင်ပြရန်နှင့် အမှုကို ရပ်ဆိုင်းပေးရန်အတွက် ဒဂုံမြို့နယ် တရားရုံးကို လျှောက်ထားခဲ့ရာ ဇွန်လ ၂ဝ ရက် ရုံးချိန်းတွင် အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်ပြရန် မသင့်တော်သောကြောင့် ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့က ပယ်ချလိုက်ပါတယ်။ ဆရာတို့ဘက်က ဒါကို ပယ်ချလိုက်တဲ့အတွက် ဒီထက်မြင့်တဲ့ တရားရုံးကို တက်ရောက် ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ဦးဝင်းရွှေက မဇ္စိမကို ပြောသည်။

အသေရေဖျက်ခြင်းနှင့် သက်ဆိုင်သော ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝဝ သည် အငြင်းပွားဖွယ်ရာ အမှုမျိုးဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွဲလွဲမှုများ ရှိနေကာ ခုံရုံးက စစ်ဆေးသင့်ကြောင်း ဇွန်လ ၆ ရက်နေ့ ရုံးချိန်းတွင် ရှေ့နေ ဦးသိန်းညွန့် က လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ သည် အကယ်၍ ပြစ်မှု မြောက်ပါက ပြစ်ဒဏ် ထောင်ဒဏ် ၁ နှစ်ကျခံနိုင်သလို၊ ငွေဒဏ်အားဖြင့်လည်း ခံရနိုင်သည်ဟု ရှေ့နေ ဦးဝင်းရွှေက ပြောသည်။

၎င်းအမှုမှာ မတ်လ ၁ဝ ရက်နေ့က ထုတ်ဝေခဲ့သော The Voice Weekly ဂျာနယ် အတွဲ ၈ အမှတ် ၁၃ ၌ ‘ဝန်ကြီးဌာန အချို့ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု တွေ့ရှိ’ သတင်းကို မျက်နှာဖုံး သတင်းအနေဖြင့် ဖော်ပြခဲ့ခြင်းကြောင့် သတ္တုတွင်း ဝန်ကြီးဌာနမှ တရားစွဲဆိုခြင်း ဖြစ်သည်။

ထိုသတင်း ရေးသားသူအား ဖော်ထုတ်ပေးရန် တရားလိုဘက်မှ တောင်းဆိုထားခြင်းကိုမူ ဖော်ထုတ်ခွင့် မရှိကြောင်း မေလ ၂၃ ရက်နေ့က ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည်။

အခွန်ငွေ မထည့်သည့် ယာဉ်မောင်းအား မူစယ်မြို့အုပ်ချုပ်ရေးမှူး တရားစွဲ

အခွန်ငွေ မထည့်သည့် ယာဉ်မောင်းအား မူစယ်မြို့အုပ်ချုပ်ရေးမှူး တရားစွဲ

ပြည်နယ်အစိုးရရံပုံငွေအတွက် အခွန်ကောက်နေသော တရုတ် - မြန်မာနယ်စပ် ဆင်ဖြူဂိတ်တွင် ယခုလ ၁၆ ရက်နေ့က မိုးကောင်းကင် ယာဉ်လှိုင်းမှ ယာဉ်မောင်းတစ်ဦး အခွန်ငွေမထည့်သည့်ကိစ္စနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။

news image

၎င်းနေ့ ညနေ ၆ နာရီခန့်က မိုးကောင်းကင်ယာဉ်လှိုင်းမှ ယာဉ်တစ်စီး ကျယ်ဂေါင်ဘက်မှ မူစယ်သို့ ဆင်ဖြူဂိတ်အတိုင်းဝင်လာစဉ် အခွန် မဆောင်ဘဲ ဖြတ်ကျော်မောင်းနှင်သဖြင့် ဦးမြဟန်မှ ကားရပ်တန့်ရန် တားမြှစ်ရာမှ ပြဿနာစတင်ဖြစ်ပွားကြောင်း မူစယ်မြို့ အုပ်ချုပ်ရေးရုံး ၀န်ထမ်း အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အခွန်ကောက်တဲ့ဂိတ်မှာ ကားမရပ်ပဲ ကားဆက်မောင်းသွားတော့ ဦးမြဟန်က တားတာပေါ့နော်၊ ယာဉ်မောင်းကကားနောက်ပြန်ဆုတ်လာပြီး သူ့အဖေဆီကို ဖုန်းပြန်ဆက်တယ်၊ ဘယ်အဆင့်လဲ၊ ဘာညာမေးတယ်နဲ့တူတယ်၊ ဘာအဆင့်မှ မရှိပါဘူး၊ ဘယ်ကကောင်မှန်း မသိပါဘူး ဆိုပြီး ဖုန်းထဲကနေ ပြန်ပြောတယ်၊ အဲဒီနေ့ညနေပိုင်းမှာပဲ ချက်ခြင်း ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်” - ဟု နီးစပ်သူတစ်ဦးက ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဆိုပါယာဉ်မောင်းအား တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် အမှုဖွင့်ထားပြီး ယခုအခါယာဉ်မောင်းအား ရဲစခန်းမှ အာမခံနှင့် ပြန်လွှတ်ထားကြောင်း ၁၄ ရက်အတွင်း တရားရုံးတွင် တရားစွဲတင်ရမည် ဖြစ်ကြောင်းနှင့် ၄င်းယာဉ်မောင်းမှာ မိုးကောင်းကင် ယာဉ်လှိုင်းပိုင်ရှင်၏သားဖြစ်ကြောင်း သိရသည်။

မူစယ် - မန္တလေး လှိုင်းပြေးဆွဲနေသော အဆိုပါ မိုးကောင်းကင်ယာဉ်လှိုင်းတွင် ယခင်စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ယခုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေး ကိုယ်တိုင်ရှယ်ယာပါဝင်ကြောင်း သိရသည်။

တနိုင်းမြို့ရှိ ၆ မိုင်တံတားကျိုးကျပျက်စီး မှုကြောင့် ဒေသခံများ သွားလာရန်ခက်ခဲ

တနိုင်းမြို့ရှိ ၆ မိုင်တံတားကျိုးကျပျက်စီး မှုကြောင့် ဒေသခံများ သွားလာရန်ခက်ခဲ

တနိုင်းမြို့အနီး ဂွေတောင်ချောင်း ၆မိုင်တံတားသည် ဘိလပ်မြေတင် ဆောင်လာသော ဆယ်ဘီးကားကြီးဖြတ်သန်းစဉ်တွင် တံတားကျိုးကျပျက်စီးသွားခဲ့ရာ ဒေသခံများ သွားလာရေးအခက်ခဲဖြစ်နေကြသည်။

news image

၎င်းတံတားသည် မေလ ၃၀ ရက်နေ့က ဘိလပ်မြေတင်ဆောင်လာ သော ဆယ်ဘီးကား ဖြတ်စဉ်တွင် ပျက်စီးသွားခဲ့ပြီး ကားနှင့်အတူ ကျိုးကျသွား ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

တံတားအသစ်ပြုပြင်ဆောက်လုပ်နိုင်ရန်အတွက် တနိုင်းမြို့နယ်အာဏာပိုင်များက ကားပိုင်ရှင် ဦးအေးသိန်းဆိုသူအား ဒဏ်ငွေအဖြစ် သိန်း ၂၀၀ ဆောင်ခိုင်းခဲ့ကြောင်း ဒေသခံများပြောသည်။

ဒေသခံများသည် တံတားမရှိသောကြောင့် သွားလာရန်အခက်ခဲဖြစ်နေသော်လည်း တံတားကိုမူ ယခုချိန်ထိ ပြန်လည်ဆောက်လုပ်ပေးခြင်း မရှိသေးပဲ နွေရာသီ၌ သွားလာနိုင်ရန် ယာယီတံတားကိုသာ စီစဉ်ပေးခဲ့ကြောင်း တနိုင်း ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ ပြောသည်။

“အဲဒီ နွေရာသီတံတားလည်း ချောင်းရေကြီးပြီး ယခုချိန်မှာ ပြန်ပျက်စီး သွားခဲ့ပါပြီ။ စစ်အစိုးရ ခေတ်အဆက်ဆက်ကတည်းက ပြန်လည် ပြုပြင်တည် ဆောက်ခြင်း မလုပ်ခဲ့တဲ့ ဟောင်းပြီးဆွေးနေတဲ့ တံတားတွေကို အခုလိုကျိုး ပျက်သွားရင် တရားခံရှာပြီး ခြိမ်းခြောက်တယ်။ ဒဏ်ငွေတွေ တောင်းယူတာတွေ အကြိမ်ကြိမ် ရှိခဲ့ပေမယ့် ခိုင်ခန့်တဲ့တံတားတွေ ယနေ့ထိတိုင် ပြန်ဆောက် ပေးတာမရှိသေးဘူး” ဟုပြောသည်။

မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမကြီးပေါ်တွင် ဆောက်လုပ်ထားသည့် တံတားများသည် ဒုတိယကမ္ဘာစစ် အင်္ဂလိပ်ကိုလိုနီခေတ်က တည်ဆောက်ထားသည့် သက်တမ်း ကုန်ဆုံးပြီဖြစ်သော တံတားများဖြစ်ကြောင်း ဒေသခံများပြောသည်။

ဇွန်လ ၁၆ ရက်နေ့က လီဒိုလမ်းမပေါ်ရှိ နောင်းမှီကျေးရွာအနီး ရဲဘက်စခန်းတွင် လုံခြုံရေးမိုင်းနင်းမိပြီး ပြည်သူများထိခိုက်ဒဏ်ရာရခဲ့ရာ အာဏာပိုင်များသည် ခရီးသည်များကို ခြိမ်းခြောက် စစ်ဆေးမေးမြန်းမှုများလည်းပြုလုပ်လာပြီး လမ်းများပိတ်ထားသည်။

ဇွန်လ ၁၇ ရက်နေ့မှစ၍ မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမကြီးကို နမ္မတီးမြို့အထက် မရန်ကထောင်ကျေးရွာမှ တနိုင်းမြို့ စုပေါင်းဂိတ်အထိ တနိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒ.က.စ အမိန့်အရ ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ထားခြင်း ဖြစ်ကြောင်း ဒေသခံများပြောသည်။

ယခုလိုလမ်းကြောင်းပိတ်ထားလိုက်ခြင်းသည်လည်း လျော်ကြေးတောင်းယူထားပြီး ပြန်မဆောက်ပေးနိုင်သေးသည့် ဂွေတောင်ချောင်း ၆မိုင်တံတားကို မိုးရာသီတွင်း ဖြတ်သန်းသွားလာနိုင်ရန် စက်လှေတစ်စီး အလောတကြီး စီစဉ်နေခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများ သုံးသပ်နေကြသည်။

ယခုချိန်တွင် ဒေသတွင်း ရာနှင်ချီသော စီးပွားရေးကုန်သည်များနှင့် ပြည်လူထုများသည် သွားလာရေးခက်ခဲမှုနှင့် လုံခြုံရေးစိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများပြောသည်။

မြေယာ ပြောင်းလဲရေး လူများစု ခံစားသင့်

မြေယာ ပြောင်းလဲရေး လူများစု ခံစားသင့်

မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ မိန့်ခွန်း ထဲမှာ မြေယာ ပြုပြင် ပြောင်းလဲရေး လုပ်ချိန် တန်ပီလို့ ဆိုပါတယ်။

news image

ဒီလို မြှုပ်နှံဖို့ ဆိုတာက ကုမ္ပဏီ တွေကို လယ်ဧက ထောင်သောင်း ချီပီး နှစ်ရှည် ကန်ထရိုက် ပေးနေတာမျိုး မဟုတ်ဘူးလို့ ရှေ့နေကြီး ဦးအောင်သိန်းက ဆိုပါတယ်။

ဒီလို လုပ်လို့ နှစ်ပေါင်းများစွာ လယ်ယာလုပ် လာတဲ့ တောင်သူ လယ်သမားတွေ အလွန် နစ်နာပါတယ်။

တကယ်က မြေယာကို နိုင်ငံတော် ပိုင်တာ ဆိုပေမယ့် နိုင်ငံတော် နာမည်ခံ အစိုးရက ခြယ်လှယ် နေတာပါ။

စစ်တပ်နဲ့ ကုမ္ပဏီ တွေက လယ်တွေ သိမ်းသလိုပဲ ဌာန ဆိုင်ရာကလဲ မြို့နဲ့ နီးရာ လယ်ကွက် တွေကို အကွက်ရိုက် သိမ်းတာတွေ ကလဲ မဆန်း တော့ပါဘူး။

ဒါကြောင့် ပြည်ပ မြှုပ်နှံသူတွေက ဒီ ကုမ္ပဏီ တွေက တဆင့်ခံ စီးပွားရေး လုပ်နေရင် လယ်သမား တွေအတွက် ခံစားရဖို့က နည်းပါတယ်လို့ ဦးအောင်သိန်းက ပြောကြား ခဲ့ပါတယ်။

တောင်ကုတ်မြို့ လူသတ်မှုနှင့်ပတ်သက်ပြီး သက်သေများကို ခေါ်ယူမေးမြန်း

တောင်ကုတ်မြို့ လူသတ်မှုနှင့်ပတ်သက်ပြီး သက်သေများကို ခေါ်ယူမေးမြန်း

by ​အေး​နိုင်

ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ သံတွဲမြို့ကနေ လိုက်ပါလာတဲ့ ခရီးသည် ၁၀ ဦး ရိုက်နှက်ခံရကာ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဆင့် စုံစမ်းစစ်ဆေးရေး အဖွဲ့က တောင်ကုတ်မြို့မှာ လူပေါင်းများစွာကို စစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဥပဒေမဲ့ပြုမှုဆောင်ရွက်ချက်တွေနဲ့ လူအုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေကို ဖော်ထုတ်အရေးယူဖို့ ပြည်ထောင်စု အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း တာဝန်ပေးတာကို အကောင်အထည်ဖော်တာဖြစ်ပါတယ်။

အခင်းဖြစ်စဉ်က ဓာတ်ပုံမှာပါသူတွေနဲ့ စစ်ဘက်၊ အရပ်ဘက်က စုဆောင်းထားတဲ့ မျက်မြင်သက်သေတွေကို တောင်ကုတ်မြို့က တပ်ရိပ်သာမှာ ခေါ်ယူမေးမြန်းနေတာလို့ ဒေသခံ တဦးက ပြောပါတယ်။

“ဒုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့လေ၊ ဒီလ ၃၀ ရက်နေ့မှာ သမ္မတကို တိုက်ရိုက် အစီရင်ခံစာ တင်ရမယ့် အဖွဲ့၊ အဲဒီက တောင်ကုတ်မှာစစ်ဆေးတယ်၊ ငါးရက်လောက်ရှိပြီ။ လူအကုန်လုံး ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိမယ်။ ဒီနေ့ပြီးသွားပြီထင်တယ်။”

ပြီးခဲ့တဲ့မေလကုန်ပိုင်းက စစ်တွေမှာ အခင်း ၃ ခုဖြစ်ခဲ့ပါတယ်။ တခုက ကျောက်နီမော်ရွာမှာ အမျိုးသမီးတဦး သတ်ဖြတ်ခံရပြီး အဲဒီအမျိုးသမီးဓာတ်ပုံကို တောင်ကုတ်မှာ မနက်ပိုင်းဖြန့်ဝေပြီး ညနေစောင်းမှာ သံတွဲကနေလာတဲ့ကားပေါ်ပါ မွတ်ဆလင် ၁၀ ဦး သတ်ဖြတ်ခံရပါတယ်။ အဲဒီဖြစ်ရပ်မတိုင်ခင် မရှေးမနှောင်းမှာ စစ်တွေမြို့မှာ လူတယောက်ပျောက်တယ်ဆိုတဲ့ သတင်းအပေါ် အခြေခံပြီး လူအုပ်စုတစုက ရဲစခန်းကို တောင်းဆိုရာက အဓိကရုဏ်းဆန်ဆန်ဖြစ်ပြီး ရဲက ပစ်ခတ်နှိမ်နင်းမှုဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ် မောင်တောမှာ မီးရှို့ လူသတ်မြှုဖစ်ရာက အစပြုလို့ ဒေသတွင်း မတည်မငြိမ် မီးရှို့ဖျက်ဆီးမှုတွေကြောင့် ညမထွက်ရအမိန့်ထုတ်သလို မနိုင်တော့တာကြောင့် တပ်ကိုသုံးနိုင်အောင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးက ရခိုင်ပြည်နယ်အခြေအနေ တည်ငြိမ်စပြုပြီလို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ညပိုင်းမှာတင် စစ်တွေမှာ မီးလောင်ခဲ့ပါတယ်။

မနေ့က ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာမှာဆက်ဖြစ်တဲ့ အခင်းမှာ ရခိုင်လူမျိုး ၄ ဦးသေဆုံးပြီး ၇ ဦး ပျောက်နေတဲ့အကြောင်းနဲ့ အဲဒီရွာကို တပ်နဲ့ ရဲတို့ ရောက်ရှိ ထိန်းသိမ်းခဲ့တယ်လို့ မြို့နယ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးလှမြင့်က ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ အမျိုးသမီးငယ် သေဆုံးမှုနဲ့ပတ်သက်လို့ လူငယ် ၂ ဦးကို တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ဒုတိယ ဥက္ကဋ္ဌ ဒုရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း အပါအ၀င် ၁၆ ဦးပါ အဲဒီအဖွဲ့ဟာ အဖြစ်မှန်ဖော်ထုတ်စစ်ဆေးပြီး ဒီလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး သမ္မတထံ အစီရင်ခံရမှာဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ၂၅ ရက်အတွင်းမှာ မှုခင်းဖြစ်ရတဲ့အကြောင်းရင်း၊ အုပ်စုဖွဲ့ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်မှုနဲ့ ဦးဆောင်သူတွေ၊ ပြစ်မှုကျူးလွန်သူတွေ၊ အခင်းမဖြစ်မီနဲ့ ဖြစ်ပြီး ကာလ ဥပဒေနဲ့အညီဆောင်ရွက်မှု၊ ဆောင်ရွက်နိုင်တဲ့ အခြေအနေ၊ အဖွဲ့ရဲ့ ထင်မြင်ချက်၊ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေကို ဆောင်ရွက် အစီရင်ခံ တင်ပြကြရမှာဖြစ်ပါတယ်။

ရသေ့တောင် မြို့နယ်အတွင်း ပဋိပက္ခထပ်ဖြစ်၊ လူ ၁၂ ဦးသေဆုံး

ရသေ့တောင် မြို့နယ်အတွင်း ပဋိပက္ခထပ်ဖြစ်၊ လူ ၁၂ ဦးသေဆုံး

by မန်းသားလေး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာနေ ရခိုင်တိုင်းရင်းသားများနှင့် အနောက်ပြင် ကျေးရွာနေ ဘင်္ဂါလီများ ယမန်နေ့က ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဘင်္ဂလီ ၂ ဦးနှင့် ရခိုင်တိုင်းရင်းသား ၁၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။

news image

သေဆုံးသွားသည့် ရခိုင် ၁၀ ဦး၏ အလောင်းများကို ဘင်္ဂါလီများက ဆွဲယူသွားကြောင်း၊ အလောင်း ၁ လောင်းကိုသာ ပြန်ထုတ်ပေးပြီး ၉ လောင်းကို ထုတ်မပေးသေးသည့် အတွက် နှစ်ဦးနှစ်ဘက် တင်းမာမှုများ ပြန်လည် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

‘‘စစ်တပ်က အင်အား ၃၀ လောက်နဲ့ ရခိုင် လူကြီး ၄ ယောက် ဘင်္ဂါလီကျေးရွာတွေဘက် သွားတောင်းတယ်။ အလောင်း ၁ လောင်းပဲ ပြန်ရခဲ့တယ်” ဟု ကူတောင်ကျေးရွာတွင် နေထိုင်သူ ဦးစောရွှေက ပြောသည်။

သေဆုံးသည့် ၁၀ ဦးတွင် ဦးသိန်းဟန်၏ အလောင်းသာ ပြန်လည် ရရှိခဲ့ပြီး ဦးသောင်းရွှေထွန်း၊ ဦးပြူးချေ၊ ဦးစိုးသိန်း၊ ဦးထွန်းပေါ်၊ ဦးကျော်ထွန်းတင်၊ ဦးသန်းရွှေ၊ ဦးတင်လှိုင်၊ ဦးသန္တာအောင်နှင့် ၎င်း၏ သားဖြစ်သူ ကိုထွန်းထွန်း တို့၏ အလောင်းများ ပြန်လည်မရရှိသေးချေ။

အသက် ၁၈ နှစ်အရွယ် ကိုထွန်းထွန်းနှင့် ဖခင်ဖြစ်သူ ဦးသန္တာအောင်တို့သည် ပဋိပက္ခ ကြားမှ ထွက်ပြေးစဉ် ဘင်္ဂါလီများက တိုက်ခိုက်သဖြင့် သေဆုံးခဲ့ရကြောင်း ၎င်းအဖြစ်ပျက်ကို မြင်တွေ့ခဲ့သည့် ဒေသခံတဦးက ပြောသည်။ ဦးသန္တာအောင်သည် ကူတောင်မြို့ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ စာရေး ဖြစ်သည်။

ယနေ့ နေ့လယ်က ရခိုင်ဒေသခံများနှင့် ဘုန်းကြီးအပါး ၅၀ ကျော်တို့သည် ဘင်္ဂါလီများထံမှ ကျန်ရှိသည့် အလောင်း ၉ လောင်းကို သွားရောက် တောင်းယူကြကြောင်း၊ ဘင်္ဂါလီများက အလောင်းများကို ၎င်းတို့ ကျေးရွာထဲတွင် ၀ှက်ထားခြင်း ဖြစ်ကြောင်း၊ အလောင်းများ ပြန်မပေးသောကြောင့် နှစ်ဘက် အခြေအနေ တင်းမာနေကြောင်း သိရသည်။

ဘင်္ဂါလီများသည် ယမန်နေ့က ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များကို စတင်မီးရှို့ခဲ့ရာမှ နှစ်ဦးနှစ်ဘက် ခိုက်ရန် ဖြစ်ပွား ခဲ့သည်။ မီးရှို့ခံရသည့်ကျေးရွာနေ ရခိုင်များက ဓားနှင့် တုတ်များ ဆွဲကိုင်ပြီး ဘင်္ဂါလီများကို လိုက်လံ တိုက်ခိုက်ရာမှ အနောက်ပြင် ကျေးရွာအနီးတွင် ဘင်္ဂါလီများက ရခိုင်များကို တူမီးသေနတ်များနှင့် ပစ်ခြင်း၊ ဓားးများနှင့် ပြန်လည် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

‘‘သေနတ်သံ သုံး၊ လေးချက်တော့ ကြားရတယ်။ ပေါက်ကွဲသံတွေလည်း ကြားရတယ်။ အခုတော့ စစ်တပ်က အခြေနေတွေကို ပြန်ပြီး ထိန်းသိမ်းနေပါတယ်” ဟု ရသေ့တောင် ဒေသရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက ယမန်နေ့က ဧရာဝတီကို ပြောသည်။

ရခိုင်ဒေသတွင် စစ်တပ် လုံခြုံရေး ညံ့ဖျင်းမှုကြောင့် မလိုလားအပ်သည့် ကိစ္စများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း၊ ဒေသခံ အာဏာပိုင်များက တာဝန်ယူလိုစိတ် မရှိဘဲ အရေးပေါ် လုံခြုံရေး တောင်းဆိုသည့် အချိန်တွင် လိုက်ပါဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ဘဂါင်္လီများ၏ ရန်ကို ဒေသခံ ရခိုင်တိုင်းရင်းသားများ အနေဖြင့် နေ့စဉ်နှင့်အမျှ ကြောက်လန့် နေရကြောင်း သူက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တခြားသော မြို့နယ်နှင့် ကျေးရွာများ တည်ငြိမ်စ ပြုနေသော်လည်း ရခိုင်ဒေသခံများမှာ ဘဂါင်္လီများ၏ အကြမ်းဖက်မှု ဒဏ်ကို ကြောက်လန့်ကာ ပိုင်ဆိုင်သည့် အိုးအိမ်များကို စွန့်ခွာပြီး ဒုက္ခသည်စခန်းများသို့ သွားရောက် ခိုလှုံမှုများသည်ထက် များလာကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အခက်အခဲ ဒုက္ခ ကြုံရသူပေါင်း ၉၀၀၀၀ ခန့်ရှိပြီး အကူအညီများ လိုအပ်နေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ တာဝန်ရှိသူတဦးက ပြောကြားထားသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

စစ်တွေမြို့ပေါ်တွင် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းများ၌ ဖွင့်လှစ်ထားသည့် ဒုက္ခသည် စခန်းပေါင်း ၆၀ ၀န်းကျင် ရှိကြောင်း သိရသည်။

ရခိုင် ပဋိပက္ခနှင့် ဆက်နွယ်သည့် ၇ ဦး ဘင်္ဂလားဒေ့ရှ် ၌ ဖမ်းမိ

ရခိုင် ပဋိပက္ခနှင့် ဆက်နွယ်သည့် ၇ ဦး ဘင်္ဂလားဒေ့ရှ် ၌ ဖမ်းမိ

by အောင်သန်း

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိသည်ဟူသော မသင်္ကာမှုဖြင့် မူဆလင် ၇ ဦးအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တနင်္လာနေ့တွင် ကောက်စ် ဘဇားမြို့ ဟိုတယ်တခုမှ ဖမ်းဆီးရမိကြောင်း သိရှိရသည်။

news image

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်စ် ဘဇားမြို့ (အောင်ချမ်းသာမြို့) ရဲမင်းကြီး ကာမ်ရုလ် ဟာဆန် ဦးဆောင်ပြီး သတင်းအရ တနင်္လာနေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ တရားဥပဒေအရ အရေးယူ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ် သတင်းများက ဖော်ပြသည်။

ယခု ဖမ်းဆီးခံရ သူများသည် ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ဆက်စပ်ပြီး ကောက်စ် ဘဇားမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဟု ရဲမင်းကြီး ကာမ်ရုလ်ထံ ခွင့်တောင်းသူများအား ထိန်းချုပ်နေသူများ ဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ရဲမင်းကြီး အနေဖြင့် ဖမ်းဆီးရမိသူများမှာ ကောက်စ် ဘဇားမြို့မှ ဘာသာရေးခေါင်းဆောင် အိနာမူလ် ဟော(က်)၊ အကြီးအကဲ အာဟာမတ် နုရုလ် ကော်ဘိရ် ဟေလာလီ(၄၈)နှစ်နှင့် ဟာဖေဇ် အာဘ်ဒူလ် ဟော(က်)(၅၄)၊ တာခ်နာမြို့ နီလာမြို့နယ် ဘာသာရေး ခေါင်းဆောင် အာဘ်ဆာရ် အူဒိန် ဟောင်ဒူရီ (၄၇)၊ ရာမူး (ပန်းဝါမြို့) ဘာသာရေး ခေါင်းဆောင် အာဘူလ် မောင်န်ဇူရ် (၄၀)နှင့် ဘာသာရေး ကျောင်းဆရာ အာဘူက္ကရ် ဆိဒ္ဒိကီ(၄၇)နှစ် စသည်တို့ဖြစ်ကြောင်း ဒေသခံ သတင်းထောက်များကို ယမန်နေ့က ထုတ်ဖော် ပြောဆိုသည်။

“ကောက်စ် ဘဇားမြို့ရှိ အာအာဆိ(က်) ပါလောင်ကိ ဟိုတယ်မှာ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်ခဲ့တဲ့ပဋိပက္ခနဲ့ ဆက်စပ်ပြီး သူတို့တွေ စုစည်း ဆွေးနွေးနေကြချိန် သတင်းအရ ဖမ်းဆီးတာပါ၊ ဒီမှာ အဲသလို ဖြစ်လာအောင် သူတို့ကြံစဉ်နေခဲ့ပါတယ်”ဟု ရဲမင်းကြီးက သတင်းထောက်များကို ပြောသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍လည်း ယခုဖမ်းဆီးထားသူများက သတင်းမှားများနှင့် ၀ါဒဖြန့် နံရံကပ်စာစောင်များကို မြို့တွင်း၌ ဖြန့်ဝေခြင်း ပြုလုပ်ကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး မြို့လူထုအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

ယခုအခါ ကောက်စ် ဘဇားမြို့၌ ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ဆက်စပ်၍ အကြမ်းဖက်မှုများ မဖြစ်လာရေးအတွက် စစ်တပ် အပါအ၀င် လုံခြုံရေးများ ချထားသည်။

ကောက်စ် ဘဇားမြို့နှင့် ခရိုင်အတွင်း၌ ဗုဒ္ဓဘာသာဝင် ကျေးရွာများလည်းရှိနေပြီး စိုးရိမ်မှုကြောင့် လုံခြုံရေးညကင်းများ စောင့်နေကြ ရကြောင်း သိရသည်။

လွန်ခဲ့သော စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များက ပန်းဝါ(ရာမူး)မြို့နယ် ဆိုနာဆရီ (ရွှေချောင်း)နယ်မြေတွင် ရခိုင်ပြည်နယ်မှ ဘာ သာရေး ခေါင်းဆောင်များသည် ကျေးရွာများ အနီးသို့ ရောက်ရှိနေကြောင်း မျက်မြင်များ၏ သတင်းပေးပို့ချက်အရ ဒေသ အတွင်း စိုးရိမ်မှုများလည်း ဖြစ်ပေါ်နေသည်။

ဇွန်လဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခကာလတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နိုင်ငံအတွင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများကို နေရာအနှံ့ လိုက်လံဖမ်းဆီးခဲ့ပြီး အချုပ်ထောင်များ၌ ထိန်းသိမ်းထားကာ ခေါင်းဆောင်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိခဲ့သည်။

တနင်္လာနေ့အထိ နတ်မြစ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်ဘက် ကျူးကျော်လာကြသည်ဟုဆိုပြီး ဖမ်းဆီးရမိသည့် ၁၅၆ ဦးအနက် ၁၄၄ ဦးကို တာခ်နာအခြေစိုက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်း အမှတ်(၄၂)က ရခိုင်ပြည်နယ်ဘက်သို့ ပြန်လည် ပို့ဆောင် ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ရသေ့တောင်မြို့နယ်တွင်း သတ်ဖြတ်မှုများ ဖြစ်ပွား

ရသေ့တောင်မြို့နယ်တွင်း သတ်ဖြတ်မှုများ ဖြစ်ပွား

by နေမျိုး

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ဒေသအများစု၏ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း အစိုးရက ကြေညာထားသော်လည်း ရသေ့တောင်မြို့နယ်တွင် အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုများ အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အိမ်ခြေ ၂ဝ ခန့်သာ ရှိသည့် ကူတောင်ရွာရှိ ရခိုင်တိုင်းရင်းသားတို့၏အိမ်များအား အနောက်ပြင်ကျေးရွာမှ ဘင်္ဂါလီ ရိုဟင်ဂျာများက နံနက်ပိုင်းတွင် လာရောက်မီးရှို့ခဲ့ပြီး သတ်ဖြတ်မှုများကြောင့် အနည်းဆုံး ကိုးဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ထိုသို့ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည့် သတင်းများ ကြားသိနေရ၍ ယခင် ရက်များကတည်းက ကူတောင်ရွာရှိ အမျိုးသမီးများနှင့်ကလေးများ တိမ်းရှောင်နေခဲ့ကြပြီး ဖြစ်သည်ဟု အမျိုးသား လွတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

“သူတို့လာတော့ ဓါးနဲ့ခုတ်ပြီးတော့ ဒီအတိုင်း အလောင်းတွေကို ဆွဲသွားတယ်။ တချို့လူတွေကိုလည်း ဆွဲသွားတယ်။ အဲဒီရွာပြင်မှာပဲ သူတို့ခုတ်တဲ့ နေရာမှာပဲမြှုပ်တယ်။ အဲဒါကို ဒီအတိုင်း မြင်နေရတယ်။ နောက်တော့ ရသေ့တောင် စစ်တပ်က ၃ဝ လောက် အဲဒီရွာထဲ ဝင်သွားတယ်။ ပျောက်နေတဲ့ လူတွေရှာတယ်။ အလောင်းတွေ တောင်းတယ် လို့ ပြောတယ်။ တွေ့မတွေ့ မသိရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

ကူတောင်ရွာတွင် ရဲစခန်းရှိသော်လည်း ရဲအင်အား နဲပါးကာ အခင်းဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ခြင်း မရှိကြောင်းနှင့် ရခိုင်အိမ်တချို့ မီးတိုက်ခံခဲ့ရကာ အလောင်း ၉ လောင်း ရှာဖွေတွေ့ရှိထားပြီး နောက်ထပ် ၄ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတဦးဖြစ်သည့် ကိုဆန်းအေး က ပြောသည်။

“မနက် ၈ နာရီလောက်က မီးရှို့တာ။ မီးရှို့လို့ ငါတို့ရွာကို အကူအညီတောင်းလို့ ငါက သွားတာ။ အနီးအနားက ရွာတွေကို အကူတောင်းတာ။ ငါက ဦးကာရွာက။ ရွာတွေက နီးနီးလေး အရမ်းမဝေးဘူး။ ဓါတ်တိုင် တတိုင်လောက်ပဲ ဝေးကြတာ။ သူတို့က လာပြီး မီးရှို့တာကို ဒီရွာက ခုခံတာကို ဓါးနဲ့ခုတ်လို့သေတာ။ အကုန်လုံး ရခိုင်သားတွေ ချည်းပဲ” ဟု မဇ္ဈိမကို ပြောသည်။

ကူတောင်ကျေးရွာသည် စစ်တွေနှင့် ရသေ့တောင် ကြားရှိ ငါးစိမ်းကျွန်းပေါ်တွင် တည်ရှိပြီး ၎င်းကျွန်းတလျှောက် ကျေးရွာပေါင်း ၂၄ ခန့်ရှိသည်။ ကူတောင်ရွာ အနီးတွင် ဘင်္ဂါလီ ရိုဟင်ဂျာများ နေထိုင်သည့် အနောက်ပြင်နှင့် ညောင်ပင်ကြီး ကျေးရွာများရှိကာ အိမ်ခြေ ၁,ဝဝဝ ခန့်ရှိကြောင်း သိရသည်။

အေအက်ဖ်ပီ သတင်းတရပ်တွင်မူ သေဆုံးသူ ၃ ဦးရှိပြီး “သေဆုံးသူ အရေအတွက် ထိထက်ပိုရှိနိုင်ပါတယ်” ဟု မြန်မာအရာရှိတဦးအား ကိုးကားဖော်ပြထားသည်။

စစ်တပ်မှ ဝင်ရောက်လာသည့်အတွက် ငြိမ်သက်နေပြီး ညနေပိုင်းက ကူတောင်ရွာအား လာရောက် ကူညီရန် ရောက်ရှိနေသည့် အနီးအနား ရွာများမှ ရခိုင်လူမျိုးများအား စစ်တပ်မှ ပြန်ခိုင်း၍ ပြန်သွားကြကြောင်း သိရသည်။

တပြည်နယ်လုံး အရေးပေါ်အခြေအနေ ကြေညာထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၆၀ ခန့် သေဆုံးခဲ့ရပြီး အိုးအိမ်မဲ့ ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ခန့်ရှိနေကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ဘာသာရေးနှင့် လူမျိုးရေး အခြေခံသည့် မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုများ ရှေ့တန်းတင် လှုံ့ဆော်မှုများကြောင့် မင်းမဲ့စရိုက်များ ကျယ်ပြန့် ကြီးမားလာ၍ အခြေအနေများ တည်ငြိမ် အေးချမ်းသွားစေရေးအတွက် ပြည်သူများ အနေနှင့် အစိုးရနှင့် လက်တွဲကာ ပူးပေါင်းပါဝင် ထိန်းသိမ်းဖော်ဆောင်ပေးကြရန် သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံ ထားသည်။

သေဒဏ် ချမှတ်ခံရသူ ၂ ဦး ကျောက်ဖြူမှ စစ်တွေသို့ ယူဆောင်

သေဒဏ် ချမှတ်ခံရသူ ၂ ဦး ကျောက်ဖြူမှ စစ်တွေသို့ ယူဆောင်

ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာသူ မသီတာထွေးအား မုဒိန်းကျင့် သတ်ဖြတ်မူဖြင့် သေဒဏ် စီရင် ချမှတ်ခံရသူ နှစ်ဦးကို ကျောက်ဖြူမှ စစ်တွေသို့ ယနေ့တွင် ယူဆောင်လာကြောင်း သိရသည်။

news image

စစ်တွေသို့ ယူဆောင်သွားသူ နှစ်ဦးမှာ သေဒဏ် စီရင်ချမှတ်ခံရသူ ရော်ဟီး (၁၈) နှစ်နှင့် လူယု (၂၁)နှစ် တို့ဖြစ်ပြီး သူတို့ နှစ်ဦးကို ယနေ့ နေ့လည်ပိုင်းက လေယာဉ်ဖြင့် ယူဆောင်လာကြောင်း မျက်မြင်များက ပြောသည်။

သူတို့ နှစ်ဦးအား စစ်တွေထောင်သို့ ယူဆောင်လာခြင်းမှာ ကျောက်ဖြူထောင်တွင် ကြိုးတိုက် မရှိသည့်အတွက် ဖြစ်ကြောင်း ထောင်အာဏာပိုင်များကို ကိုးကားပြီး ဒေသခံ တစ်ဦက ပြောသည်။

သေဒဏ် စီရင်ခံရသူမှာ (၃) ဦးဖြစ်ပြီး နောက်ထပ် တရားခံ တဦးဖြစ်သူ ထက်ထက် (ရော်ရှီး) ၂၃ နှစ်မှာ ထောင်ထဲတွင် ၀တ်ထားသော လုံချည်ကို ကြိုးအဖြစ် အသုံးပြုကာ မိမိကိုယ်ကိုယ် အဆုံး စီရင် သွားခဲ့သည်။

သူတို့အမှုကို ဇွန်လ ၈ ရက်နေ့က ပထမဆုံး အကြိမ် ကျောက်ဖြူ ခရိုင်တရားရုံးတွင် စတင် စစ်ဆေးခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့မှ ၁၅ရက်နေ့အထိ နှစ်ဖက်လုံးမှ သက်သေများ၊ တရားလို တရားခံများကို စစ်ဆေးခဲ့သည်။

သူတို့ ကို ဇွန်လ ၁၈ ရက်နေ့က ကျောက်ဖြူ ခရိုင်တရားရုံးမှ ပုဒ်မ ၃၀၂ – ၁ (ဂ) နှင့် အပြီးသတ် သေဒဏ် ချမှတ်လိုက် ခြင်း ဖြစ်သည်။

မသီတာထွေး သတ်ဖြတ်ခံရပြီးနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက်မူ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၁၀၀ နီးပါး သေဆုံးကာ လူပေါင်း ၅၀၀၀၀ ခန့် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

ပလက်ဝတွင် ရခိုင် ဒုက္ခသည်များ အတွက် အလှူငွေ ကောက်ခံမူ တားမြစ်ခံရ

ပလက်ဝတွင် ရခိုင် ဒုက္ခသည်များ အတွက် အလှူငွေ ကောက်ခံမူ တားမြစ်ခံရ

by မောင်ရမ္မာ

ချင်းပြည်နယ် ပလက်ဝမြို့တွင် ရခိုင် ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံမူကို မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်ပိတ်ပင်ထားကြောင်း သတင်း ရရှိသည်။

news image

“ ဒီလ ၁၅ ရက်နေ့ လုပ်တဲ့ အစည်းအဝေးမှာ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဘယ်လိုပြောလဲဆိုရင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည် နယ်ဟာ သီးခြားစီဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ဟာ ချင်းပြည်နယ်နဲ့ မသက်ဆိုင်ဘူး၊ ချင်းပြည်နယ်မှာလဲ ငွေ ကောက်စရာမလိုဘူး ဆိုပြီး ပြောသွားပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဇွန်လ ၁၅ ရက်နေ့က ပလက်ဝမြို့တွင် ကျင်းပခဲ့သော အရေးပေါ်အစည်းအဝေး တွင် ပလက်ဝ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်မှ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူများကြောင့် ဒုက္ခရောက်နေသူ ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံ တ၀န်းလုံးမှ အကူအညီများ ပေးပို့ လှူဒါန်းနေချိန်တွင် ရခိုင်ပြည်နယ်နှင့် ကပ်ရပ် တည်ရှိသော ပလက်ဝမြို့တွင် ယခုကဲ့သို့ တားမြစ်မူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ ပလက်ဝမှာက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေ အများအပြားရှိနေတော့ ဟိုမှာ အခက်အခဲ ကျရောက်နေတဲ့ အချိန်မှာ အတတ်နိုင်ဆုံး အကူအညီပေးချင်တဲ့ အတွက် အလှူငွေ စုဆောင်း ကောက်ခံတာ ဖြစ်ပါတယ်။ ရခိုင်အပါအ၀င် မြို၊ ခမီး၊ ချင်းအမျိုးသားတွေကလည်း နိုင်သလောက် ထည့်ဝင်ကြပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်တဲ့ အတွက် အခုတော့ လျို့ဝှက်ဘဲ ကောက်ခံနေရပါတယ်” ဟု သူက ပြောကြားသည်။

ပလက်ဝမြို့မှ ပြည်သူများ အပါအ၀င် အန်ဂျီအိုများကလည်း စေတနာပေါက် ထည့်ဝင်ကြသဖြင့် ယခုအခါ အလှူငွေ ကျပ်ငွေ ၁၀ သိန်းကျော် ရရှိနေပြီဖြစ်ကြောင်း သူက ပြောသည်။

ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာ စုစုပေါင်း ၄၈ ရွာတည်ရှိပြီး ထိုအထဲမှ ရခိုင်လူမျိုး သီးသန့် နေထိုင်သော ကျေးရွာ ၂၈ ရွာနှင့် ရခိုင်နှင့် ခမီးလူမျိုးများ စုပေါင်းနေထိုင်သော ကျေးရွာ ၂၀ ရှိသည်။ ပလက်ဝမြို့နယ်တွင် ရခိုင်လူဦးရေ စုစုပေါင်း ၂၇၀၀၀ ခန့်ရှိပြီး ၎င်းအထဲတွင် မဲထည့်နိုင်သူ ၁၈ နှစ်အထက် ရခိုင်လူဦးရေ ၁၈၀၀၀ ခန့် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ တားမြစ်မူနှင့် ပတ်သက်ပြီး တိတိကျကျ မသိရှိရသော်လည်း ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်နှင့် တစ်စုံတစ်ရာ ဆက်နွယ် ပတ်သက်မူ ရှိမည်ကို မလိုလား၍ ဖြစ်နိုင်ကြောင်း သူက သုံးသပ်ပြောဆိုသည်။

ကူတောင် ပျောက်ဆုံး အလောင်းများ ယခုတိုင် ရှာဖွေ မတွေ့သေး

ကူတောင် ပျောက်ဆုံး အလောင်းများ ယခုတိုင် ရှာဖွေ မတွေ့သေး

ယမန်နေ့က ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားရာ ကူတောင်နှင့် အနောက်ပြင် ကျေးရွာများတွင် စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားသော်လည်း ပျောက်ဆုံး အလောင်းများကို ယနေ့ နံနက်ထိ ရှာဖွေ မတွေ့သေးကြောင်း သိရသည်။

news image

“ စစ်တပ်က အနောက်ပြင် ရွာမှာ ရှိတယ်။ တနေ့နဲ့ တည ရှိသွားပြီ။ ပျောက်ဆုံး အလောင်းတွေကို သူတို့က အပူတပြင်း ရှာဖွေတာမျိုးတော့ မရှိဘူး။ အလောင်းတွေကို မေးရုံသာ မေးတယ်လို့ ကြားတယ်။ အကြမ်းဖက် ဆူပူမူ လုပ်တဲ့ သူတွေကိုလည်း ဖမ်းတာ ဆီးတာ မရှိဘူး” ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ပြောသည်။

သေဆုံးသူများထဲမှ ဥဂ္ဂါရွာမှ ကျောင်းဆရာ အလောင်း တစ်လောင်းကိုသာ တွေ့ရှိသေးပြီး အဆိုပါ အလောင်းကို အနောက်ပြင်ကျေးရွာ နောက်ဘက်ချောင်းစပ်မှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သူက ဆက်ပြောသည်။ ကူတောင်ကျေးရွာနှင့် ဥဂ္ဂါရွာတွင်လည်း စစ်တပ်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားတာက ရခိုင် ၁၀ ဦးသေတယ်။ တစ်လောင်းဘဲ ရတယ်။ နောက်ထပ် ၉ လောင်းပျောက်နေတယ်လို့ ပြောထားတယ်။ ဒါပေမယ့် အခုအချိန်ထိ အလောင်းတွေကို ပြန်မရသေးဘူး” ဟု ယနေ့ နံနက် က ဖုံးဆက် မေးမြန်းစဉ် ရတပ ပါတီ မြို့နယ် ဥက္ကဌ ဦးမောင်လှမြင့်က ပြောသည်။

အကြမ်းဖက် ဆူပူသူများကို မေးမြန်း စစ်ဆေးပြီး ဖမ်းဆီး အရေးယူခြင်းလည်း မရှိသေးသဖြင့် ဒေသခံ လူထု အကြား မကျေနပ်မူများတိုးပွားနေကြောင်း သိရသည်။

ပျောက်ဆုံးနေသူများ အထဲတွင် သန္တာအောင် သားဖ၊ ထွန်းဘော်သားအဖ၊ စောသန်း၊ ပြူးချေ၊ တင်ထွန်း၊ သန်းချေ၊ ဦးတင်လိုင် တို့ပါဝင်ကြောင်း ကူတောင် ကျေးရွာသား တစ်ဦးက ပြောသည်။

ရန်ကုန်တွင် ထိမ်းသိမ်းခံထားရသည့် ရခိုင်ရဟန်းတော် ယနေ့တိုင် အဆက်အသွယ်မရ

ရန်ကုန်တွင် ထိမ်းသိမ်းခံထားရသည့် ရခိုင်ရဟန်းတော် ယနေ့တိုင် အဆက်အသွယ်မရ

by မောင်အေး

ရန်ကုန်မြို့ ဆူးလေ ဘုရားတွင် ဇွန်လ ၁၂ ရက်နေ့က ဆုတောင်းအမျှဝေအပြီးအတွင် ထိမ်းသိမ်းခံခဲ့ရသည့် ရခိုင် ရဟန်းတော် အရှင် ရာဟုလာနှင့်ယနေ့တိုင် အဆက်အသွယ် မရှိသေးကြောင်း ရခိုင် ရဟန်းတော် တစ်ပါးက ပြောသည်။

news image

ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဆုတောင်းပွဲ အပြီး ဇွန်လ ၁၂ ရက်နေ့က အရှင် ရာဟုလာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

ဆုတောင်းပွဲ အပြီး အပြန်တွင် ဆူးလေဘုရားအနီးမှ အာဏာပိုင်များမှ ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်ပြီး ကမ္ဘာအေးသာသနာရေး ရိပ်သာတွင် ထိမ်းသိမ်းထားခြင်း ဖြစ်သည်ဟု ရဟန်းတော်က ပြောသည်။

“ သူ့ကို ထိမ်းသိမ်းထားတာ ရဲစခန်းမှာတော့မဟုတ်ဘူး။ ကမ္ဘာအေး သာသနာ့ ရိပ်သာမှာ ထိမ်းသိမ်းထားတယ် လို့ သိရတယ်။ သူ့ကို အပြင်လည်းမထွက်ခိုင်းဘူး။ အပြင်က လူတွေလည်း အဆက်အသွယ်လုပ်လို့ မရဖြစ်နေ တယ်။”

ယခုကဲ့သို့ ထိမ်းသိမ်းထားခြင်းမှာ ဆူးလေဘုရားတွင် ဆန္ဒထုတ်ဖော်ပြသရန် ဦးဆောင်လှုပ်ရှားခဲ့သည့်အတွက် ဖြစ်နိုင်ကြောင်း တစ်ခြား ရန်ကုန်ရောက် လူငယ် တစ်ဦးက ပြောသည်။

“ အဲဒီ ကိုယ်တော်ကို ဆုတောင်းပွဲပြီးလို့ ကျောင်းကိုပြန်ဖို့ တခြားကိုယ်တော်တွေနဲ့ လူစုနေတုန်း ရဲကခေါ်သွား တာ။ သူနဲ့ အဆက်အသွယ်မရတော့ ဘာတွေဆက်ဖြစ်တယ်ဆိုတာတော့ မသိရဘူး” ဟု အဆိုပါ လူငယ်မှ ဆက်ပြောသည်။

ဆုတောင်းအမျှဝေးရာတွင် ရခိုင်ပြည်နယ် မောင်တော- စစ်တွေမြို့တို့တွင် အကြမ်းဖက်ခံရပြီး အသက် ဆုံးရှုံး သူများကို ရဟန်းတော်များက ဘာသာရေးအစဉ်အလာနှင့်အညီ အမျှပေးဝေ ခဲ့ကြခြင်း ဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော အမျှပေးဝေ ဆုတောင်းပွဲသို့ ရဟန်းတော် စုစုပေါင်း ၁၀၀ ကျော်မှ ပါဝင်ခဲ့ကြသည်။

ရခိုင်ပြည်နယ်မှာ အမျိုးသမီး၊ ကလေးနဲ့လူကြီးပိုင်းတွေ ပိုပြီးဒုက္ခရောက်ကြတယ်

ရခိုင်ပြည်နယ်မှာ အမျိုးသမီး၊ ကလေးနဲ့လူကြီးပိုင်းတွေ ပိုပြီးဒုက္ခရောက်ကြတယ်

by ​အေး​နိုင်

ပဋိပက္ခတိုင်းမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ သားကောင်ဖြစ်ကြ ရပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ လိုတယ်လို့ ရခိုင်ပြည်နယ်မှာ ကယ်ဆယ်ရေး စခန်းကို ကွင်းဆင်းရောက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသူ မနီလာသိန်းက ပြောပါတယ်။

news image

မနီလာသိန်းနဲ့ မမီးမီးတို့ နှစ်ဦးဟာ ဒီကနေ့ ဇွန် ၂၀ ရက်နေ့မှာ ရခိုင်ပြည်နယ် ပုဏ်ဏ်ဏားကျွန်းမြို့နယ် ကယ်ဆယ်ရေးစခန်းကို သွားလေ့လာခဲ့ပြီး ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားရတဲ့ အကြောင်းရင်း ကို လေ့လာမှာဖြစ်သလို စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေကို လေ့လာပြီး အချက်အလက် စုဆောင်းမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေရဲ့ အခြေအတွေနဲ့ပတ်သက်ပြီး မနီလာသိန်းကို မေးမြန်းထားပါတယ်။

ဒီနေ့ခရီးစဉ်မှာ ဘာတွေလုပ်ခဲ့လဲ၊ ဘာရည်ရွယ်ချက်တွေလဲ။ နည်းနည်းပြောပြပေးပါ။

“ဒီနေ့မနက် စစ်တွေကိုရောက်တော့ ပုဏ်ဏားကျွန်းကို သွားတယ်။ ပုဏ်ဏားကျွန်းကတော့ မီးလောင်တာ မီးရှို့ခံရလို့ မဟုတ်ဘဲနဲ့ သူ့အနီးအနား ပတ်ဝန်းကျင်ရဲ့ အခြေအနေ လုံခြုံမှုမရှိလို့ဆိုပြီးတော့ သူတို့ ဘူးသီးတောင် မောင်းတောဘက်ကနေ စစ်တွေမြို့က တက်တဲ့ရွာတွေကနေ အဲဒီကလူတွေက ပုဏ်ဏားကျွန်းမှာ ရောက်နေတာပေါ့။ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ နေရာတွေမှာ ရောက်နေတာ။ အဓိကတော့ အမျိုးသမီး၊ ကလေး၊ သက်ကြီးနဲ့ အမျိုးသား မကျန်းမာတဲ့လူတွေကို ကယ်ဆယ်ရေး စခန်းက ခေါ်ထားတယ်။ အဲဒီမြို့ရွာက ကျန်းမာရေးကောင်းတဲ့ အမျိုးသားတွေကျတော့ သူတို့မြို့ရွာ လုံခြုံရေးအတွက်ဆိုပြီး ကျန်ခဲ့ကြတယ်။ ကိုယ်ဝန်ဆောင် မိခင် ၂ ယောက်တော့ ရှိတယ်။ တယောက်ကတော့ ပုဏ်ဏားကျွန်းဆေးရုံမှာ မွေးဖွားပြီးပြီ။ နောက်တယောက်က မွေးမရလို့ စစ်တွေဆေးရုံမှာ ရောက်နေတယ်။”

အရေးပေါ် အခြေအနေလည်း ကြေညာထားတယ်ဆိုတော့ ဘယ်လိုမြင်ခဲ့ရလဲ။

“အခုကျမတို့ စစ်တွေကို စရောက်တဲ့အချိန်ကစပြီး မြင်ရတဲ့မြင်ကွင်းတွေက အေးအေးဆေးဆေးပါပဲ။ လုံခြုံရေးတပ်ဖွဲ့တွေက သူ့ဟာသူ သွားလာပြီးတော့ သူ့တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။ ပုဏ်ဏားကျွန်းရောက်တော့ အဓိကလိုတာ ဘာလဲလို့ မေးတော့ စားနပ်ရိက္ခာနဲ့ သူတို့ရဲ့ လုံခြုံရေးလို့ ပြောပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့တော့ ကလေးသူငယ်တွေ ကျန်းမာရေး မကောင်းတာကလွဲရင် ထူးထူးခြားခြားတော့မရှိဘူး၊ အိမ်သာတွေကအစ လိုက်ကြည့်ခဲ့တယ်။”

ပုဏ်ဏားကျွန်းရဲ့ ကယ်ဆယ်ရေးစခန်းမှာ ဒုက္ခသည်ဘယ်လောက် ရှိနိုင်ပါသလဲ။

“၆ ရက်နေ့က စတင်ပြီးတော့ ၇၀၀ ကျော်ရှိတယ်လို့ပြောတယ်။ တချို့က သူတို့ရပ်ရွာ အနေအထား အရ ပြန်ကောင်းတယ်လို့ ယူဆတဲ့သူတွေက ပြန်သွားကြတော့ အခု ၃၀၀ ကျော်ပဲကျန်တော့တယ်။”

၈၈ မျိုးဆက်က ဘယ်နှယောက်လောက်ပါသလဲ။ ဘာရည်ရွယ်ချက်နဲ့လဲ။

“၈၈ မျိုးဆက်ကျောင်းသားကနေ မမီးမီးနဲ့ ကျမနဲ့သွားတယ်။ ကျမတို့သွားတဲ့အခါမှာ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားတွေမှာ အခြေအနေမှန်ကို သိချင်ပါတယ်။ နောက်တခုက လက်ရှိ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့သူတွေရဲ့ ကျန်းမာရေး၊ စားနပ်ရိက္ခာနဲ့ သူတို့ရဲ့ ဘ၀လုံခြုံမှုအနေအထားတွေကို တွေ့မြင်ပြီးတော့ ဒီအချက်အလက်တွေကို စုဆောင်းပြီး ရန်ကုန်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ ၈၈ မျိုးဆက်များအဖွဲ့ကို ဒီအချက်အလက်တွေကို ပေးပို့မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ အားလုံးကနေပြီးတော့ လိုအပ်တာတွေ အားလုံးကို ဖြည့်စွက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ရုံးခန်းမှာလည်း ကူညီပေးရေး အလှူခံလည်း ဖွင့်ထားပါတယ်။”

အ၀တ်အထည် တချို့လှူတယ်လို့လည်းကြားတယ်။

“အ၀တ်အထည်တွေက ကားနဲ့တင်တာ မရောက်သေးပါဘူး။ ရောက်တာနဲ့ ဝေငှဖို့ အစီအစဉ် ရှိပါတယ်။”

အခုကိုယ်တိုင် ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို ကွင်းဆင်းလိုက်တဲ့ အခါမှာ ရခိုင်ပြည်နယ် ထဲမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ မီးရှို့မှုတွေမှာ ဘယ်သူတွေက ထိခိုက်နစ်နာဆုံးလဲ၊ အဲဒီကိစ္စတွေကို မြန်မြန်ပြီးအောင် မနီလာသိန်း ဘယ်လိုဖြေရှင်းသင့်တယ်လို့ ပြောနိုင်သလဲ။

“အဓိကတော့ ပဋိပက္ခတိုင်းမှာ အမျိုးသမီးတွေက သားကောင်ဖြစ်သွားတာ၊ ကလေးသူငယ်တွေက သားကောင်ဖြစ်သွားတာ၊ အသက်ကြီးရွယ်အိုတွေ ဖြစ်သွားတဲ့ကိစ္စတွေ ဘယ်လိုအကြောင်းအရာ ပဲဖြစ်ဖြစ် ဒီလိုအကြမ်းဖက်မှုတွေ၊ မငြိမ်းချမ်းမှုတွေ၊ အားလုံးဟာ စိတ်မကောင်းစရာဖြစ်ရပ်တွေပါ၊ ဒီလိုအဖြစ်ဆိုးမျိုးတွေ နောက်ထပ်မဖြစ်ချင်တော့ဘူး၊ အေးချမ်းတဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေပဲ အားလုံးကိုဖြစ်စေချင်ပါတယ်။”

စစ်တွေမှာကော ကယ်ဆယ်ရေးစခန်းတွေ ကြည့်ဦးမလား။

“ကျမတို့ ဒီနေ့ အသေးစိတ် ပြန်ကြည့်တော့ ကယ်ဆယ်ရေး စခန်း ၇၀ ကျော်ရှိတယ်လို့ သိရ တယ်။ ဒေသခံတွေ ကောက်ယူပေးတဲ့ ကယ်ဆယ်ရေးစခန်း ၇၀ ကျော်ရှိတယ်၊ မနက်ဖြန်က စသွားမယ်။ စစ်တွေတခုတည်းမှာ ၇၀ ကျော်ရှိတယ်။”

မိန်းကလေး ၂ ယောက်ပဲလာတာလား၊ ကျန်တဲ့သူ ဘယ်သူပါသေးလဲ။

“ဒီရောက်နေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေတော့ ရှိပါတယ်။ ၈၈ အနေနဲ့တော့ ၂ ယောက်တည်း လာတာပါ။ မနီမိုလှိုင်ကတော့ မှတ်တမ်း (documentary) ရိုက်ဖို့ ပါလာတယ်။”

နယ်မြေခံတွေ သက်ဆိုင်ရာတွေက ဘာတွေကူညီပေးသေးလဲ။

“ကျမတို့ လေယာဉ်စဆိုက်တဲ့အချိန်ကစပြီး အားလုံးက နွေးနွေးထွေးထွေး ရှိကြပါတယ်။ လိုအပ်တဲ့ အကူအညီ ရှိရင်လည်း သူတို့ကိုပြောပါလို့ ပြောကြပါတယ်။ ကျမတို့ ဖုန်းနံပတ်တွေလည်း ပေးထားတယ်။ သူတို့ရဲ့ ဖုန်းနံပတ်တွေလည်း ယူထားတယ်။ အားလုံးအေးအေးချမ်းချမ်းပါပဲရှင့်။”

ရခိုင်၌ ဒုက္ခသည် ၉၀၀၀၀ ခန့် အကူအညီများ လိုအပ်နေ

ရခိုင်၌ ဒုက္ခသည် ၉၀၀၀၀ ခန့် အကူအညီများ လိုအပ်နေ

by ခင်ဦးသာ

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အခက်အခဲ ဒုက္ခ ကြုံရသူပေါင်း ၉၀၀၀၀ ခန့်ရှိပြီး အကူအညီများ လိုအပ်နေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP)က ပြောသည်။

news image

အရေးပေါ် အကူအညီ လိုအပ်နေသည့် ဒုက္ခသည်ပေါင်း ၆၆၀၀၀ ခန့်အတွက် အစားအသောက် အကူအညီများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြန့်ဝေပေးခဲ့ကြောင်းလည်း WFP ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Elisabeth Byrs က ယမန်နေ့တွင် ပြော ကြားသည်ဟု AP သတင်း က ဆိုသည်။

စစ်တွေမြို့နှင့်ဒေသတ၀ိုက်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ဒုက္ခသည်များအတွက် WFP အပါအ၀င် အစိုးရ အာဏာ ပိုင်များ၊ လူမှုကူညီရေးအဖွဲ့ အစည်းများ၊ ပရဟိတ အဖွဲ့များ၊ ရပ်မိရပ်ဘများ၊ စေတနာရှင်များက ကူညီလှူဒါန်းနေသည့်တိုင် လုံလောက်မှု မရှိသေးကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက် ပေးနေသူများကလည်း ဧရာဝတီ ကို ပြောသည်။

“နေအိမ် မီးထဲပါသွားတဲ့ မိသားစုတွေဆိုရင် အ၀တ်တထည် ကိုယ်တခုပဲ ရှိတော့တယ်၊ မီးထဲ မပါတဲ့ မိသားစုတွေကျပြန်တော့ လည်း အကုန် ဖရိုဖရဲတွေ ဖြစ်ကုန်ကြတာ တွေ့ရတယ်၊ အိမ်ထောင်စု တခုကို အစကပြန်တည်ဆောက်ပေးရမယ့် အခြေအနေ ဖြစ်ကုန်ကြတယ်”ဟု နာရေးကူညီမှု အသင်း(ရန်ကုန်) မှ ဒေါ်သန်းမြင့်အောင် က ပြောပြသည်။

စစ်တွေဒေသနှင့် ပုဏ္ဏားကျွန်းဒေသတို့ရှိ ဒုက္ခသည်များ အတွက် အရေးပေါ်ဆေးဝါးနှင့်အစားအစာများ၊ အ၀တ်အထည်များ၊ အိုးအိမ်မဲ့ ဖြစ်သွားသည့် မိသားစုများ အတွက် အိုးခွက်ပန်းကန်မှ အစကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း ဒုက္ခသည် အရေး ကူညီဆောင်ရွက်ပေးနေသူများ က ပြောဆိုသည်။

“ဒုက္ခသည် အရေးနဲ့ပတ်သက်ပြီးတော့ အစိုးရရဲ့လုပ်ဆောင်မှုကိုအားရ ကျေနပ်မှု မရှိပါဘူး၊ ထိရောက်တဲ့ ကူညီမှုမျိုး မရှိသေး ဘူး၊ လူမှုရေးအဖွဲ့တွေနဲ့စေတနာရှင်တွေကပဲ အဓိကကူညီထောက်ပံ့မှုတွေ ပေးနေတာ တွေ့ရတယ်”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ပြောသည်။

ဒုက္ခသည်များအား အစိုးရအနေဖြင့် လက်ရှိတွင်ထိထိရောက်ရောက် ကူညီမှုမပေးသေးသော်လည်း ရေရှည်စီမံကိန်းများ ချမှတ် ဆောင်ရွက်ပေးသွားမည်ဟု မျှော်လင့်ထားကြောင်း၊ ဒုက္ခသည်များ၏ မူလဘ၀ အနေအထား မဟုတ်သည့်တိုင် ကောင်းမွန် သည့် အခြေအနေတရပ်ကို အစိုးရကသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဦးခိုင်ပြည်စိုး က ဆက်ပြောသည်။

ရခိုင်ဒေသတွင်း ဒုက္ခသည်များ အတွက် လိုအပ်သည့် အစားအသောက်များ၊ ဆေးဝါးများကို ထောက်ပံ့ ပေးနေကြောင်း နှင့် အလှူရှင် အများအပြားက အာဏာပိုင်များထံ လှူဒါန်းနေကြသည့် သတင်းများကို အစိုးရ သတင်းစာများ၌ နေ့စဉ်ဖော်ပြလျက် ရှိသည်။

“ပြည်နယ်အစိုးရက ဆန်အိတ်တချို့ပေးပါတယ်၊ ကျန်းမာရေးအတွက် ဆရာဝန်တချို့ ထားပေးတာလည်းတွေ့ရပါတယ်၊ ဒါပေ မယ့် ရှိတဲ့ဒုက္ခသည် အရေအတွက်နဲ့ မမျှပါဘူး၊ ဈေးတွေ ပိတ်ထားတာ၊ လက်လုပ် လက်စားတွေ အလုပ်မလုပ်ရတော့ ပြည်သူ တွေရဲ့ စားဝတ်နေရေး အခက်အခဲ ပိုမိုကြီးထွားလာနိုင်ပါတယ်”ဟု ဦးခိုင်ပြည်စိုး က ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားဆဲဖြစ်သည့်အပြင် ဈေးတချို့မှာလည်း ပိတ်ထားဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံ ပြည်သူ များသည် နေ့စဉ် စားဝတ်နေရေးအတွက် အလုပ် လုပ်ကိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

ဒုက္ခသည် စခန်းများ၌ ဆန်လုံလောက်မှု ရှိသော်လည်း အသီးအနှံ၊ အသား ငါး ရှားပါးပြတ်လပ်နေကြောင်း၊ မိုးရာရာသီ ဖြစ် သည့် အတွက် ကလေးငယ်တချို့ဝမ်းပျက် ၀မ်းလျှောခြင်း၊ ဖျားနာခြင်း စသည့်တို့ ဖြစ်လျှက်ရှိကြောင်း ဒုက္ခသည်များအား ကူညီပေးနေသည့် ရက္ခ အလင်းတန်း အဖွဲ့မှ မမာမာကျော်ဇော က ပြောသည်။ စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်း စသည့် ဒုက္ခသည် စခန်းပေါင်း ၆၀ ၀န်းကျင်၌ ခိုလှုံနေသည့် ဒုက္ခ သည်များသည် အခင်းမရှိသည့် တမံသလင်းပေါ်တွင် ညအိပ်နေကြရကြောင်း၊ မိုးရွာပါက အအေးဓာတ် ပိုမိုသည့်အတွက် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ ၏ ကျန်းမာရေး ကို ထိခိုက်နိုင်ကြောင်းလည်း ၎င်းက ဆို သည်။

ပုဏ္ဏားကျွန်းဒေသရှိ ဒုက္ခသည်စခန်းများတွင် မိသားစုနှင့်ကင်းကွာနေသည့် ဒုက္ခသည်များကို တွေ့ခဲ့ရကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်လောင်း တချို့လည်း တွေ့ ခဲ့ရကြောင်း ဒေါ်သန်းမြင့်အောင် က ပြောပြသည်။

“စစ်တွေဘက်က ထွက်ပြေးလာသူ တချို့ဆိုရင် မိသားစုတွေ ဘယ်ရောက်နေမှန်း မသိသေးဘူး၊ ဒုက္ခသည်တွေရဲ့ စိတ်ထဲမှာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြတုန်းပဲ၊ ကျန်းမာရေးစောင့်ရှောက်မှုတော့ တတ်နိုင်သလောက် ဆောင်ရွက်ပေးနေကြပါတယ်” ဟု ဒေါ်သန်းမြင့်အောင် က ဆိုသည်။

စစ်တွေဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိုပက္ခများကြောင့် ပုဏ္ဏားကျွန်းသို့ ထွက်ပြေးလာကြသည့် ဒုက္ခသည်များကိုလည်း ဒေသခံ ရပ်မိ ရပ်ဘများ၊ ပရဟိတအဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများတွင် ကူညီစောင့်ရှောက်ထားကြောင်း၊ ပုဏ္ဏားကျွန်းဒေသတွင် ဒုက္ခသည်စခန်း ၁၀ ခု ၀န်းကျင် ရှိကြောင်း၊ မောင်တောနှင့် ဘူးသီးတောင် တွင်လည်း ဒုက္ခသည် စခန်းများ ရှိကြောင်း သိရ သည်။

“ဒုက္ခသည်တွေ အတွက် အများပြည်သူဆီက ကျမတို့ အလှူခံတာတွေ ဆက်လက်လုပ်နေပါသေးတယ်၊ သူတို့ရဲ့အခြေခံ လို အပ်ချက်တွေ ပြည့်စုံဖို့ အများကြီး လုပ်ရဦးမှာပါ”ဟု ဒေါ်သန်းမြင့်အောင် က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်တွေရဲ့ အခက်အခဲ

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်တွေရဲ့ အခက်အခဲ

By စုမြတ်မွန်

ရခိုင်ပြည်နယ်ဘက်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း၊ အဝတ်အစားနဲ့ အစားအသောက်တွေ အဓိက လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်၊ အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမဲ့လဲ ဘေးကင်း လုံခြုံစိတ်ချရတဲ့ အခြေအနေလို့ ဒေသခံတွေက မထင်ကြသေးပါဘူး၊ ခုလိုအခြေအနေတွေကို စုံစမ်းထားတဲ့ မစုမြတ်မွန် က ဆက်ပြောပြပါရှင်၊

စစ်တွေမြို့တခုထဲမှာတင် ဘုန်ကြီးကျောင်းနဲ့ ဓမ္မာရုံပေါင်း ၆၀ ကျော်လောက်မှာ ဒုက္ခသည်တွေ ခိုလှုံနေ ကြရပါတယ်။ လောလောဆယ်အထိ သက်ဆိုင်ရာက တရားဝင် ဒုက္ခသည်စခန်း ဖွင့်ပေးထားတာမျိုး မရှိသေးပါဘူး။ ဒီတော့ ခုလိုမျိုး ဘုန်ကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ နေနေကြရတဲ့ဒုက္ခသည်တွေ ဘယ်လို အကူအညီတွေ အဓိက လိုအပ်နေသလဲ သိရအောင် ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဝံလက်အဖွဲ့က ဦးသိန်းထွန်းအေးကို မေးကြည့်ပါတယ်၊

“အခု လက်ရှိလိုနေတာတော့ အစားအသောက်ပဲ အစ်မ။ အစားအသောက်ရယ်၊ အမိုးအကာရယ်၊ ဘုန်းကြီးကျောင်းမှာ နေတော့ အဓိက အခင်း မရှိဘူး။ အခု မိုးကလည်း တအား ရွာတော့လေ ကလေးမှာ အ၀တ်အစား မရှိတာရယ်.. ခြင်ထောင် မရှိတာရယ်.. အခင်း ဖျာပေါ့၊ အဲဒါ မရှိတာရယ်.. စောင် မရှိတာ ရယ်.. မီးဘေးဒုက္ခသည်တွေ များတော့လေ။ နောက် ကိုယ်လွတ်ရုန်း ပြေးလာရတဲ့လူတွေမှာလည်း အ၀တ် အစားဆိုလို့ ဘာမှမပါဘူး။ အဲဒါတွေက အစားအသောက်နဲ့ နေစရာ ထိုင်စရာတွေ အများကြီး လိုနေတယ်။ လောလောဆည် အစိုးရဆီကတော့ ဘာအကူအညီမှ မပေးသေးဘူး။ ကျနော်တို့ ဒေသက အဖွဲ့အစည်းတွေကပဲ အကူအညီပေးနေကြတာပါ။ ကျနော်တို့ ကြိုးစားပြီးတော့ ဆန်ပေးတယ်၊ ခု ရန်ကုန် သား NGO တွေ လာပြီးတော့လည်း အထောက်အပံ့ပေးတာတွေ ရှိတယ်လေ။ နောက် ဒေသခံတွေကပဲ ရပ်ကွက် က ထမင်းထုပ်တွေဝေ ပေးတယ်၊ နောက်ပြီးတော့ ဆန် ကို ချက်ကျွေးတယ်၊ ကျနော်တို့ အဲလိုတွေ လုပ်ပေးနေပါတယ်”

အခုစစ်တွေမြို့မှာ ရှိနေကြတဲ့ ဒုက္ခသည်တွေက စစ်တွေမြို့အနီးတဝိုက်ကပါပဲလား၊ တခြားမြို့တွေဘက်က ဒုက္ခသည် တွေရော ဘယ်လိုနေထိုင်ကြရပါလဲ၊

“ဟုတ်ကဲ့၊ စစ်တွေမှာ ရှိနေတဲ့ သူတွေက စစ်တွေမြို့ ဧရိယာတ၀ိုက် ၊ စစ်တွေ မြို့ပြင်က ရပ်ကွက်တွေပေါ့၊ ရွာတွေပေါ့၊ စစ်တွေမြို့နယ်ထဲက ရွာတွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ နီးတဲ့ ရွာတွေက ဆိုရင် ပုဏ္ဏားကျွန်းမှာ ရောက်နေတာပေါ့၊ ဒီကနေ့ဆိုရင် မနက်အစောကြီးကပဲ ကျနော်တို့ ဒေါက်တာကျော်သူ တို့ နဲ့ ပုဏ္ဏားကျွန်းကို သွားပြီး လေ့လာခဲ့သေးတယ်။ အဲဒီမှာတော့ လူ ၃၀၀ ကျော်လောက် ရှိနေတယ်။”

ရခိုင်ပြည်နယ်ဘက်မှာ အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမဲ့ လုံခြုံ အေးချမ်းမှု မရှိသေးဘူး လို့ ဒေသခံတွေ ခံစား နေကြရတဲ့အတွက် ဘေးကင်းရာမှာ ခိုလှုံနေကြသူတွေဟာ နေရပ်ကို မပြန်ရဲကြသေး ဘူးလို့ ဝံလက် ပရဟိတ အဖွဲ့က ဦးသိန်းထွန်းအေးက ပြောပြပါတယ်၊ သက်ဆိုင်ရာက ပေးထားတဲ့ လုံခြုံရေး ကိုလည်း လုံလောက်တယ်လို့ မထင်ကြပါဘူးတဲ့။

“လုံခြုံရေး မကောင်းသေးဘူးပဲ ပြောရမှာပေါ့၊ တချို့နေရာတွေမှာ ယောက်ျားတွေက သူတို့ ရွာကို ကာကွယ်ပြီးတော့ ကျန်ခဲ့တယ်။ အမျိုးသမီး နဲ့ ကလေးတွေကိုကျတော့ မြို့ပေါ်ကို ပို့ထားတာတွေ ရှိတာပေါ့။ သူတို့ လုံခြုံမှုမရှိဘူးလို့ ခံစား နေရတဲ့ အခါတော့ သူတို့ မပြန်နိုင်ကြသေးဘူး။ နယ်တွေမှာက သိပ်လုံခြုံမှု မရှိသေးဘူးလေ။ တပ်ကတော့ လုံခြုံမှု လုံလုံလောက်လောက် မပေးနိုင်တဲ့အခါကျတော့လေ လူတွေက အိမ်မပြန်ရဲဘူး ဖြစ်နေကြတယ်”

ပြောချင်တာက လုံခြုံရေးကို စိတ်မချသေးဘူးဆိုတဲ့သဘောပါလား၊

“လုံးဝ စိတ်မချရသေးပါဘူး၊ လုံးဝ စိတ်မချရသေးဘူး၊ ဒီမှာ စစ်တွေမှာ Curfew ထုတ်ထားပေမဲ့ ပွင့်ပွင့် လင်းလင်း ပြောရ ရင် အစိုးရက ကျနော်တို့ကို လုံခြုံမှုအပြည့် မပေးနိုင်သေးဘူးလို့ ကျနော်တို့ ခံစားရတယ်။ စစ်တွေရဲ့ အပြင်မှာဆိုရင် ကိုယ့်ကိုကိုယ်ပဲ ကာကွယ်နေရတယ်။ မြို့ပေါ်မှာကတော့ စစ်တပ်တို့ ရဲတို့ အပြည့် ရှိပါတယ်။ ဒါပေမဲ့ ညဆိုရင်တော့ တခါတလေ ကုလား တက်တာတွေ ကုလား မီးရှို့ တာတွေ ပြဿနာတွေ ကောလဟလ တွေ အများကြီး ဖြစ်နေတော့ လူတွေကတော့ အများကြီး စိုးရိမ်နေရတယ်၊ ပြီးတော့ မြို့ပြင် ရပ်ကွက်တွေမှာကျတော့ လုံခြုံရေးက အလုံအလောက် မရှိဘူး။ ရွာသားတွေပဲ ခုခံကာကွယ်နေရတယ်”

ဒီနေ့ မနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် ကူတောင်ရွာဘက်မှာ အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိ တယ်လို့လည်း သတင်းတွေ ရရှိပါတယ်၊ အခုတော့ အဲဒီ ဘက်ကို စစ်တပ်က သွားရောက်ပြီး လုံခြုံရေးယူထားတယ်လို့ သိရပါတယ်၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အဆိုး ဆုံးဖြစ်ပွားတဲ့ အကြမ်းဖက် အဓိကရုဏ်းတွေကြောင့် ရခိုင် ပြည်နယ်ထဲမှာ သေဆုံးသူပေါင်း ၅၀ ထက် မနည်း ရှိခဲ့ပြီး ဒုက္ခရောက်နေသူပေါင်း ၃ သောင်းကျော် ရှိနေပါတယ်။

စစ်တွေမြို့ ငြိမ်းချမ်းရေး မြို့နယ်သံဃာထုက သမ္မတထံ တင်ပြ

စစ်တွေမြို့ ငြိမ်းချမ်းရေး မြို့နယ်သံဃာထုက သမ္မတထံ တင်ပြ

စစ်တွေမြို့ပေါ်မှာ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေနဲ့ တစ်ခြားမြန်မာတိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် စစ်တွေမြို့နယ် ဂိုဏ်းပေါင်းစုံ ကျောင်းထိုင် ဆရာတော်များအဖွဲ့မှ ပြည်နယ်အစိုးရအဖွဲ့နဲ့ နိုင်ငံတော် သမ္မတထံ ဇွန်လ (၁၉) ရက် နေ့စွဲနဲ့ တင်ပြ တောင်းဆို လိုက်ကြပါတယ်။

ဆရာတော်တွေရဲ့ တောင်းဆိုချက်တွေထဲမှာ- ဘင်္ဂါလီလူမျိုးတွေကို စစ်တွေမြို့ကနေ အလှမ်းဝေးတဲ့ နေရာတစ်နေရာမှာ သီးခြားနေထိုင်ခွင့် ချထားပေးဖို့၊ ရခိုင်နှင့် ဘင်္ဂါလီတွေကြားမှာ တပ်မတော် တပ်ရင်းများ (ဒါမှမဟုတ်) ခိုင်မာ စိတ်ချရတဲ့ လုံခြုံရေးအပြည့်အဝ ထားရှိပေးဖို့နဲ့ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်နေထိုင်ကြတဲ့ ဘင်္ဂါလီတွေကို စစ်ဆေးပြီး နိုင်ငံသားစီစစ်ရေးကတ် လက်ဝယ်မရှိသူတွေကို ရခိုင်ပြည်နယ် အတွင်းမှ ဖယ်ရှားပေးဖို့ စတဲ့အချက်တွေ ပါရှိပါတယ်။

စစ်တွေမြို့ပေါ်မှာ ရခိုင်လူမျိုးတွေနဲ့ တခြားမြန်မာတိုင်းရင်းသားတွေ အတူနေထိုင်လာခဲ့ကြပေမဲ့၊ ဘယ်တုန်းကမှ လူမျိုးရေး ပဋိပက္ခတွေ မဖြစ်ပွားခဲ့ဘဲ ဘင်္ဂါလီတွေနဲ့သာ အကြိမ်ပေါင်းများစွာ ပဋိပက္ခ ဖြစ်ပွားခဲ့ရကြောင်း၊ အဲဒီလိုဖြစ်ပွားခဲ့ခြင်းကြောင့် တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနစ်နာခဲ့ရတာ အလွန့်အလွန်များပြားခဲ့ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို လည်း ထိခိုက်စေခဲ့ကြောင်းလည်း ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေအကြား ပြီးခဲ့တဲ့ (၂၅) နှစ်အတွင်း ၁၉၉၆၊ ၁၉၉၈၊ ၂ဝဝ၁ နဲ့ အခု ၂ဝ၁၂ ခုနှစ်တွေမှာ လူမျိုးရေးအဓိကရုဏ်း (၄) ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီး အခုဖြစ်စဉ်ဟာ ၁၉၄၂ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တယ် လို့လည်း ဖော်ပြထားပါတယ်။

သဘာဝဘေးအန္တရာယ်လျှော့ချရေး အစီအစဉ်နှင့်ပတ်သက်ပြီး မေးမြန်းချက်

သဘာဝဘေးအန္တရာယ်လျှော့ချရေး အစီအစဉ်နှင့်ပတ်သက်ပြီး မေးမြန်းချက်

by ပီတာအောင်

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ မြို့ပြနဲ့ အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် UN-HABITAT နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာတခု သဘော တူ လက်မှတ်ထိုးလိုက်ကြ တယ်လို့ UN-HABITAT အဖွဲ့က အခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

news image

ဒီသဘောတူညီချက်အရ သဘာဝဘေးကာကွယ်ရေးနဲ့ သဘာဝဘေး ဒုက္ခသည်အတွက် ရှေ့ဆက် ဘာတွေဆောက်ရွက်ပေးဖို့ ရှိသလဲဆိုတာကို UN-HABITAT (မြန်မာ)ရဲ့ အကြံ ပေးပုဂ္ဂိုလ် ဦးဒန်ဇလ် အေဘလ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားပေးရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ UN-HABITAT အဖွဲ့တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သဘာဝဘေး ကာကွယ်ရေးနဲ့ ပတ်သက်ပြီး တော့ နားလည်မှု စာချွန်လွှာသဘောတူလက်မှတ် ထိုးတာ တွေ့ရပါတယ်။ အဲတော့ ဒီ သဘောတူပြီး နောက်ပိုင်းမှာ ဘာတွေ​ အကောင်အထည် ဖော်သွားဖို့ ရှိပါသလဲ။

“အများကြီးရှိပါတယ်။ ဥပမာ၊ တန်ဖိုးနည်းအိမ်ယာတွေဆောက်လုပ်ဖို့ တို့၊ ရေရရှိရေးတို့၊ အရေးပေါ် ပံ့ပိုးကူညီမှုတို့၊ အများကြီး လုပ်ဖို့ရှိပါ တယ်။ ကျနော်တို့ အစီအစဉ်တွေလည်း ရှိပါတယ်။”

အခုလိုမျိုး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရနဲ့ စာချုပ်ချုပ်လိုက်တဲ့အတွက်ကြောင့် ဘာတွေ အကျိုးရှိလာနိုင်သလဲ၊ သဘာဝဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ဘာတွေပိုပြီးတော့ ဆောင်ရွက်လာနိုင်မလဲလို့ ထင်မြင်သလဲ။

“ပိုပြီးတော့ ဆောင်ရွက်မယ်ဆိုတာ- ကျနော်တို့က လုပ်နေတာက အဆင့်မှီစံမီတဲ့ အစီအစဉ်တွေ ကျနော်တို့လုပ်တယ်။ ညှိနှိုင်းပြီးတော့ လုပ်တာရှိတယ်။ သဘာဝဘေးအန္တရာယ် လျော့ချရေးနဲ့ပတ်သက်လို့ ကျနော်တို့ အစိုးရနဲ့ ပေါင်းပြီးတော့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ လက်တွေ့လုပ်တာတွေ အများကြီးရှိပါတယ်။ ကျနော်တို့အချင်းချင်း ညှိပြီးတော့ ပညာပေးမှုအပိုင်း၊ လက်တွေ့အပိုင်းမှာ ပြည်သူတွေထောက်ပံ့ဖို့ လုပ်ပေးဖို့တွေ အများကြီး လုပ်ပါတယ်။”

နာဂစ်မုန်တိုင်း ကာလတုန်းကလည်း ကူညီပေးခဲ့တာရှိတယ်။ အခုနောက်ပိုင်းမှာ အကူအညီပေးမှုတွေက လုံးဝနီးပါး ရပ်တန့်သွားတယ်ဆိုတော့ ဒီလူတွေ ရှေ့ဆက် ဘ၀ရပ် တည်နိုင်ဖို့ အတွက်ကော ထပ်ပြီးလုပ်ပေးတာရှိလား။

“UN-HABITAT အနေနဲ့ ကူညီတာတွေ အများကြီးရှိတယ်။ ဟိုတလောကပဲ ကွမ်းခြံကုန်းမှာ နာဂစ်ဒုက္ခသည်တွေ သူတို့ဒုက္ခရောက်နေတာ တော်တော်ကြာနေပြီ။ အခုကျမှ ကျနော်တို့ အိမ်နဲ့ ယာနဲ့ တင်ပေးလို့ရတာပေါ့၊ ၄၃၁ လုံး အိမ်တွေ ဆောက်ပေးတယ်။ ပေ ၂၀ – ပေ ၆၀ အိမ်တွေ၊ သွပ်မိုး၊ ထရံကာပေါ့၊ တောင့်တောင့်တင်းတင်းနဲ့ နေလို့ရတယ်။ မီးဖိုချောင်တွေ၊ အိမ်သာတွေ ဆောက်ပေးတယ်။ သူတို့အတွက် ဘ၀လုံခြုံမှုအတွက် နည်းနည်းပါးပါးတော့ ရသွားပြီပေါ့။ အများကြီးတော့ လုပ်စရာတွေ ကျန်ပါသေးတယ်။ ဆက်ပြီးတော့ ကြိုးပမ်းပြီး လုပ်ပေးဖို့ အများကြီးရှိပါတယ်။”

နောက် တာချီလိတ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒုက္ခသည်တွေ၊ ပခုက္ကူဘက်က ရေဘေးဒုက္ခသည်တွေအတွက် ကောဘာတွေများ အကူအညီ ပေးနိုင်ခဲ့လဲ။

“ပခုက္ကူနဲ့ ပတ်သက်လို့တော့ UN-HABITAT က ၀င်လို့မရပါဘူး။ သို့သော် တာချီလိတ်နဲ့ပတ်သက်လို့ ငလျင်ဒဏ်ကို ခံနိုင်မယ့် အဆောက်အဦတွေ ဆောက်နိုင်အောင် ဘာလုပ်ထားလဲဆိုတော့ UN-HABITAT ဆိုတဲ့ နည်းပညာ တီထွင်ထားတာ ရှိပါတယ်။ Asian Institute of Techonology လေ ဘန်ကောက်မှာပါ။ အဲဒါနဲ့တွဲပြီးတော့ HABITAT ဆိုတဲ့ နည်းပညာ ထွင်ထားတယ်။ အုတ်လုပ်တဲ့စက်ပေါ့။ နေပူလှန်းပြီး အုတ်လုပ်တဲ့စက်၊ အဲဒီစက်လေးနဲ့လုပ်ရင် အုတ်က လုပ်ရတာလည်း လွယ်တယ်။ စရိတ်လည်းသိပ်မကြီးဘူး၊ အဲဒါကို သုံးပြီး ဘိလပ်မြေမသုံးဘဲနဲ့ အိမ်လေးတွေဆောက်လို့ရတယ်။ ငလျင်ဒဏ်ကို ခံနိုင်တဲ့ အိမ်တွေပေါ့။ အဲဒါကို ကျနော်တို့ တာလေဘက်မှာ လက်တွေ့အားဖြင့် ဆောက်ပြီးတော့ စက်တွေပေးထားပါတယ်။”

သူတို့အတွက် ရေရှည်ဘ၀ ပြန်လည်ထူထောင်နိုင်အောင် ယူအန်ကကော၊ အစိုးရကပါ ဘာတွေကူညီဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိလဲခင်ဗျ။

“ကျနော်တို့ရဲ့ UN-HABITATရဲ့ ကိုင်တွယ်ဖြေရှင်းပေးတဲ့နည်းကတော့ ကွန်မြူနတီကို အခြေခံပြီးချည်း ကပ်ပါတယ်။ ဥပမာ အိမ်တွေဆောက်တယ်ဆိုရင် ရှိတဲ့ဒုက္ခသည် တွေထဲကနေခေါ်ပြီးတော့ ကော်မတီလေးဖွဲ့တယ်။ ကော်မတီကနေ ဦးစားပေးလုပ်ချင်တာတွေကို ကျနော်တို့ချပေးတယ်၊ လုပ်ပေးတယ်။ ဥပမာ အိမ်ဆောက်မယ်ဆိုရင် ရွာထဲမှာရှိတဲ့ လူတွေရဲ့ လက်သမားတွေကိုခေါ်ပြီးတော့ သင်တန်းပေးတယ်။ လိုအပ်တဲ့ကိရိယာ ထုတ်ပေးတယ်။ အဲဒီဟာတွေနဲ့ လုပ်ပြီးတော့ နမူနာအိမ်ဆောက်ပေးပါတယ်။ အဲဒါပြီးရင် ကျန်တဲ့အိမ်တွေလည်း အဲဒီလက် သမားတွေပဲ သူတို့ကို ဆက်ပြီး ဆောက်ပေးပါတယ်။ သူတို့အတွက် လုပ်ခလည်းရ တယ်။ ပြီးတော့ အသက်မွေးဝမ်းကျောင်းတခုလည်း ရသွားတယ်။ ငွေကြေးနဲ့ပတ်သက်လို့လည်း ကော်မတီလေးဖွဲ့ပြီးတော့ ကော်မတီကနေတဆင့် ကိုင်တွယ်ပါတယ်။

ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေထဲမှာ မြို့ပြစီမံကိန်းတွေ ရေရရှိရေး စီမံကိန်းတွေ လုပ်ဖို့လည်း ရှိတယ်လို့ ကျနော်တို့ကြားတယ်။

“ဥပမာ dry zone မှာ လုပ်ဖို့ရည်ရွယ်ထားပါတယ်။ လုပ်နေပါပြီ စပြီးလုပ်နေပါပြီ။ လူမှုကယ် ဆယ်ရေးဌာနနဲ့ မဆိုင်ပဲနဲ့ ရေရရှိရေးအတွက်ကို လုပ်နေတယ်။”

အစီအစဉ်တွေ ဆက်လုပ်ဖို့ဆိုတာ ရန်ပုံငွေကော လုံလောက်မှုရှိရဲ့လား။

“ကျနော်တို့ အစီအစဉ်တွေ တော်တော်များများ ရပ်သွားတယ်ဆိုပေမယ့် နာဂစ်ဟာတွေ ရပ်သွားတယ်။ ကျန်တဲ့ဟာတွေ ရှိပါတယ်။ ခုနပြောတဲ့ ကွမ်းခြံကုန်းဟာဆိုရင် နော်ဝေး အကူ အညီနဲ့ လုပ်တယ်။ နယူးဇီလန်အကူအညီနဲ့ လုပ်တယ်။ လုပ်လို့ရပါတယ်။ ဟိုတနေ့က ကျနော်တို့ လူမှုကယ်ဆယ်ရေးနဲ့ လက်မှတ်ထိုးသွားတဲ့ MOU ကလည်း ကျနော်တို့ကို အများကြီးပံ့ပိုးမှုရ တယ်။ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက လာတာပါ။”

ပမာဏ လှူဒါန်းငွေ ဘယ်လောက်လောက် ရလဲခင်ဗျ။

“ပရိုဂရမ်တွေအရ သွားကြရတာပါ။ သန်းနဲ့ချီရှိမယ်။”

သဘာဝဘေး ဖြစ်လာလို့ရှိရင် မြန်မာနိုင်ငံမှာ လက်ရှိမြင်တွေ့ရသလောက် သဘာဝေ ဘးအန္တရာယ် တကယ်ကြုံလာလို့ရှိရင် ဒီဟာကို ရင်ဆိုင်နိုင်ဖို့ ဘာတွေလိုအပ်နေ တယ်လို့ ထင်ပါသလဲခင်ဗျ။ ရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်ပြီလို့ ထင်ပါသလား။

“အသင့်ဖြစ်ဖို့ အများကြီးလိုပါသေးတယ်။ ဒါပေမယ့် အသိကတော့ ရှိနေပြီ။ အစိုးရကလည်း အသိရှိ။ ပြည်သူကလည်း အောက်ခြေအထိ ဆင်းပြီးတော့ လုပ်နေတာပေါ့။ ဥပမာ ဆိုင်ကလုန်းမုန်တိုင်းကို နာဂစ်တိုက်ခဲ့တုန်းက ဘယ်သူမှ မသိခဲ့ဘူး။ အခု ပညာ ပေးမှုတွေရှိနေတော့ သိကျွမ်းနေပြီ။ ဘာလုပ်ရမယ်။ ဘာကိုင်ရမယ်၊ သိနေကြပြီ။ နောက်တခါ ၀င်လာလို့ မတော်တဆ ဆိုင်ကလုန်းသာ ၀င်တိုက်ခတ်လို့ရှိရင် ကျနော်တို့အနေနဲ့ အများကြီးပိုပြီးတော့ ပြည်သူတွေအတွက်ကို ကာကွယ်ပေးလို့ရမှာပေါ့။ ပြည်သူအတွက် အများကြီး လုပ်ပေးလို့ရမှာပေါ့။”

မန္တလေးမြို့တွင် ပတ်စ်ပို့ရုံးဖွင့်မည်

မန္တလေးမြို့တွင် ပတ်စ်ပို့ရုံးဖွင့်မည်

by ပီတာအောင်

မြန်မာနိုင်ငံအထက်ပိုင်းပြည်နယ်နဲ့ တိုင်းတွေမှာ နေထိုင်သူတွေအတွက် မန္တလေးမြို့မှာ နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့ ) ထုတ်ပေးရေးရုံးသစ်တခု ဇူလိုင်လဆန်းမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ မန္တလေးတိုင်း အထူးသတင်းရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။

news image

မန္တလေးတောင်ခြေ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စသုံးလုံးရုံး နောက်နားမှာရှိတဲ့ အောင်မြေသာစံမြို့နယ် ၁၂ လမ်း၊ ၆၄ လမ်းနဲ့ ၁၆ လမ်းကြားမှာ ပတ်စ်ပို့ရုံး ဖွင့်လှစ်မှာဖြစ်ပြီး အခုတော့ ရုံးကို အပြီးသတ်ဆောက်နေဆဲပဲလို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်၊ ချင်း၊ ရှမ်း စတဲ့ ပြည်နယ်တွေ မှာ နေထိုင်သူတွေ အနေနဲ့ ဒီရုံးမှာ လာရောက် ပတ်စ်ပို့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အရင်က မြန်မာနိုင်ငံ အထက်ပိုင်းပြည်နယ်တွေ နဲ့ တိုင်းတွေမှာ နေထိုင်သူတွေဟာ ရန်ကုန်မြို့ကိုသွားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားလုပ်ကိုင်ရတာ ဖြစ်တဲ့အတွက် ခရီးစရိတ်၊ စားစရိတ်နဲ့ နေစရိတ်တွေ ပိုမိုကုန်ကျတဲ့ အကြောင်းနဲ့ အခုတော့ အချိန်ကုန် ငွေကုန် သက်သာမှာဖြစ်လို့ ရုံးဖွင့်တာကို ကြိုဆိုတယ်လို့  မန္တလေးမြို့ခံတွေက ပြောပါတယ်။

နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးခွဲ မန္တလေးတွင် ဖွင့်မည်

နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးခွဲ မန္တလေးတွင် ဖွင့်မည်

မြန်မာ့ နိုင်ငံကူးလက်မှတ် Passport ထုတ်ပေးရေး ရုံးခွဲတခုကို မန္တလေးတိုင်းတွင် ဇူလိုင်လ ပထမသီတင်းပတ်မှ စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပတ်(စ်)ပို့ရုံးခွဲကို အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွား ရပ်ကွက်ရှိ မန္တလေးတိုင်း ရဲသတင်းတပ်ဖွဲ့ခွဲမှူးရုံးတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုသို့ ရုံးခွဲကို ဖွင့်လှစ် ရခြင်းမှာ မန္တလေးတိုင်း အပါအဝင် အနီးတဝိုက်နှင့် ရန်ကုန်သို့ လာရောက်ရန် ခက်ခဲသော ပတ်(စ်)ပို့ လျှောက်ထား သူများ အဆင်ပြေစေရေးအတွက် ဖြစ်ကြောင်း သိရတယ်။

ရုံးခွဲ ဖွင့်လှစ်ပြီးပါက ရန်ကုန်ရုံးအတိုင်း ပတ်စပို့(စ်) များကို ၂၁ ရက် အတွင်း ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း ပုံမှန်အတိုင်း ၃ သောင်းခွဲ ဝန်းကျင်သာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

သို့သော် မြန်မာ့ စီးပွားရေး ဘဏ်အတွက် ကျသင့်ငွေ သွင်းရန်အတွက်မူ ရန်ကုန် ပတ်(စ်)ပို့ရုံး ကဲ့သို့ တရုံးထဲတွင် သွင်းရမည် မဟုတ်ဘဲ ရုံးပြင်ပရှိ မြန်မာ့စီးပွားရေး ဘဏ်တွင် ငွေပေးသွင်းမည် ဖြစ်သည်။

မန္တလေးတိုင်းရှိ အဆိုပါရုံးခွဲသို့ ပတ်(စ်)ပို့ လျှောက်ထား လိုသူများသည် မူလအတိုင်း မှတ်ပုံတင် မူရင်း၊ အိမ်ထောင်စု စာရင်း မူရင်း၊ တက္ကသိုလ် ဘွဲ့ရ ဖြစ်ပါက ပညာရေး ထောက်ခံချက်၊ အသက် ၁ဝ နှစ်အောက် ကလေးများ ဖြစ်ပါက မွေးစာရင်း ပါရှိရမှာဖြစ်ပြီး အငြိမ်းစား ဝန်ထမ်းများ ဖြစ်ပါက အလုပ်မှ နုတ်ထွက်စာ သို့မဟုတ် ပင်စင်စာတို့ ယူဆောင် ကာ လာရောက် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

နေတံဆိပ်ဓာတ်ခဲစက်ရုံ အလုပ်သမားများ တောင်းဆိုမှု အလုပ်ရှင်လိုက်လျော

နေတံဆိပ်ဓာတ်ခဲစက်ရုံ အလုပ်သမားများ တောင်းဆိုမှု အလုပ်ရှင်လိုက်လျော

by နော်နိုရင်း

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် နေတံဆိပ်ဓာတ်ခဲစက်ရုံက အလုပ်သမားတွေဟာ ဒီနေ့မနက်ကစတင်ပြီး အချက် ၉ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြရာမှာ အလုပ်ရှင်က လိုက်လျောပေးခဲ့ပါတယ်။

ဒီနေ့ မနက် ၈ နာရီကစပြီး အရင်လစာအပြင် အခြေခံလစာ သုံးသောင်းခွဲ တိုးပေးဖို့၊ လစဉ် ရက်မှန်ကြေး တသောင်းခွဲတိုးပေးဖို့၊ သောက်သုံးရေကို ရေသန့်ဘူးထားဖို့၊ အလုပ်ချိန် ၈ နာရီကျော်ရင် အလုပ်သမား ခံစားခွင့်အတိုင်း သတ်မှတ်ပေးဖို့၊ အလုပ်သမားကတ် တိတိကျကျပြုလုပ်ပေးဖို့၊ အလုပ်ချိန်အတွင်း နေမကာင်းထိခိုက်ရင် စက်ရုံက ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့် အပြည့်အ၀ ပေးဖို့၊ အလုပ်သမား ၀တ်စုံကို ထုတ်ပေးဖို့။ အလုပ်သမား နားနေဆောင် လုပ်ပေးဖို့နဲ့ ဓာတုဆေးသုံးပစ္စည်းများကာကွယ်ဖို့၊ အလုပ်သမားသုံး ပစ္စည်းထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြအလုပ်သမား ၂၀၀၀ လောက်ရှိပြီး နေ့ခင်းပိုင်းမှာတော့ အလုပ်သမား ၀န်ကြီးဌာနက တာဝန်ရှိသူတွေ၊ အလုပ်ရုံမန်နေဂျာနဲ့ အလုပ်သမား ခေါင်းဆောင်တွေ ဆွေးနွေးအပြီးမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးသူ တဦးက ပြောပါတယ်။

“မန်နေဂျာ ဦးကျော်ဝင်း၊ အလုပ်သမား ဦးစီးဌာနက တာဝန်ရှိသူတွေ၊ အလုပ်သမား ဦးဆောင်သူ ၁၅ ဦးခန့်လောက်နဲ့ မနက် ၁၁ နာရီ ၃၀ မိနစ်လောက်က စပြီးတော့ တောင်းဆိုမှုတွေကို ဆွေးနွေးကြတယ်။ နေ့လယ် ၁ နာရီ ၃၀ မိနစ်မှာ ဆွေးနွေးပွဲပြီးတော့ အားလုံးကို လိုက်လျောပေးတယ်။ အခြေခံလစာကို ယခင်လစာအပြင် ၂၆၇၀၀ ထပ်တိုးပေးတယ်။ သောက်သုံးရေကိစ္စတွေကော၊ အရင်ကဆိုရင် သောက်သုံးရေကိစ္စက ဓာတ်ခဲစက်ရုံဖြစ်တဲ့အတွက် ဓာတုဗေဒနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေရှိတာပေါ့။ ရေထဲမှာကော အလုပ်နားနေဆောင်မှာရှိတဲ့ နေရာမှာပါ။ နေ့လယ် ထမင်းစားဆောင်မှာ ထမင်းစားသောက်တဲ့အချိန်မှာ ဓာတုဗေဒနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေ အန္တရာယ်တွေ ရှိကြတာပေါ့။ အဲဒီဟာတွေအားလုံးကို လိုက်လျောပေးပါတယ်။”

အခုလ ၈ ရက်နေ့ကလည်း ၇၈ လမ်းနဲ့ ရတနာပုံတက္ကသိုလ်လမ်းမှာရှိတဲ့ အောင်စိန်ချည်မျှင်နှင့် အထည်ဆိုးဆေးလုပ်ငန်းက အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက် ညှိနှိုင်းပေးခဲ့အပြီး ပြေလည်မှုရရှိခဲ့ပြီးနောက်မှာ အလုပ်သမားခေါင်းဆောင် ၁၀ ဦး ကို အလုပ်ထုတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဆန္ဒပြခွင့်အတွက် စာတင်သည့် လယ်သမားများအား ဒေသအာဏာပိုင်များက ခေါ်ယူခြိမ်းခြောက်

ဆန္ဒပြခွင့်အတွက် စာတင်သည့် လယ်သမားများအား ဒေသအာဏာပိုင်များက ခေါ်ယူခြိမ်းခြောက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲကျေးရွာနှင့် လေးမျက်နှာကျေးရွာများမှ လယ်သမား ၆ ဦးကို ဆန္ဒပြခွင့်အတွက် စာတင်သည့် ကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ယနေ့ မနက်ပိုင်းတွင် ဆင့်ခေါ်ကာ ဆန္ဒပြလျှင် ထောင် ၁ နှစ် ချနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ဆန္ဒပြရန် အခုလ ၁၈ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ စာတင်ခဲ့သည့် ဝမ်းတွင်းမြို့နယ် လေးမျက်နှာနှင့် ပင်းတလဲကျေးရွာများမှ လယ်သမား ဦးဝင်း၊ ဦးသန်း၊ ဦးလင်းလင်းအောင်၊ ဦးအေးနိုင်စိုး၊ ဦးအောင်ထွန်းတို့ အပါအဝင် ၆ ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုထွေးနှင့် ဒုရဲမှူး တင့်ဇော်တို့က ခေါ်ယူတွေ့ဆုံပြီး အဆိုပါကဲ့သို့ ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မနေ့က ဆန္ဒပြဖို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို စာတင်ခဲ့တဲ့ ကိစ္စပေါ့၊ အဲဒီစာတင်တဲ့ ၆ ဦးကို ဒီကနေ့ မြို့နယ်တာဝန်ရှိသူတွေက ခေါ်တွေ့တယ်။ ဆန္ဒပြခွင့် မပြုနိုင်ဘူး၊ တကယ်လို့ ခွင့်မပြုဘဲ ပြရင် ထောင် ၁ နှစ် ချနိုင်တယ်။ လျှပ်စစ်မီးရရှိရေး ဆန္ဒပြတဲ့သူတွေကိုတောင် သူတို့ ဘယ်လိုလုပ်လိုက်သလဲဆိုတာ သိတယ်မဟုတ်လားလို့ ခြိမ်းခြောက်တယ်။ ပြီးတော့ သူတို့ဘက်က ခေါ်ယူသတိပေး ပြောကြားတာတွေကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။ လယ်သမား ၆ ဦးစလုံး လက်မှတ်မထိုးခဲ့ဘူး” ဟု မြို့နယ်တာဝန်ရှိသူများ ဆင့်ခေါ်သတိပေးခြင်း ခံခဲ့ရသည့် လယ်သမားတဦးက ပြောသည်။

လေးမျက်နှာကျေးရွာနှင့် ပင်းတလဲကျေးရွာများမှ လယ်သမားများအနေဖြင့် ယခုကဲ့သို့ ဆန္ဒပြရန် တောင်းဆိုရခြင်းမှာ ပင်းတလဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြက တောင်သူများအတွက်ရသည့် စိုက်ပျိုးစရိတ် ချေးငွေထဲက ငွေတသိန်းကို နှစ်ထောင်စီ ကောက်ယူသည့်ကိစ္စ မကျေနပ်၍ တိုင်းကြားခဲ့သည့် လယ်သမား ၁၄ ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြီးခဲ့သည့် မေလတွင် မမှန်မကန် တိုင်ကြားမှု ပုဒ်မ (၁၈၂) ဖြင့် ပြန်လည် တရားစွဲဆိုခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြရန်တောင်းဆိုခြင်း ဖြစ်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာသားများထံမှ ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရန်၊ ရေကန်တူးရန် အကြောင်းပြချက်များဖြင့် ငွေကြေးကောက်ခံခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြတောင်းဆိုရာတွင် အချက် ၃ ချက် ပါဝင်သည်။ ၎င်းတို့မှာ (၁) လယ်သမား ၁၄ ဦးကို ပုဒ်မ (၁၈၂) ဖြင့် မမှန်မကန် တရားစွဲဆိုမှုကို အမြန်ဆုံး ရပ်ပေးရန်၊ (၂) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြကို ခြွင်းချက်မရှိ တာဝန်မှ ရပ်ဆိုင်းရန်၊ (၃) တရားဥပဒေနှင့်အညီ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ခန့်ထားပေးရန်တို့ ဖြစ်သည်။

လွှတ်တော်ကော်မတီနှင့် ဂီတ၊ သဘင်၊ ပန်းချီပန်းပု လောကသားများ တွေ့ဆုံ

လွှတ်တော်ကော်မတီနှင့် ဂီတ၊ သဘင်၊ ပန်းချီပန်းပု လောကသားများ တွေ့ဆုံ

by ရွှေအောင်

ပန်းချီ၊ ပန်းပု၊ ဂီတနဲ့ ဇာတ်သဘင်လောကသားတွေဟာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို ပြည်သူ့လွှတ်တော်အဆင့် ကော်မတီဝင်တွေနဲ့ လူချင်းတွေ့ဆုံပြီး တရားဝင် တင်ပြလိုက်ကြပါတယ်။

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနဲ့ ဂီတနဲ့သဘင်လောကသားတွေ ရန်ကုန်မြို့မှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ ခိုးကူးခွေကိစ္စကို သက်ဆိုင်ရာက ထိထိရောက်ရောက် မနှိမ်နင်းပေးတဲ့အတွက် ဂီတလောက ပြိုလဲမလိုဖြစ်နေတဲ့အကြောင်း၊ ပွဲမိန့်ရဖို့ ကြန့်ကြာပြီး ပွဲမိန့်ရတဲ့အခါမှာလည်း သက်ဆိုင်ရာက မေတ္တာလက်မှတ် မတန်တဆ အလကားတောင်းခံလို့ ပေးနေရတဲ့ကိစ္စတွေ အပါအ၀င် ကြုံနေရတဲ့ အခက်အခဲအထွေထွေကို တင်ပြကြတယ်လို့ ကော်မတီအဖွဲ့ဝင် သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

လွှတ်တော်ကော်မတီနဲ့ တွေ့ဆုံရာမှာ တင်ပြခဲ့တာတွေကို စိန်မာဒင်ဇာတ်သဘင်အဖွဲ့ရဲ့ ဦးမိုးဝင်းက ခုလို ပြောပြပါတယ်။

“အခက်အခဲတွေက အများကြီးတင်ပြခဲ့ရတာပေါ့။ ဇာတ်သဘင်ကားတွေ အဆင်မပြေဘူး ခဏ ခဏ မှောက်တဲ့ကိစ္စတွေ။ ဇာတ်သဘင်တာဝန်ကလည်း ထမ်းဆောင်ရသေးတယ်။ ရှေ့နဲ့နောက် ငှားရမ်းသုံးစွဲနေရတော့ စရိတ်စကကြီးမြင့်တာတွေ၊ နောက် ရုံနေရာတွေပျောက်သွားတယ်။ ရန်ကုန်နဲ့ မန္တလေး၊ အနယ်နယ်အရပ်ရပ်မှာက မြို့တွေချဲ့ကြတော့ ဇာတ်သဘင်ရဲ့နေရာတွေ၊ ကပြဖျော်ဖြေမှုတွေ၊ ဘုရားပွဲတွေလည်း ပျောက်သွားတဲ့အတွက် အခက်အခဲရှိတာတွေ တင်ပြပါတယ်။ နောက် လက်မှတ်တောင်းတဲ့ကိစ္စက အခုထိရှိနေတုန်းပဲဗျ။ တချို့နေရာတွေမှာဆို မေတ္တာလက်မှတ်က အစောင်၂၀၀ ကျော်။ ဖျာ ၄၀၊ ၅၀။ ပွဲကြီးရင် ကြီးသလိုပေးရတယ်။ ပြီးတော့ ဖျာတွေကို ပြန်ရောင်းစားတယ်လေ။ ပွဲရုံရှေ့မှာ လာရောင်းတာနော်။

ကျနော်တို့မှာ ခံစားရတယ်လေ။ ပြန်လည်းမပြောရဲဘူးလေ အရင်တုန်းက။ ပြောရင်လည်း အကျိတ်အခဲထားပြီး တခုခုလုပ်လိုက်တာမျိုးတွေပေါ့။ မြေနေရာတွေ ရရှိရေးလည်း ကျနော်တောင်းပါတယ်။ သဘင်အဆောက်အဦ၊ သဘင်အစည်းအရုံး ကိစ္စတွေ၊ ဇာတ်ရုံနေရာကြီးတွေ ရှိမှဖြစ်မယ်။ နိုင်ငံခြားသားတွေ၊ ဧည့်သည်တွေလာလို့ တင်ဆက်ကပြမယ်ဆိုရင် ကျနော်တို့မှာ သနားစရာကောင်းတဲ့ ဘ၀တွေပေါ့လေ အမိုးမရှိအကာမရှိ စုတ်ပြတ်သပ်နေပြီးတော့။ ဒါမျိုးတွေ ဖြစ်ကုန်တာ ကျနော်တို့ရဲ့ ဇာတ်သဘင်ဘ၀တွေက။”

အခုလို ဂီတ၊ သဘင်တို့က တင်ပြလာတဲ့ ကိစ္စရပ်တွေအပေါ် လွှတ်တော်ကော်မတီအနေနဲ့ ဘယ်လို ဆောင်ရွက်ဖို့ရှိလဲဆိုတာနဲပတ်သက်ပြီး ဦးရဲထွန်းက အခုလို ပြောပါတယ်။

“သူတို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးပြီးတော့ ကျနော်တို့ရဲ့ ကော်မတီက ပြန်ပြီးတော့ ဒီဟာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ ပြန်ထိုင်ရလိမ့်မယ်။ ဥပမာ အောက်ခြေမှာ မြို့နယ်တွေက ပွဲမိန့်တောင်းတာကို တင်းကျပ်ထားတဲ့ကိစ္စ၊ ပွဲမိန့်ပေးပြီး မေတ္တာလက်မှတ်တောင်းတဲ့ကိစ္စ၊ ဒါတွေက အောက်ခြေထိ ကျနော်တို့ရဲ့ အပေါ်ကလုပ်ဆောင်နေတဲ့ ဒီမိုကရေစီစနစ်အရ သွားနေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုက အောက်အထိ မရောက်သေးဘူး ဆိုတာ ပေါ်နေတယ်။ ဒါမျိုးတွေကို ဘယ်လိုလုပ်မလဲ၊ အရင် အာဏာရှင် ခေတ်က လိုပဲ ငွေကြေးတောင်းခံတာတို့၊ တနည်းနည်းနဲ့ ကျပ်ထားတာတို့၊ အဲဒါမျိုးတွေ ဆက်ရှိနေတယ်။ အဲဒါမျိုးတွေလည်း သူ့သက်ဆိုင်ရာ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တွေ က ဆောင်ရွက်သင့် တာ ဆောင်ရွက်ပေးရပါလိမ့်မယ်။”

ကော်မတီဟာ ဇွန် ၂၁ ရက်နေ့မှာ စာနယ်ဇင်းမီဒီယာ လောကသားတွေနဲ့ တွေ့ဆုံပြီး၊ လာမယ့် လွှတ်တော်မှာတင်ဖို့ရှိတဲ့ ပုံနှိပ်မီဒီယာဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ အခြေအနေကောင်းလာပြီလား

နိုင်ငံရေးအကျဉ်းသားများ အခြေအနေကောင်းလာပြီလား

by မန်းသားလေး

မန္တလေးထောင်တွင် ကင်ဆာရောဂါဖြစ်ပွားနေသူ နိုင်ငံရေးအကျဉ်းသားတဦးအား အာဏာပိုင်တို့က ဂရုတစိုက် ကုသမှု ပေးနေသောကြောင့် နိုင်ငံရေးအကျဉ်းသားအရေး စောင့်ကြည့်သူများက ကြိုဆိုလိုက်ကြသည်။

news image

ယခင်က အထိန်းသိမ်းခံ နိုင်ငံရေးသမားများသည် ထိရောက်သည့် ကုသမှု မရရှိခဲ့ကြောင်း ၎င်းတို့က ပြောကြသည်။

‘‘ကျနော် ကြုံတွေ့ခဲ့ရတဲ့ တလျှောက်လုံးမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဒီလို ကောင်းမွန်စွာ ဆေးကုသခွင့် ပေးတာ၊ မိသားစုနဲ့ အတူ နွေးနွေးထွေးထွေး ထားပေးတာ ဒါ ပထမဦးဆုံးပါဘဲ။ အခု အစိုးရသစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှ ဒီလိုမျိုး ကြုံတွေ့ဖူးတာပါ” ဟု မန္တလေး နိုင်ငံရေးအကျဉ်းသားကွန်ရက် တာဝန်ခံ ဦးကိုကိုလေးက ပြောသည်။

ဆေးဝါး နှင့် ဆေးပစ္စည်း မပြည့်စုံသည့် ထောင်ဆေးရုံတွင် ၂ လကြာ ကုသမှု ခံယူနေသော နိုင်ငံရေးအကျဉ်းသား ဦးညီညီမောင်သည် ပြီးခဲ့သည့်လကုန်ပိုင်းက မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခွင့် ရခဲ့ကြောင်း၊ ဆေးရုံက သူ့အား ခွဲစိတ်ကုသမှု ပေးခဲ့ကြောင်း သူ၏ သားငယ် ကိုစိုးခိုင်က ဧရာဝတီကို ပြောသည်။

‘‘လက်ရှိတော့ သူ့ကို ဓာတ်ကင်ဖို့အတွက် သွေးစစ်တာတွေ၊ နှလုံး စစ်တာတွေ လုပ်နေပါတယ်။ သူ့ကျန်းမာရေး အခြေနေကတော့ စိုးရိမ်ရတဲ့ အနေထားမှာ ရှိနေပါတယ်” ဟု ကိုစိုးခိုင်က ရှင်းပြသည်။

လူသားချင်း စာနာသောအားဖြင့် ဖခင်ဖြစ်သူအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် သမ္မတထံ စာရေးသား တောင်းဆိုထားကြောင်း ကိုစိုးခိုင်က ပြောသည်။

ဦးညီညီမောင်သည် ၂၀၀၃ ခုနှစ် ကျောက်ဆည်မြို့ ဘာသာရေးအဓိကရုဏ်းနှင့် ပတ်သက်ပြီး သေဒဏ်ကျခံခဲ့ရသော်လည်း မကြာသေးခင်က သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ သူ၏ ပြစ်ဒဏ်မှာ ထောင်ဒဏ်တသက်တကျွန်းသို့ ပြောင်းလဲသွားသည်ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ထောင်တွင်းအခြေအနေများ သိသိသာသာ ကောင်းမွန် တိုးတက်လာသည်ဟု ကြားသိရကြောင်း ဧရာဝတီကိုပြောသည်။

အကျဉ်းထောင်တွင်း စာဖတ်ခွင့်၊ ရုပ်မြင်သံကြား ကြည့်ခွင့်၊ ယခင်ထက်ပိုပြီး သက်တောင့်သက်သာ နေထိုင်ခွင့်များ ရနေကြောင်း၊ သို့သော်လည်း ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ကိုတိတ်နိုင်က ပြောသည်။

‘‘အခုလို အပြောင်းလဲကာလမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိကို မရှိသင့်တဲ့ ကိစ္စပါ။ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးရင် ဒီမိုကရေစီ ဖြစ်ပေါ်ဖို့အတွက် အားရစရာ မကောင်းသေးပါဘူး” ဟု ၄င်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ၄၆၉ ဦး ကျန်ရှိနေသေးသည်ဟု AAPP ၏ စာရင်းများအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နော်ဝေနိုင်ငံတွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု လက်ခံရယူစဉ် အကျဉ်းကျ နိုင်ငံရေးသမားများအရေးကို ထည့်သွင်းပြောဆိုခဲ့သည်။

‘မထင်ရှားသော နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးကြောင်း၊ ၎င်းတို့ မြန်မြန်နှင့် ခြွင်းချက်မရှိ ပြန်လွတ်လာရေးအတွက် နည်းမျိုးစုံ လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဤအတောအတွင်း နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်ပြီး အစိုးရ၀န်ကြီးတဦး၏ ပြောဆိုချက် ပေါ်ပေါက်လာသည်။

အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ရှေ့လဆန်းတွင် ထပ်မံလွှတ်ပေးရန် စီစဉ်ထားသည်ဟု နော်ဝေနိုင်ငံသို့ ရောက်နေသည့် စက်မှုဝန်ကြီး ဦးစိုးသိန်းက AFP သတင်းဌာနကို တနင်္လာနေ့တွင် ပြောလိုက်သည်။ သို့သော်လည်း လွှတ်ပေးမည့် အရေအတွက်ကို ထည့်သွင်းပြောဆိုခြင်း မရှိပေ။

မြန်မာ့လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေအနေတိုးတက်

မြန်မာ့လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေအနေတိုးတက်

By ကိုသားညွန့်ဦး

မနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နှစ်စဉ်ထုတ်ပြန်နေကျ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံထဲ မြန်မာအစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုထားပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အခုလို အစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး တိုးတက်လာမှုကို လက်ခံပေမဲ့ တဘက်မှာတော့ လူကုန်ကူးမှုကိစ္စရပ်အချို့မှာ ဒေသအာဏာပိုင်တွေ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ဆက်ပြီး တင်ဆက်ပေးမှာပါ။

မနှစ်ကအထိတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်စဉ်အစီရင်ခံစာထဲ မြန်မာနိုင်ငံဟာ Tier 3 ခေါ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှု အားအနည်းဆုံးနိုင်ငံ နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းခံထား ရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သိသာတဲ့ အားထုတ်မှုတွေ လုပ်လာခဲ့တယ်ဆိုပြီး ဒီနှစ် အစီရင်ခံစာထဲ Tier 2 WL စောင့်ကြည့် အဆင့်နှစ်မှာ တိုးမြှင့် သတ်မှတ်ခံရတာကြောင့် အရင် နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ခံလိုက်ရပါပြီ။

အစီရင်ခံစာထဲမှာ နိုင်ငံအလိုက် P သုံးလုံးဆိုတဲ့ Prosecution အရေးယူမှု၊ Protection အကာအ ကွယ်ပေးမှု၊ Prevention ကြိုတင် ကာကွယ်မှု အခြေအနေသုံးရပ်ကို တချက်ခြင်း လေ့လာဆန်းစစ်ထား ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ လူကုန်ကူးခံရသူတွေကို ရှာဖွေ ဖော်ထုတ်ပြီး သူတို့ရဲ့ ဘ၀ပြန်လည် ထူထောင်ရေးအတွက် အစိုးရဘက်က လုပ်ဆောင်ပေးခဲ့တာတွေရှိတယ်လို့ အစီရင်ခံမှာ ဖော်ပြပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ အစိုးရဘက်က လူကုန်ကူးခံရမှုတွေကို တိုင်ကြားနိုင်တဲ့ စနစ်တရပ် ထားခဲ့ တာကြောင့် လူကုန်ကူးခံရသူ ၅၇ ဦးကို ကယ်တင်စောင့်ရှောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်အရတော့ လူကုန်ကူးခံရသူ ၂၂၉ ဦးကို ကူညီစောင့်ရှောက်နိုင်ခဲ့တယ်လို့ ကိုးကားဖော်ပြပါတယ်။ တချိန်တည်းမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုတင်ကာကွယ်မှု အစီအမံတွေကို မြန်မာအစိုးရအနေနဲ့ တိုးမြှင့်ဆောင်ရွက်ခဲ့တယ်လို့ အစီရင်ခံမှာ ချီးကျူးထားပါတယ်။ ဒါပေမယ့်လည်း တဘက်မှာ လူကုန်မှုတွေ၊ အထူးသဖြင့် ကလေးစစ်သားစုဆောင်းအသုံးပြုတာနဲ့ အတင်း အဓမ္မလုပ်အားပေးခိုင်းစေတာမျိုးကို စစ်ဘက်တာဝန်ရှိသူတွေရော လက်နက်ကိုင်သူပုန် အဖွဲ့အစည်းတွေ ကပါ ဆောင်ရွက်နေကြတုန်းပဲလို့ ထောက်ပြပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရင်ကထက် တတ်တတ်ကြွကြွ လုပ်ဆောင်လာတာမှန်ပေမဲ့ တဘက်မှာတော့ ဒီိကိစ္စမှာ တာဝန်ရှိ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာကြောင့် စိန်ခေါ် အကဲစမ်းချက်တွေတော့ ရှိနေတုန်းပဲလို့ ပြော ပါတယ်။ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာရှေ့နေ ဦးမင်းလွင်ဦးကတော့ ပြည်ပမှာ ဒုက္ခရောက်နေတဲ့ မြန်မာတိုင်းရင်းသား လူကုန်ကူးခံရသူတွေကို မြန်မာအစိုးရဘက်က ကယ်တင်စောင့်ရှောက်မှုအားနည်းနေတုန်းပဲလို့ မြင်ပါတယ်။

“တိုင်းတပါးကိုရောက်သွားတဲ့ လူကုန်ကူးခြင်းခံရတဲ့သူတွေကိုတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရကနေပြီး လိုက်လံကယ်တင်နိုင်ခြင်းတော့ မရှိသေးဘူးဗျ။ ရှိတဲ့ဥစ္စာတွေကလည်း အလွန် နည်းပါး ပါသေးတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့လပိုင်းအတွင်းက ဖြစ်ပွားသွားတဲ့ ထိုင်းနိုင်ငံက စက်ရုံအလုပ်သမားတွေကို ကယ်ဆယ်တဲ့ ကိစ္စတခု၊ ဒါကတော့ မှတ်မှတ်ထင်ထင် တခု ရှိတာပေါ့လေ။ အရင်ကဆိုလို့ရှိရင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့သူတွေကို ပြန်ပို့တဲ့အခါကျလို့ရှိရင် ပြန်လည်ပြုစုပျိုးထောင်ရေးတို့၊ လက်မှု၊ အိမ်တွင်းမှုပညာ သင်ကြားရေးတို့ စတာတွေနဲ့ ပတ်သက်လို့ အစိုးရက တာဝန်ယူလုပ်ဆောင်နေတာတွေ နည်းတယ်။

သို့သော်လည်း အခုနောက်ပိုင်းမှာ ကုလသမဂ္ဂ ဖွဲ့ဖြိုးမှု အစီအစဉ်အောက်ကနေပြီး ပြည်တွင်းမှာ တချို့ရှိနေ တဲ့ NGO တွေနဲ့ ပေါင်းပြီးတော့ တချို့အစီအစဉ်လေးတွေ လုပ်နိုင်တာတွေကို တွေ့လာရတယ်။ ဥပဒေပိုင်း အရ ကြည့်မယ်ဆိုလို့ရှိရင်လည်း ရတနာမေတ္တာဖောင်ဒေးရှင်းနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း UNICEF နဲ့ တွဲပြီးတော့ ပူးပေါင်းတည်ထောင်ထားတဲ့ အဖွဲ့တွေကို ထူထောင်ခွင့် ပြုလာတယ်။ ဒီအဖွဲ့တွေ က အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်ကို အခကြေးငွေမယူဘဲ လိုက်ပါ ဆောင်ရွက်ပေးတဲ့ အခြေအနေမျိုးအထိ ဖြစ်လာတယ်။ ဒါတွေကတော့ တိုးတက်တဲ့အလားအလာတွေလို့ ပြောနိုင်ပါတယ်။”

- အစိုးရပိုင်းအနေနဲ့ပေါ့- လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အခု အစိုးရသစ်အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့၊ သက်ဆိုင်လို့ - နောက်တခုက အဲဒီအတွက် အထောက်အကူပြုနိုင်မယ့် နည်းဥပဒေပြဌာန်းချက် အသ

“လူကုန်ကူးမှု တားမြစ်ရေး ဥပဒေရယ်လို့တော့ ပြဌာန်းထားတာတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ဒီ အစိုးရ အာဏာပိုင်တွေ ကိုယ်တိုင်ကိုက ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်နေတဲ့အခါကျတော့ ဥပဒေကို အသက်ဝင်အောင်လုပ်ဖို့က တော်တော်ခဲယဉ်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၃ လလောက်က ပြည်မြို့က ကောင်လေးတွေကို ခေါ်သွားတယ်၊ ခေါ်သွားပြီးတော့ ရှမ်းပြည်နယ် မိုင်းတွင်းတွေမှာ အဓမ္မခိုင်းစေဖို့အတွက် ခေါ်တဲ့ကိစ္စတွေမှာ ကြံ့ဖွံ့ပါတီက ကုမ္ပဏီတွေက ပါဝင် ပတ်သက်နေတာ တွေ့ရတယ်။ နောက်ပြီးတော့ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီတချို့က ပါဝင်နေတာတွေ တွေ့ရတယ်။ အဲဒီမှာ ကျနော်တို့ လိုက်လံကူညီပေးနေတဲ့ လူ့အခွင့်အရေး ကာကွယ်တဲ့ သူတွေကိုတောင်မှ အနှောင့်အယှက်ပေးခြင်းခံရတာကို ကျနော်တို့ ကြားသိရတယ်။”

ကလေးငယ်တွေ အမျိုးသမီးတွေအပါအ၀င် မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးအတော်များများဟာ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ တရုတ် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တောင်ကိုရီယား စတဲ့နိုင်ငံတွေကို စီးပွားရေး အခြေအနေကြောင့် ပုံစံအမျိုးမျိုးနဲ့ ထွက်ခွာနေကြရာမှာ လူကုန်ကူး ခံရတာတွေကြောင့် လိင်လုပ်ငန်းတွေ အတင်းအဓမ္မ မတရားခိုင်းစေခံရတာတွေ ကြုံနေကြရတာပါ။

ဒီလိုမျိုး အလားတူအခြေအနေမျိုးတွေ မြန်မာနိုင်ငံတွင်းမှာတောင် ကြုံနေရတယ်လို့ ဦးမင်းလွင်ဦးက ပြော ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာအစိုးရဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတကာလက်ခံတဲ့ စံနှုန်းစံထားအတိုင်း ဆောင်ရွက် မှု ပြည့်မီချက်တော့ မရောက်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အရင်လိုမဟုတ်ဘဲ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းမှုတွေတော့ ရှိလာပြီလို့ ဆိုထားတာပါ။ အထူးသဖြင့်တော့ ကလေးစစ်သားစုဆောင်းအသုံးပြုမှုနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်ဆိုင်းရေးအတွက် ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုထား ပါတယ်။ ဒါ့အပြင် ဒီအတွက် ILO နိုင်ငံတကာအလုပ်သမားအဖွဲ့အပါအ၀င် နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်မှုတွေ ရှိလာတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဆင့် တိုးမြှင့်လာ

မြန်မာ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဆင့် တိုးမြှင့်လာ

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်မှုတွေ တိုးတက်လာတဲ့အတွက် လူကုန်ကူးမှု အခြေအနေပြ စာရင်းထုတ်ပြန်ချက် တစ်ရပ်က မြန်မာနိုင်ငံကို အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

news image

မနေ့က အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ (၁၂) ကြိမ်မြောက် လူကုန်ကူးမှုဆိုင်ရာ နှစ်လည်အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆင့် (၃) ကနေ အဆင့်(၂) စောင့်ကြည့်အဆင့်ကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

မြန်မာကို အဆင့်တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး လူကုန်ကူးမှု ပြဿနာဆိုင်ရာ အမေရိကန် သံအမတ် ကြီး Luis CdeBaca က - မြန်မာနိုင်ငံကနေ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေကို လူကုန်ကူးမှုတွေ တိုးတက် များပြားနေတဲ့အပေါ် မိမိတို့ အလွန်ပဲ စိုးရိမ်မိပါတယ်။ လူကုန်ကူးမှုဟာ အဓမ္မလုပ်အားယူတဲ့ ကိစ္စနဲ့လည်း ဆက်စပ်ပတ်သက်နေပါတယ်။ ဒါပေမဲ့ အရင်က အဓမ္မလုပ်အားယူ ခိုင်းစေတဲ့ ကိစ္စ အပေါ် တရားဝင်အောင်လုပ်ထားတဲ့ ဥပဒေတွေကို လက်ရှိ အစိုးရသစ်က ဖျက်သိမ်းပြီး၊ ဒီလုပ်ရပ်ကို တရားမ၀င်ကြောင်း အတိအလင်း ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ အစားထိုးခဲ့ပါတယ်။ နောက်ပြီး လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ခဲ့ပြီး လူကုန်ကူးခံရသူတွေကို ထုတ်ဖော်ကူညီခဲ့ရာမှာ (၅၇) ဦးကို ကယ်တင်နိုင်ခဲ့ပါတယ် လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက အမျိုးသား အမျိုးသမီးတွေနဲ့ ကလေးတွေဟာ တိုင်းပြည်အပြင်ထွက်ပြီး အလုပ်လုပ်နေကြ ရတာကြောင့် အဓမ္မလုပ်အားယူ ခိုင်းစေတာ၊ လိင်လုပ်ငန်းမှာ စေခိုင်းခံရတာတွေနဲ့ ကြုံကြိုက်နေကြရကြောင်း၊ ပုဂ္ဂလိကနဲ့ အစိုးရ၀န်ထမ်းတွေပါ ဒီလူကုန်ကူးလုပ်ငန်းနဲ့ ဆက်နွယ်ပတ်သက်နေတာကြောင့် ကြီးမားတဲ့ ပြဿနာအဖြစ် ဆက်လက်တည်ရှိနေသေးကြောင်းလည်း အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။

အခုအခါ တိုင်းပြည် အပြင်ထွက်ခွင့်ရပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပြဿနာကို အလေးထား ပြောဆိုခဲ့ကြောင်း၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံ ရဲ့ရှေ့အလားအလာ ပိုပြီးကောင်းမွန်လာမှာ ဖြစ်ကြောင်း လူကုန်ကူးမှု ပြဿနာဆိုင်ရာ အမေရိကန်သံအမတ်က ပြောဆိုခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်

by နန်းမြနဒီ

ရှမ်းပြည်တပ်မတော် အက်အက်စ်အေ (မြောက်ပိုင်း)နဲ့ အစိုးရတပ်တွေ အကြား အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

news image

ဒီနေ့ မနက် ၅ နာရီခွဲကနေ ၉ နာရီခွဲထိ နှစ်ဘက်စစ်သည်တွေကြား အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“စစ်ဆင်ရေးလမ်းကြောင်းဖြစ်နေ တယ်။ အဲဒါ ကျနော်တို့ကို ဖယ်ခိုင်း တယ်။ ကျနော်တို့လည်း အရင်ကတည်းကနေတဲ့ နေရာပေါ့။ အဲဒီတော့ ဘာမှ စစ်ဆင်ရေး လုပ်စရာ မလိုဘူး။ ဒါပေမယ့် ဒီနေ့မနက် ၅ နာရီမှာ ကျနော်တို့ ရှိတဲ့နေရာကို တက်တိုက်တယ်။ သူတို့တက်မလာရင်လည်း ကျနော်တို့က မပစ်ပါဘူး။ သူတို့ပစ်လို့ ပြန်ပစ်တာပါ။ တိုက်ပွဲအပြင်းအထန်ဖြစ်တာပါ။ ထိခိုက်ကျဆုံးမှုတော့ ၂ ဖက်လုံး ဘာမှမသိရသေးဘူး။”

ပစ်ခတ်မှုတွေ မတိုင်ခင် ဇွန် ၁၇ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့နဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အစိုးရတပ်ရင်းတွေအကြား ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအွတ်ဒေသထဲမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ကိစ္စ ညှိနှိုင်းခဲ့ကြပါတယ်။

အစိုးရတပ်ဘက်က ဗျူဟာမှူးကိုယ်တိုင် တိုက်ပွဲဖြစ်တဲ့ နေရာကို ၁၈ ရက်နေ့က ကွင်းဆင်းစစ်ဆေး ခဲ့သေးသလို ရှမ်းပြည်တပ်မတော်ဘက်ကလည်း အပစ်အခတ်မလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စိုင်းကျော်လှနဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင် ၀န်ကြီး ဦးသိန်းဇော်တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ဖုန်းဆက်ညှိနှိုင်းခဲ့ပေမယ့် ညှိနှိုင်းလို့မရသေးဘူးလို့ ဗိုလ်မှူးစိုင်းလ က ဆက်ပြောပါတယ်။

ဒီမနက်ဖြစ်တဲ့ တိုက်ပွဲအသေးစိတ် အခြေအနေ မသိရပေမယ့် အစိုးရတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးစ ထိမှန်တဲ့အတွက် အသက် ၄၅ နှစ်အရွယ် ခိုယောင်းရွာသူတဦး ဒဏ်ရာရခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

အက်အက်စ်အေ (မြောက်ပိုင်း)နဲ့ အစိုးရအကြား ဒီနှစ်ဆန်းမှာ အပစ်အခတ်ရပ်ဖို့ လက်မှတ်ထိုးပြီးကာ မှ ပြန်လည်ပစ်ခတ်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ဆိုပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ ၁၉၈၉ ခုနှစ်က န၀တ အစိုးရ နဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ နအဖ စစ်တပ်ရဲ့ ဌာနေပြည်သူ့စစ်အသွင်ပြောင်းဖို့ ဖိအားပေးခံခဲ့ရပါတယ်။

တပ်မဟာ ၃ နဲ့ တပ်မဟာ ၇ က ဌာနေပြည်သူ့စစ်အသွင်ပြောင်းခဲ့ပေမယ့် ဗိုလ်ချုပ် ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ က မပြောင်းတဲ့အတွက် မနှစ် မတ်လကနေ အောက်တိုဘာလထိ အစိုးရတပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ဦးသိန်းစိန် ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်အောက် မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပြီး အပစ်အခတ်ရပ်ရေး သဘောတူခဲ့ပါတယ်။

သျှမ်းပြည်တပ်မတော်နှစ်ခုလုံး နှင့် အစိုးရတပ်အကြားတိုက်ပွားများဆက်ဖြစ်နေ

သျှမ်းပြည်တပ်မတော်နှစ်ခုလုံး နှင့် အစိုးရတပ်အကြားတိုက်ပွားများဆက်ဖြစ်နေ

SSPP ၊ RCSS သျှမ်းပြည်တပ်မတော် တို့ နှင့် မြန်မာအစိုးရတပ်အကြား ယခုတပတ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကြောင်း၊ ယနေ့နေ့ခင်းပိုင်းအထိလည်း တိုက်ပွဲများဖြစ်နေသေးကြောင်း ကြားသိရပါသည်။

news image

“၁၇ ရက်နေ့က တိုက်ပွဲဖြစ်ပြီးတော့ မနေ့နဲ့ တနေ့က အစိုးရတပ် ခလရ ၁၄၉ ၊ ၁၅၀ တပ်ရင်းတွေ အင်အား ထပ်ဖြည့် တယ်။ အခု ကျနော်တို့ ထိန်းချုပ်နယ်မြေ မိုင်းရှူးမြို့ မြောက်ဘက် တောင်ဟျိုးအုပ်စုထဲမှာဘဲ တပ်ရင်း ၄ ရင်းရှိတယ်။ ဒီမနက် ၅ နာရီကနေ နေ့လည်ခင်းအထိ တိုက်ပွဲတွေ ဖြစ်နေ တုန်း” - ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောပါသည်။

ဂျွန် ၂၀ ရက် ၂၀၁၂ နံနက် ၀၅ : ၀၀ နာရီမှစ၍ အစိုးရတပ် ခမရ ၅၁၆၊ ၅၁၇၊ ခလရ ၁၄၉၊ ၁၅၀ ပူးပေါင်း အင် အား ၃၀၀ ခန့်က သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၊ မိုင်းရှူးမြို့နယ် မိုင်းအောတ်ကျေးရွာအုပ်စု မြောက်ဘက် ဝမ့်ဟွေ့လောတ်၌ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ပွဲမှ မြန်မာ စစ်တပ်၏ လက်နက်ကြီးကျည် ဝမ့်ခိုယောင်း ရွာအရှေ့ဘက်သို့ ကျရာ ဒေသခံရွာသူ ပါပွိ (အသက် ၄၅ နှစ်) ဒဏ်ရာရ သွားကြောင်း SSPP ၏ စစ်မျက်နှာမှ အရာရှိတဦးကလည်း အတည်ပြုပြောပါသည်။

ထို့ အတူ သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS/SSA နှင့် ဂျွန် ၁၉ ရက် ယမန်နေ့ က မိုင်းကိုင်မြို့နယ်အတွင်းတစ်ကြိမ်၊ ဂျွန် ၁၇ ရက်နေ့က သီပေါမြို့နယ်အတွင်း တစ်ကြိမ်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ သေးသည်ဟု ဆိုပါသည်။

“ ၁၇ ရက်နေ့က နောင်ချိုအခြေစိုက်ခလရ ၁၁၅ အင်အား ၄၀ ခန့်က ဝမ့်ဇင်းကျေးရွာအုပ်စု အုလုရွာနားမှာရှိတဲ့ ကျနော်တို့တပ်စခန်းကို တမင်သက်သက်လာတိုက်တာ၊ ကျနော်တို့ဘက် အသေအပျောက်တော့မရှိဘူး၊ အစိုးရတပ် ဘက်ကတော့မသိဘူး၊ ၁၉ ရက်နေ့ မနေ့တုန်းကတော့ ရင်ဆိုင်တိုက်ပွဲ၊ ကျနော်တို့လူ က ၅-၆ ယောက်ဘဲ၊ အစိုးရတပ် ကတော့ တုံလောဝ်ဘက်ကတပ်။ အဲဒီမှာလဲ တိုက်ပွဲတခါဖြစ်ခဲ့ရတယ်” - ဟု သျှမ်းတပ် အရာရှိတဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က - ယနေ့တိုက်ပွဲ ထိခိုက်သေကျေ စာရင်းမရ သေးသော်လည်း သျှမ်းပြည်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ပြောပြချက်အရာ အစိုးရ တပ် ၅ ယောက် သေကြောင်း၊ သျှမ်းပြည်တပ်မတော်ရရှိသည့်သတင်းအရ အစိုးရဘက် ၁ သေ ၅ ယောက် ဒဏ်ရာရရှိကြောင်း၊ ယခုဖြစ် ပွါးခဲ့သော တိုက်ပွဲကြောင့် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ပန်ဖ က စိတ်မကောင်းကြောင်း၊ အနာဂတ်ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အစိုးရအပေါ် သာ မူတည်ကြောင်း၊ အစိုးရဘက် တပ်မဆုတ်ဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေက ဦးသိန်းဇော်ဖိတ်ကြား ထားသည့် ဂျွန် ၂၀ မှ ၃၀ ရက်နေ့ အတွင်းတွေ့ဆုံဖို့ လျာထားချက်လည်း ရက်ထပ်ရွှေ့ပြောင်းနိုင်ကြောင်း - ပြောပါသည်။

အပစ်ရပ်မှု သဘောတူပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် တောင်ပိုင်း နှင့် ၂၂ ကြိမ်၊ သျှမ်းပြည်တပ်မတော် မြောက်ပိုင်း နှင့် အကြိမ် ၂၀ တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရတပ်ဘက် စတင်ခြင်းတာဖြစ်သည်ဟု သျှမ်းတပ် နှစ်ဖွဲ့လုံးက ပြောဆိုပါသည်။

UWSA နဲ့ SSA ကြား တင်းမာမှုကြောင့် ထိုင်းတပ်တွေ အသင့်ပြင်နေ

UWSA နဲ့ SSA ကြား တင်းမာမှုကြောင့် ထိုင်းတပ်တွေ အသင့်ပြင်နေ

ထိုင်း မြန်မာနယ်စပ်မှာ UWSA ၀ပြည်သူ့တပ်မတော်နဲ့ SSA ရှမ်းပြည်တပ်မတော်တို့ကြား အခြေအနေ တင်းမာနေတဲ့အတွက် တကယ်လို့ ထိပ်တိုက်ရင်ဆိုင်မှု တွေ ဖြစ်ပွားလာရင် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင် လာကြဖွယ် ရှိနေတဲ့ အနေအထားနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အသင့်ပြင်ဆင်နေတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

news image

ချင်းမိုင် အနီး မယ်အိုင်းခရိုင် တစ်ဘက်မှာ ၀တပ်ဖွဲ့ဝင် တစ်ထောင်ကျော်က SSA တပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရိုင်အနီး မယ်ဖာလောင်းခရိုင် တစ်ဘက်က ဒွိုင်ကိုဝမ်စခန်းကို ၀ိုင်းဖို့ လှုပ်ရှားလာနေတယ်လို့ ဆိုပါတယ်။

အမှတ် (၃) ထိုင်းတပ်မတော် တပ်မှူး သာနရန်းက ထိုင်းတပ်ဖွဲ့တွေကို အသင့်အနေအထားမှာရှိဖို့၊ တကယ်လို့ UWSA နဲ့ SSA ကြား တိုက်ပွဲတွေဖြစ်လာလို့ ဒုက္ခသည်တွေ ၀င်ရောက်လာမယ်ဆိုရင် လိုအပ်တဲ့ အကူအညီတွေ ပေးကြဖို့၊ နှစ်ဘက်တပ်တွေ ထိုင်းနယ်နမိတ်ထဲ ကျွံဝင်မလာအောင် နယ်စပ်ကို စောင့်ကြပ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်တပ်သတင်းရပ်ကွက်က ပြောဆိုကြောင်း ဘန်ကောက် ပို့စ်က ရေးသားပါတယ်။

SSA တပ်မှူးကတော့ မိမိတို့တပ်တွေကို အပြည့်အ၀ တပ်လှန့်ထားဖို့ SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယောဆက်က ညွှန်ကြားထားကြောင်း ဘန်ကောက်ပို့စ်ကို ပြောဆိုပါတယ်။

SSA ပြောခွင့်ရသူကလည်း မိမိတို့နဲ့ မြန်မာအစိုးရကြား ဆက်ဆံရေး တိုးမြှင့်လာပြီး မူးယစ်ဆေးဝါး အရောင်းအ၀ယ် နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်လာတဲ့အပေါ် UWSA က မနှစ်မြို့တာကြောင့် စစ်ရေး အရ လှုပ်ရှားလာတာ ဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

စစ်ရေးနည်းဖြင့်မဖြေရှင်းရဘဲ RCSS/SSA နှင့် UWSA တို့ သဘောတူညီမှုရရှိ

စစ်ရေးနည်းဖြင့်မဖြေရှင်းရဘဲ RCSS/SSA နှင့် UWSA တို့ သဘောတူညီမှုရရှိ

သျှမ်းပြည်တပ်မတော် အမှတ် ၁ ကျိုင်းတုံစစ်ဒေသမှူးနှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၇၇၅ တပ်မဟာမှူးတို့ အချက် လေးချက် ဆွေးနွေးသဘောတူညီမှုရရှိကာ တင်းမာမှုများလျော့ကျသွားပြီဖြစ် ကြောင်း လွယ်ကော်ဝမ်းအေခြစိုက် SSA အရာရှိများကပြောသည်။

news image

“ ကျနော်တို့ လွယ်ကော်ဝမ်းဌာနချုပ်အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီးကွဏ်းဇင့်နဲ့ အမှတ် ၇၇၅ ရဲ့ ဝ တပ်မဟာ မှူး ယန်ကော်ကျုံးတို့ ဖုန်းထဲကနေ ဆွေးနွေးပြီး အချက် ၄ ချက်ကို သဘောတူညီမှုရရှိခဲ့ကြတယ်။ ကျနော်တို့ လုပ်နေဆဲ ယာခင်းတွေကို ဆက်လက်လုပ်ကိုင်သွားဖို့လဲ ဝ ဖက်က သဘောတူခဲ့တယ်” ဟု လွယ်ကော်ဝမ်း အခြေစိုက် သျှမ်းပြည်တပ်မတော်၏ အရာရှိတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုလ ၁၆ ရက်နေ့က သျှမ်းပြည်တပ်မတော်၏ လွယ်ကော်ဝမ်းဌာနချုပ်သို့ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ် မတော်က အင်အားဖြည့် ချဉ်းကပ်လာမှုကြောင့် ၄ ရက်ကြာ နှစ်ဦးနှစ်ဘက် စစ်ရေးအရတင်းမာရာမှ ယမန်နေ့က နှစ်ဘက်ခေါင်းဆောင်များ တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့ကြပြီး ပြန်လည်အဆင်ပြေခဲ့ကြပြီဖြစ်ကြောင်း SSA ခေါင်း ဆောင်များကပြောသည်။

“ဝ ခေါင်းဆောင်ဖက်က ကျနော်တို့ကို အချက် ၃ ချက်တောင်းဆိုတယ်။ ၁- သူတို့ထိန်းချုပ်နယ်မြေထဲ ကျူးကျော် ဝင်ရောက်ခြင်းမပြုဖို့။ ၂- ကျနော်တို့တပ်စခန်းတွေ နေရာတွေ တိုးချဲ့တည်ဆောက်ခြင်းမပြုဖို့နဲ့ ၃- တဖက်နယ် မြေထဲကို တဖက်က ဝင်ရောက်တော့မယ်ဆိုရင် ကြိုတင်အကြောင်းကြားကြဖို့ စတာတွေပါတယ်။ ကျနော်တို့ သဘောတူလိုက်လျောပေးတယ်။ ဒါကြောင့် ၄-၅ ရက်အတွင်းတင်းမာနေမှုတွေ လျော့ကျသွားပြီလို့ပြောနိုင်ပါ တယ်။ ဒါပေမယ့် ကျနော်တို့ ဌာနချုပ်ရဲ့ မြောက်ဖက် မီတာ ၂၀၀၀ အကွာမှာရှိနေတ့ ဝ တပ်ဖွဲ့ရဲ့ အင်အားတွေ ပြန်ရုပ်သိမ်းသွားပြီလားဆိုတာ စစ်ဆေးနေဆဲဖြစ်တယ်” ဟု ဗိုလ်မှူးကြီးကွဏ်းဇင့် ကပြောသည်။

ယခုလ ၁၆ ရက်နေ့က မိုင်းယွန်း အခြေစိုက် ဝ တပ်မဟာ ၅၁၈ မှ စစ်ကားအစီး ၅၀ (ကားတစီး အင်အား ၂၀ - ၃၀ ကြား) နှင့် ဟွေ့အော်အခြေစိုက် တပ်မဟာ ၇၇၅ မှစစ်ကား ၁၀ စီးတို့ လွယ်ကော်ဝမ်းဌာနချုပ်သို့ချဉ်းကပ် ရောက်ရှိလာခြင်းဖြစ်ပြီး၊ ၎င်းနှင့်ပတ်သက်၍ လွယ်ကော်ဝမ်းဌာနချုပ် အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီး ကွဏ်းဇင့်က“ ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်အောင် ကြိုးစားနေကြောင်း ” သျှမ်းသံတော်ဆင့် သို့ပြော သည်။

နယ်စပ်လုံခြုံရေးထိုင်းတပ်ဖွဲ့ကမူ နယ်စပ်သို့ ဒုက္ခသည်များထပ်မံရောက်လာမည်ကို စိုးရိမ်သဖြင့် ဝ တပ်ဖွဲ့အား ပဋိပက္ခ မစတင်မိရန်သတိပေးတားမြစ်ခဲ့သေးသည်ဟု ထိုင်းလုံခြုံရေးအရာရှိတဦးကပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့သည် ၂၀၀၀ - ၀၁ တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ဖူး၏။ ထို့အတူ ၂၀၀၅ ခုနှစ်တွင်လည်း ဝ တပ်ဖွဲ့ မှ တပ်သားတဦးပျောက်ဆုံးသည့်ကိစ္စ နှင့် သောက်သုံးရေကိစ္စတို့ကြောင့် တလကျော်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးဘူးသည်။

ခရောင်းလမ်းကိုကျော်ကာ ပေါင်းစည်းနေထိုင်ဖို့

ခရောင်းလမ်းကိုကျော်ကာ ပေါင်းစည်းနေထိုင်ဖို့

by မွေခေါဝ်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ်က ငြိမ်းချမ်းရေးခရီးလမ်းမှာ အတွေအကြုံရှိသူ ၀ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA ကို လူထုဘဝ မြင့်မားရေး အတွက် လက်တွဲဆောင်ရွက်ဖို့ အကြံဉာဏ်တောင်းတဲ့စာတစောင် ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းဌာနက စဝ်ယွတ်စစ်ကို 19/6/2012 က သွားရောက်တွေ့ဆုံ မေးမြန်းထား ပါတယ်။

news image

မေး။ ။ RCSS/SSA က UWSA ဝ တပ်ဖွဲ့ကို စာရေးသားပေးပို့တယ်လို့ သိရပါတယ်။ ဘယ်လိုအကြောင်း ကြောင့် ရေးသားပေးပို့ရပါသလဲ။

ဖြေ။ ။ အကြောင်းရင်း ၂ ချက် ရှိပါတယ်။ RCSS က တခါမှအပစ်မရပ်ဖူးဘူး။ အခြေအနေကြောင့် အပစ်ရပ် ရတယ်။ ၀ တပ်က အပစ်ရပ်တာ အစောဆုံးအဖွဲ့တခုဖြစ်တယ်။ အပစ်ရပ်ပြီးနောက် ဘာလုပ်သင့်တယ် ဆိုတာ သူတို့နဲ့ တိုင်ပင်ဖို့လိုတယ်လို့ မြင်တယ်။ နောက်တချက်က ၀ တပ်ဖွဲ့နဲ့ သျှမ်းတပ်က အနေချင်းနီးတယ်။ မိုင်းတော့-မိုင်းထားဟာ ညီညွတ်သော သျှမ်းတော်လှန်ရေး တပ်မတော် (SURA) ရဲ့ နယ်မြေဟောင်းဖြစ် တဲ့အတွက် ကျနော်တို့က မိုင်းတော့-မိုင်းထားကို တောင်းတယ်။ မြန်မာစစ်တပ်က တပ်ဆုတ်ပေးရင် ကျနော်တို့ အတူတူ ဘယ်လိုနေမလဲ၊ မြန်မာတပ်က တပ်မဆုတ်ပေးရင် ကျနော်တို့ ဘယ်လိုနေကြမလဲ၊ တကယ်လို့ မြန်မာတပ်က ၀ တပ်ဆုတ်ပေးဖို့ တောင်းလာရင် ၀ ဖက်က ဘယ်လိုလုပ်မလဲစသဖြင့် တိုင်ပင်ဆွေးနွေးဖို့ပါ။ ဒါကတော့ ကျနော်တို့ အချင်းချင်း လေးစားယုံကြည်တဲ့အကြောင်း ပြသတာပါ။

မေး။ ။ ဘယ်တုန်းက ပေးပို့ခဲ့ပါသလဲ။ UWSA ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။

ဖြေ။ ။ အပစ်ရပ်ပြီးနောက် ဖေဖော်ဝါရီလတုန်းက ပေးပို့ခဲ့ပါတယ်။ သူတို့အစည်းအဝေးထိုင်ဦးမယ်လို့ ပြောလာတယ်။ ဒါပေမဲ့ အခုထက်ထိတော့ ဘာမှအကြောင်းမပြန်သေးဘူး။

မေး။ ။ မိုင်းတော့-မိုင်းထားကို တောင်းတဲ့အတွက် RCSS/SSA နဲ့ မြန်မာတပ်တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး အကြောင်းပြပြီး ၀ တပ်ဖွဲ့ကို နှင်ထုတ်မှာကို ၀ ဖက်က စိုးရိမ်ပူပန်နေတယ်လို့ ကြားရပါတယ်။

ဖြေ။ ။ ဒါကတော့ သူတို့ဖာသာတွေးပြီး ပူပန်နေတာပါ။ ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာ မြန်မာစစ် တပ်နဲ့ဘဲ တည်ဆောက်ဖို့ မဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့လိုတယ်လို့ ကျနော်တို့ မြင်တယ်၊ ယုံကြည်တယ်။ နောက်တချက်က ၀၊ လားဟူ၊ ပအိုဝ်းဆိုတာ သျှမ်းပြည်သားတွေဘဲ။ တပြည်တည်းသားတွေမို့ ပိုပြီးညီညွှတ်ဖို့လိုတယ်။ မြန်မာတပ်နဲ့ပေါင်းပြီး သူတို့ကို တိုက် မယ်ဆိုတာ တဖက်သတ်အတွေးနဲ့ ပူပန်နေတာပါ။

မေး။ ။ မိုင်းတော့-မိုင်းထားက ၀ တပ် လှုပ်ရှားတဲ့နယ်မြေဖြစ်တယ်။ RCSS က သွားတောင်းတော့ ဘယ်လိုပြဿနာတွေ ဖြစ်လာဖွယ်ရှိလဲ။

ဖြေ။ ။ တကယ်တော့ မိုင်းတော့-မိုင်းထား-ဟိုမိန်းဆိုတာ SURA နောက် MTA တို့ရဲ့ ဌာနဖြစ်တယ်။ အရင်က မိုင်းတော့-မိုင်းထားမှာ မြန်မာစစ်တပ်ဘဲရှိတာ။ ၀ တပ်တွေက ခိုင်းလုံမှာ လာနေတယ်။ မိုင်းတော့- မိုင်းထားမှာ လာနေတယ်ဆိုတာ မြန်မာစစ်တပ်က ကျနော်တို့ အချင်းချင်း တိုက်ခိုက်ဖို့ စီစဉ်ပေးလို့ဖြစ်တယ်။ ကျနော်တို့ သတိမမူရင် အချင်းချင်း တိုက်ကြမှာဘဲ။ မိုင်းတော့-မိုင်းထားကြောင့် တိုက်ပွဲမဖြစ်စေချင်ဘူး။

မေး။ ။ RCSS တောင်းဆိုတာ ဖြစ်လာနိုင်မှာလား။ ၀ ဖက်ကရော လွယ်လွယ်နဲ့ လိုက်လျောမှာလား။

ဖြေ။ ။ အဲဒါတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ မြန်မာတနိုင်ငံလုံးအတွက် ကျနော်တို့ ညီညွှတ်မှု တည်ဆောက် ရမယ်။ သမ္မတ ဦးသိန်းစိန်နဲ့တော့ အပစ်ရပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်မယ် ဆိုတာ မဖြစ်သင့်ပါဘူး။

မေး။ ။ RCSS/SSA နဲ့ UWSA တို့ လွယ်ကော်ဝမ်းမှာ စစ်ရေးတင်းမာ နေတယ်လို့ ကြားရပါတယ်။ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အဲဒါတော့ ကလေးအချင်းချင်း ရန်ဖြစ်တယ်လို့ မြင်တယ်။နိုင်ငံရေး စစ်ရေးနဲ့မပတ်သက်ဘူး။လယ်ယာ စိုက်ပျိုးတာကို အမြင်မှားပြီး တင်းမာတာပါ။

မေး။ ။ အခြေအနေကော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အခြေအနေတော့ ငြိမ်သက်သွားပါပြီ။ ၀ လူကြီးတွေလည်း အခြေအနေကို စစ်ဆေးသိရှိသွားပြီလို့ ယုံကြည်ပါ တယ်။

မေး။ ။ UWSA ဘက်က လူကြီးတွေကို ဘယ်လိုအမှာစကားပြောကြားချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ ပေါ်လစီက သျှမ်းပြည်အေးချမ်းဖို့၊ မြန်မာပြည်အေးချမ်းဖို့၊ တိုင်းရင်းသားအားလုံး ညီညွှတ် ဖို့ဖြစ်တယ်။ နောက်တချက်က UWSA ခေါင်းဆောင် ပေါက်ယိုချမ်ကို လေးစားယုံကြည်တယ်။ အချင်းချင်း မမြင်ဖူးပေမဲ့ သူ့ရဲ့စိတ်ဓာတ်ကို လေးစားတယ်။ ၀ ကိုတိုက်ဖို့ ကျနော်တို့မှာ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမဲ့ သူတို့က အမြင်မှားပြီး ကျနော်တို့ကို လာတိုက်ရင်တော့ ကျနော်တို့ကလည်း ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပေါ့။

မေး။ ။ ရှေ့ဆက်ပြီး UWSA နဲ့ ဆက်သွယ်ဖို့ ရှိပါသလား။

ဖြေ။ ။ တကယ်တော့ ကျနော်တို့ အမြဲတမ်း ဆက်သွယ်ကြပါတယ်။ ၀ ဖက်က လူတွေနဲ့ ကျနော်တို့ အမြဲ တမ်း ဆက်သွယ်တယ်။ ကျနော်တို့ အနေနီးပေမဲ့ ပြဿနာ ကြီးကြီးကျယ်ကျယ် တခါမှမရှိခဲ့ဘူး။ အောက်လက် ငယ်သား အချင်းချင်း ရန်ဖြစ်တာတော့ ရှိတာပေါ့။

မေး။ ။ မိုင်းတော့-မိုင်းထားမှာ ဌာနချုပ်ထားဖို့ ဘယ်အဆင့်ထိ ရောက်ပြီလဲ။

ဖြေ။ ။ ဂျန္နဝါရီ ၁၆ ရက် တောင်ကြီးမှာ ဆွေးနွေးတုန်းက မိုင်းတော့-မိုင်းထားကို RCSS ရဲ့ ထိန်းချုပ်နယ် မြေလို့ သတ်မှတ်ပေးတယ်။ ဒါပေမဲ့ ဦးအောင်မင်းက ကတိသာပေးသွားတယ်။ တာဝန်တော့မယူဘူး။ ဒီနေ့ထိ ပြဿနာတွေ ရှိနေတုန်း။ မေလ ၁၉ ရက် ကျိုင်းတုံမှာ ဆွေးနွေးတုန်းက ဗိုလ်ချုပ်ကြီး စိုးဝင်း လည်း တိုက်ပွဲထပ်မဖြစ်တော့ဘူးလို့ ကတိပေးသွားတယ်။ ဒီလ ၁၆ ရက်မှာဘဲ တိုက်ပွဲထပ်ဖြစ်တယ်။ ဒါဟာ အပြောတမျိုး အလုပ်တမျိုးလို့ ပြောရမှာဖြစ်တယ်။ မျှော်လင့်ထားသလိုမှ မဖြစ်လာဘဲ။

မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA ဘက်က ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။

ဖြေ။ ။ဒီအတွက် ကျနော်တို့ ၃ ကဏ္ဍ ခွဲထားပါတယ်။ ကျိုင်းတုံမှာ ဆွေးနွေးပြီးနောက် ဗိုလ်ချုပ်ကြီး စိုးဝင်း က သူရဲ့စစ် တပ်အပေါ် သြဇာဘယ်လောက်ရှိမှာလဲ။ သူပြောထားတဲ့အတိုင်း လုပ်မှာလားဆိုတာ စောင့်ကြည့် နေတယ်။ ပြီးတော့ သဘောတူညီချက်အတိုင်း နိုင်ငံရေးဆွေးနွေးမယ်။ထို့အပြင် နိုင်ငံရေးဆိုတာ RCSS တဖွဲ့တည်းကဘဲ တာဝန်ယူထားတာ မဟုတ်ဘူး။ ပြည်သူတွေလည်း ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်။ ပြည်သူတွေ ပါဝင်ရမယ်။

မေး။ ။ ပြဿနာတွေရှိလို့ မိုင်းတော့-မိုင်းထားမှာ ဌာနချုပ် သွားမထားသေးနိုင်ဘူးဆိုတာ ဘာပြဿနာပါလဲ။

ဖြေ။ ။ မြန်မာစစ်တပ်က တပ်မဆုတ်ပေးတဲ့ ပြဿနာပါ။ ကျနော်တို့ကို ၀င်ခွင့်မပေး သေးဘူး ။

မေး။ ။ ဒီလိုဆိုရင် ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ဘက်တောင်းတဲ့သူ ။ သူတို့ဖက်က ပေးရမဲ့သူ။ သူတို့က ပေးမယ် လို့ပြောပြီး မပေးတော့ သူတို့ဘဲ ရှေ့ဆက်ပြဿနာတွေ ကြုံဦးမှာ။ ဒီလောက်လေးတောင် သူတို့မပေးနိုင် တော့ ရှေ့ဆက် ကျနော်တို့က သူတို့ကို ဘယ်လိုယုံရမှာလဲ။

မေး။ ။ အကြိမ်ကြိမ် ဆွေးနွေးပြီးတာတောင် တိုက်ပွဲတွေ ဖြစ်နေတုန်းဆိုတော့ ဘာကြောင့်လဲ။

ဖြေ။ ။ တိုက်ပွဲဖြစ်တာ ၃ ချက် ကြည့်ရမယ်။ တချက်က လက်အောက်ငယ်သားတွေ ပြဿနာလား။ ဘယ်အဆင့်ရဲ့ စီမံချက်လဲ။ ဥပမာ-ကာကွယ်ရေးဦးစီးချုပ်ရုံးလား၊ ဗျူဟာအဆင့်လား၊ တိုင်းအဆင့်လားပေါ့။ တကယ်လို့ တိုင်းအဆင့်ဆိုရင်တော့ ကြီးမားတဲ့ ပြဿနာဘဲ။ တပ်ရင်းမှူးတို့ ဗျူဟာမှူးတို့ အဆင့်လောက်ဘဲဆိုရင် ကျနော် တို့ ဖြေရှင်းလို့ရတယ်။ ဒီလိုတိုက်ပွဲတွေဖြစ်နေတာဟာ အထက်က သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မြန်မာစစ် တပ်ဘက်က အရင်ဆုံးမှားတာဘဲ။

မေး။ ။ အထက်က မသိဘူးဆိုတာ ဖြစ်နိုင်သလား။

ဖြေ။ ။ မသိဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်စခန်းအချင်းချင်း နီးနီးကပ်ကပ်နေ ရင်တော့ ပြဿနာရှိမှာဘဲ။ စစ်ဆိုတာ တယောက်သောသူရဲ့ အမိန့်ကိုဘဲ နာခံတာမဟုတ်ဘူး။ စစ်တိုက်လာ တာ နှစ်နဲ့ချီပြီ။ ၄-၅ လအတွင်း အချင်းချင်းယုံကြည်စိတ်ချဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်တခုက မြန်မာ စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ သူတို့ကို ယုံကြည်လာအောင် လုပ်ရမယ်။ တိုက်ပွဲတွေ အကြိမ်ကြိမ် ထပ်ဖြစ်နေရင် တော့ ဘယ်သူက ယုံတော့မှာလဲ။ ယုံကြည်မှုမရှိရင် ညီညွှတ်မှု မတည်ဆောက် နိုင်ဘူး။ ညီညွှတ်မှုမရှိရင် တိုင်းပြည်ငြိမ်းချမ်းအောင် မလုပ်နိုင်ဘူး။ ထာဝရငြိမ်းချမ်းမှုဆိုတာလည်း မဖြစ်လာနိုင်ဘူး။

မေး။ ။ တကယ်လို့ ရှေးဆက်ပြီး တိုက်ပွဲတွေဖြစ်နေရင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထိခိုက်နိုင်ပါသလား။

ဖြေ။ ။ တကယ်လို့ ဆက်ဖြစ်နေပြီး ပြဿနာကို မဖြေရှင်းရင်တော့ ငြိမ်းချမ်းရေးလည်း ပျက်ပြယ်မှာဘဲ။ ငြိမ်းချမ်းရေးကနေ ရန်သူတွေဖြစ်ပြီး တိုက်ပွဲတွေဖြစ်လာမှာဘဲ။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ငြိမ်းချမ်းရေး ရချင်လို့သာ အပစ်ရပ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်လို့ အပစ်ရပ် တယ်။ အနှစ် ၄၀-၅၀ တိုက်ခိုက်လာကြတာ ဘယ်သူကမှ ဘယ်သူ့ကို မနိုင်ဘူး။ ဒါကြောင့် အပစ်ရပ်တယ်။ အပစ်ရပ်တယ်ဆိုတာ ယုံကြည်မှု တည်ဆောက်ဖို့ဖြစ်တယ်။ အပစ်ရပ်ပြီးတာတောင် သူတို့ဖက်က ထပ်တိုက် ချင်ရင်တော့ ပြန်တိုက်ရမှာဘဲ။ တိုက်ပွဲဖြစ်ရင် ပြည်သူတွေလည်း ဒုက္ခတွေ့မယ်။ မြန်မာပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင်၊ စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်အောင် ထူထောင်ပြီးတော့ ကမ္ဘာ့နိုင်ငံအတွက် လမ်းဖွင့်ပေးမယ်ဆိုတာ တိုက်ပွဲဖြစ်ရင် ဘယ်လိုမှ မဖြစ်လာနိုင်ဘူး။ ဒါကို အထက်က ခေါင်းဆောင်တွေလည်း စဉ်းစားမယ်ဆိုတာ ယုံကြည်ပါတယ်။

မေး။ ။ သူတို့ကို စောင့်ကြည့်သွားမယ်လို့ ပြောတာ ဘယ်အချိန်ထိလဲ။ သတ်မှတ်ထားတာရှိလား။

ဖြေ။ ။ ဒါကတော့ အချိန်ပေးရမယ်။ အလုပ်ကြီးအကိုင်ကြီးလုပ်တဲ့နေရာမှာ အလုပ်သေးအကိုင်သေးကြောင့် ဆုံးရှုံးသွား ရတာ မဖြစ်သင့်ဘူး။ အချိန်တိုတိုလေးအတွင်းမှာ ကောင်းလာဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အခုအချိန်မှာ ကြိုးစားပြီး ဆက်သွယ်ကြမယ်။ ကြိုးစားပြီး ပြဿနာဖြေရှင်းမယ်။ နိုင်ငံရေး ဆွေးနွေးနိုင်တဲ့ အဆင့်အထိပေါ့။ နိုင်ငံရေး ဆွေးနွေးဖို့ ပြည်သူ၊ ပါတီ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ နိုင်ငံရေးဆွေးနွေးတဲ့အခါ ဘာတွေလုပ် သင့်တယ်ဆိုတာ ဆုံးဖြတ်မယ်။ ကျနော်တို့လည်း ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ခံယူမယ်။ ဘာကြောင့်လည်း ဆိုတော့ စစ်သားဆိုတာ လည်း ပြည်သူ့နှလုံးသားပါ။

မေး။ ။ တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်းကို မြန်မာဘက်က လူကြီးတွေကို အကြောင်းကြားလား။ သူတို့ဘာပြောလာသလဲ။

ဖြေ။ ။ တိုက်ပွဲဖြစ်တဲ့နေ့ကဘဲ ကျိုင်းတုံကို ချက်ချင်းအကြောင်းကြားသွားတယ်။ ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုတော့ အကြောင်းမကြားရဘူး။ ပြဿနာငယ်လေးဘဲဖြစ်သေးတဲ့အတွက်ကြောင့်ပါ။ သူတို့ စစ်ဆေးကြည့် မယ်လို့ ပြောလာပါတယ်။DSC06620

မေး။ ။ အပစ်ရပ်ပြီးနောက် RCSS/SSA ရဲ့ ကိုယ်စားလှယ်တွေ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်။ ဘာတွေဆွေးနွေးပါသလဲ။ ဘာအကျိုးကျေးဇူးတွေရပါသလဲ။

ဖြေ။ ။ ကိုယ်စားလှယ်တွေ စေလွှတ်တာ ကျိုင်းတုံသဘောတူညီချက်အရပေါ့။ သတင်းမီဒီယာဌာနဖွင့် လှစ်ဖို့ပါ။ နောက် အနောက်နိုင်ငံရဲ့အကူအညီနဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ NGOs ရုံးဖွင့်ဖို့။ နောက် အပစ်ရပ် အပေါ် စောင့်ကြည့်မယ့် ပုဂ္ဂိုလ်တွေကို ရှာဖို့ပါ။ ဘယ်သူ့ဘက်က မှားတယ် မှန်တယ် ဆိုတာ စောင့်ကြည့်ဖို့ အတွက်ပါ။ ကချင်နဲ့ တိုက်တာဖြစ်ဖြစ် SSPP နဲ့တိုက်တာဖြစ်ဖြစ် အစိုးရဘက်ကလည်း သူတို့မှန်တယ်။ တိုင်းရင်းသားဖက်ကလည်း သူတို့မှန်တယ်။ ဘယ်သူကမှ တရားမစီရင်နိုင်ဘူး။ ဒါဟာ ကျနော်တို့အတွက် သင်ခန်းစာဖြစ်တယ်။ ဒါကြောင့် စောင့်ကြည့်တဲ့အဖွဲ့ရှိရမယ်။ နိုင်ငံရေး ပြဿနာဖြေရှင်းဖို့ ဘယ်လိုလုပ်သင့် တယ်ဆိုတာ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာလည်းပါတယ်။ သူတို့တင်ပြလာအရ အားလုံးအကောင်း မြင်ကြပါတယ်။

မေး။ ။ RCSS/SSA အနေနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနေတာကို ဒုက္ခသည်တွေ၊ သျှမ်းပြည်သားတွေက ရန်သူ့လှည့်ကွက်ထဲဝင်ပြီလို့ ပူပန်နေကြပါတယ်။ ဒီကစ္စနဲ့ ပတ်သက်ပြီး ဘာများ ပြောကြားချင်ပါသလဲ။

ဖြေ။ ။ ရန်သူ့လှည့်ကွက်ထဲဝင် မဝင်ဆိုတာ သျှမ်းပြည်သားတွေအပေါ်မှာ မူတည်ပါတယ်။ RCSS မှာဘဲ မူတည်တာ မဟုတ်ဘူး။ ဘာတွေလုပ်သင့်တယ်ဆိုတာ သူတို့လည်း ကြားရ၊ သိရပြီး ပြောပြမှာဘဲ။ ကျနော်တို့ က ဆုံးဖြတ်မဲ့သူဖြစ်တယ်။ သျှမ်းပြည်လူထုက ထင်မြင်ချက်ပေးမဲ့သူဖြစ်တယ်။ ကျနော်တို့ အခွင့်အရေးကို မဆုံးရှုံးသွားအောင် ကြိုးစားသွားမယ်။ ကျနော်တို့ တခါမှ အပစ်မရပ်ဖူးပေမဲ့ ဘာတွေဖြစ်ခဲ့ သလဲဆိုတာ ကျနော်တို့ မြင်ဖူးတယ်။ ဒါဟာ ကျနော်တို့ရဲ့ သင်ခန်းစာဘဲ။

မေး။ ။ နိုင်ငံရေး ပြဿနာကို ဘယ်လိုဖြေရှင်းသင့်လဲ။ အစိုးရက ဘာဘဲပြင်ချင်ပြင်ချင် လွှတ်တော်ထဲမှာ ပြင်လို့ ပြောထားပါတယ်။

ဖြေ။ ။ လွှတ်တော်တွင်းကဘဲဖြစ်ဖြစ် လွှတ်တော်ပြင်ပကဘဲဖြစ်ဖြစ် လက်ခံတဲ့အပေါ်မှာ မူတည်တယ်။ အပစ်ရပ်တဲ့အဖွဲ့တွေ လွှတ်တော်ထဲ ဘယ်လိုဝင်မှာလဲ။ နိုင်ငံရေးကို လွှတ်တော်ပြင်ပမှာ ဆွေးနွေးဖို့ ရည်ရွယ်ကြတယ်။ လွှတ်တော်ပြင်ပက သဘောတူညီချက်ကို လွှတ်တော်ထဲ ယူသွားမယ်။ အပြင်ဘက်မှာ သဘောမတူသေးဘဲ အတွင်းဘက်ကို မဝင်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်မရှိသေးဘူး။ လွှတ်တော်ထဲသွားပြောဖို့ ဖြစ်နိုင်မှာလား။

မေး။ ။ တပ်မတော်တခုတည်းထားရှိမယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားအားလုံးကို အခြေခံတယ်။ ဒါကြောင့် ပြည်ထောင်စုတပ်မတော် ဆိုတာလည်း တိုင်းရင်းသားတွေကို အခြေခံရမယ်။ ဒါကြောင့် ပြည်နယ်နဲ့တိုင်းကနေ ဖွဲ့စည်းထူထောင်မှာသာ ပြည်ထောင်စုတပ်မတော်ဖြစ်တယ်။

မေး။ ။ အပစ်ရပ်တဲ့အပေါ် RCSS/SSA ဘယ်လောက်ထိ ကျေနပ်အားရလဲ။

ဖြေ။ ။ ကျေနပ်အားရတာ မရှိသေးပါဘူး။ အပစ်ရပ်တဲ့အတောအတွင်း နိုင်ငံရေး ဆွေးနွေးရမယ်လို့ မြင်တယ်။ စစ်ပြေးဒုက္ခသည်တွေလည်း အသက်ရှုချောင်လာမယ်၊ သွားလာတာ လွယ်ကူမယ်၊ ချောဆွဲတာ လျော့လာမယ်လို့ မြင်တယ်။ ထာဝရငြိမ်းချမ်းရေးကတော့ နိုင်ငံရေးဆွေးနွေးနိုင်တဲ့အချိန်မှဘဲဖြစ်မယ်။

မေး။ ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာ ဘယ်အဆင့်ထိ ရောက်ပြီလဲ။ ဘာတွေလုပ်ပြီးပြီလဲ။

ဖြေ။ ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ အချိန်မရောက်သေးဘူး။ နိုင်ငံရေးသဘောတူညီချက်မရသရွေ့ ဖွံ့ဖြိုး ရေးလုပ်ငန်းလည်း လုပ်နိုင်မှာမဟုတ်ဘူး။ အခုလုပ်မဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတာ တပ်သားတွေနဲ့ သူတို့ရဲ့ မိသားစု၊ စစ်ပြေးဒုက္ခသည်တွေအတွက်ပါ။ သူတို့တွေ ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ သျှမ်းပြည်ဖွံ့ဖြိုးရေးအတွက်တော့ အချိန်မရောက်သေးဘူး။ နိုင်ငံရေးဆွေးနွေးပြီးမှ ပြဿနာ တွေ ဖြေရှင်းပြီးမှ ဖြစ်နိုင်မယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဟာလည်း အရေးကြီးပါတယ်။ ပြည်သူတွေ တိုးတက် အောင် အရင်ဆုံးလုပ်ရမယ်။ ပြည်သူပြီးမှ တိုင်းပြည်ပေါ့။ တိုင်းပြည်ဖွံ့ဖြိုးဖို့ဆိုတာ ပြည်သူတွေ အသိဉာဏ် ကြွယ်ဝရမယ်။ အသိဉာဏ် ဗဟုသုတမရှိရင် သူများကို မမှီနိုင်ဘူး။ နောက်ဆုံးတော့ သူတောင်းစား ပြန်ဖြစ်တာ ဘဲ။

မေး။ ။ ဆက်သွယ်ရေးရုံးတွေဖွင့်တာ၊ ကုမ္ပဏီတွေ ဖွင့်တာတွေကရော။

ဖြေ။ ။ ဆက်သွယ်ရေးရုံးဖွင့်တာ ပြဿနာတွေ ဖြေရှင်းဖို့။ အစိုးရက ဘာပြောချင်ပြောချင် ကျနော်တို့ရုံးကို သွားရမယ်။ ကျနော်တို့လူ မြန်မာစစ်တပ်နဲ့ဖြစ်ဖြစ် ဒေသခံအာဏာပိုင်တွေနဲ့ဖြစ်ဖြစ် ပြဿနာဖြစ်လာရင် အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက်ပါ။ ပြည်သူတွေ ပြဿနာရှိလာရင် မြန်မာအာဏာပိုင်တွေကို မပြောရဲရင် ကျနော်တို့ဆီလာပါ။ ကျနော်တို့ ကူညီမယ်။ ညီညွှတ်ရေးရအောင် နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်ဖို့။ စီးပွားရေးကတော့ ကုမ္ပဏီထောင်မယ်။ ကုမ္ပဏီထောင်ရတဲ့အကြောင်းရင်းက တပ်အတွင်း ပြဿနာဖြေရှင်းဖို့။ ကုမ္ပဏီထောင်တာ အောင်မြင်လာရင် ပြည်သူတွေအပေါ် အခွန်ကောက်တာတွေ အားလုံးရုပ်သိမ်းမယ်။ အခွန်မကောက်တော့ဘူး။

မေး။ ။ ပြည်သူတွေကို အရင်ဆုံးထူထောင်မယ်ဆိုတာ ဘယ်လိုစထူထောင်မှာလဲ။

ဖြေ။ ။ ပြည်သူတွေကို ထူထောင်မယ်ဆိုတာ ပညာရေးမှာပါ။ ပညာရေးက အရေးကြီးဆုံးဘဲ။ ပညာရေး အဆင့်မမှီရင် သူများကို မှီဖို့မဖြစ်နိုင်ဘူး။ စိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်း စသဖြင့်ပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာများမှာကြားချင်ပါသလဲ။

ဖြေ။ ။ အပစ်ရပ်တဲ့အတောအတွင်းမှာ ပြည်သူတွေ ကိုယ့်ရဲ့ဇာတိ မွေးရပ်မြေကို ပြန်သွားနေစေချင်တယ်။ ရွာတွေပြန်တည်ပါ။ ရွာပျက်တွေ မရှိစေချင်ဘူး။ နောက် မှတ်ပုံတင်လုပ် ပေးမှာဖြစ်တဲ့အတွက် မှတ်ပုံတင်လုပ် ကြဖို့။ အိမ်ထောင်စုစာရင်းတွေ လုပ်ကြပါ။ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်ရှိရင် တရားဝင်ဖြစ်မယ်။ တကယ် လို့ မှတ်ပုံတင်မရှိ အိမ်ထောင်စုမရှိရင် နိုင်ငံမဲ့ တွေဖြစ်ကုန်မယ်။ အားလုံးတစုတစည်းတည်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့အချိန်တန်ပြီ။ ညီညွှတ်ကြရမယ်။ ခေတ်လူငယ်တွေ ဆေးစွဲတာ အများကြီးဘဲ။ ဆေးဖြတ်ချင်ရင် ကျနော်တို့ ဆီကိုလာခဲ့ပါ။ မကြောက်ပါနဲ့။ အရေးမယူပါဘူး။ စာရင်းမပေးဘဲ ဖမ်းမိတဲ့အခါ ကျရင်တော့ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ မှာကြားချင်ပါတယ်။

ပန်ဆိုင်းရှိ အစိုးရရဲစခန်းတခုကို ကေအိုင်အေ တိုက်ခိုက်ဖျက်ဆီး

ပန်ဆိုင်းရှိ အစိုးရရဲစခန်းတခုကို ကေအိုင်အေ တိုက်ခိုက်ဖျက်ဆီး

ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) မှ ပန်ဆိုင်း (ကြူကုတ်)မြို့ရှိ မြန်မာအစိုးရ ရဲစခန်းတစ်ခုကို ၁၇ ရက် တနင်္ဂနွေနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ သုံးဦး ကြည်ဆံထိမှန်သွားခဲ့သည်။

news image

ရဲတပ်ဖွဲ့ဝင်များ ၁၀ ဦးကျော်ရှိသည့် ၎င်းရဲစခန်းတွင် တိုက်ခိုက်ဖြိုဖျက်စဉ် ရဲသား ၃ ဦးကို ကျည်ဆံ ထိမှန်ခဲ့သော်လည်း သေဆုံးမှုကိုမူ မသိရသေးကြောင်း တပ်မဟာ (၄) အရာရှိပြောသည်။

၎င်းရဲစခန်းကို တိုက်ခိုက်ဖျက်စီးခဲ့သည့်အကြောင်းနှင့်ပက်သက်၍ တပ်မဟာ (၄) အရာရှိက “ရဲစခန်းကို ဖြိုချဖျက်စီးရတာက ရဲတွေနဲ့ မူးယစ်တွေပေါင်းပြီး ကျနော်တို့ အမျိုးသားတွေကို အမြစ်ပျက်စေတဲ့ အတွက်ဖြစ်တယ်။ ကျနော်တို့ရဲ့အမှု ပြဿနာတွေကို အရေးမလုပ်ပေးဘူး။ ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတယ်။ တချို့တွေကိုတော့ ကချင်တွေ၊ ကချင်လူငယ်များကို ဘိန်းစားပြီးသေဆုံးစေတဲ့ အစီအစဉ်နဲ့ ဘိန်းတွေရောင်းခိုင်းတယ်” ဟု ကချင်သတင်းဌာန သို့ပြောသည်။

ယမန်နေ့ ၁၈ ရက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၃၆)သည် အင်အားတိုးချဲ့လာသော မြန်မာအစိုးရ စစ်တပ်ကား ၂ စီးကို နမ်ဝူးတွင် တိုက်ခိုက်ခဲ့က်ရာ အစိုးရစစ်သား ၁၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ ရှိကြောင်း KIA အရာရှိပြောသည်။

၎င်း မြန်မာတပ်ယာဉ်တန်းများသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၁၂၃)တပ် နှင့် ခလရ (၄၅) တပ်များဖြစ်ကြောင်း သိရသည်။

ယခုအချိန်မြန်မာတပ်များသည် နမ်တောင်နှင့် မုံဘော်တွင် တပ်စစ်အား၂၀၀ နီးပါးနှင့် ထိုးစစ်ဆင်နေကြောင်း ဆက်လက်သိရသည်။

၎င်းယာဉ်တန်းများနှင့်တိုက်ခိုက်စဉ်တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ၀င် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်းသိရသည်။

နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသော်လည်း တဖက်တွင် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများကို နှစ်ဖက်ခေါင်းဆောင်များ ပြုလုပ်နေဆဲဖြစ်သည်။

ကချင် စစ်ပြေးဒုက္ခသည်များ ပြန်လာရေး အစိုးတပ်များ ဆုတ်ပေးရန် ဆွေးနွေး

ကချင် စစ်ပြေးဒုက္ခသည်များ ပြန်လာရေး အစိုးတပ်များ ဆုတ်ပေးရန် ဆွေးနွေး

by သန်းထိုက်ဦး

ကချင်ဒေသအတွင်းရှိ ကျေးရွာများသို့ စစ်ပြေးဒုက္ခသည်များ ပြန်လာရဲစေရန် ယင်းကျေးရွာများတွင် တပ်စွဲထားသော အစိုးရတပ်များ ပြန်ရုပ်သိမ်းပေးရေးအတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များ ယနေ့ ထပ်မံ တွေ့ဆုံဆွေးနွေးကြသည်။

news image

ယင်းဆွေးနွေးပွဲကို KIA တပ်မဟာ (၃) ထိန်းချုပ်ထားသော မိုင်ဂျာယန် ဒေသတွင်ပင် ပြုလုပ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။

“ရပ်ရွာတွေမှာ တပ်စွဲထားတဲ့ ကိစ္စတွေ အရင် ဖယ်ရှားပေးရမယ့် ကဏ္ဍတွေ ပါလာတယ်။ လူထုက မပြန်ရဲကြဘူး။ အဲဒါတွေ အဓိက ဆွေးနွေးကြတယ်” ဟု ဦးစန်းအောင်က ဆိုသည်။

ဆွေးနွေးပွဲကို KIA ဘက်မှ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော ကချင်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ကျေးရွာများတွင် တပ်စွဲထားသည့် အစိုးရတပ်များအပြင် KIA ထိန်းချုပ်ဒေသများရှိ အစိုးရတပ်များ ဆုတ်ပေးရေးကိုလည်း KIA ဘက်က ထပ်မံ ဆွေးနွေးကြောင်း ဦးစန်းအောင်က ပြောသည်။

“ပစ်ခတ် တိုက်ခိုက်မှုတွေ မလုပ်ရဆိုတဲ့ အမိန့်ကို နှစ်ဖက်တပ်တွေကို ကြေညာပြီရင် အစိုးရဘက်က အဲဒီတပ်တွေကို အကုန်ရုပ်ပေးမယ်။ အဲဒီနောက်မှာ နိုင်ငံရေး တောက်လျှောက် ဆွေးနွေးသွားမယ် ပြောတယ်” ဟု ၎င်းက ဆိုသည်။

KIA ခေါင်းဆောင်များက ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ကချင်ပြည်နယ် ဗန်မော်မြို့နယ်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ ယခု အစိုးရကိုယ်စားလှယ်များဘက်မှ တင်ပြချက်များကို KIA ဗဟို ဌာနချုပ်တွင် ပြန်လည် တင်ပြပြီးနောက်ပိုင်းမှသာ တွေ့ဆုံမည်ဖြစ်ကြောင်း ဦးစိန်းဆောင်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်ကို အစိုးရက အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်း အနေနှင့် KIA ခေါင်းဆောင်များကို တတိယအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

KIA နှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင်းနှင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေး ဒုက္ခသည် ခန့်မှန်းခြေ ၇၅၀၀၀ ခန့်ရှိကြောင်း မကြာသေးခင်က ထုတ်ပြန်သော လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည်

တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည်

by ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရတပ်မှ သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရန် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပညာရေးဌာနမှ တာဝန်ခံ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် ငါးဦးအဖွဲ့တို့ KIO ၏ တပ်မဟာ ၃ နယ်မြေ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မြို့ရှိ မိုင်ဂျာယန် ဟိုတယ်တွင် သုံးနာရီကြာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“စစ်တပ်နဲ့ပတ်သက်လို့ ဆွေးနွေးကြတယ်။ တပ်ရုပ်သိမ်းဖို့ ကျနော်တို့တပ်နဲ့ သူတို့ တပ်တွေ ဘယ်မှာ ဘယ်လိုတွေ့ကြ မယ်။ ဦးအောင်မင်းက အထက်လူကြီးတွေနဲ့ တင်ပြထားတဲ့ အကြောင်းတွေ။ မြေပုံက ဘယ်လို system သုံးတယ်။ သူတို့သုံးတဲ့ မြေပုံနဲ့ ကျနော်တို့ ဘယ်မြေပုံ ညှိပြီး ဘယ်နေရာမှာ ဘယ်လို ရွှေ့မယ်ဆိုတာ ထပ်ဆွေးနွေးကြမယ်” ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က မဇ္ဈိမကို ပြောသည်။

အစိုးရ တပ်စခန်းပေါင်း ၆၁ နေရာအား ရုပ်သိမ်းပေးရန် ဇွန်လ ၁ ရက် ဆွေးနွေးပွဲအတွင် KIO ဘက်မှ တောင်းဆိုချက် အချို့ကို ကာကွယ်ရေးဦးစီးချုပ်မှ သဘောတူပြီး တချို့အား ဆက်လက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သေးကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောဆိုခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“ကျနော်တို့ တင်ပြလိုက်တဲ့ တပ်တွေကို တချို့ သဘောတူတယ်။ သူတို့ ကာ/ချုပ် မှာလိုက်တဲ့ စကား။ တချို့က ဆွေးနွေးဖို့ လိုသေးတယ်။ ဒါကြောင့် တပ်အချင်းချင်းတွေ့ဖို့ မြေပုံညွန်ပြဖို့ လိုလာပြီ” ဟု ပြောသည်။

ထို့ပြင် KIO ဘက်မှ တပ်ကိစ္စများကို ပြည့်ပြည့်စုံစုံ တင်ပြပေးသည့်အတွက် သမ္မတ ဦးသိန်းစိန်က ကျေးဇူးတင်ကြောင်း စကားပါးလိုက်သည်ဟုလည်း ပြောသည်။

နောက်တကြိမ် တွေ့ဆုံသည့်အခါတွင် အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)တို့မှ တာဝန်ရှိသူများ တက်ရောက် လာနိုင်မည်ဟု သူက ဆိုသည်။

ဝန်ကြီး ဦးအောင်မင်းတို့နှင့် KIO ကိုယ်စားလှယ်များ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးနေစဉ်ပင် ရှမ်းပြည်နယ် မြောက်ပိုင်း မုန်ဂိုဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က ပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် KIO ခေါင်ဆောင်းများ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် တိုးတက်မှု ရှိသည်ဟု ရှုမြင်ကြောင်း အကျိုးဆောင် ဦးလှမောင်ရွှေက သုံးသပ်ပြောဆိုသည်။

မြစ်ကြီးနားရှိတရုတ်လူမျိုးများ ကချင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ ကျော်ကူညီ

မြစ်ကြီးနားရှိတရုတ်လူမျိုးများ ကချင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ ကျော်ကူညီ

မြစ်ကြီးနားမြို့ပေါ်ရှိ တရုတ်လူမျိုးများမှ ကချင်စစ်ဘေးသင့်ဒုက္ခသည်များအတွက် ဇွန်လ ၁၈ ယမန်နေ့က မြစ်ကြီးနားကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရုံး KBC သို့ ကျပ်ငွေ သိန်း ၂၀၀ ကျော် ပေးအပ်လှူဒါန်းခဲ့သည်။

news image

ထိုလှူဒါန်းငွေများသည် မြစ်ကြီးနားမြို့ရှိ တရုတ်အိမ်ထောင်စုများနှင့် တရုတ်ကျောင်းသူကျောင်းသားများမှ စုပေါင်းကာပေးလှူခြင်း ဖြစ်ကြောင်းသိရသည်။

တရုတ်အိမ်ထောင်စုများထံမှ ကောက်ခံ ရရှိသော ကျပ်ငွေ သိန်း နှစ်ရာ့တစ်ဆယ်( ၂၁,၀၀၀,၀၀၀)နှင့် တရုတ်အထက်တန်းကျောင်းသူကျောင်းသား များထံမှ ကောက်ခံရရှိသော ကျပ်ငွေ လေးသိန်းခုနှစ်သောင်း (၄၇၀,၀၀၀)ကို လက်ခံရရှိခဲ့ကြောင်း KBC အတွင်းရေးမှူး ဆရာခလမ်ဆမ်ဆွန်ပြောသည်။

“သူတို့ပြောတာက ကချင်လူမျိုးတွေ တိုက်ပွဲဖြစ်ပြီး စစ်ပြေးဒုက္ခရောက်နေတာလည်း တစ်နှစ်ရှိပြီ ဒါပေမဲ့ အခုချိန်ထိ ကျွန်နော်တို့ တရုတ်လူမျိုးတွေလာရောက်ပါဝင်ကူညီတာ မရှိဘူး။ အဲဒါကြောင့် စိတ်မကောင်းဘူး အဲဒါကြောင့် လာရောက်ကူညီတာဟုတ်တယ် လို့ပြောတယ်” ဟု ဆရာခလမ်ဆမ်ဆွန် ကချင်သတင်းဌာနသို့ပြောသည်။

တရုတ်အမျိုးသားများမှ ယခုလိုကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် မြန်မာအစိုးရကြား ဖြစ်ပွားနေသောတိုက်ပွဲကြောင့် အိုး၊ အိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည်များအတွက် ကူညီပေးခဲ့ခြင်းသည် ပထမအကြိမ်လည်း ဖြစ်ကြောင်း KBC ဆရာများမှသိရသည်။

၎င်းထောက်ပံ့ငွေများကို သက်ဆိုင်ရာ တရုတ်လူကြီး ၂၇ ယောက်တို့က မြစ်ကြီးနားကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်ရုံး KBC သို့ ယမန်နေ့က လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့လှူဒါန်းသော ထောက်ပံ့ငွေများကို KBC မှ ယခုချိန်လိုအပ်နေသော ပညာရေးနှင့်ပတ်သက်ပြီး အခက်အခဲရှိနေသော ဒုက္ခသည်များသို့ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ဇူလိုင်လတွင်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ဂျန်းစီရင်စုအာဏာပိုင်များက ယွမ်ငွေ တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၅၆၂၅) ခန့်တန်ဖိုးရှိ ဆေးဝါးများကို တရုတ်နယ်စပ်ရှိ ကချင်ဒုက္ခသည်များအ တွက် ကူညီထောက်ပံ့ပေးခဲ့သည်။

ဇွန် ၉ ရက်မှစတင်ခဲ့သည့် အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ပြည်တွင်းစစ်ကြောင့် အစိုးရထိန်းချုပ် နယ်မြေ ၀ိုင်းမော်၊ မြစ်ကြီးနား၊ ဗန်မော်မြို့တို့တွင် ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ ၂ သောင်း ခန့်ရှိပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်း ဒုက္ခသည်ကြည့်ရှုစောင့်ရှောက်နေသူများပြောသည်။

မယ်လစခန်းတွင် နိုင်ငံတကာ ဒုက္ခသည်များနေ့ ကျင်းပ

မယ်လစခန်းတွင် နိုင်ငံတကာ ဒုက္ခသည်များနေ့ ကျင်းပ

by နော်နိုရင်း

ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ ဒုက္ခသည်များနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းမှာ ကျင်းပပြီး ဒုက္ခသည် ၅၀၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

news image

ဒီကနေ့ ကျရောက်တဲ့ ဒုက္ခသည်များနေ့မှာ ဒုက္ခသည်တွေအနေနဲ့ လက်ရှိ မြန်မာနိုင်ငံပြောင်းလဲ လာမှုအပေါ် ဘယ်ကို သွားလာရမှန်းမသိဘဲ ဆုံးဖြတ်ရခက်ခဲနေတဲ့ အချိန်ဖြစ်နေတဲ့အတွက် ဒီနှစ် Dilemma ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ထားတယ်လို့ မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောပါတယ်။

“သူတို့အနေနဲ့က အခု လက်ရှိ မြန်မာနိုင်ငံပြန်ဖို့ ကလည်း မလွယ်သေးဘူးလေ။ နိုင်ငံခြား သွားလို့ရတဲ့ သူတွေကလည်း သွားကုန်ကြပြီ။ မသွားရသေးဘဲ လျှောက်ထားဆဲ လူတွေကလည်း ရှိသေးတယ်။”

ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ကစားဖူးတဲ့ ဂျပန် နိုင်ငံက ဘောလုံးသမား မစ္စတာ မာရိုရာမာကလည်း ဒုက္ခသည်တွေကို အားပေး မိန့်ခွန်း ပြောဆိုသွားတယ်လို့ သူက ဆက်ပြောပါတယ်။

“သူပြောသွားတက ဒုက္ခသည်တွေရဲ့ အခြေအနေကို သူစာနာတယ်။ အတတ်နိုင်ဆုံး ကူညီပေးသွား မယ်။ ဘောလုံးသမားတယောက်အနေနဲ့ ဒုက္ခသည်ကလေးတွေရဲ့ ဘ၀မြှင့်တင်ရေးကို သူစိတ်ဝင်စား တယ်တဲ့။”

အခမ်းအနားကို ထိုင်း အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က တာဝန်ရှိသူတွေ အပါအ၀င် မြန်မာ ဒုက္ခသည်အရေး ဆောင်ရွက်နေကြသည့် NGO အဖွဲ့တွေနဲ့ ဒုက္ခသည်စခန်း ကော်မတီတွေကလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မယ်လဒုက္ခသည် စခန်းမှာနေတဲ့ ဒုက္ခသည် တဦးက “ဒုက္ခသည် ဆိုတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဘယ်သူမှလည်း ဒုက္ခသည်မဖြစ်ချင်ဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကြောင့် ဒုက္ခသည်တွေ အများကြီး ဖြစ်ပေါ်လာရတာ။ ဒုက္ခသည်ဖြစ်လာရတဲ့ အတွက်လည်း ၀မ်းနည်းတာပေါ့။ ဒုက္ခသည်ဖြစ်တဲ့အတွက် သူများနိုင်ငံမှာနေတယ်။ ဒုက္ခသည်တွေနေထိုင်ရတဲ့ ပရ၀ုဏ်ထဲမှာရှိနေတယ်။ အပြင်ထွက်လို့မရဘူး။ သူတို့တွေရဲ့ မူဝါဒတွေအရ အပြင်မှာထွက်ပြီးလည်း အလုပ် လုပ်လို့မရဘူးပေါ့။ အဲ့အခွင့်အရေးတွေ ကျနော်တို့ ဆုံးရှုံးတာပေါ့။”

ဒုက္ခသည်များနေ့ကို ရည်ရွယ်ပြီးထုတ်တဲ့ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ ကြေညာချက်မှာတော့ ‘ဒုက္ခသည်တဦးဖြစ်ပေမယ့် ဒုက္ခသည်အသံကို နားထောင်ပါ’ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထုတ်ပြန်ထားပါတယ်။ ဘယ်နေရာ ဘယ်ဒေသမဆို ဒုက္ခသည်အကြောင်း ဆွေးနွေးပြောဆိုတဲ့အခါမှာ ဒုက္ခသည်တွေကို ဖိတ်ခေါ်ပြီး သူတို့ရဲ့အသံကို နားထောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့ မယ်လ ဒုက္ခသည် စခန်းမှာ ကရင်၊ ကချင်၊ ချင်း၊ ကယန်း၊ မွန်၊ ပအိုဝ်း၊ နာဂ၊ ရှမ်း၊ လီဆူး၊ လားဟူ၊ ဗမာ၊ ရခိုင် အပါအ၀င် မြန်မာ တိုင်းရင်းသား ၄ သောင်း ခန့် နေထိုင်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ အကြီးဆုံး ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း ၁,၄၀၀၀၀ ခန့်ရှိတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ရဲ့ မှတ်တမ်းအရ သိရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလွှာပေါင်းစုံပါဝင်နိုင်ရန် WLB တိုက်တွန်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလွှာပေါင်းစုံပါဝင်နိုင်ရန် WLB တိုက်တွန်း

by ကျော်ခ

စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွက် အမျိုးသမီးများ အပါအဝင် အလွှာပေါင်းစုံ ပါဝင် ခွင့်ပြုရန် တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် စုစည်းထားသော အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ(WLB) က ယနေ့ တိုက် တွန်းလိုက်သည်။

news image

နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပဋိပက္ခများကိုဖြေရှင်းရာတွင် အစိုးရနှင့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ အကြား ဖြေရှင်းရုံဖြင့် မပြီးဘဲ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် နိုင်ငံသား အား လုံး ကို မဖြစ်မနေထည့်သွင်း၍ ညှိနှိုင်းဆွေးနွေးရန်လိုကြောင်းလည်း ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ထောက်ပြသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအား သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့်အဖွဲ့ဝင် ၁၂ ဦး၊ ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအား ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်၍ အဖွဲ့ဝင် ၅၂ ဦးတို့ဖြင့် မေလဆန်းက ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့များ၌ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ စစ်တိုင်းမှူးများ၊ ၀န်ကြီးများ၊ ပြည်နယ်နှင့် တိုင်း ၀န်ကြီးချုပ်များ နှင့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ အနက် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု အစိုးရက ရထားပြီး ဖြစ်သော်လည်း ထိုသဘောတူမှုနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုတို့တွင် ခိုင်မာမှု မရှိသေးသဖြင့် စိုးရိမ်နေရဆဲ အခြေအနေမှာပင် ရှိနေသေးသည်ဟု WLB က ဆိုသည်။

WLB က ဦးသိန်းစိန် အစိုးရ၊ မြန်မာ့ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ မဟာမိတ် နိုင်ငံရေးအဖွဲ့များအားလုံးကို ပြည်တွင်းငြိမ်းချမ်းရေး ရှေးရှု၍ သဘောထား အမှန်များဖြင့် လုပ်ဆောင်ကြပါရန် ယနေ့တွင် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။ ဖေဖော် ဝါရီ လပိုင်းမှ စတင်၍ ပြည်တွင်း ဌာနေမဲ့ ဒုက္ခသည်များ၊ ပြည်ပရောက် ရွေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည် စခန်းများတွင် နေထိုင်သော ဒုက္ခသည်များ အပါအဝင် စုစုပေါင်း ၁၇၀၆၃ ဦးတို့၏ စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လက်မှတ်ထိုး တောင်း ဆိုမှုကို ပူးတွဲပေးပို့ခဲ့ကြောင်းလည်း သိရသည်။

“ဒုက္ခသည်တွေအားလုံး မိမိနေရပ်ပြန်ပြီး လုံလုံခြုံခြုံနေထိုင်နိုင်ဖို့အတွက် ပြည်လုံးကျွတ်အတိုင်းအတာ ဆောင်တဲ့ ငြိမ်းချမ်းရေး ဖြစ် စဉ်မျိုးလိုအပ်ပါတယ်။ ဒါမှလည်း သူတို့တွေရဲ့မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန် နေစေမှာပါ”ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။

သမ္မတ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှု တချို့ကို WLB အနေဖြင့် ကြိုဆိုကြောင်း၊ သို့သော် အစိုးရနှင့် လက်နက်ကိုင် တိုင်း ရင်းသား အဖွဲ့များအနေဖြင့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် အမျိုးသမီးများကို လျစ်လျူရှုထားကြောင်း၊ စစ်မှန် သော ဒီမိုကရေစီနိုင်ငံတည်ထောင်လိုပါက အမျိုးသမီးများ၏ ပါဝင်မှုကို လက္ခံပေးရန်လိုအပ်ကြောင်းလည်း ဒေါ်တင်တင်ညိုက ပြော ဆိုသည်။

“စစ်ပွဲတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေဟာ အဓိကဒဏ်ခံခဲ့ရသူတွေဖြစ်တယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အသံတွေ၊ ခံစားချက်တွေ ပါဖို့ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်ဖို့ အလေးနက်ထား စဉ်းစားရမယ်လို့ ကျမတို့ တိုက်တွန်း ချင်တယ်၊ ဒီမိုကရေစီကို ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ အမျိုးသမီးတွေ မပါဘဲနဲ့တော့ လုပ်လို့ မရနိုင်ဘူးလို့ ပြော ချင်တယ်”ဟု သူက ဆက်ပြောသည်။

တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင် ပါဝင် စေချင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ဂုဏ်ပြုလွှာတွင် ဖော်ပြ ထား သည်။ စစ်မှန်သော လူထု အုပ်ချုပ်ရေးနှင့် ပြည်ထောင်စုစနစ် ထူထောင်နိုင်ရေးတို့ကို ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ လက်တွဲ ဝန်းရံသွားမည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်ရန် ယခုနှစ် ဇန်နဝါရီလပိုင်းက သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ညွှန်ကြားခဲ့သော်လည်း အစိုးရတပ်များက လိုက်နာခြင်းမရှိဘဲ တိုက်ပွဲများနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်သဖြင့် သမ္မတ၏ လုပ်ပိုင်ခွင့်အပေါ် WLB က သံသယရှိနေသည်ဟု ဆိုသည်။

“အခုချိန်မှာ ကျမတို့ စိုးရိမ်မှုတွေ ပိုတိုးလာတယ်၊ ကချင်ပြည်မှာ ဆက်ဖြစ်နေတဲ့ ပြင်းထန်တဲ့ စစ်ပွဲတွေကြောင့် စစ်ပြေး ဒုက္ခသည် တွေ ပိုတိုးလာတယ်၊ အခုဆိုရင် ၈၀၀၀၀ ဝန်းကျင်ထိ ရှိလာပြီလို့ ပြောလို့ရပါတယ်”ဟု WLB သဘာပတိ အဖွဲ့ဝင်နှင့် ကချင် အမျိုးသမီးအစည်းအရုံး(KWAT) ၏ တာဝန်ခံ ဂျန်မွန်းနေလီ က ပြောသည်။

ထို့အတူ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများတွင် အမျိုးသမီးများနှင့် ကလေးငယ် အများစု ဒုက္ခသည်များအဖြစ် ခိုလှုံနေကြရပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း၊ ထိုဒုက္ခသည်များ၏ ဘဝလုံခြုံရေး အတွက် အစိုးရအနေနှင့် အပြည့်အဝ တာဝန်ယူလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ဂျန်မွန်းနေလီ က ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သောပဋိပက္ခများကို အစိုးရက ထိန်းသိမ်းနိုင်သော်လည်း အချိန်စွဲလုပ်ဆောင်နေခြင်းကြောင့် ပြဿနာ ပိုမိုကြီးထွားခဲ့ကြောင်း ဒေါ်တင်တင်ညိုကလည်း ဝေဖန်ပြောဆိုသည်။

အလွှာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ် WLB လိုလား

အလွှာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ် WLB လိုလား

by ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တွင် အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်နိုင်ရန် တိုင်းရင်းသားအမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်) WLB က ကမ္ဘာ့ ဒုက္ခသည်များနေ့တွင် တိုက်တွန်း တောင်းဆိုလိုက်သည်။

news image

မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ကချင်၊ ကရင်၊ ကယန်း၊ ချင်း၊ ကူကီး၊ လားဟူ၊ ပလောင်၊ ပအိုဝ်း၊ ရခိုင်၊ ရှမ်း၊ ထားဝယ် စသည့် တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်းများက စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်တွင် ပြည်သူတရပ်လုံး ပါဝင်ရန် လက်မှတ် ကောက်ခံသည့် လှုပ်ရှားမှုကို ဖေဖေါ်ဝါရီလက စတင်ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာအမျိုးသမီးတွေ မပါဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စစ်ပွဲရဲ့ ဒဏ်ကို အများဆုံးခံရတာ ဖြစ်တယ်။ သူတို့ အသံတွေ၊ ခံစားချက်တွေ ပါဖို့ အမျိုးသမီးတွေ ပါဝင်ဖို့ စဉ်းစားရမယ်။ အလေးအနက် ထားရမယ်။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ အမျိုးသမီးတွေ မပါဘဲ လုပ်လို့ မရဘူးဆိုတာကို ပြောချင်ပါတယ်” ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၂ဝ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။

ပြည်တွင်းဌာနေမဲ့ ဒုက္ခသည်များ၊ စခန်းအတွင်း နေထိုင်သော ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ လက်မှတ်ပေါင်း ၁၇,ဝ၆၃ ရေးထိုးတောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာကို သမ္မတ ဦးသိန်းစိန် အစိုးရ အပါအဝင် တပ်မတော်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှု အသင်းအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ပရောက် အတိုက်အခံ မဟာမိတ် အဖွဲ့အစည်းများ ထံလိပ်မူ၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှတင့် ပေးပို့ လိုက်ခြင်း ဖြစ်သည်။

ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် စသည့် နယ်စပ်ဒေသများရှိ စစ်ပြေးဒုက္ခသည်များ၊ ပြည်တွင်း ဌာနမဲ့ ဒုက္ခသည်များထံမှ လက်မှတ်များ ကောက်ခံရာတွင် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရကြောင်းလည်း မတင်တင်ညိုက ရှင်းပြသည်။

“ပြန်တိုက်မှ တကယ့်ငြိမ်းချမ်းရေး ရမယ်လို့ နားလည် နေတဲ့လူတွေလည်း အများကြီး ရှိနေသေးတယ်။ ဒီလိုမျိုးကြည့် ခြင်းအားဖြင့် ငြိမ်းချမ်းရေး တကယ်သယ် ဖန်တီးပေးနိုင်တာက စစ်ပွဲမဟုတ်ဘူး။ ဒီထက်ပိုပြီး ပညာပေးမှုတွေ၊ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ လိုတယ်ဆိုတာ လေ့လာတွေ့ရှိရတယ်” ဟု ပြောသည်။

၂ဝ၁၂ ခုနှစ် ကမ္ဘာ့ ဒုက္ခသည်များနေ့ ဆောင်ပုဒ်မှာ “ရှင်သန်ဆဲ မျှော်လင့်ချက် ” ဟု ဖြစ်ပြီး ပြည်တွင်း ဌာနေမဲ့ ဒုက္ခသည်များနှင့် စခန်းအတွင်း ဒုက္ခသည်များအား မိမိနေရပ်ပြန်ပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန်အတွက် ပြည်လုံးကျွတ် အတိုင်းအတာ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး လိုအပ်ကြောင်း တိုက်တွန်းထားသည်။

“နည်းပေါင်းစုံနဲ့ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေအတွက် သူတို့ မျှော်လင့်ချက်တွေ ရှင်သန်နေနိုင်အောင် ကျမတို့အနေနဲ့ ဒုက္ခသည်တွေ အနေနဲ့ ကိုယ့်နေရာမှာ လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် တကယ်ပဲ အလွှာပေါင်းစုံက လူထုအားလုံး တက်တက်ကြွကြွ ပါဝင်လာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခု လိုအပ်တယ်ဆိုတဲ့ဟာ ဒီနေ့မှာ ထပ်လောင်း တိုက်တွန်း နိုးဆော်ချင်တာ ဖြစ်တယ်” ဟု ဒေါ်တင်တင်ညိုက ပြောသည်။

နှစ်ပေါင်း ၆ဝ ကျော်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပဋိပက္ခများဖြေရှင်းရာတွင် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းရုံဖြင့် ရရှိလာမည် မဟုတ်ဘဲ အလွှာပေါင်းစုံ ပြည်သူတရပ်လုံး ပါဝင်မှသာ လုံခြုံစိတ်ချနိုင်သော၊ အခြေခံ လူ့အခွင့်အရေးကို အပြည့်အဝ အာမခံပေးနိုင်သည့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု WLB ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကချင်ပြည်နယ်တွင် စစ်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပြီး ဒုက္ခသည်များ များပြားလာခြင်း၊ ရခိုင်ပြည်နယ် အကြမ်းဖျက်မှုများကြောင့် ဒုက္ခသည်များ ပိုမိုရှိလာသဖြင့် စိုးရိမ်ကြောင်းနှင့် ဒုက္ခသည်များ၏ ဘဝ လုံခြုံစိတ်ချနိုင်သည့် အနေအထား တခုဖြစ်ရေးအတွက် ကမ္ဘာ့ ဒုက္ခသည်များနေ့ကို ရွေးချယ်၍ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဒေါ်တင်တင်ညို က ပြောသည်။

“ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုကြောင့် ဒုက္ခသည်စခန်း ဖွင့်ထားပေမယ့် အစားအသောက် နေရာထိုင်ခင်း လုပ်ပေးရမဲ့ အနေအထား တွေ့ရတယ်။ အစိုးရကိုယ်တိုင် ထိထိရောက်ရောက် လုပ်နေတာ မတွေ့ရဘူး။ ဒီအပေါ်မှာ ကျမတို့ အရမ်း စိုးရိမ်တယ်။ နောက်တခုစိုးရိမ်တာက ဒီပြဿနာကို တမင်သက်သက် လုပ်နေခဲ့သလား။ ဒီလိုလုပ်ခြင်းအားဖြင့် ကချင်ဘက်က ဖြစ်နေတဲ့ ပြဿနာကိုများ မှေးမှိန်အောင် လုပ်နေသလားဆိုတာ”ဟု ပြောဆိုသွားသည်။

ရခိုင်ပြည်နယ်တွင်းတွင် ဇွန်လအတွင်း အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် ၇ဝ,ဝဝဝ ခန့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆိုသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူပေါင်းမှာ ၈ဝ,ဝဝဝ ခန့်ရှိကြောင်း ဒုက္ခသည် အကူအညီပေးရေးအဖွဲ့များက ခန့်မှန်းပြောဆိုကြသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် လူဦးရေ သုံးသိန်းခန့် ရှိနေပြီး ပြည်တွင်း ဌာနေမဲ့ ဒုက္ခသည်ဦးရေ ၂ဝ,ဝဝဝ ခန့်ရှိကြောင်း ထိုင်းမြန်မာ နယ်စပ် ပူးပေါင်းဆောင်အဖွဲ့ TBBC ၏ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ စာရင်းများအရ သိရသည်။

ထို့ပြင် အိန္ဒိယ-မြန်မာ နယ်စပ်တွင်လည်း ချင်းလူမျိုးဒုက္ခသည် တသိန်းခန့် ရှိနေကြောင်း မတ်လ အတွင်းက ထုတ်ဝေသည့် အစီရင်ခံစာစောင်က ဆိုသည်။ နယူးဒေလီမြို့တွင်မူ မြန်မာနိုင်ငံသားဒုက္ခသည် ၉,ဝဝဝ ကျော် ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာဒုက္ခသည်ပေါင်း ၂၉,၃ဝဝ ရှိပြီး ဒုက္ခသည်ကဲ့သို့ နေထိုင်သူပေါင်း နှစ်သိန်းရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။

စွန့်လွှတ်အနစ်နာ ခံခဲ့ရတာကို ပုံကြီးမချဲ့ချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

စွန့်လွှတ်အနစ်နာ ခံခဲ့ရတာကို ပုံကြီးမချဲ့ချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

by ရဲနည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့ နှစ်အတန်ကြာ နေထိုင်ခဲ့တဲ့ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်မြို့ကို သူ့ရဲ့ အသက် ၆၇ နှစ် မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ပြန်လည် ရောက်ရှိ လည်ပတ်ခဲ့ပြီး မိတ်ဆွေဟောင်းတွေနဲ့ ဝမ်းမြောက်ဝမ်းသာ တွေ့ဆုံ ခဲ့ပါတယ်။

news image

အောက်စ်ဖို့ဒ် အနောက်ပိုင်းက လူတွေအဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်ဘီးလေးစီးပြီး ဈေးဝယ် ထွက်တတ်တဲ့ ပိန်ပိန်သေးသေး အိမ်ရှင်မတယောက်၊ ဖော်ရွေပြီး ခင်မင်စရာ ကလေး ၂ ယောက် မိခင် အိမ်နီးနားချင်း တယောက် ဖြစ်ခဲ့တာကို အမှတ်ရကြပါတယ်။

၁၉၈၈ ခုနှစ်က မိခင်ကြီး ဒေါ်ခင်ကြည် နာမကျန်းဖြစ်လို့ မြန်မာပြည်ပြန်ခဲ့ရာက မြန်မာပြည် နိုင်ငံရေးထဲမှာ ပါဝင်လာရပြီး မိသားစုရှိရာကို မပြန်နိုင်ခဲ့တာ ၂၄ နှစ်တာ ကြာခဲ့ပါပြီ။

“ကျမ စိတ်မချမ်းသာပါဘူး။ ခဏခဏလည်း ပြောဖူးပါတယ်။ ကျမ အနစ်နာခံ စွန့်လွှတ်ခဲ့တာကို ပုံကြီးမချဲ့ချင်ဘူး။ ဒါ ကျမကိုယ်တိုင် ရွေးချယ်ခဲ့တာပါ” လို့ လန်ဒန်အခြေစိုက် ITV ရုပ်သံ အမေးအဖြေမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

မြန်မာပြည်ရဲ့ ကံကြမ္မာကို ဦးဆောင်တာဝန်ယူဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေက ပြည်ဝင်ခွင့် ပြန်မပေးတော့မှာ စိုးရိမ်လို့ ခင်ပွန်းဖြစ်တဲ့ တိဘက်ရေးရာ ကျွမ်းကျင်သူ ဒေါက်တာ မိုက်ကယ်အဲရစ် ဆီးကျိတ်ကင်ဆာနဲ့ ကွယ်လွန် သွားခဲ့တာတောင် ပြန်မလာ နိုင်ခဲ့ပါဘူး။

“တကယ် အနစ်နာခံရတာက ကျမ ခင်ပွန်းနဲ့ သားတွေပါ။ အထူးသဖြင့် ကျမ သားတွေပါ။ ခင်ပွန်းဖြစ်သူက အသက်အရွယ် အရ ရင့်ကျက်နေပြီ။ ကျမသားတွေ ငယ်သေးတယ်။ မိဘနှစ်ပါးစလုံး အနားမှာ မရှိတော့ သူတို့ဘဝအတွက် အင်မတန် ခက်ခဲမယ်။ ကျမ ရင်ထဲ မကောင်းဘူး။ နောက်ဆုံးတော့ … ဪ၊ တခုလိုချင်ရင် တခုတော့ စွန့်လွှတ်ရမှာပဲလို့ ဖြေသိမ့်မိတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အောက်စ်ဖို့ဒ်မြို့လေးဆီ ပြန်လာတာကို လက်ရှိ အောက်စ်ဖို့ဒ် တက္ကသိုလ်အုပ်ချုပ်ရေးမှူး၊ တချိန်က ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ မစ္စတာ ခရစ်ပတ်တန်က တရားဝင် အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး စိန့်ဟျူးကောလိပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျောင်းနေဘက်တွေက သူ့ရဲ့ အသက် ၆၇ နှစ် မွေးနေ့ကို ကျင်းပပေးခဲ့တယ်။

အောက်စ်ဖို့ဒ်မှာ ဆက်နေနေတဲ့ သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းကို အော်စလို နိုဘဲလ် ဆုချီးမြှင့် ပွဲမှာကတည်းက အများက မြင်တွေ့နေရပေမယ့် အမေရိကန်မှာ နေနေတဲ့ သားကြီး အလက်ဇန်းဒြားကိုတော့ အခုထိ မတွေ့မမြင် ရသေးပါဘူး။

အောက်စ်ဖို့ဒ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လာတဲ့အချိန်မှာ မြန်မာတွေ အပါအဝင် လူ ၄၀၀ လောက်က စောင့်ကြို နှုတ်ဆက်ခဲ့ကြ ပါတယ်။

မနေ့က ကျရောက်တဲ့ သူ့မွေးနေ့မှာ သွားလေရာ မွေးနေ့ဆုတောင်းပေးတဲ့ သူတွေနဲ့ လူတိုင်းက နှုတ်ခွန်းဆက်ကြတဲ့ အပြင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝီလျံဟိတ်သ် ကလည်း အင်္ဂလန်ပါလီမန် အမတ်တွေကို မွေးနေ့ဆုတောင်း ပို့ပေးကြဖို့ ပြောပါသေးတယ်။

ဒါ့အပြင် လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံကျောင်း (LSE) က စီစဉ်ကျင်းပတဲ့ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့ပြီးတော့ အဲဒီကျောင်းက ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ လက်ဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ပေးအပ်ခဲ့ပါသေးတယ်။

အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားနိုင်မှာ မဟုတ်ဘူးလို့ ရာနဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေ၊ ပညာရှင်တွေကို ပြောကြားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ လာမယ့်ကာလမှာ ခရီးကြမ်းဖြတ်ကျော်ရလိမ့်မယ် ဆိုတာကို သတိပြုမိစေဖို့ အတွက် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိဖို့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ LSE က စကားဝိုင်း ကျင်းပခဲ့တာပါ။

“အချိန်က ကုစားမှာမဟုတ်ဘူး၊ အတိတ်ကအမှားတွေအတွက် ဝန်ခံရမှာဖြစ်တယ်။ ဒီမိုကရေစီဖော်ဆောင်ရေး၊ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး ကျမတို့ မျှော်လင့်တဲ့ တိုးတက်မှုတွေက တရားဥပဒေ စိုးမိုးရေးရဲ့ အရေးကြီးမှုကို နားလည်တဲ့အပေါ်မှာ အများကြီးမူတည်တယ်” လို့လည်း သူက ဆိုပါတယ်။

ပြီးတော့ BBC သတင်းဌာနကို သွားရောက်ခဲ့ပါတယ်။ BBC မှာ ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး ဒီဂျေ မစ္စတာဒေ့ဗ်လီး ထရာဗစ် ကို ခဏ ဝင်နှုတ်ဆက်ပါတယ်။ အခု စီးပွားဖြစ် ရေဒီယိုတခုမှာ ပြောင်းရွှေ့လုပ်ကိုင်နေပြီဖြစ်တဲ့ ဒီဂျေရဲ့ တေးဂီတ အစီအစဉ်ဟာ နေအိမ်အကျယ်ချုပ် ကာလများအတွင်း ဒေါ်အောင်ဆန်းစုကြည် မပြတ်နားဆင်ခဲ့တာပါ။

ဒီနေ့ ဇွန်လ ၂၀ ရက်နေ့မှာတော့ အောက်စ်ဖို့ဒ်မြို့ရဲ့ နာမည်ကျော် တက္ကသီလာကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပြီး မနက်ဖြန်တော့ ဗြိတိသျှပါလီမန်မှာ မိန့်ခွန်း ပြောပါမယ်။

၂၂ ရက်နေ့မှာတော့ လန်ဒန်ရောက် မြန်မာ မိသားစုဝင်တွေနဲ့ တွေ့ဖို့ ရှိပါတယ်။ ပြည်တော်ပြန်ဖို့ စီစဉ်နေတဲ့ လူထုအချစ်တော် အဆိုတော်ကြီး ဒေါ်မာမာအေး၊ မြန်မာပြည်က အလည်ရောက်နေတဲ့ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၊ ဆိုင်းဆရာ သီရိ မောင်မောင်၊ ပန်းချီနဲ့ ပါဖောမန့် အနုပညာရှင် ကိုထိန်လင်းတို့ ပါဝင်တဲ့ မြန်မာ့အနုပညာ စင်တင်ပွဲလည်း ပါမယ်လို့ ဧရာဝတီက စုံစမ်းသိရှိရပါတယ်။

လန်ဒန်မလာခင် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ၂၀၀၉ ခုနှစ်မှာ သူ့ကို ပေးအပ်ခဲ့တဲ့ “ယုံကြည်ချက်ရဲ့ သံတမန်” ဆုကို လက်ခံရယူပါတယ်။

နော်ဝေးမြို့တော် အော်စလိုကနေ ဒဗ္ဗလင်မြို့ကိုလာဖို့ ကမ္ဘာကျော် ရော့ခ်စတား ဘိုနိုက သူ့ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ သွားခေါ်ခဲ့ပြီး “အီလက်ထရစ်ဘားမား” စင်တင်ဂီတပွဲနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ AIDS ရောဂါ ကာကွယ်တားဆီးရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ ပါဝင်နေတဲ့ ဒဗ္ဗလင်မြို့သား အဆိုတော် ဘိုနိုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီး “ဆက်လျှောက်” ဆိုတဲ့ သီချင်းကို ရေးဖွဲ့သီဆိုခဲ့ဖူးပါတယ်။

အခမ်းအနားအဖွင့်မှာ ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို “ကမ္ဘာ္ဘကြီးက ခင်ဗျားအိမ်ပါ” ဆိုတဲ့ နှုတ်ဆက်စကား ပြောရာမှာ “ဒီမနက် အော်စလိုက ခင်ဗျားအိမ်၊ ဒီည လန်ဒန်ကလည်း ခင်ဗျားအိမ်၊ ဒီမွန်းလွဲမှာ ဒဗ္ဗလင် ကလည်း ခင်ဗျားအိမ်ပဲ ဆိုတော့ အိမ်ကနေ ကြိုပါရစေ” လို့ ပြောသွားခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်တွေ ဒေါ်စု ထောက်ပြ

ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်တွေ ဒေါ်စု ထောက်ပြ

By အောင်လွင်ဦး

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာပဲ လန်ဒန်စီးပွားရေး တက္ကသိုလ်မှာ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့ပြီး တော့ အဲဒီ နှီးနှောဖလှယ်ပွဲ အတွင်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ အခြေခံကျကျ အပြောင်း အလဲတွေ လိုအပ်နေတုန်းပဲဖြစ်သလို ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ လူထုကိုပါ အကျိုးရှိစေမယ့် အစီအစဉ်တွေ ဖြစ်ဖို့ လိုအပ်မယ်လို့လည်း ပြောဆိုခဲ့ပါ တယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

news image

မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေလို ပြဿနာမျိုးတွေဟာ တရားဥပဒေ စိုးမိုးရေး အပါအ၀င် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အရေးတကြီး လုပ်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို ပြသ နေတယ်လို့ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံမှာ ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာ ဖြစ်ပါ တယ်။ လူပေါင်း ၅၀ ထက်မနည်း သေဆုံးပြီး၊ အများ အပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့သလို၊ ထောင်သောင်းချီ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့ ပြဿနာတွေရဲ့ အခြေခံဟာ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ အတွက် ဖြစ်တယ်လို့ လန်ဒန် စီးပွားရေး တက္ကသိုလ် က နှီးနှော ဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာပါ။

“တရားဥပဒေ စိုးမိုးရေးအပေါ်မှာ အခြေခံ ဆောင်ရွက်နိုင်ပါတယ်။ ဒီနေရာမှာလည်း အပိုင်း ၂ ပိုင်း ရှိပါတယ်။ ပထမ တခုကတော့ နိုင်ငံသား ဥပဒေနဲ့ သတ်မှတ်ချက်တွေပါ။ မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် သတ်မှတ် ချက် ဥပဒေဟာ ဘယ်လို ပုံစံမျိုးလဲ၊ ဒါတွေဟာ တရားမျှတမှု ရှိရဲ့လား၊ ဒါတွေဟာ နိုင်ငံတကာက လက်ခံ ထားတဲ့ စံတွေနဲ့ ညီရဲ့လား ဆိုတာတွေက တပိုင်းဖြစ်ပါတယ်။ နောက်တပိုင်းကတော့ လုပ်ထုံး လုပ်နည်းတွေ မှာပါ။ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေ ဘယ်လို လုပ်ကိုင်နေကြသလဲ၊ ရဲတပ်ဖွဲ့က ဘာတွေ လုပ်နေလဲ၊ တရားရုံးတွေကရော ဘယ်လို လုပ်ကိုင်နေသလဲဆိုတာတွေပါ။ ကျမတို့ အနေနဲ့ နိုင်ငံမဲ့ ဖြစ်နေရသူတွေ ဘယ်လိုကြောင့် ပေါ်ပေါက်လာရသလဲ ဆိုတာကို ကျမတို့ အနေနဲ့ တိတိကျကျ သိလိုတယ်ဆိုရင် ဒီအပိုင်း ၂ ပိုင်းဟာ မရှိမဖြစ် ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။”

တရားဥပဒေ စိုးမိုးမှုကို လက်တွေ့ကျင့်သုံး အကောင်အထည် ဖော်တယ် ဆိုတာမျိုးကို လက်တွေ့မြင်တွေ့ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောသွားပါတယ်။ တရားဥပဒေ စိုးမိုးရေး အဖြစ် ခေါင်းစဉ်ပေးထားတဲ့ လန်ဒန်စီးပွားရေး တက္ကသိုလ်က ဆွေးနွေးပွဲ အတွင်း ပါဝင်သူ တဦးဖြစ် တဲ့ ဒေါက်တာဇာနည်ကတော့ မကြာသေးခင် တုန်းက ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေဟာ အစိုးရ အဆက် ဆက်က လုပ်ရပ်တွေရဲ့ ဆိုးကျိုးတွေအဖြစ် ပြောဆိုခဲ့တာပါ။

“နိုင်ငံမဲ့ ဖြစ်ရတဲ့ ကိစ္စဟာ အစိုးရတွေရဲ့ လုပ်ရပ်တွေက ထွက်ပေါ်လာတဲ့ အကျိုးဆက်ဖြစ်ပါတယ်။ လူထုနဲ့ လူမှုအသိုင်းအ၀ိုင်းကြောင့် မဟုတ်ပါဘူး။ အစိုးရတွေ အနေနဲ့ လူမျိုးရေး ဘာသာရေး အခြေခံတဲ့ ပြဿနာတွေ တခါတလေ မုန်းတီးမှုတွေကိုလည်း နိုင်ငံရေးအရ အမြတ်ထွက်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဖန်တီးလေ့ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့ အစိုးရသစ်အဖြစ် တက်လာပြီး နောက်မှာတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင် သွားမယ်လို့ ကြေညာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ လူတချို့အတွက် အကျိုးရှိမယ့် ပြုပြင် ပြောင်းလဲရေးမျိုး မဖြစ်ဖို့ လိုမယ်လို့ သတိပေးပါတယ်။

“ပြုပြင်ပြောင်းလဲရေးဟာ တရားဥပဒေ စိုးမိုးရေး အပေါ်မှာ အခြေခံတယ်ဆိုတာကို ကျမတို့ သိရဖို့ လိုပါ တယ်၊ ပြုပြင်ပြောင်းလဲရေးဟာ မျှမျှတတ ဖြစ်ရမယ်၊ ပြုပြင်ပြောင်းလဲမှုတွေဟာ လူတချို့ကို အကာ အကွယ်ပေးတာမျိုး၊ လူတချို့ နေရာရအောင် အသုံးချတာမျိုး မဖြစ်သင့်ပါဘူး။”

နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် သီတင်း ၃ ပတ် နီးပါးကြာ ထွက်လာတဲ့ ဒီခရီးစဉ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထင်ရှားသူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့ကြတာပါ။ ခရီးစဉ်အစအဖြစ် ဆွစ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့ သလို နော်ဝေနိုင်ငံ မှာလည်း ၁၉၉၁ ခုနှစ်ကတည်းက ချီးမြှင့်ခံထားရတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို လက်ခံ ရယူခဲ့တာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ရဲ့ အမြင့်ဆုံးဆုအဖြစ် ယုံကြည်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးဆုကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့က အဆိုတော် Bono က ချီးမြှင့် ခဲ့တာကို အခမ်းအနားနဲ့ လက်ခံရယူခဲ့တာပါ။ အင်္ဂါနေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် မွေးနေ့ကိုတော့ ဗြိတိန်နိုင်ငံမှာ ကုန်လွန်ဖို့ရှိပြီး ဗြိတိန်ပါလီမန် မှာလည်း စကားပြောဆိုဦးမှာ ဖြစ်သလို ၂၄ ရက်နေ့ ခရီးစဉ် အဆုံးမသတ်မီမှာတော့ ပြင်သစ်နိုင်ငံကို ၀င်ရောက်ဦးမှာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘီဘီစီမြန်မာပိုင်း မေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘီဘီစီမြန်မာပိုင်း မေးမြန်းခန်း

ဥရောပ ငါးနိုင်ငံ ခရီးစဉ် လှည့်လည် နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ အခုတော့ ဗြိတိန် နိုင်ငံမှာ ရောက်နေပါတယ်။ မနေ့ညက လန်ဒန်မြို့ကို ရောက်ရှိခဲ့ပြီး ဒီကနေ့ မနက် ကတော့ London School of Economics ကို သွားရောက်ပြီး ဘီဘီစီ မြန်မာ ဌာနနဲ့ BBC World Service ကမ္ဘာ တလွှား အသံလွှင့် အစီအစဉ် တည်ရှိရာ Broadcasting House ရုံးသစ် ကြီးဆီ လာရောက်ခဲ့ပါတယ်။

news image

BBC Board of Governers အဖွဲ့က Lord Patten, Lord Williams နဲ့ ဘီဘီစီက အကြီး အကဲတွေ အပါအဝင် ကမ္ဘာ တလွှား အစီအစဉ်က လူတွေက ကြိုဆိုခဲ့ကြပါတယ်။

အဲဒီနောက် ဘီဘီစီ မြန်မာ ဌာနက ဝိုင်းတော်သူ ဝိုင်းတော်သားတွေကို ရင်းရင်းနှီးနှီး သီးသန့် တွေ့ဆုံခဲ့ရာမှာ မြန်မာပိုင်းဌာနကနေ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဦးဆုံး မွေးနေ့ပွဲလေးကို ပြုလုပ် ပေးခဲ့ပါတယ်။

၁၉ ရက်နေ့ ကျရောက်တဲ့ မွေ့နေ့ကို ဘီဘီစီ မြန်မာပိုင်းက အမှတ်တရ ကျင်းပပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူကြိုက် နှစ်သက်ခဲ့တဲ့ အစီအစဉ်တွေ အကြောင်း ပြောပြခဲ့ ပါတယ်။ တွေ့ဆုံ အပြီးမှာ မြန်မာဌာန ဌာနမှူး ဒေါ်တင်ထားဆွေက ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။

မေး - ဥရောပခရီးစဉ်ကို ပြုလုပ်တဲ့အခါမှာ ကိုယ်ပိုင်စီစဉ်တဲ့ ခရီးစဉ်ပါလား၊ ဒါမှမဟုတ် အစိုးရနဲ့ ညှိနှိုင်းမှုတွေ ရှိပါသလား။

ဖြေ - ဒါကျွန်မရဲ့ ကိုယ်ပိုင်ခရီးစဉ်ပါ။ သက်ဆိုင်ရာ အိမ်ရှင်အစိုးရတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ပါတယ်။ ဒါကျွန်မရဲ့ ကိုယ်ပိုင်ခရီးစဉ်ပါ။

မေး - အရင်က ပြည်ပခရီး မသွားတာဟာ မြန်မာနိုင်ငံကို ပြန်ဝင်ဖို့ ခက်ခဲမှာ စိုးလို့ ဆိုတဲ့ အတွက်လို့ သတင်းတွေ ထွက်ပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ အခုရော ရှိပါသလား။ မရှိတော့ဘူးလား။

ဖြေ - မရှိပါဘူး အေးအေး ဆေးဆေးပဲ ပြန်ပြီးတော့ သွားလို့ရမယ်လို့ ယုံကြည်ပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်တုန်းကဆိုရင် မြန်မာနိုင်ငံကနေ ပြည်ပကို ကြည့်ခဲ့ပါတယ်။ အခုပြည်ပရောက်လာတော့ ပြည်ပကနေ မြန်မာနိုင်ငံတွင်းကို ကြည့်ရတဲ့အခါ ဘယ်လိုကွာခြားပါသလဲ။

ဖြေ - ပြည်ပကနေ မြန်မာနိုင်ငံ တွင်းကို ကြည့်တယ်ဆိုတာထက် ပြည်ပမှာ မြန်မာနိုင်ငံအရေးကို ဘယ်လိုမြင်သလဲဆိုတာကို အဲဒါကို ပိုပြီးတော့ ထင်ရှားလာစေပါတယ်။ အရင်နှစ်ပတ်လောက်တုန်းက ထိုင်းမှာ သွားတဲ့ ခရီးစဉ်တုန်းက တွေ့ရတာက ဘာလဲဆိုတော့၊ ပြည်ပက လူထုတွေက အင်မတန်မှာ ကျွန်မတို့ရဲ့ လှုပ်ရှားမှုကို စိတ်ဝင်စားကြတယ်။ ထောက်ခံကြတယ် နွေးနွေးထွေးထွေး ထောက်ခံကြတယ်ဆိုတာ ကျွန်မတို့ မြင်ရပါတယ်။ ပထမဆုံးထိုင်းခရီးစဉ်မှာ ထိုင်းပြည်သူတွေက တော်တော့ကို နွေးနွေးထွေးထွေးရှိတယ်။ အဲဒါကို အင်မတန်မှာ ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ ဒေသအတွက် ကောင်းတယ်လေ။ အာရှဒေသအတွင်းမှာ ရင်းနှီးခင်မင်မှုတွေဟာ တိုးတက်လာမယ်လို့ ကျွန်မ မြင်ပါတယ်။ ဥရောပရောက်တော့လည်း အရမ်းနွေးထွေးတာပဲ။ ဆွစ်ဇာလန်မှာရော နော်ဝေမှာရော မနေ့တုန်းက အိုင်ယာလန်မှာရော၊ အခုအင်္ဂလန်ရောက်လာတော့ရော။ တကယ်တော့ ကမ္ဘာကြီးမှာ လူသားတွေဟာ၊ လူသားချင်း လူသားချင်း ဆက်နွယ်တဲ့၊ ဆက်နွယ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ အများကြီးထင်ပေါ်ပါတယ်။

မေး - အဲဒီလို ပြည်ပက ထောက်ခံမှုအားကို တွေ့လိုက်ရတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့လာမယ့် လုပ်ငန်းစဉ်တွေမှာ ဘယ်လိုမျိုး ရိုက်ခက်မှုတွေ ပြောင်းလဲမှုတွေ ရှိလာနိုင်ပါသလဲ။

ဖြေ ပြောင်းလဲမှု ရိုက်ခတ်မှုဆိုတာထက် ပိုပြီးတော့ ကျယ်ကျယ်ဝန်းဝန်း မြင်နိုင်မယ့်အနေအထားကို ရောက်လာတယ်လို့ ထင်ပါတယ်။ အခုဆိုလို့ရှိရင် အားလုံးဟာ တကယ့်ကို စည်းစည်းလုံးလုံးရှိတဲ့ လူသားတွေပါလားဆိုတဲ့ စိတ်က ပိုပြီးတော့ ခိုင်မာလာပါတယ်။

မေး အရင်တုန်းကဆိုရင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ချမှတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို အလေးထားပြီးတော့ စဉ်းစားခဲ့ပါတယ်။ အခုလက်တလော မြင်နေရတာ ကတော့ မြန်မာအစိုးရ နဲ့ အဆင်ပြေဖို့ သူတို့ စဉ်းစားနေတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သြဇာ လျော့သွားပြီလား။ နိုင်ငံရေး သြဇာ ခြိမ်းချောက်ခံနေရပြီလား။

ဖြေ - ကျွန်မတို့ ဒီအလုပ် လုပ်တာဟာ နိုင်ငံရေး သြဇာအတွက် လုပ်တာလို့ မမြင်ခဲ့ပါဘူး။ နိုင်ငံတိုးတက်ရေးအတွက် ပြည်သူတိုးတက်ရေးအတွက် လုပ်တာပါ။ အစိုးရနဲ့ ဆက်ဆံခြင်းအားဖြင့် ပြည်သူနဲ့ နိုင်ငံအတွက် တိုးတက်စေမယ်ဆိုလို့ရှိရင်၊ ကျွန်မတို့အနေနဲ့ ဝမ်းပန်းတသာ ကြိုဆိုမှာပါ။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ကျွန်မတို့က ထုတ်ပြောရမှာပါ။ ပြောလို့ရှိရင်လည်း ဥရောပနိုင်ငံတွေဟာ ဒီမိုကရေစီ နိုင်ငံတွေ ဆိုတော့၊ ဥရောပက ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရထားတဲ့ လှုပ်ရှားမှုမို့လို့ ဥရောပနိုင်ငံ အစိုးရတွေကလည်း ကျွန်မတို့ရဲ့ အမြင်တွေကို ပစ်ပယ် လို့ မရဘူး လို့ ကျွန်မမြင်ပါတယ်။

မေး - ခုန ဧည့်ခံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောသွားတဲ့အခါမှာ တောင်အာဖရိကကို နှိုင်းယှဉ်ဖေါ်ပြသွားပါတယ်။ တောင်အာဖရိကမှာ လွတ်လပ်သွားတဲ့အခါ နယ်လ်ဆင်မန်ဒဲလ်လားကို လွှတ်ပေး လိုက်တဲ့ အခါမှာ ဒီကလပ်စ် အစိုးရက နယ်လ်ဆင်မန်ဒဲလ်လားကို လိုအပ်နေတဲ့အခါ ဖြစ်ပါတယ်။ အဲဒီလို နယ်လ်ဆင်မန်ဒဲလ်လားကို လိုသလို ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက လိုတယ်လို့ ထင်ပါသလား။

ဖြေ - ဒါက အစိုးရက လိုတယ်ဆိုတာထက် တိုင်းပြည်က လိုလား မလိုလား ဆိုတာက အဓိက မေးခွန်းပါ။ နိုင်ငံကို အကျိုးပြုဖို့ ဆိုတာဟာ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှ ဖြစ်မှာပါ။

မေး - ဇူလိုင်လ ၄ ရက်နေ့မှာ လွှတ်တော် ပြန်စမှာ ဆိုတော့ လွှတ်တော်မှာ ပထမဆုံးလုပ်ဖို့ ဘာကို စဉ်းစားထားပါလဲ။

ဖြေ - ဒါကတော့ ကျွန်မတို့ CEC မှာ ဆွေးနွေးပြီးသားပါ။ အခုတော့ ပြောလို့ မရသေးပါဘူး။

မေး - ဒေါ်အောင်ဆန်းစုကြည်မှာ ဟာသဉာဏ်ရှိတယ်ဆိုတာ အားလုံးပဲ သတိပြုမိပါတယ်။ အဲဒီ ဟာသဉာဏ်ဟာ ဖခင်ဘက်က ရတာလား မိခင်ဘက် က ရတာလား။

ဖြေ - အဲဒါပြောရမယ်ဆို တခါတုန်းက ဖေဖေ့အောက်မှာ လုပ်ခဲ့တဲ့ စစ်ဗိုလ်တယောက်ကပြောဘူးတယ်။ အဲဒီလို ကျွန်မ က ရီစရာမောစရာ ပြောတော့၊ ဗိုလ်ချုပ်လည်း ဒီလို မပြောတတ်ဘူးတဲ့၊ အမလည်း ဒီလို မပြောတတ်ဘူးပေါ့။ ဘာဖြစ်လို့ ဒီလို ရီစရာ မောစရာ ပြောတတ်တာလည်းလို့ တခါ မှတ်ချက်ချတာတော့ ကျွန်မ မှတ်မိနေပါတယ်။

မေး - အဲဒီတော့ ဘယ်ကရတာပါလဲ။

ဖြေ - အဲဒါတော့ မသိဘူး (ရယ်လျက်)

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘီဘီစီ

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘီဘီစီ

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့်ဌာန BBC Broadcasting House ကို ဇွန်လ ၁၉ ရက်နေ့ က လာရောက်တဲ့ အခါမှာ ဘီဘီစီ ဝန်ထမ်းတွေ အတွက် အမှတ်ရစရာ ကြည်နူးစရာတွေ ကျန်ရစ်ခဲ့ပါတယ်။

news image

ပြန်ပြောင်းပြောရရင် မနှစ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၆ နှစ် မြောက် မွေးနေ့မှာ ဘီဘီစီ ပါရှန် ရုပ်မြင်သံကြားဌာန က အာလီဟာမက် ဒါနီက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗီဒီယို ဆက်သွယ်မေးမြန်းခန်း ပြုလုပ်ရာမှာ ပါရှန် သောတရှင်တဉီး က ဒေါ်အောင်ဆန်းစုကြည် ကို လေလှိုင်းပေါ် ကနေ ပန်းလက်ဆောင် ပေးဖို့ မှာကြား ပါတယ်။

တနေ့ အခွင့်သာရင် အာလီကိုယ်တိုင် ပန်းလက်ဆောင် ပေးနိုင်လိမ့်မယ် လို့လည်း မျှော်လင့်တဲ့ အကြောင်းလည်း သောတရှင် က ပြောခဲ့ ပါတယ်။ ဒီ ရုပ်မြင်သံကြား အစီအစဉ် ကို ကြည့်မိတဲ့ အီရန် သောတရှင် တဉီးက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုပ်ပုံ ပိုစတာ အောက်မှာလည်း ဘယ်တော့မှ လက်မလျှော့ ပါနဲ့၊ ယုံကြည်စိတ် ခိုင်ခိုင် ထားပါလို့လည်း ရေးထားပါတယ်။

အီရန်ပြည်သူတွေ အနေနဲ့ လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်တာဗျူး ကို နားဆင်ပြီး စိတ်ခွန်အား တွေ ပြည့်ဝ လာခဲ့ပါတယ်လို့ ဆိုကြပါတယ်။ အခု ဒီနှစ် ၆၇ နှစ် မွေးနေ့ မှာတော့ ထူးခြားတိုက်ဆိုင် သွားသလို အာလီဟာ သောတရှင် တွေ ကိုယ်စား၊ သောတရှင်တွေ တောင့်တချက် ကို ဖြည့်စည်းပေးတဲ့ အလား၊ ဒေါ်အောင်ဆန်းစုကြည် ကို သစ်ခွ ပန်းခိုင်တွေ ကိုယ်တိုင် လက်ဆောင် ပေးနိုင်ခဲ့ပါပြီ။

အာလီရဲ့ သောတရှင်တွေ ဆန္ဒ မမျှော်လင့်ပဲ ပြည့်ဝ သလို၊ ဘီဘီစီ မြန်မာဌာန ဝန်ထမ်း တွေ နဲ့ မွေးနေ့ ပွဲ ဆင်နွှဲခွင့် ရတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ကိုယ့်အိမ် ကိုယ့်ယာ ပြန်လာရသလို နွေးထွေး ကြည်နူးမိကြောင်း ပြောပြခဲ့ပါတယ်။

မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေ တိုးတက်

မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေ တိုးတက်

by လာလစ် ကေဂျာ

မြန်မာအစိုးရအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် သိသာထင်ရှားစွာ အခြေအနေ တိုးတက်လာသောကြောင့် စောင့်ကြည့်အဆင့် အဆိုးဆုံး ၃ မှ အဆင့် ၂ သို့ အမေရိကန်က ယမန်နေ့တွင် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။

news image

“မနှစ်တုန်းက ဘာတွေမြင်တွေ့ခဲ့ရသလဲဆိုတော့ မြန်မာအစိုးရဟာ ထူးထူးခြားခြားလုပ်ဆောင်ခဲ့တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် မျှော်လင့်မထားခဲ့တဲ့ လုပ်ဆောင်မှုတွေကို လုပ်ပြသွားပါတယ်” ဟု လူကုန်ကူးမှု စောင်ကြည့်ရေးနှင့် တိုက်ဖျက်ရေးရုံး ညွှန်ကြားရေးမှူး၊သံအမတ် Luis CdeBaca က သတင်းထောက်များကို ပြောသည်။

နိုင်ငံပေါင်း ၁၈၀ ကျော်အား လေ့လာထားသည့် ၂၀၁၂ လူကုန်ကူးမှု အစီရင်ခံစာကို ယမန်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

လူကုန်ကူးမှုနှင့် ပတ်သက်၍ အစိုးရများက အနိမ့်ဆုံး သတ်မှတ်ထားချက်အထိ အပြည့်အဝ လုပ်ဆောင်ပေးမှုမရှိလျှင်၊ သိသာမြင်သာသော ဆောင်ရွက်မှုများ မရှိလျှင် လူကုန်ကူးမှု စောင့်ကြည့်အဆင့် ၃ အဖြစ် သတ်မှတ်ကြောင်း၊ လူကုန်ကူးခံရသူများ အကာအကွယ်ပေးရေး ဥပဒေ (TVPA) အနိမ့်ဆုံး သတ်မှတ်ချက်အတိုင်း အပြည့်အဝ မလုပ်ဆောင်နိုင်သေးသော်လည်း လိုက်နာနိုင်ရန် အထူး ကြိုးပမ်းဆောင်ရွက်သော အစိုးရများကို စောင့်ကြည့် အဆင့် ၂ အဖြစ် သတ်မှတ်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျနော်တို့ စိုးရိမ်ခဲ့တာက လူကုန်ကူးမှုကိစ္စ သက်သက်တင် မဟုတ်ပါဘူး။ တရုတ်နိုင်ငံကို လိင်ကိစ္စအတွက် လူကုန်ကူးခံရတာ၊ ထိုင်းနိုင်ငံကို လိင်ကိစ္စအတွက်ရော၊ အလုပ်ခိုင်းစေဖို့ပါ လူကုန်ကူးခံရတာ၊ ဒါ့အပြင် အစိုးရကိုယ်တိုင်က အဓမ္မ လုပ်ဆောင်မှုတွေဖြစ်တဲ့ ရွာတွေနဲ့ ရွာသားတွေကို ၁၉၀၇ ကျေးရွာနှင့် မြို့နယ် အက်ဥပဒေအရ ပြောင်းရွှေ့ခိုင်းတာတွေ ပါဝင်ပါတယ်။ စစ်တပ်အတွက် ပေါ်တာဆွဲတာကနေ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ လုပ်အားပေးခိုင်းတာတွေ အထိပါ” ဟု သံအမတ် Luis CdeBaca က ဆိုသည်။

မြန်မာနိုင်ငံတွင် ခေတ်မမီတော့သော ဥပဒေများကို ဖျက်သိမ်းမှသာ အစိုးရကိုယ်တိုင်က အဓမ္မလုပ်ဆောင်ခိုင်းမှုများ တရားဝင်နေမှု ရပ်တန့်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကာလရှည်ကြာ တိုက်ပွဲဝင်ခြင်းကို လူသိများသော်လည်း လူကုန်ကူးမှုနှင့် အဓမ္မ ခိုင်းစေမှုများအတွက် လုပ်ရှားဆောင်ရွက်ခဲ့ခြင်းကို မေ့လျှော့နေသကဲ့သို့ ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အထူး အသိအမှတ်ပြုကြောင်းလည်း သံအမတ် Luis CdeBaca က ဆက်လက်ပြောသည်။

၎င်းက “မြန်မာပြည် အပြင်ဘက်ကို ထွက်တော့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သွားတဲ့နေရာက ထိုင်း ငါးလုပ်ငန်းတွေမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရှိရာ နေရာပဲ ဖြစ်ပါတယ်။ သူတို့ အသုံးချခံနေရတာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်” ဟု ဆိုသည်။

ယမန်နေ့က ထုတ်ပြန်သော လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များသည် အဓမ္မ အလုပ်ခိုင်းစေရေးအတွက် အရင်းအမြစ်ကြီးဖြစ်နေကြောင်း၊ အမျိုးသမီးနှင့် ကလေးငယ်များသည် တခြားနိုင်ငံများသို့ လိင်ကုန်ကူးခံနေကြောင်း၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့သို့ လုပ်အားခေါင်းပုံဖြတ်ခံရရန် သို့မဟုတ် လိင်လုပ်ငန်းတွင် လုပ်ကိုင်ရန် လူကုန်ကူးခံနေရကြောင်း ဖော်ပြထားသည်။

ခင်ပွန်းသည်၏ အုတ်ဂူသို့ ပထမဆုံး ဒေါ်စု ဂါရဝပြု

ခင်ပွန်းသည်၏ အုတ်ဂူသို့ ပထမဆုံး ဒေါ်စု ဂါရဝပြု

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ခင်ပွန်းသည် ဒေါက်တာ မိုက်ကယ်အဲရစ်၏ အုတ်ဂူသို့ ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့တွင် သွားရောက် ဂါရဝပြုမည်ဖြစ်သည်။

၁၉၉၃ ခုနှစ်ကတည်းက ချီးမြှင့်ခြင်းခံထားရသည့် အောက်စဖို့တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ကိုယ်တိုင် လက်ခံရယူမည့်နေ့တွင်ပင် အောက်စ်ဖို့တွင် ဆုံဆည်း မေတ္တာမျှခဲ့သည့် ခင်ပွန်းသည်အား နောက်ဆုံးသွားရောက် နှုတ်ဆက်ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အတွင် ၁၉၉၉ ခုနှစ်က ကင်ဆာရောဂါဖြင့် ဒေါက်တာအဲရစ် ကွယ်လွန်သွားခဲ့သော်လည်း ဈာပနသို့ မသွားရောက်နိုင်ခဲ့ပေ။

၁၉၉၇ ခုနှစ်က မိုက်ကယ်အဲရစ်တွင် ဆီးကျိတ်ကင်ဆာ ဝေဒနာ ခံစားနေရပြီး ဇနီးဖြစ်သူထံ လာရောက်လည်ပတ်ရန် အတွက် ဗီဇာလျှောက်ထားခဲ့သေးသည်။ ထိုသို့ မစ္စတာအဲရစ်အား ဗီဇာခွင့်ပြုရန် ဝိုင်းဝန်းတောင်းဆိုပေးခဲ့ကြသူများ ထဲတွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်တို့လည်း ပါဝင်ခဲ့သည်။

သို့သော် မြန်မာစစ်အာဏာပိုင်များက ဒေါက်တာအဲရစ်အား ပြည်ဝင်ခွင့်ဗီဇာ မပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ခင်ပွန်းသည်ထံ သွားရန် ခွင့်ပြုခဲ့သည်။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်နေစဉ် ဖြစ်သော်လည်း ထိုသို့ ထွက်ခွါသွားပါက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ရမည်မှာ မသေချာသောကြောင့် မသွားဖြစ်ခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရမှ ၁၉၈၉ ခုနှစ်တွင် နေအိမ်အကျယ်ချုပ် စတင်ချလိုက်သည့်အချိန်မှစ၍ ငါးကြိမ်ခန့်သာ ခင်ပွန်းသည်နှင့် ဆုံတွေ့ခွင့် ရခဲ့သည်။

၁၉၇၂ ခုနှစ်က လက်ထပ်ခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်တို့ ဇနီးမောင်နှံမှာ တော်ဝင်မိသားစုဝင်များအား မစ္စတာအဲရစ် စာသင်ပြပေးနေသည့် ဘူတန်နိုင်ငံတွင် တနှစ်မျှ နေထိုင်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံ မြောက်ပိုင်းအောက်စ်ဖို့ သို့ ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ပြီး သားနှစ်ယောက် ထွန်းကားခဲ့သည်။

ယခုမူ နှစ်ပေါင်း ၂၄ နှစ်ကြာ စွန့်ခွါလာခဲ့သော မိသားစုနေရာဟောင်းသို့ ဒေါ်အောင်ဆန်းစုကြည် တခေါက်ပြန်လည် ရောက်ရှိလာကာ ခင်ပွန်းသည် ထာဝရလဲလျောင်းရာ အုတ်ဂူသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက် ဂါရဝပြုနိုင်မည် ဖြစ်သည်။

သမ္မတရဲ့ စီးပွားရေး ရည်မှန်းချက်တွေ ကြီးမားလွန်း နေလား

သမ္မတရဲ့ စီးပွားရေး ရည်မှန်းချက်တွေ ကြီးမားလွန်း နေလား

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဖွံ့ဖြိုးရေး အတွက် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ် တွေနဲ့ ပတ်သက်လို့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ အစိုးရ ဝန်ကြီးတွေကို အင်္ဂါ နေ့က မိန့်ခွန်း ပြောခဲ့ ရာမှာ အဓိကအားဖြင့် အပိုင်း ၄ပိုင်း ခွဲပြီး ပြောသွား ပါတယ်။

news image

စီးပွားရေး တိုးတက်မှုကို ၅ နှစ် အတွင်း ၃ ဆ တိုးအောင် ကြိုးစားဖို့ ရည်မှန်း ထားရာမှာ ပျမ်းမျှ တဦးကျ GDP စုစုပေါင်း ပြည်တွင်း ထုတ်ကုန်ကို အခြေခံ နှစ်ထက် ၃ ဆ တိုးအောင် ဆောင်ရွက် သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

တခါ နိုင်ငံပိုင် အခန်းကဏ္ဍကို လျှော့ပြီး ပုဂ္ဂလိကပိုင် အခန်း ကဏ္ဍကို ပြောင်းလဲ ဆောင်ရွက်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး (Privatization) ကို ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပုဂ္ဂလိကပိုင် ပြောင်းလဲ ဆောင်ရွက်မယ့် အခန်း ကဏ္ဍတွေနဲ့ ပတ်သက်လို့ နိုင်ငံပိုင် အချိုးအစား များနေတဲ့ ဆက်သွယ်ရေး၊ လျှပ်စစ်၊ စွမ်းအင်၊ သစ်တော၊ ပညာရေး၊ကျန်းမာရေး၊ ငွေရေးကြေးရေး စတဲ့ ကဏ္ဍတွေကို တခုချင်း လေ့လာ သုံးသပ်ပြီး ပုဂ္ဂလိကပိုင် အချိုးအစားကို ပိုင်ဆိုင်မှု တခိျု့ ကူးပြောင်း ပေးသွားမယ်လို့ ဆိုပါတယ်။

တခါ နိုင်ငံ တကာ အထောက် အပံ့ အကူ အညီတွေကို ထိရောက်စွာ ရယူ အသုံးပြုပြီး စီမံ ခန့်ခွဲ အကောင် အထည်ဖေါ် ဆောင်ရွက် သွားမယ် လို့ လည်း သူက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန်က ရင်းနှီး မြုပ်နှံမှု စီမံကိန်း တွေကိုဆောင်ရွက် ရာမှာ ကြုံတွေ့ရတဲ့ မြေ အသုံးချမှု၊ မြေ ကစားမှု စတဲ့ မြေယာ ပြဿနာ တွေနဲ့ ပတ်သက်လို့ မြေယာစနစ် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ လည်း ဦးသိန်းစိန်က ထောက်ပြ ပါတယ်။

လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က အစိုးရ အနေနဲ့ ပြည်တွင်း ပြည်ပနဲ့ ဆက်သွယ်ပြီး လျှပ်စစ် ဓါတ်အား ဖြည့်ဆည်း ပေးမယ့် လတ်တလော အစီအစဉ်တွေကို အမြန် စီမံ ဆောင်ရွက် ခဲ့ကြောင်းနဲ့ ရေတို ရေရှည် စီမံကိန်းတွေ အတွက် မူဝါဒတွေ ချမှတ် ရေးဆွဲ ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

မြန်မာ့ ဓန စီးပွားရေး မဂ္ဂဇင်းနဲ့ အိုးပင်း နယူးစ် ဂျာနယ် တို့ရဲ့ အယ်ဒီတာချုပ် ဦးသီဟစော ကတော့ သမ္မတ မိန့်ခွန်းထဲမှာ ပါသလို ပျမ်းမျှ တဦးချင်း ဝင်ငွေ ၃ဆ တိုးအောင် လုပ်ဖို့ ဆိုတဲ့ နေရာမှာ နိုင်ငံကို လာရောက် ရင်းနှီး မြှုပ်နှံမှုတွေ အားလုံးကို ထည့်တွက် လိုက်မယ် ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိတယ်လို့ ပြောပါတယ်။

မြေယာ ပြောင်းလဲရေး လူများစု ခံစားသင့်

မြေယာ ပြောင်းလဲရေး လူများစု ခံစားသင့်

မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ မိန့်ခွန်း ထဲမှာ မြေယာ ပြုပြင် ပြောင်းလဲရေး လုပ်ချိန် တန်ပီလို့ ဆိုပါတယ်။

news image

ဒီလို မြှုပ်နှံဖို့ ဆိုတာက ကုမ္ပဏီ တွေကို လယ်ဧက ထောင်သောင်း ချီပီး နှစ်ရှည် ကန်ထရိုက် ပေးနေတာမျိုး မဟုတ်ဘူးလို့ ရှေ့နေကြီး ဦးအောင်သိန်းက ဆိုပါတယ်။

ဒီလို လုပ်လို့ နှစ်ပေါင်းများစွာ လယ်ယာလုပ် လာတဲ့ တောင်သူ လယ်သမားတွေ အလွန် နစ်နာပါတယ်။

တကယ်က မြေယာကို နိုင်ငံတော် ပိုင်တာ ဆိုပေမယ့် နိုင်ငံတော် နာမည်ခံ အစိုးရက ခြယ်လှယ် နေတာပါ။

စစ်တပ်နဲ့ ကုမ္ပဏီ တွေက လယ်တွေ သိမ်းသလိုပဲ ဌာန ဆိုင်ရာကလဲ မြို့နဲ့ နီးရာ လယ်ကွက် တွေကို အကွက်ရိုက် သိမ်းတာတွေ ကလဲ မဆန်း တော့ပါဘူး။

ဒါကြောင့် ပြည်ပ မြှုပ်နှံသူတွေက ဒီ ကုမ္ပဏီ တွေက တဆင့်ခံ စီးပွားရေး လုပ်နေရင် လယ်သမား တွေအတွက် ခံစားရဖို့က နည်းပါတယ်လို့ ဦးအောင်သိန်းက ပြောကြား ခဲ့ပါတယ်။

အမှန်တရားအတွက် လူထု သတင်းစာဆရာ

အမှန်တရားအတွက် လူထု သတင်းစာဆရာ

by အောင်ဇော်

ဆရာလူထုစိန်ဝင်းနှင့် ကျနော့်ကို ချိတ်ဆက် ပေးခဲ့သူကတော့ တချိန်က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Mrs. Vicky Bowman ဖြစ်ပါတယ်။

news image

ဘယ်လ်ဂျီယမ်နိုင်ငံက သူ့ရဲ့ နေအိမ်မှာ မြန်မာထမင်းဟင်း ချက်ကျွေးပြီး သံအမတ်မဖြစ်ခင် ကတည်းက မြန်မာပြည် ရောက်ရင် သူ တွေ့ရမယ့် သူတွေ၊ ပြည်တွင်းနဲ့ ပြည်ပကို ဆက်သွယ်ပေးရမယ့် သူတွေရဲ့ စာရင်းကို ပြောပြပါတယ်။ ဒါကြောင့်လည်း ဆရာ လူထု စိန်ဝင်းနဲ့ ကျနော်တို့ အကြား အပြန်အလှန် ဆက်သွယ်မှုတွေ ရခဲ့ပါတယ်။

ဒီကြားထဲမှာ Vicky က ဆက်သွယ်ပေး တာကတော့ ဆရာ ဒေါက်တာ ဦးမြင့်ပါပဲ။ ဆရာမြင့်က သူရေးထားတဲ့ စီးပွားရေး ဆိုင်ရာ ဆောင်းပါးတွေကို ကျနော့်ဆီကို ၂၀၀၀ ပြည့်နှစ် ဦးပိုင်းလောက် ကတည်းက ဖတ်ဖို့ဆိုပြီး ပို့ပေးဖူးပါတယ်။ ကျနော်က ဧရာဝတီ မဂ္ဂဇင်းကို ဆရာမြင့်ဆီရော၊ ဆရာကြီး လူထု စိန်ဝင်း ဆီကိုပါ Vicky ဆီကတဆင့် ပုံမှန် ပို့ပေးခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ကနော်နဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ Vicky က ပြည်တွင်းမှာ မဂ္ဂဇင်းကို တရားမဝင် ဖြန့်ချိပေးသူ ဆိုပါတော့။

ဆရာလူထု စိန်ဝင်းကိုတော့ နောက်ပိုင်း ဖုန်းပြော ဆက်သွယ်ခွင့်ရတဲ့ အချိန်မှာ ဆရာက ရင်းနှီး ခင်မင်ပြီးသား သူတဦးလို ကျနော့်ကို ဖုန်းပေါ်ကနေ နှုတ်ဆက်ပါတယ်။ ဆရာက နွေးနွေးထွေးထွေးပဲ ဖုန်းထဲကနေ သူရင်ဖွင့်ချင်တာတွေ၊ ပြောချင်တာတွေကို ပြောတတ်ပါတယ်။

မြန်မာပြည်ကို ၂၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ခွင့်ရတော့ ရတဲ့ ဗီဇာလေး ၅ ရက်အတွင်း နောက်ဆုံး ပြန်မယ့်ရက်မှာ ဆရာလူထုစိန်ဝင်းကို တွေ့ဖို့ ဆုံးဖြတ်ထားတဲ့ အတိုင်း လေဆိပ်မဆင်းခင် ဆရာ့ကို ဝင်တွေ့ ဂါရဝပြုပါတယ်။ အဲဒါက ဖေဖော်ဝါရီ လဆန်းတုန်းကပါ။

ဆရာကတော့ အောက်စီဂျင်ပိုက်နဲ့ မောနေတယ်။ ကျနော့်ကို လက်ကာပြပြီး ခဏစောင့်ဖို့ ပြောတယ်။ ပြီးတော့ ဆရာက ပြောတော့တာပါပဲ။ လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတာတွေကို မယုံသေးတဲ့အကြောင်း၊ အရင်တုန်းက အစိုးရ အဆက်ဆက်မှာလည်း ဒီလိုပဲ တံခါးတွေကို ဖွင့်လိုက်၊ ပိတ်လိုက်၊ ငြိမ်းချမ်းရေး လုပ်လိုက်၊ ဖျက်လိုက် ဖြစ်ခဲ့ပေါင်းများပြီ ဆိုပြီး ဆရာက ပြောတာပါ။

“ဆရာကတော့ သူတို့ကို မယုံဘူး” လို့ ဆရာကြီးက ခပ်ရှင်းရှင်းပဲ ပြောပါတယ်။

ဆရာ့ကို သဘောကျလေးစားတာက ဆရာဟာ အရင် စစ်အစိုးရကိုလည်း ပြတ်ပြတ်သားသား ဝေဖန်သလို၊ အတိုက်အခံ ပါတီတွေကိုလည်း မညှာမတာ ဝေဖန် ထောက်ပြတတ်ပါတယ်။

သတင်းစာ ဆရာ ဆိုတာမျိုးက နှစ်ဘက်စလုံးကို မျက်နှာမလိုက်ဘဲ ဝေဖန်ထောက်ပြနိုင်မှ ဆိုတဲ့အခါကျတော့ နှစ်ဘက်စလုံးက လေးစားချစ်ကြောက်တာ၊ တခါတလေ မုန်းတီးတာကိုပါ ခံရတတ်တာ သတင်းစာဆရာ ကောင်းတွေရဲ့ သဘာဝပါ။ ဘာကြောင့်လဲဆိုတော့ သူက သူ့အလုပ်ကို သူလုပ်တာကိုး။ ဘက်တဘက်ကို မလိုက်ဘဲ၊ ဘုန်းတော်ဘွဲ့ မရေးဘဲ၊ Mouthpiece အလုပ်မခံဘဲ ရဲရဲဝံ့ဝံ့ ထောက်ပြရေးသားတာ သတင်းစာဆရာကောင်းတွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

ဆရာလက်ဆောင် ပေးလိုက်တဲ့ စာအုပ်တွေထဲက “ပန်းတိုင်က ဘာလဲနှင့် အခြားဆောင်းပါးများ” မှာ ဆရာက အခုလို ရေးထားတာ တွေ့ရပါတယ်။ “မှန်တာရေးရင် မုန်းတယ်” တဲ့။ “လျှော့ရေးလို့မရသလို ပိုရေးလို့လည်း မရပါဘူး၊ ဖော့ရေးလို့ မရသလို ဖိရေးလို့လည်း မရပါဘူး” တဲ့။ “သတင်းသမားဆိုတာ အဖြစ်အပျက်ကို၊ ခေတ်ကို မှတ်တမ်းတင်သူသာ ဖြစ်ပါတယ်။ အမှန်ကို အမှန်အတိုင်း ပြောသူ၊ ရေးသူ၊ မှတ်တမ်းတင်သူကတော့ အမှန်ကို ရင်မဆိုင်ရဲသူတိုင်းက မုန်းတာ ခံရမြဲဖြစ်တယ်” တဲ့။ အနှစ်ချုပ်ကတော့ သတင်းစာသမားဟာ ပြည်သူ့ ဝန်ထမ်းဖြစ်တယ်လို့ ဆရာက ပြောခဲ့တာပါ။

ရှင်ကြီးဝမ်းလည်း ဝင်ခဲ့၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးတဲ့ ကျနော်တို့ဟာ ခေတ်ကို ပါးပါးနပ်နပ် လိမ်လိမ်မာမာ ဖြတ်ကျော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကိုလည်းဆရာရဲ့ ဆောင်းပါးတွေမှာ တွေ့ရပါတယ်။ ဆရာက နိုင်ငံတကာ အရေးတွေကိုလည်း ရေးပြတယ်။ အမေရိကန် သမ္မတ အိုဘားမားရဲ့ ပေါ်လစီကိုလည်း မညှာမတာ ဝေဖန်တယ်။ လူငယ်တွေကို အသိပညာပေးတယ်။

ဆရာ့ရဲ့ ၂၀၀၉ – ၂၀၁၀ ဝန်းကျင်က ရေးခဲ့တဲ့ ဆောင်းပါးတွေကို ပြန်ဖတ်ရင် ဒေါသသံတွေပါတယ်၊ မချိတင်ကဲ အသံတွေ ပါနေတယ်။ ဖြစ်ချင်စိတ်ဇော စေတနာတွေ အပြည့်နဲ့ စာဖတ်သူတွေကို နည်းပေါင်းစုံနဲ့ ဆင်ဆာဆိုတာကို ဆန့်ကျင်ပြီး တင်ပြ ရေးသားခဲ့တာ တွေ့ရ၊ ဖတ်ရပါတယ်။ တကယ်တော့ အဲဒီကာလက စစ်အစိုးရရဲ့ အခြေခံဥပဒေကို အတင်းအကျပ် အတည်ပြု ပြီးခါစ၊ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ကာလတွေပါ။ ဆရာ့ဆောင်းပါးတွေကို ဖတ်ပြီး ကျနော် ပြုံးမိပါတယ်။

ဆရာ့ဆောင်းပါးထဲတွေရဲ့ စိတ်ဝင်စားစရာ ခေါင်းစဉ်ခွဲလေးတွေထဲမှာ “ရက်တိုသင်တန်းတက်ပြီး ဆရာကြီးလုပ်သူ” တဲ့ … “ဇီးကွက်စီးပွာေးရး” တဲ့ … “စာနယ်ဇင်းသမား ဆိုတာ နိုင်ငံရေးသမား မဟုတ်ဘူး” တဲ့ … “ပြင်ညာယှိ” တဲ့ … “မင်းဆရာ ယောင်ယောင် မလုပ်နဲ့” တဲ့ … “ကိုဖိုးသိ (Mr. Know all) ဂိုက်ဖမ်းနေလေ့ရှိကြတယ်တဲ့ …။ ဆရာက အလွှာအသီးသီးက အရောင်မျိုးစုံနဲ့ နေထိုင်တဲ့ ပြည်တွင်းပြည်ပက မြန်မာတွေကို ဝေဖန်ပြထားတာပါ။

ဆရာ့ရဲ့ ဆောင်းပါးတွေက စာပေစိစစ်ရေးရဲ့ လက်ချက်နဲ့ စာဖတ်သူတွေ လက်ထဲ မရောက်တာတွေ ရှိခဲ့ပါတယ်။ မြန်မာပြည်မှာ သတင်းစာ လွတ်လပ်ခွင့်သာ ရှိမယ်ဆိုရင်၊ ဆရာသာ အသက်ထင်ရှား ရှိနေဦးမယ်ဆိုရင် ဆရာကြီး ရေးမယ့် ဆောင်းပါးတွေကို မြန်မာပြည်က သတင်းစာ ပရိသတ်တွေ အများကြီး လွတ်လွတ်လပ်လပ် ဖတ်ခွင့် ရမှာပဲလို့တော့ တွေးမိပါတယ်။

ဆရာဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်၊ စစ်အာဏာရှင်တွေရဲ့ ခေတ် စနစ်ဆိုးရဲ့ အောက်မှာ သတင်းစာဆရာဘဝကို ခံယူပြီး တိုက်ပိတ်ခံ၊ ကျွန်းပို့ခံပြီး သေတဲ့အထိ မိမိယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ရေးသားဖို့ ကြိုးစားခဲ့တဲ့ သတင်းစာ ဆရာကြီးတဦးပါ။

ဆရာ လေဖြတ်ဝေဒနာ ခံစားရပြီး အောက်စီဂျင်ဗူးနဲ့ အသက်ရှုနေရတဲ့ အချိန်နောက်ပိုင်း ဆရာက မြန်မာပြည်ရဲ့ အခြေအနေကို မျက်ခြေပြတ်မခံဘဲ ကြိုးစားပြီး ရေးသားခဲ့တဲ့ ဆောင်းပါးတွေကလည်း အများအပြားဖြစ်ပါတယ်။

ဆရာဟာ အိမ်ပေါ်မှာပဲ အောက်စီဂျင်ဗူးနဲ့ အသက်ဆက်နေရတော့ လက်တွေ့နဲ့ ကင်းကွာနေပြီး ဆရာ့ရဲ့ ဆောင်းပါးတချို့ဟာဆိုရင် လူတချို့၊ အုပ်စုတချို့ ပြောချင်တာတွေကို ပြောပေးထားတာဆိုတဲ့ ဝေဖန်သံ တချို့လည်း ကျနော် ရန်ကုန်မှာရှိတုန်း ကြားခဲ့ရပါတယ်။

ဒါပေမယ့် ကျနော်ကတော့ ဆရာဟာ အမှန်တရားကို မြတ်နိုးသူ၊ သတင်းတွေကို မြတ်နိုးသူ၊ မြန်မာ့နိုင်ငံရေး မျက်ခြေမပြတ်အောင် စောင့်ကြည့်လေ့လာခဲ့သူ၊ လူငယ်တွေကို တိုးတက်ကြီးပွား စေလိုသူလို့ ယုံကြည်ပြီး ဆရာ့ကို လေးစားပါတယ်။

မြန်မာပြည်မှာ သတင်းစာ စာနယ်ဇင်းလောကကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ် အတွင်း ဆရာခံစား ခဲ့ရတဲ့ ဝေဒနာလိုပဲ အသက်ဆက်ဖို့ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ ဆရာ့ရဲ့ အမြင်တွေ၊ အာဘော်တွေကို ဆင်ဆာဖြတ်တောက် သူတွေဟာ သူရဲဘောကြောင်တဲ့သူတွေပါပဲ။

ဆရာမြင်ချင်တဲ့ ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ၊ ပြည့်ဝတဲ့ သတင်းစာ လွတ်လပ်ခွင့်ရှိတဲ့ မြန်မာနိုင်ငံကိုတော့ ဆရာမြင်သွားခွင့် မရလိုက်ပါဘူး။

ဒီတော့ နောက်ဆုံးအချိန်အထိ ဆရာဟာ မြန်မာနိုင်ငံကို ဒီလမ်းကြောင်းပေါ် ရောက်အောင် သူ့ရဲ့ သတင်းစာပညာနဲ့ အားကြိုးမာန်တက် တွန်းတင် ပေးခဲ့တဲ့ သတင်းစာ ဆရာကြီး တဦးဖြစ်ပါတယ်။ ဆရာ့ရဲ့ တပည့်တွေ၊ စာဖတ်ပရိသတ်တွေသာ မကဘဲ နိုင်ငံတော်ကလည်း ဆရာ့ကို ဂုဏ်ပြုသင့်ပါတယ်။

မြန်မာအစိုးရက နိုင်ငံရေးဆွေးနွေးရန် လိုလားဟန် မရှိဟု မွန်ပြည်သစ် ပြော

မြန်မာအစိုးရက နိုင်ငံရေးဆွေးနွေးရန် လိုလားဟန် မရှိဟု မွန်ပြည်သစ် ပြော

by ကောင်းဝါ

မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်သော်လည်း အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေးကိုသာ လိုလားပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လိုလားဟန် မရှိဟု ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ်တွင် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ က ပြောသည်။

news image

“မြန်မာအစိုးရ အနေနဲ့ကျနော်တို့ကို ရွေးကောက်ပွဲ ဝင်ဖို့၊ လွှတ်တော်ထဲ ရောက်မှ နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးပြီး ဖွဲ့စည်းပုံကို ပြင်ဆင်သွားဖို့ ပြောတယ်၊ ဒါဟာ ကျနော်တို့နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာကို ရှောင်လွှဲလိုတဲ့ သဘောပဲ” ဟု ထိုင်း-မြန်မာနယ်စပ်တွင် တနင်္ဂနွေနေ့က ကျင်းပပြုလုပ်သည့် ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ဗဟိုဝန်းကျင်ဒေသနှင့် ထိုင်းနယ်စပ်ဒေသ ရှေ့ဆောင်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

မေလဆန်းတွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့သစ်မှ စက်မှုဝန်ကြီး ဦးစိုးသိန်းက လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပြီးပါက လွှတ်တော်တွင် သဘောတူချက် ရယူရန် လွှဲပြောင်းသွားမည် ဆိုသည့် ပြောဆိုချက်အပေါ် မွန်ပြည်သစ်အနေနှင့် အထက်ပါအတိုင်း ရှုမြင်ပြောဆိုခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးစဉ်တွင် အပစ်အခတ်ရပ်စဲချိန်မှ စ၍ အများဆုံး (၄၅) ရက်အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် မွန်ပြည်သစ်ပါတီမှ တောင်းဆိုခဲ့သည်။

သို့သော် ဇွန်လတတိယပတ်ထိ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကို လက်တွေ့အကောင်အထည် ဖေါ်ဆောင်နိုင်ခြင်း မရှိသေးပေ။

လက်ရှိအနေအထားအရ အပစ်အခတ်ရပ်စဲချိန်မှ စပြီး တပ်တည်နေရာ ချထားရေး၊ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံးများ ဖွင့်လှစ်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက်သာ ဆွေးနွေးနိုင်သေးကြောင်း မွန်ပြည်သစ်၏ မဟာမိတ်နှင့် နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗဟိုကော်မီတီဝင် နိုင်ဟံသာပိန်ခိုင်းက ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက်အရ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ဆက်ဆံရေးရုံး ၆ ရုံးနှင့် စီးပွားရေးရုံး ၂ ရုံးကို ဖွင့်လှစ် နိုင်ခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းအဖြစ် ပါတီဌာနချုပ်ဝန်းကျင် ရေးချောင်းဖျားဒေသ ပသာသစ်တောမှ သစ်တန်ချိန် ၂ သောင်း ထုတ်လုပ်ခွင့်ကို အစိုးရနှင့် သဘောတူချက် ရရှိခဲ့သည်။

လတ်တလောတွင် မွန်ပြည်သစ်အနေနှင့် ဗဟိုရှေ့ဆောင်အဖွဲ့ (၄) ဖွဲ့ဖွဲစည်းပြီး မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နှင့် နယ်စပ်ဒေသတွင် အပစ်အခတ်ရပ်စဲရေး အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးကာ အကြံညာဏ်များ တောင်းခံလျက် ရှိသည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေအပေါ် မူတည်ပြီး နှစ်လ တကြိမ်ခန့် တွေ့ဆုံဆွေးနွေးပွဲများ ပုံမှန် လုပ်ဆောင်သွားမည်ဟုလည်း နိုင်ဟံသာပိန်ခိုင်းက ပြောသည်။

မော်လမြိုင်ခရိုင်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဝင်းလှ ဦးဆောင်သည့်အဖွဲ့၊ သထုံခရိုင်တွင် ပါတီဒုဥက္ကဌ နိုင်ရော့စ ဦးဆောင်သည့်အဖွဲ့၊ ထားဝယ်ခရိုင်တွင် ပါတီဥက္ကဌ နိုင်ထောမွန် ဦးဆောင်သည့်အဖွဲ့နှင့် နယ်စပ်နှင့် ထိုင်းနိုင်ငံဘက်တွင် ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့တို့ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးစဲ ဖြစ်ပြီး တပတ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီသည် (၁၉၉၅) ခုနှစ်ဇွန်လ (၂၉)ရက်နေ့တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

အစိုးရမှ ဖိအားပေး တိုက်တွန်းထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံငြင်းဆန်ခဲ့ပြီး (၂၀၁၀) ခုနှစ်ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပြီး၊ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဒုတိယအကြိမ် ပြန်လည် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည်။

မိမိလူမျိုးအမည် ဖော်ပြမခံရသည့် ရန်ကုန် မွန်များ မှတ်ပုံတင် ပြန်လည်ပြင်ဆင်မည်

မိမိလူမျိုးအမည် ဖော်ပြမခံရသည့် ရန်ကုန် မွန်များ မှတ်ပုံတင် ပြန်လည်ပြင်ဆင်မည်

by ကောင်းဝါ

အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) တွင် မိမိလူမျိုးအမည် ဖော်ပြမခံရသည့် ရန်ကုန်တိုင်းအတွင်းရှိ မွန်တိုင်းရင်းသားများ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ နိုင်မင်းသောင်းသျှင်က ပြောသည်။

news image

မွန်လူမျိုး ဖြစ်သော်လည်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များတွင် ဗမာ ဗုဒ္ဓဘာသာဟု ဖော်ပြခံထားရသည့်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ တိုက်တွန်းချက်ဖြင့် ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ လက်အောက်ရှိ မွန်သာရေး နာရေး ကူညီမှုအသင်းက ပြင်ဆင်ရန် စီစဉ်ခြင်း ဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် သာရေး နာရေး ကူညီမှုအသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မှားယွင်း ဖော်ပြခံရသည့် မွန်တိုင်းရင်းများ စာရင်းကို စတင်ကောက်ယူသွားမည် ဖြစ်သည်ဟု ဆိုသည်။

“နှစ်ပတ်လည် အစည်းအဝေးမှာ မွန်တွေ အားလုံးသိအောင် ပြောရဦးမယ်။ တချို့က သန်းခေါင်စားရင်းမှာ ဗမာ ဗုဒ္ဓ၊ မှတ်ပုံတင်မှာ မွန် ဗုဒ္ဓ အဲဒီလို ဖြစ်နေတာ အများကြီးပဲ၊ အဲဒါတွေ အမှန်ဖြစ်အောင် လုပ်ဖို့ ကျနော်တို့ ဆွေးနွေးနေတယ်” ဟု နိုင်မင်းသောင်းသျှင်က ပြောသည်။

စာရင်းများ ကောက်ယူပြီးပါက အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို ပူးတွဲကာ လူဝင်မှု ကြီးကြပ်ရေးဌာနသို့ ပြန်ဆင်ပေးရန်အတွက် တင်ပြသွားမည် ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် မတိုင်မီ အပြီးတိုင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထိုသို့ ပြင်ဆင်နိုင်ရန် အကြံပေးခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “ပြင်တာက သူတို့ ပြင်ပေးတာ မဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင်က လျှောက်လွှာတွေ တင်ပြီး အသိပေးရမယ်၊ ဘယ်မှတ်ပုံတင်နံပါတ်၊ ဘယ်ရပ်ကွက်၊ ဘယ်ရွာ၊ အိမ်နံပါတ် ဘယ်လောက်၊ နောက်တော့ အိမ်ထောင်စုစာရင်း အဲဒါတွေကိုပါ တွဲပြီး တင်ပြရမယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းတွင် မွန်တိုင်းရင်းသား တသိန်းခန့် နေထိုင်လျက် ရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ခန့်မှန်းထားသော်လည်း ရန်ကုန်တိုင်း လူဝင်မှု ကြီးကြပ်ရေး စာရင်းအရ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (၀.၁) ရာခိုင်နှုန်း ဖြစ်သည့် ၅၇,ဝဝဝ ဦး မပြည့်မီသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ် တင်သွင်းခွင့် မရရှိခဲ့ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တွင် တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်များ ရရှိရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ရည်ရွယ်ထားသော်လည်း ကရင်ပြည်နယ်တခုတွင်သာ တင်သွင်းခွင့် ရရှိခဲ့သည်။

“ရန်ကုန်တိုင်းမှာ မွန်တိုင်းရင်းသားတွေ ဒီလောက်များတာတောင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် မရဘူး၊ ဒါကို မပြင်နိုင်ရင် ရန်ကုန်မြို့ကနေ မွန်ကုန်မြို့ ဖြစ်သွားမယ်” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လူမျိုးအမည် လွဲမှားနေသည့် မှတ်ပုံတင်များအား အမည်မှန် ပြန်လည်ပြင်ဆင်ပေးရန် ရှိ မရှိ ရှမ်းအမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦး၏ မေးမြန်းချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည်ပြင်ဆင်ပေးမည်ဟု ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် မွန်ပြည်နယ် မုဒုံမြို့သူ မိမိုရ်ချမ်းကလည်း “ကျမ သူငယ်ချင်းတွေရဲ့ မှတ်ပုံတင်မှာ ဗမာ ဗုဒ္ဓလို့ တွေ့ရတာ အများကြီးပဲ၊ သူတို့က မွန်လို့ ထည့်ခိုင်းတယ်၊ လဝက က အတူတူပဲ ဆိုပြီး ဗမာလို့ ထည့်လိုက်တာ” ဟု ပြောသည်။

သူမ၏ အဆိုအရ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ သာကေတနှင့် တာမွေ စသည့် မြို့နယ်များတွင် မွန်လူမျိုး အများအပြား နေထိုင်ကြသည်။

မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသား ၃ သန်းခန့် နေထိုင်လျက် ရှိသည်။

end faq

 

ရေဒီယို အစီအစဉ်

  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow